← Chapters

ဆေးဆရာ၏ ကောင်းကင်နန်းဆောင်

Vol. 91 Ch. 1182

ဆေးဆရာ၏ ကောင်းကင်နန်းဆောင်

Vol. 91 Ch. 1182

ရှုကျွင်းမှာလည်း အလားတူ ကြောင်အနေသည်။

ဖန်ဆင်းရှင်တို့၏ သမိုင်းကြောင်းတွင် ဟင်းလင်းပြင်သားရဲများသည် ဖန်ဆင်းရှင်သူရဲကောင်းများစွာ၏ စီးတော်ယာဉ်များ ဖြစ်ခဲ့ကြ၏။ ဟင်းလင်းပြင်းသားရဲတစ်ကောင် ပိုင်ဆိုင်ထားနိုင်လျှင် မျိုးနွယ်စုထဲတွင် ထိုသူ၏ အဆင့်အတန်းမှာ တဟုန်ထိုး မြင့်တက်သွားနိုင်သည်။

မှန်ပါသည်။ ရှုကျွင်းမှာ ဟင်းလင်းပြင်သားရဲတစ်ကောင်မှ မပိုင်ဆိုင်ခဲ့ဖူးပေ။ သို့သော် သူသည် သူ့ခေတ်၏ စွမ်းအားအကြီးဆုံး ဖန်ဆင်းရှင် ဖြစ်ခဲ့သဖြင့် နတ်ဘုရင်ဟူသော ဘွဲ့ ချီးမြှောက်ခံခဲ့ရသည်။

ဟင်းလင်းပြင်သားရဲများမှာ အင်မတန် သန်မာသော်လည်း မဟာဧကရာဇ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် ရှုကျွင်းက တမင်တကာ မဖမ်းဆီးခဲ့ချေ။ ထိုအစား အလွန့်အလွန် သာမန်သော ထိုက်ပူဆိုသော သားရဲတစ်မျိုးအား ဖမ်းဆီးခဲ့သည်။

ထိုက်ပူသားရဲကြီး၏ အတိုက်အခိုက်စွမ်းရည်သည် အင်မတန် ပြင်းထန်အားကောင်းပြီး ဟင်းလင်းပြင်သားရဲမိခင်နှင့် တန်းတူရှိ၏။ ဟင်းလင်းပြင်သားရဲများအပေါ် ထိန်းချုပ်နိုင်သည့် စွမ်းရည်နှင့် ဟင်းလင်းပြင်ထဲသို့ ၀င်ရောက်မပျောက်ကွယ်နိုင်သော စွမ်းရည်သာ ကင်းမဲ့ခဲ့လေသည်။

နောက်ပိုင်းတွင် ဘိုးဘေးနန်းတော်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့သောကြောင့် ကမ္ဘာဦးဧရာမသားရဲကြီးများ မျိုးသုဉ်းသွားရသည်။ ရှုကျွင်း၏ ထိုက်ပူသားရဲကြီးလည်း သွေးသံချေးဇုန်တွင် သူနှင့်အတူ ကျဆုံးခဲ့သည်။

“ဟင်းလင်းပြင်သားရဲမိခင်နဲ့ဆို ငါတို့ ဟင်းလင်းပြင်သားရဲတွေအပေါ် ထိန်းချုပ်ပြီး ကောင်းကင်နတ်အရှင်တွေရဲ့ ပိုင်နက်တွေကို ကျူးကျော်လို့ရတယ်… သူတို့ ငါတို့ ပိုင်နက်ထဲ ကျူးကျော်လာရင်လည်း တိုက်ခိုက်ကာကွယ်လို့ရတယ်”

ချင်မူက ရယ်သည်။ “လုံပိ၊ မင်း သိပ်တော်တယ်”

နဂါးချီလင်မှာ ဝမ်းသာပီတိ ဂွမ်းဆီထိနေတော့သည်။

ချင်မူ့လည်း တက်ကြွလာပြီး တွက်ချက်နေသည်။ “ငါတို့ အရင်တိုက်ပြီး လက်ဦးမှု ရယူထားလို့ရတယ်… ပထမလူသားဧကရာဇ်၊ ဒုတိယဘိုးဘေးကြီး ကျွန်တော် ခင်ဗျားတို့ကို ကောင်းကင်နတ်အရှင်တွေရဲ့ မုခ်၀တွေကို ပိတ်ဖို့ သူတို့ပိုင်နက်တွေဆီ ခေါ်သွားမယ်”

ပထမလူသားဧကရာဇ်က ပြုံးလျက် ပြောသည်။ “မူအာ၊ မင်းက အရွယ်ရောက်လာပြီးလို့ ကောင်းကင်နတ်အရှင်မူတောင် ဖြစ်နေပြီလေ… သူတို့မုခ်၀တွေကို ပိတ်ဖို့ ငါတို့ရဲ့ ခွန်အားကို မလိုပါဘူး”

ချင်မူက ခေါင်းရမ်းသည်။ “ကျွန်တော်က သူတို့မုခ်၀တွေကို ပိတ်ဖို့ပဲ ခင်ဗျားတို့ကို ခေါ်သွားပေးမှာ... သူတို့မုခ်၀တွေကို ပိတ်ဖို့ဆိုရင် ကြီးကြပ်ဖို့ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် လိုတယ်… ကောင်းကင်နတ်အရှင်တွေရဲ့ ကျောက်တုံးတွင်းကို ပိတ်ဖို့ ကျွန်တော်က ခင်ဗျားတို့ကို ခေါ်သွားပေးပြီးတော့ ကောင်းကင်နတ်ဘုံက အဆင့်မြင့်သိုင်းပညာရှင်တွေရဲ့ ကောင်းကင်နတ်သိုင်းတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရအောင် လုပ်ပေးမယ်”

လူသားဧကရာဇ်ဟောင်းများသည် ခက်ထန်သော မျက်နှာအမူအရာတို့ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။

လူသားဧကရာဇ်ရီရှန်းက နှာခေါင်းရှုံ့၍ ပြော၏။ “ငါသာ မင်းကို အနိုင်ယူနိုင်လို့ရလို့ကတော့ စုမူကျဲတောင် မင်းကို မမှတ်မိနိုင်တဲ့အထိ ရိုက်နှက်ပစ်မယ်”

ကျန်လူသားဧကရာဇ်များက ခေါင်းညိတ်လိုက်ကြပြီး ပထမဘိုးဘေးကလည်း ခေါင်းတဆတ်ဆတ် ညိတ်နေသည်။

ချင်မူက တဟားဟား ရယ်လိုက်သည်။ “ဒါဆို ဒီကိစ္စကို ဆုံးဖြတ်ပြီးပြီပေါ့… ကျွန်တော် ဒီနေရာရဲ့ ကိစ္စတွေကို အရင်ရှင်းပြီးရင် ခင်ဗျားတို့ကို သူတို့နဲ့တွေ့ဖို့ ခေါ်သွားပေးမယ်”

သူသည် ဆေးဆရာအား အနက်ရောင်တောင်ထိပ်၏ ထူထဲနေသော သဘာ၀ပေါက်ပင်များဆီ ခေါ်သွား၍ စပ်စုလိုက်သည်။ “ဘိုးဘိုးဆေးဆရာ၊ ဒီနေရာက အပင်တွေက ဝိညာဉ်ဆေးပင်တွေလား”

ဆေးဆရာက ခါးကိုင်း၍ ပန်းတစ်ပွင့်အား သေချာစစ်ဆေးကြည့်လိုက်သည်။ သူ့မျက်နှာအမူအရာမှာ ပို၍ ထူးဆန်းသွား၏။ အချိန်အတော်ကြာပြီးနောက် သူက ခါးမတ်၍ ငွေအပ်တစ်ချောင်း ထုတ်ကာ အစိမ်းရောင်အရွက်နုများအား ထိုးကြည့်လိုက်သည်။

ပန်းသည် ရုတ်တရက် မြေထဲ နိမ့်၀င်၍ လွတ်မြောက်သွားချေသည်။

ဆေးဆရာက ‌မျက်မှောင်ကြုတ်၍ စဉ်းစား‌တွေးတောနေသည်။ သူက ဝိညာဉ်ဆေးလုံးတစ်လုံး ထုတ်၍ နတ်ဆေးပင် ထွက်ပြေးလွတ်မြောက်သွားခဲ့သော အပေါက်လေးရှေ့တွင် အသာအယာ ချလိုက်သည်။ တခဏကြာသော် နတ်ဆေးပင်သည် အရိပ်အခြည်ကြည့်လျက် အရွက်တစ်ရွက် လှမ်းထုတ်ကာ ဆေးလုံးကို စစ်ဆေးကြည့်လေသည်။ အန္တရာယ်မရှိကြောင်း သေချာတော့မှ ၎င်းသည် ပြန်ပေါ်လာပြီး အမြစ်များ သုံး၍ ဆေးလုံးအား မြေအောက်ထဲ ဆွဲယူလိုက်၏။

“ဒီနေရာက ဝိညာဉ်ဆေးပင်တွေအကုန်လုံး ရှားပါးပြီး ထူးဆန်းတယ်… ငါ သူတို့ကို အပြင်လောကမှာ တစ်ခါမှ မတွေ့ဖူးဘူး”

ဆေးဆရာက ပတ်၀န်းကျင်ကို အကဲခတ်၍ လေးနက်စွာ ပြောသည်။ “သူတို့ရဲ့ ဆေးဖက်၀င်မှုကတော့ ငါ သေချာစမ်းသပ်ရဦးမယ်… အမ်… အဆန်းကြီးဟ…”

သူက ဝိညာဉ်ဆေးပင်နောက်တစ်ပင် ရှေသို့ ရောက်လာသည်။ ထိုဝိညာဉ်ဆေးပင်မှာ အင်မတန် သန်မာလွန်းသဖြင့် ၎င်း၏ဆေးစွမ်းအင်သည် တာအိုအမှတ်အသားအဖြစ် ပြောင်းလဲ၍ သင်္ကေတအမျိုးမျိုး၏ ပုံရိပ်ယောင်များကို ဖော်ဆောင်နေ၏။

ဆေးဆရာမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ဆေးပင်၏ အစိတ်အပိုင်းတစ်ခုချင်းစီ၏ တည်ဆောက်ပုံကို သေချာလေ့လာနေသည်။ အချိန်အတော်ကြာပြီးနောက် သူ့မှာ အသက်ကို ကတုန်ကယင် ရှုရင်း ရေရွတ်လိုက်သည်။ “ငါ့လမ်းစဉ် ပေါ်လာတော့မယ်…”

သူ့မှာ မျက်ရည်များဝိုင်းနေသော်လည်း ချင်မူကတော့ အူမြူးနေချေသည်။ ချင်မူသည် ကောင်းကင်သို့ မော့ကြည့်၍ ရေရွတ်လိုက်၏။ “ကျွန်တော့်လမ်းစဉ်လည်း ပေါ်လာတော့မယ်..”

ဆေးဆရာက သူ့ကို ကန်ထုတ်၍ ဒေါသတကြီး ပြောသည်။ “မင်းက နေ့တိုင်း လူကြီးတွေဆီကနေ အချောင်ခိုဖို့ပဲ သိတယ်… မင်းသာ နည်းနည်းလောက် အားထုတ်ခဲ့ရင် ဒီလမ်းစဉ်က ပေါ်ပြီးနေလောက်ပြီကွ”

ချင်မူက တင်ပါးကို ပွတ်ရင်း ဖြောင့်မတ်တည်ကြည်နေသော ဟန်ပန်ဖြင့် ပြောလေသည်။ “ကျွန်တော်က နေ့တိုင်း တခြားကိစ္စတွေနဲ့ အလုပ်များနေတာကိုးဗျ…. ကျွန်တော့်မှာ ကောင်းကင်နတ်သိုင်းမျိုးစုံ၊ လမ်းစဉ်မျိုးစုံနဲ့ သိုင်းကွက်မျိုးစုံကို နားလည်အောင် လုပ်နေရတာကို ဘယ်လိုလုပ် ဆေးလမ်းစဉ်ကို နားလည်နိုင်မလဲ… လူကြီးတွေကိုပဲ အားကိုးရမှာ‌ပေါ့”

ဆေးဆရာမှာ သူ့ကို ကတ်ကတ်လတ် ပြန်ပြောနေသည့် ချင်မူ့ပါးစပ်ထဲသို့ အဆိပ်များ ထိုးထည့်ချင်စိတ် တဖွားဖွား ဖြစ်ပေါ်နေတော့သည်။

ချင်မူက ချက်ချင်း ထွက်လာပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသားများကို နေရာချပေးနေသည့် နဂါးချီလင်နှင့် ယန်အာကို တွေ့လိုက်ရသည်။ သူတို့ နေရာချပြီးချိန်တွင် ချင်မူလည်း သူတို့အား လှမ်းခေါ်ကာ ပုံပန်းသွင်ပြင်အတည်တကျမရှိသည့် အဘိုးအိုအကြောင်း မေးသည်။

အချိန်အတော်ကြာပြီးနောက် ချင်မူ့အကြည့်သည် ဖျတ်ခနဲ လင်းလက်သွားပြီ သူက ပြော၏။ “သူက အရာအားလုံးကို သိနေတဲ့ပုံပေါ်တယ်ပေါ့… ငါ မင်းကို အဆင့်မြင့်အသိပညာသုံးခုနဲ့ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို သင်ပေးခဲ့တာကိုလည်း သိနေတယ်.. ပြီးတော့ ဟင်းလင်းပြင်သားရဲမိခင်ရဲ့ မွေးဖွားမှုကိုလည်း သိထားသေးတယ်… ဒီမတိုင်ခင်တုန်းက ဘိုးဘေးနန်းတော်ကို အမြဲ ချိပ်ပိတ်ထားခဲ့တာ… ငါတို့ လာတဲ့အချိန်မှ ချိပ်တံဆိပ်ကို ဖျက်ခဲ့တာ ... ဒါပေမဲ့ လုံး၀ပြီး ချိပ်ဖွင့်ပေးလိုက်တာတော့ မဟုတ်ဘူး… ဒါဆိုရင် ဒီအဘိုးအိုက အဲ့ဒီ ထူးဆန်းပြီး မှန်းဆလို့မရတဲ့ ဖရိုဖရဲကျောက်တုံးတွင်းကနေ မွေးဖွားလာတဲ့ နတ်ဘုရားပဲ ဖြစ်ရမယ်”

ယန်အာက ပြော၏။ “ကွဲအက်သွားတဲ့ တောင်တန်းတွေကို ပြင်ဖို့ ရေပုံးတွေကို သူပဲ သယ်လာခဲ့တာ… အဲ့ဒီနတ်တောင်တန်းတွေက တကယ် ကြောက်စရာကြီး”

“ဒါက လဲလှယ်ခြင်းတာအိုပဲ”

ချင်မူက အေးဆေးတည်ငြိမ်သော မျက်နှာအမူအရာဖြင့် ရှင်းပြသည်။ “စကြ၀ဠာရဲ့ စုစုပေါင်း ပေါင်းလဒ်က အမြဲတမ်းကိန်းသေ ရှိတယ်… စကြ၀ဠာပျက်စီးမှုဆိုတာ ဒြပ်ထုတွေကို စွမ်းအင်အဖြစ် ပြောင်းလဲလိုက်တာမျိုးပဲ... စကြဝဠာ မွေးဖွားလာမှုကတော့ စွမ်းအင်ကို ဒြပ်ထုအဖြစ် ဖွဲ့တည်လိုက်တာ... အဲဒီကြောက်စရာ သတ္တဝါတွေက ပျက်စီးပြီးသား သူတို့ရဲ့ အတိတ်စကြ၀ဠာဆီကနေ လာကြပေမယ့် သဘောတရားက တူတူပဲ…. အဲဒီသဘောတရားအတိုင်း သူတို့ လိုက်နာရတယ်…. ဒီအနက်ရောင်သစ်ပင်ကြီးကြောင့် အတိတ်နဲ့အနာဂတ်ကြားမှာ လမ်း ဖြစ်ပေါ်လာတာ”

သူ့က ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း တွေးနေသည်။ “သူတို့က ဟင်းလင်းပြင်သားရဲတွေကို အသုံးချရင်း ငါတို့စကြ၀ဠာထဲက ဒြပ်ထုတွေ ခိုးယူပြီးတော့ အတိတ်စကြ၀ဠာဆီ ပြောင်းရွှေ့လိုက်လိမ့်မယ်… ဒါဆို ငါတို့စကြဝဠာမှာ ဒြပ်ထုတွေ နည်းသွားပြီး သူတို့ဆီမှာ ဒြပ်ထုတွေ များသွားတဲ့အခါ ပြောင်းပြန်လှန်ပြီး ငါတို့လောကဆီ လာဖို့ အခွင့်အရေး သူတို့ ရသွားပြီ”

“တစ်နည်းပြောရရင် ဒီအနက်ရောင်သစ်ပင်ကြီးရဲ့ အမြစ်အောက်က အတိတ်စကြ၀ဠာတွေထဲမှာ ပြောင်းပြန်ဆင့်ခေါ်ခြင်း ယဇ်ပူဇော်မှု လုပ်ပြီး ဒီကဒြပ်ထုတွေကို ခိုးယူနေတာပဲ… ဒါကြောင့် ဟင်းလင်းပြင်သားရဲတွေရဲ့ အလောင်းတွေ အလျင်အမြန် ပုပ်သိုးသွားပြီး သွေးတွေ၊ ကြွက်သားတွေနဲ့ အရိုးတွေကိုတောင် ရက်ပိုင်းအတွင်း ဆုံးရှုံးလိုက်ရတာကို မင်းတို့ မြင်ခဲ့ရတာ”

ချင်မူက ခေါင်းမော့၍ အဝေးသို့ ကြည့်လိုက်သည်။ သူက လက်သီးဆုပ်လျက် ပြော၏။ “အဲ့ဒီ့ ရှေးဟောင်းနတ်ဘုရားက ကိစ္စတွေကို ကိုင်တွယ်တဲ့ နည်းက တော်‌တော်ဆိုးတယ်… သူက သစ်နက်တောင်တန်းတွေကို ချိပ်ပိတ်ခဲ့ပေမယ့် ငါတို့ စကြ၀ဠာထဲမှာ ဒြပ်ထုရဲ့ အစိတ်အပိုင်းတွေ ပျောက်ဆုံးနေပြီလေ ... ဒီတော့ အဲ့ဒီအတိတ်စကြ၀ဠာထဲက သတ္တဝါတွေ ဒီကို အနှေးနဲ့အမြန် ပြန်လာကြလိမ့်မယ်”

“သစ်နက်တောင်တန်းတွေကို ချိပ်ပိတ်တာက ရောဂါလက္ခဏာကိုပဲ ကုသလိုက်တာ…. ရောဂါကို အမြစ်ပြတ်အောင် လုပ်လိုက်တာ မဟုတ်ဘူး”

“သိပ်မှန်တယ်”

ချင်မူ့စကားဆုံးသည်နှင့် တလေးတစား ပြောလိုက်သော အသံတစ်သံ ကြားလိုက်ရသည်။ “ကောင်းကင်နတ်အရှင်မူ ပြောတာမှန်တယ်… တကယ့်ကို ကောင်းကင်နတ်အရှင်မူဆိုတဲ့ နာမည်အတိုင်းပါပဲ”

ချင်မူ အသံလာရာသို့ ကြည့်လိုက်ရာ စာပေသမားအသွင်ဖြင့် ပုဂ္ဂိုလ်တစ်ဦးသည် တစ်ချိန်ချိန်၌ သူတို့အနောက်တွင် ပေါ်လာခဲ့ကြောင်း တွေ့လိုက်ရသည်။ သူသည် ယပ်တောင်တစ်လက် ကိုင်ထားပြီး သိမ်မွေ့တင့်တယ်သော ဟန်ပန်အမူအရာ ရှိ၏။ သူ့ရုပ်ရည်မှာ ခံ့ညားသော်လည်း မိန်းမဆန်ဆန် ဆွဲဆောင်မှုရှိနေသည်။

ချင်မူလည်း နဂါးချီလင်နှင့် ယန်အာဆီ ကြည့်လိုက်ရာ သူတို့က ကမန်းကတန်း ခေါင်းရမ်းလိုက်ကြသည်။ သူက အသံကို နှိမ့်ကာ ပြောသည်။ “သူ ရောက်လာတိုင်း ယောက်ျား၊ မိန်းမ သေချာမသိရဘူး…. မျက်နှာကလည်း မရေရာဘူး…. မျိုးနွယ်ကလည်း မတိကျဘူး… သူ ဟုတ်လား၊ မဟုတ်လား ငါတို့ မသိဘူး”

ချင်မူက ထိုသူကို နှုတ်ဆက်လိုက်သည်။ “ကျွန်တော် တာအိုနောင်တော်ကို ဘယ်လို ခေါ်ရမလဲ မေးခွင့်ရှိမလား”

စာပေးသမားက လက်ခုပ်တီး၍ ခေါက်ယပ်တောင်ကို ခေါက်ကာ ပြန်နှုတ်ဆက်သည်။ “မျိုးဆက်သစ်တွေကတော့ ငါ့ကို ထိုက်ယီလို့ ခေါ်ကြတယ်… ကောင်းကင်နတ်အရှင်မူက ‌ငါ မွေးဖွားခဲ့တဲ့ ဥအခွံကို ယူသွားခဲ့တာလေ”

ချင်မူ့မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး သူက ရှင်းပြသည်။ “ရတနာတစ်ခုကို တွေ့ရင် ကျွန်တော် စိတ်မထိန်းနိုင်လို့ပါ… ပြန်ယူဖို့ စီစဉ်ထားတာများလား တာအိုနောင်တော်”

စာပေသမားက ခေါင်းရမ်း၏။ “အဲ့ဒါက ငါ့အတွက် အသုံးမ၀င်ဘူး”

ချင်မူမှာ စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်၏။ ထိုဥခွံအား ထိုက်ယီဆီ ပြန်ပေးရန်လည်း စိတ်ကူးမရှိချေ။

စာပေသမားက အေးဆေးစွာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ တကယ်တော့ ငါတို့ အရင်က တွေ့ဖူးတယ်”

ချင်မူမှာ အံ့ဩမှင်သက်သွားပြီး မေးလိုက်သည်။ “ဘယ်မှာ တွေ့ဖူးတာလဲဗျ”

“လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းကလေ… ငါက ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ချင်နဲ့ တခြားသူတွေ ‌နဂါးဟန်ကောင်းကင်နတ်ဘုံကို လည်လို့ရအောင် သယ်သွားပေးခဲ့တဲ့ ခွန်ကြီးပေါ့”

စာပေသမားအသွင်ဖြင့် ထိုက်ယီသည် ခေါက်ယပ်တောင်ကို ဖြန့်ကာ ပြုံးလိုက်သည်။ “လွန်ခဲ့တဲ့နှစ်ခြောက်သိန်း… ကောင်းကင်နတ်ဘုံ နှစ်ခြမ်းကွဲသွားပြီး မဟာနေဧကရာဇ်က နတ်ခွေးကြီးတွေ ထုတ်လာပြီး ကောင်းကင်နတ်အရှင်ကုန်းကို ရှာခဲ့တုန်းက ငါက မင်းဘေးကနေ ဖြတ်ပြေးသွားခဲ့တဲ့ နတ်ခွေးတစ်ကောင်ပဲ… ကောင်းကင်နတ်မြစ် ပြိုကျခဲ့တုန်းက ငါက ကောင်းကင်နတ်အရှင်ရဲ့ ခြေထောက်အောက်မှာ မသေဖို့ ပြေးလွှားနေခဲ့တဲ့ သေမျိုးတစ်ယောက်ပဲ”

All Chapters