← Chapters

မွေးရာပါချီ

Vol. 91 Ch. 1185

မွေးရာပါချီ

Vol. 91 Ch. 1185

ကောဟွားထောင် အံ့ဩမှင်သက်နေမိသည်။ သူ့အနေဖြင့် ပထမလူသားဧကရာဇ်အပေါ် အထင်သေး လျှော့တွက်ထားခြင်းမျိုး မရှိပေ။

ကောင်းကင်နတ်အရှင်ရှောင်သည် ခိုင်ဧကရာဇ်၏ ကျင့်စဉ်စနစ်အား အလွန်လေးစားသည့်အလျောက် တာအိုကျင့်စဉ်စနစ်သည် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်အတွက် အရေးအပါဆုံးသော အချိတ်အဆက်တစ်ခုဖြစ်သည်ဟု ခံစားရ၏။

ကောင်းကင်နန်းဆောင်စနစ်ကို တီထွင်ခဲ့သူက ကောင်းကင်နတ်အရှင်ယွီ ဖြစ်ခဲ့ပြီး ကောင်းကင်နတ်အရှင်မူနှင့် ကောင်းကင်နတ်အရှင်‌ဟောင်တို့က ဖြန့်ဝေခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် လူပေါင်းများစွာသည် ကျင့်စဉ်စနစ်ကို ပြီးပြည့်စုံအောင် ပြုပြင်မွမ်းမံခဲ့ကြ၏။ သို့ရာတွင် ကောင်းကင်နန်းဆောင်စနစ်တွင် အားနည်းချက်ကြီးတစ်ခု ရှိသည်၊ ယင်းက စွမ်းအားအပေါ် အလေးထားခြင်းပင်။

ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်တွင် အဆင့်တစ်ဆင့် တက်သွားတိုင်း စွမ်းအားက တိုးတက်လာမည် ဖြစ်သည်။ သို့သော် ကောင်းကင်နန်းဆောင်အဆင့်ဆိုသည်မှာ နဂါးဟန်ကောင်းကင်နတ်ဘုံကို အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်ပေသည်။ နဂါးဟန်ကောင်းကင်နတ်ဘုံသည် နတ်ဘုရားအဆင့်သို့ ရောက်လာသော ဖြစ်တည်မှုတို့၏ နှလုံးသားထဲတွင် စံထားရာ တာအိုပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။

သို့သော် ဤသို့ ကျင့်ကြံခြင်းသည် တာအိုအပေါ် နားလည်မှုအား လျစ်လျူရှုထား၏။

ခိုင်ဧကရာဇ်ချင်ယဲ့၏ တာအိုကျင့်စဉ်စနစ်ကမူ ထိုအားနည်းချက်အား ဖာထေးပေးနိုင်သည်။ သူ၏စနစ်သည် တာအိုကို နားလည်သိမြင်အောင် လုပ်ရင်း တာအိုအလွှာများအား တစ်လွှာချင်း လွှာလျက် တာအိုအနှစ်သာရဆီ ချဉ်းကပ်၏။ ထို့နောက် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်၏ စွမ်းအားနှင့် ပေါင်းစည်းလိုက်သည့်အခါ ခွန်အားအရသာမက ကျင့်စဉ်စွမ်းအင်လည်း တရှိန်ထိုး တိုးတက်သွားတော့သည်။

ကောဟွားထောင်လည်း ကောင်းကင်နတ်အရှင်ရှောင်၏ အမြင်အတိုင်း သဘောတူသည်။ ထိုကွာခြားမှုသည် ခိုင်ဧကရာဇ် ဓားတစ်လက်တည်းဖြင့် ကောင်းကင်နတ်ဘုံကို နှစ်ခြမ်းသွားစေခဲ့သည့်အချက်နှင့်တင် သိသာနေပြီမဟုတ်ပါလော။

ထိုနေ့တွင် ခိုင်ဧကရာဇ်သည် ကောင်းကင်နတ်ဘုံကို တိုက်ခိုက်၍ ဓားတစ်လက်တည်းဖြင့် နှစ်ခြမ်းကွဲစေခဲ့သည်။ ကောင်းကင်နတ်ဘုံ နှစ်ခြမ်းကွဲ‌ခြင်းကြောင့် နတ်ဘုရားအားလုံး ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားခဲ့ကြရသည်။

မှန်ပါသည်။ ‌ကောင်းကင်နတ်ဘုံတစ်ဘုံး တိတိရိရိ နှစ်ခြမ်းကွဲသွားခဲ့ခြင်း မဟုတ်သဖြင့် နတ်ဘုရားတို့၏ ကြောက်ရွံ့တုန်လှုပ်မှုမှာ တခဏသာ ကြာခဲ့သည်။ ထို့နောက် ကြောက်စိတ်များ ပျောက်ကွယ်သွားခဲ့ပြီး အတော်များများမှာ ထိုကိစ္စကို စိတ်ထဲတွင်ပင် မရှိကြတော့ချေ။

ကောဟွားထောင်မှာ လူနည်းစုတွင် ပါ၀င်သည်။

သူ့တာအိုနှလုံးသားမှာ ပေါက်ကွဲတော့မည့်အလား နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပြီး သူ့နှလုံးသားထဲရှိ အံ့ဩမှင်သက်မှုမှာလည်း နှိုင်းယှဉ်မရ‌နိုင်ခဲ့ချေ‌။

ကောင်းကင်နတ်ဘုံသာ အမှန်တကယ် နှစ်ခြမ်းကွဲသွားခဲ့ပါက လောကတခွင်ရှိ နတ်ဘုရားများ မည်သို့ ဖြစ်သွားခဲ့မည်နည်း။

သူတို့၏ တာအိုနှလုံးသားများ ကြေမွသွားမည်လော။

သူတို့၏ ကောင်းကင်နန်းဆောင်များ စွမ်းအားမဲ့သွားမည်လော။

မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။

ခိုင်ဧကရာဇ်၏ တာအိုကျင့်စဉ်စနစ်က နဂါးဟန်ကောင်းကင်နတ်ဘုံအား တာအိုပြယုဂ်သဖွယ် သတ်မှတ်ထားသော အချက်အား ဖယ်ရှားပေးနိုင်ကြောင်း ကောဟွားထောင် နားလည်လာခဲ့သည်။ တာအိုကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကိုသာ ယှဉ်တွဲကျင့်ကြံလျှင် နဂါးဟန်ကောင်းကင်နတ်ဘုံ ဖျက်စီးခံလိုက်ရလျှင်တောင်မှ .. သူ၏တာအိုနှလုံးသားသည် ပြိုကွဲသွားတော့မည်မဟုတ်ပေ။

သို့သော် ယခုတွင် သူသည် တာအိုနယ်ပယ်ထဲသို့ စမ်းတဝါးဝါး ဝင်ရောက်ကာစ အဆင့်တွင်သာ ရှိသေး၏။

ပထမလူသားဧကရာဇ်၏ အဟန့်အထည်နှင့် စိတ်နေစိတ်ထားကို မြင်လျှင် ဤပုဂ္ဂိုလ်ကား တာအိုကျင့်စဉ်စနစ်၏ အဆင့်မြင့်မားသော သိုင်းသမားတစ်ဦး ဖြစ်ကြောင်း မြင်နိုင်ပေသည်။ ထို့ကြောင့် ကောဟွားထောင်မှာ လျစ်လျူမရှုဝံ့တော့ဘဲ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “တာအိုမိတ်ဆွေ၊ ကျုပ်ကို သင်ကြားပြသပေးပါ”

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီးနောက် ရဲဝင့်စွာ တိုက်ခိုက်ကြသည်။

ကောဟွားထောင်သည် နတ်ကောင်းကင်ခန်းမအဆင့်ကိုသာ ပြသထားသော်လည်း စတင် တိုက်ခိုက်သည်နှင့် သူ၏ပထမဆုံး သိုင်းကွက်မှာ ဧကရာဇ်ပလ္လင်အဆင့် မဟာကောင်းကင်နတ်သိုင်း ဖြစ်သည်။ သူ့အနောက်တွင် ထောင်သောင်းချီသော ကောင်းကင်နန်းဆောင်များသည် တောင်တန်းများအလား တစ်ဆောင်ပေါ် တစ်ဆောင် ထပ်လျက် ဖွဲ့တည်လာကြ၏။

ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်၏ စွမ်းအားအကြောင်း သူ ကောင်းကောင်းသိသည်။ ပထမအထပ်က ပထမကောင်းကင်ဘုံဖြစ်ကာ ဒုတိယအထပ်က ဒုတိယကောင်းကင်ဘုံဖြစ်သည်။ သူ့အနေဖြင့် တစ်ဖက်လူကိုသာ ပိုမြင့်မားသော အဆင့် ထုတ်ဖော်ပြသခွင့်ပေးလိုက်လျှင် နောင်တရမိလိမ့်မည်။

ပထမလူသားဧကရာဇ်သည် ‌အေးဆေးတည်ငြိမ်လျက်သာ ရှိ၏။ သူက လက်တစ်ချက် ဝိုက်ချလိုက်ရာ ကောင်းကင်နှင့် မြေပြင် ပြိုကျနေသော မြင်ကွင်းတစ်ခု ဖျတ်ခနဲ ဖွဲ့တည်လာသည်။ သူက ပြိုနေသော ကောင်းကင်နှင့် မြေပြင်အလယ်တွင် ထောက်တိုင်ကြီးပမာ ရပ်နေ၏။

ကောင်းကင်မြေပြင် နှလုံးသားလျှို့ဝှက်ကျင့်စဉ်

သူ့ကောင်းကင်နတ်သိုင်းသည် ခေတ်တစ်ခေတ်၏ အမှတ်အသားတစ်ခု ဖြစ်၏။ ထိုခေတ်မှာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တိမ်ကောသွားပြီး ပျော်ရွှင်မှုများ ပျက်သုဉ်းခဲ့သော ခေတ်တစ်ခေတ်ဖြစ်သည်။ မိစ္ဆာများ ကခုန်ပြီးရင်း ကခုန်နေခဲ့ကြသော ခေတ်တစ်ခေတ် ဖြစ်ခဲ့ပြီး မိုးနှင့်မြေပြိုကျသွားခဲ့သော ခေတ်ဆိုလည်း မမှားပေ။

သူကား သူ၏နှလုံးသားနှင့် သူ၏အသက်ကို ကမ္ဘာလောကြီးအတွက်၊ လူသားများအတွက် ပုံအပ်ထားသည်။

သူတို့၏ ကောင်းကင်နတ်သိုင်းများ ၀င်တိုက်သွားကြသည့်အခါ ကောဟွားထောင်မှာ အင်မတန် ခမ်းနားကြီးကျယ်လှသော ကပ်ဘေးကြီးတစ်ခုအလယ်သို့ ရောက်ရှိနေသည့်အလား ခံစားလိုက်ရ၏။ သူ တိုက်ခိုက်ရန် သုံးခဲ့သည့် ကောင်းကင်နတ်သိုင်းမှာ တစ်ဖက်ရန်သူ၏ ပြိုလဲနေသော ကောင်းကင်နှင့် မြေကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီး တစ်ဖက်ရန်သူ၏ ကောင်းကင်နတ်သိုင်းကို ထောက်ပံ့ပေးနေသည့် စွမ်းအားတစ်ရပ် ဖြစ်လာခဲ့သည်။

ပထမလူသားဧကရာဇ်၏ ကောင်းကင်မြေပြင်နှလုံးသားလျှို့ဝှက်ကျင့်စဉ်သည် ယင်းကဲ့သို့ ကျင့်စဉ်မျိုး၊ ယင်းကဲ့သို့ ကောင်းကင်နတ်သိုင်းမျိုးပင် ဖြစ်၏။ ထိုစဉ်တုန်းက ပထမလူသားဧကရာဇ်မှာ ငယ်ရွယ်ပြီး အားနည်းနေခဲ့သည်။ ကပြောင်းကပြန် ဖြစ်နေသော ဖရိုဖရဲ ကမ္ဘာလောကကြီးတွင် ရန်သူများကို ပြန်တိုက်ခိုက်ရန် ကောင်းကင်နှင့်မြေပြင် ပြိုကျနေသော စွမ်းအားကိုသာ သူ အသုံးပြုနိုင်ခဲ့သည်။ ရန်သူတို့၏ တိုက်ခိုက်မှုတိုင်းက သူ့စွမ်းအား၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ရ၏။

ဤကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းကာ တိုက်ပွဲတစ်ပွဲတွင် ပိုမိုအားကောင်းလာရုံသာ ရှိပေသည်။

ကောဟွားထောင်သည်လည်း ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပါလော။ သူက ထိုအချက်ကို သတိထားမိလျှင် ကောင်းးကင်နတ်သိုင်းအား ချက်ချင်း ပြောင်းလဲ၍ သံရှည်ဆွဲကာ ဟိန်းဟောက်လိုက်သည်။

“မွေးရာပါချီ”

သူ၏ ကောင်းကင်နတ်သိုင်းက သိသိသာသာ ပြောင်းလဲသွာပြီး အသင်္ချေသော လမ်းစဉ်များ အကုန်စုပေါင်းသွားသကဲ့သို့ ခံစားချက်မျိုး လာစေသည်။ သိုင်းကွက်သည် တန်းတန်းမတ်မတ် ပြေးဝင်လာသည့်အတွက် ပထမလူသားဧကရာဇ်အား ကူကယ်ရာမဲ့သွားစေ၏။

ချင်မူ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ယန်ချီလင်းဆီသို့ ကြည့်လိုက်သည်။

ယန်ချီလင်းသည်လည်း အလားတူ ကောင်းကင်နတ်သိုင်းမျိုး အသက်သွင်းခဲ့ဖူးသောကြောင်း ယင်းသိုင်းကွက်က ကောင်းကင်နတ်ဧကရာဇ်၏ ကိုယ်ပိုင်မဟာတာအိုမှ အသွင်ပြောင်းထားသော ကောင်းကင်နတ်သိုင်း ဖြစ်ပေလိမ့်မည်။ ပထမကောင်းကင်ဘုံ၏ ဤချီဆီမှ ကောင်းကင်နတ်ဧကရာဇ်၏ စွမ်းရည်အစစ်ကို ချင်မူ ခံစားမိသည်။

သို့ရာတွင် ကောင်းကင်နတ်ဧကရာဇ်သည် အဘယ်ကြောင့် သူ၏ စွမ်းရည်အစစ်တို့အား ကောဟွားထောင်နှင့် ယန်ချီလင်းတို့ဆီ လွှဲပြောင်းပေးမည်နည်း။

‘ကောင်းကင်နတ်အရှင်ရှောင် သူတို့ကို သင်ပေးထားတာတွေက မပြည့်စုံလောက်ဘူး… ဒါပေမဲ့ ထူးကဲပြောင်မြောက်နေသေးတယ်’

ချင်မူက စိတ်ထဲမှ တွေးလိုက်မိသည်။ ‘ကောင်းကင်နတ်အရှင်ရှောင်သာ ဒီပထမကောင်းကင်ဘုံရဲ့ မွေးရာပါချီကို အသက်သွင်းခဲ့ရင်… ဒီစွမ်းအားက…”

သူ အံ့ဩမှင်သက်နေချေသည်။

ကောင်းကင်နတ်အရှင်ရှောင်သည် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် အသန်မာဆုံးများထဲမှ တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်၏။

ကောဟွားထောင်၏ ကောင်းကင်နတ်သိုင်းက နှိုင်းယှဉ်မရလောက်အောင် ပြင်းထန်လွန်း၍ ပထမလူသားဧကရာဇ်၏ ကောင်းကင်နတ်သိုင်းအား ချက်ချင်း ဖောက်ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် ပထမလူသားဧကရာဇ်၏ ကောင်းကင်နတ်သိုင်းကလည်း ပြောင်းလဲသွားပြီး ပြိုလဲနေသော ကောင်းကင်နှင့်မြေကြီးဆီမှ စွမ်းအားကို ငှားယူမနေတော့ချေ။ ထိုအစား အစားထိုးဝင်ရောက်လာသည်မှာ သူ၏တာအိုနှလုံးသားပင် ဖြစ်သည်။ သူ၏တာအိုနှလုံးသားသည် မြက်ခင်းလွင်ပြင်၌ တဟုန်းဟုန်း တောက်လောင်နေသောာ မီးလျှံပမာ အားကောင်းပြင်းထန်နေသည်။

သူ၏တာအိုနှလုံးသား ပြောင်းလဲသွားသလို ကောင်းကင်နတ်သိုင်းကလည်း ပြောင်းလဲသွားချေသည်။

ပထမလူသားဧကရာဇ်သည် မုဒြာလက်ကွက်များတွင် ကျွမ်းကျင်သည့်အပြင် လွန်ခဲ့သော နှစ်သောင်းတုန်းက ခိုင်ဧကရာဇ်ကပ်ဘေးကာလအတွင်း လမ်းစဉ်သို့ ဝင်ရောက်ခဲ့၏။ ယခုမူ သူ၏အဆင့်ကား ပို၍ပင် နက်ရှိုင်းနေချေပြီ။

သို့သော် လက်ရှိကောင်းကင်နတ်သိုင်းက လွန်ခဲ့သော နှစ်သောင်းတုန်းက ကပ်ဘေးအတွင်း လမ်းစဉ်ဝင်ရောက်ခဲ့သော ကောင်းကင်နတ်သိုင်းနှင့် မတူပေ။ ယခုကောင်းကင်နတ်သိုင်းတွင် ကောင်းကင်နှင့် မြေပြင်ကို ပြောင်းလဲနိုင်သည့် စိတ်ဓာတ်အားမာန်မျိုး ကိန်းဝပ်နေ၏။ ထိုအားမာန်ကား မည်သည့်နည်းနှင့်မှ မပျက်စီးနိုင်ပြီး မည်သည့်အရာကိုမဆို ထိပ်တိုက်ရင်ဆိုင်မည့်သဘော ရှိနေသည်။

ကောဟွားထောင်၏ ကောင်းကင်နတ်သိုင်းမှာ လှိုင်းကို ဝင်တိုက်နေသော လေပြင်းနှင့် တူသည်။ လေပြင်းက ဝှေ့ဝှေ့တိုက်ရင်း လှိုင်းလုံးပေါင်းများစွာ ထကြွလာစေသည်။ ဖုံးလွှမ်းထားသော ဧရိယာလည်း တစတစ ကြီးမားကျယ်ပြန့်လာ၏။

ပထမလူသားဧကရာဇ်၏ မုဒြာသိုင်းကွက်ကမူ ပိုကျုံ့သွားသည်။ ၎င်း၏အကျယ်အဝန်းမှာ တစ်လက်မပတ်ပတ်လည်ပင် မရှိတော့ပေ။ သို့သော စွမ်းအား ထွက်ပေါ်လာသည့်အခါ အတိုင်းထက်အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသည်။

ဤသည်မှာ ခိုင်ဧကရာဇ်ခေတ်တုန်းက ကောင်းကင်နတ်သိုင်းများ၏ပုံစံပင်။

ခိုင်ဧကရာဇ်ခေတ်၏ ကောင်းကင်နတ်သိုင်းများသည် ကြီးမားကျယ်ဝန်းခြင်း မရှိ၊ သေးငယ်ကြ၏။ အတိုင်းထက်အလွန် သေးငယ်သော ဧရိယာထဲတွင် သိုင်းကွက်၏ စွမ်းအားက အပြင်းဆုံးအထိ ပေါက်ကွဲနိုင်သည်။

ချင်မူက ဝမ်းသာအားရစွာ ကြည့်နေသည်။ ထိုစဉ်အခါတုန်းက ပထမလူသားဧကရာဇ်သည် ကျောက်စိမ်းမြို့တော်အဆင့် ဖြစ်ခဲ့၏။ ကောင်းကင်နတ်ဘုံအဆင့်လို သိုင်းအဆင့်မမြင့်မားသော်လည်း သူ၏အစွမ်းအစများက အလွန်သန်မာအားကောင်းသည်။

သူ၏ သိုင်းအဆင့်တိုးတက်မှု အမြန်ဆုံးအချိန်မှာ ခိုင်ဧကရာဇ်ခေတ်၏ အဆုံးသတ်ကာလပင်။ သူ့မှာ မရေမတွက်နိုင်သော မျိုးနွယ်များကို ဦးဆောင်လမ်းပြပေးခဲ့ရသည် မဟုတ်ပါလော။

ထိုအချိန်တုန်းက သူသည် သာမည မင်းသားတစ်ပါးအဖြစ်မှ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် သိုင်းပညာရှင်တစ်ဦးအဆင့်သို့ တက်သွားခဲ့၏။ သူ၏ကောင်းကင်နတ်သိုင်းများက လမ်းစဉ်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ကာ သူ၏အတိုက်အခိုက်စွမ်းရည်သည် အံ့အားသင့်ဖွယ်ကောင်းလာခဲ့၏။ နောက်ပိုင်းတွင် လူသားဧကရာဇ်ဘွဲ့ ပေးအပ်ခံခဲ့ရပြီး သူ့အနာဂတ်မှာ အညွှန့်တလူလူ ထွက်လာခဲ့သည်။

နှစ်နှစ်သောင်းကြာပြီးနောက်တွင်မူ သူ့သိုင်းအဆင့်မှာ တိုးတက်မလာခဲ့ပေ။ ကာကွယ်ပေးရမည့်သူများ မရှိတော့သည့်အတွက် သူတစ်ယောက်တည်း ဝမ်းနည်းစိတ်များဖြင့် သူ့ကိုယ်သူ အပြစ်တင်ခဲ့သည်။

ချင်မူနှင့် တွေ့သည့်အခါမှ ချင်မူက သူ့ရင်ထဲရှိ အစိုင်အခဲများကို ချေဖျက်ပေးခဲ့ရင်း လူသားများကို ဦး‌ဆောင်လမ်းပြပေးနိုင်သော လူသားဧကရာဇ် ပြန်လည်ဖြစ်လာစေခဲ့သည်။

အချိန်တိုအတွင်း သူ၏သိုင်းအဆင့်က ကျောက်စိမ်းမြို့တော်အဆင့်သို့ တက်ရောက်သွားခဲ့၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုနှင့် ထိတွေ့ရသည့်အခါတွင်တော့ သူ၏တိုးတက်မှုက ပိုမြန်လာသည်။

ကောဟွားထောင်နှင့် ပထမလူသားဧကရာဇ်သည် ခပ်သွက်သွက် တိုက်ခိုက်နေကြသောကြောင့် တခဏလေးအတွင်း အရှုံးအနိုင် ဆုံးဖြတ်ပေးတော့မည့် အခိုက်အတန့်သို့ ရောက်လာ၏။

ဤအခိုက်အတန့်တွင် ကောဟွားထောင်၏ အရှိန်အဝါက ကြောက်ခမန်းလိလိ မြင့်တက်လာကာ ဧကရာဇ်ပလ္လင်အဆင့်သို့ ဝင်ရောက်သွားသည်။ ပထမလူသားဧကရာဇ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်း နောက်ဆုတ်သွားသည်။ ကောဟွားထောင်က လိုက်မလာပေ။

သူ သိုင်းအဆင့်ကို ဧကရာဇ်ပလ္လင်အဆင့်သို့ မြှင့်လိုက်သည့် အကြောင်းရင်းသည် တစ်ဖက်လူ နောက်ဆုတ်သွားအောင် ဖြစ်၏။

သူတို့နှစ်ယောက်အကြား သူသေကိုယ်သေ တိုက်ပွဲမှာ အလွန်များ၍ သူ ရှုံးတော့မည့် အရိပ်အယောင်များ မြင်နေရချေပြီ။ သူနှင့် ပထမလူသားဧကရာဇ်နှစ်ယောက်လုံး အနိုင်ရသွားလျှင်တောင်မှ သူ မျက်နှာရမည်မဟုတ်ပေ။ ထို့ကြောင့် မျက်နှာမပျက်ရ‌အောင် ပထမလူသားဧကရာဇ်အား နောက်ဆုတ်သွားစေလိုက်စေခြင်းပင်။

သို့တိုင်အောင် သိက္ခာကား အဖတ်ဆည်၍ပင် မရနိုင်တော့ချေ။ သူ တစ်ခုခု ပြောတော့မည့်အချိန် ပထမလူသားဧကရာဇ်က သူ့ကို လျစ်လျူရှုပြီး ချင်မူ့ဆီ လှမ်းကြည့်သည်။

ချင်မူက တဟားဟား ရယ်လျက် ထရပ်လိုက်ပြီး လက်ဝှေ့ယမ်းကာ ပြောသည်။ “တူလေးကော၊ မင်း ပြန်လာလို့ပြီ... ငါကိုယ်တိုင် သူနဲ့ ရင်ဆိုင်ဖို့ လိုသေးတယ်”

ကောဟွားထောင်မှာ ရင်ဘတ်ထဲမှ လှိုက်တက်လာသော စိတ်ပျက်မှုအား ပြန်မြိုချရန် ခက်နေ၏။ ‘မင့်လေသံက မသိရင် ငါတို့ဘက်က ရပ်တည်ဖို့ ရောက်လာတဲ့သူကျလို့...မင်းကမှ ငါတို့တံခါးကို လာပိတ်တဲ့သူ မဟုတ်လား’

All Chapters