← Chapters

မျက်နှာလေးဖက် နတ်ဘုရားနယ်ပယ်

Vol. 91 Ch. 1185(2)

မျက်နှာလေးဖက် နတ်ဘုရားနယ်ပယ်

Vol. 91 Ch. 1185(2)

ကောဟွားထောင် နောက်ဆုတ်သွားသည်။ ချင်မူက ခြေလှမ်းကြဲကြဲများဖြင့် ဆင်းသွားကာ ပထမလူသားဧကရာဇ်၏ အရှေ့တွင် ရပ်သည်။ သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ သူ့အနောက်တွင် ကောင်းကင်နန်းဆောင် ဆယ့်ခြောက်ဆောင် ဖွဲ့တည်လာပြီး တာအိုသံများ ဖြာထွက်လာသောကြောင့် ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်နတ်ဘုရားမိစ္ဆာများမှာ မူးဝေမှင်သက်ကုန်ကြသည်။

ပထမလူသားဧကရာဇ်က မျက်မှောင်ကြုတ်၍ ပြော၏။ “ငါက အဆင့်တူမှာ မင်းကို မယှဉ်နိုင်ဘူး”

ချင်မူက ပြုံးလျက် ပြန်ပြောသည်။ “ကျွန်တော့်ကို အဆင့်တူမှာ တိုက်ခိုက်နိုင်တဲ့သူတွေက ကောင်းကင်နတ်အရှင်ဆယ်ပါးပဲ ရှိပါတယ်... ဒါပေမဲ့ သူတို့က ကျွန်တော့်အတွက် ပြိုင်ဘက်တွေ မဟုတ်ဘူး... ပထမလူသားဧကရာဇ်၊ ကျွန်တော် ခင်ဗျားကို သိုင်းအဆင့်သုံးဆင့် အကြောပေးတယ်”

သူသည် လက်သုံးချောင်း ထောင်ပြနေ၏။ “နဂါးသွဲ့ရေကန်အဆင့်၊ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်နဲ့ ကျောက်စိမ်းမြို့တော်အဆင့်... အဲဒီအဆင့်တွေနဲ့ ခင်ဗျားက ကျွန်တော့်ခန္ဓာကိုယ်နား ကပ်လာနိုင်ပြီး တိုက်ခိုက်နိုင်ရင် နိုင်ပြီ”

ပထမလူသားဧကရာဇ်က မျက်ခုံးပင့်လျက် မေးသည်။ “အနားကပ်လာပြီး တိုက်ခိုက်နိုင်ရင် နိုင်ပြီလား”

ချင်မူက ခေါင်းညိတ်လိုက်ရင်း အေးအေးလူလူ ဖြေလိုက်သည်။ “အမှန်ပဲ”

သူက ပတ်ဝန်းကျင်သို့ ကြည့်ကာ အပြုံးတစ်ခုဖြင့် ကြေညာလိုက်၏။ “ရောင်ရင်းတို့အတွက်လည်း အတူတူပဲ... ကျုပ်အနားကို ကပ်လာပြီး တိုက်ခိုက်နိုင်သရွေ့ အနိုင်ရမယ်”

ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်များမှာ ချီတုံချတုံ ဖြစ်နေကြပြီး ကောဟွားထောင်ဆီ လှမ်းကြည့်ကြသည်။ ကောဟွားထောင်လည်း တွန့်ဆုတ်နေသဖြင့် ယန်ချီလင်းဘက် လှည့်ကြည့်၏။

ယန်ချီလင်း၏ မျက်ဝန်းများ တောက်ပသွားပြီး သူမက ပြုံးလျက် ပြောသည်။ “စမ်းကြည့်ကြတာပေါ့”

ကောဟွားထောင်က တပည့်များဆီ ခေါင်းညိတ်ပြလိုက်သည်။

ချင်မူသည် မဆိုစလောက် ပြုံး၍ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ပွင့်လာစမ်း...”

သူ့ခန္ဓာကိုယ်ကား တုန်ခါသွားပြီးနောက် ရုတ်ခြည်းဆိုသလို တာအိုအသံသည် အတိုင်းထက်အလွန် ကျယ်လောင်လာ၏။ သူ့မျက်ခုံးနှစ်ဖက်ကြားမှ ကြယ်စင်တန်းများ ဖြာတောက်နေသော ကောင်းကင်တစ်ခု ထွက်လာကာ လေထဲ၌ မျောလွင့်လျက် ကြယ်တာရာကောင်းကင်တစ်ခု ဖြစ်လာသည်။ ရွှမ်တုကား ကောင်းကင်ထက်၌ ဖွဲ့တည်လာခဲ့ပြီး မျက်ခုံးဖြူ၊ မုတ်ဆိတ်ဖြူနှင့် ကောင်းကင်နယ်စားမင်းချင်မူ၏ မျက်နှာကြီး ပေါ်လွင်လာချေပြီ။

ကြယ်တာရာများအကြားတွင် နတ်နန်းဆောင်များ တွေ့မြင်ရပြီး နန်းဆောင်တစ်ဆောင်ချင်းစီ၌ ရှေးဟောင်းနတ်ဘုရားချင်မူ တစ်ယောက်စီ စံမြန်းနေကြသည်။

တစ်ချိန်တည်းမှာ မြေပြင်သည် ယင်နှင့်ယန် အဖြစ် နှစ်ခြမ်းကွဲသွားပြီး ယင်စွမ်းအင်နှင့် ယန်စွမ်းအင်ကား ရစ်ဖွဲ့စီးဆင်းလာ၏။ ကမ္ဘာဦးသစ်ပင်တစ်ပင်က အကိုင်းအခက်များ အုံ့ဆိုင်းဝေဆာစွာဖြင့် အထက်ဘဝဂ်သို့ မြင့်တက်သွားသည်။

ယင်နှင့်ယန်၏အောက်၌ ယိုတု ထွက်ပေါ်လာသည်။ မြေအောက်ဘုံအရှင်သခင်သည် အဆုံးသတ်မြို့ပျက်၏ အပေါ် မြေထုထက်၌ ရပ်လျက် မရေမတွက်နိုင်သော ဝိညာဉ်များကို ခြယ်လှယ်ကြီးစိုးနေတော်မူ၏။

ကောင်းကင်၏ ဝင်ရိုးစွန်းလေးခုက အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ဟူ၍ လေးခြမ်းကွဲသွားသည်။ ကောင်းကင်နယ်စားမင်း၏ ခြေထောက်အောက်မှ ကောင်းကင်ယင်ကမ္ဘာ ပေါ်ထွက်လာပြီး အဆုံးသတ်မြို့ပျက်ထဲ၌မူ အမြွှာပန်းပွင့်က တိတ်ဆိတ်စွာ ဖူးပွင့်လာသည်။

ကောင်းကင်နတ်အရှင်ရှောင်၏ ဤထိုက်ချူကျောက်တုံးတွင်းအပြင်မှာ အခြားကမ္ဘာတစ်ခုသဖွယ် ဖြစ်လာတော့သည်။ လူတိုင်းလူတိုင်းမှာ ချင်မူကြောင့် ဖွဲ့တည်လာသော ကမ္ဘာကိုသာ မြင်ရတော့ကာ အပြင်လောကအား မမြင်ရတော့ပေ။

ကောဟွားထောင်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ့နှုတ်မှ ခပ်တိုးတိုးရေရွတ်သံ ထွက်လာသည်။ “နယ်ပယ်...”

သူက ချင်မူ့မျက်နှာသို့ လှမ်းကြည့်သည်။ ဤဧရိယာထဲတွင် မည်သည့်အရပ်မျက်နှာသို့ ကြည့်စေကာမူ ချင်မူ့မျက်နှာကိုသာ မြင်ရပေလိမ့်မည်။

ချင်မူသည် နောက်ကျောဘက် မရှိသော မျက်နှာလေးဖက်နတ်ဘုရားတစ်ပါးအလား ထင်ရ၏။

ကောင်းကင်ထက်မှ ဖြစ်စေ၊ မြေပြင်ထက်မှ ဖြစ်စေ မည်သည့်နေရာမှ ကြည့်စေကာမူ သူ၏အရှေ့ဘက်ကိုသာ မြင်ရနိုင်သည်။

အားနည်းချက် ဆိတ်သုဉ်းနေသော မျက်နှာလေးဖက် နတ်ဘုရား

“သူ့ကို သတ်” ဒုတိယဘိုးဘေးကြီးက ကျယ်လောင်စွာ အော်သည်။

လူသားဧကရာဇ်များက ဦးဆောင်တိုက်ခိုက်ပြီး ယင်ယန်ထိုက်ကျိစက်ဝန်း၏ အလယ်၌ တည်ရှိနေသော ချင်မူ့ဆီ ပြေးဝင်သွားကြသည်။

ကောဟွားထောင်မှာ ချင်မူ လျှိုထားသည့် အရာများကို မြင်တွေ့ချင်သေးသော်လည်း ယန်ချီလင်းက ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်များကို ဦး‌ဆောင်လျက် ချီတက်သွားပြီဖြစ်သည်။

သူလည်း လိုက်သွားရုံအပြင် မရှိတော့ပေ။

ရုတ်တရက် လူသားဧကရာဇ်လန်ပိုမှာ ကောင်းကင်နယ်စားမင်း၏ ရိုက်ချခြင်း ခံလိုက်ရသဖြင့် မလှုပ်နိုင်တော့ပေ။ လူသားဧကရာဇ်ခုံးရှန်းမှာလည်း ရှေးဟောင်းနတ်ဘုရားနှစ်ဆယ့်နှစ်ယောက်ဖြင့် ဝိုင်းဖိခံထားရသည်။ လူသားဧကရာဇ်ဝူဇူတဖြစ်လဲ ပဉ္စမဘိုးဘေးကြီးက မိုးကြိုးငါးသွယ် ‌ကောင်းကင်ပင့်မမြှောက်ခေါင်းလောင်းဖြင့် ပြေးဝင်လာသော်လည်း မြေအောက်ဘုံအရှင်သခင်က သူ့ကို ယိုတုသို့ ဆွဲချသွားသည်။ ဒုတိယဘိုးဘေးကြီးမှာတော့ တောင်နတ်မင်းမီးငှက်၏ ဖမ်းဆီးခံလိုက်ရကာ တောင်ဝင်ရိုးစွန်း၌ အချုပ်ခံထားရ၏။ ဆဋ္ဌမဘိုးဘေးကြီးမှာ မြောက်ဝင်ရိုးစွန်းထဲတွင် မြောက်နတ်မင်းရွှမ်းဝူ၏ ပိတ်လှောင်ခြင်း ခံလိုက်ရသည်။

အရှေ့ဆုံးရှိ လူသားဧကရာဇ်တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်ကုန်သည့်အပြင် ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်များမှာလည်း နတ်ဘုရားမိစ္ဆာ၊ တစ္ဆေသရဲတို့၏ ခန့်မှန်းမရသော တိုက်ကွက်များကြောင့် ရှုံးနိမ့်ကုန်ကြသည်။ သူတို့မှာ ပြန်ခုခံရန်ပင် အင်အားမရှိကြတော့ပေ။

သို့သော် ယန်ချီလင်းနှင့် ရှိသူများသည် မှော်စွမ်းအင်သိပ်သည်းသူများ ဖြစ်ကြ၏။ သူတို့က ထိုက်ကျိစက်ဝန်းအနား ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ရောက်သွားကြပြီး အပေါ်မော့ကြည့်လိုက်သည့်အခါ အစဉ်တကျ နေရာယူထားသော ကောင်းကင်နန်းဆောင်များ မြင်တွေ့လိုက်ရသည်။

ကောင်းကင်နန်းဆောင် ဆယ့်ခြောက်ဆောင် ရှိသည့်အလျောက် ချင်မူ၏ မူလဝိညာဉ် ဆယ့်ခြောက်ကိုယ်လည်း ရှိသည်။ တချို့က တောင်ကောင်းကင်မုခ်ဝအောက်၌ ရပ်နေကြပြီး တချို့ကမူ နန်းဆောင်အကြားတွင် ရပ်နေကြသည်။ သူတို့ကား နဂါးသွဲ့စင်မြင့်ထက်သို့ တက်ကာ ကောင်းကင်မိုးရေပေါက်ကို သောက်သုံးနိုင်ပေတော့မည်။

ကောင်းကင်နန်းဆောင်၏ နဂါးသွဲ့ရေကန်အဆင့်တွင် အားသာချက်တစ်ခု ရှိသည်။ ယင်းက နဂါးသွဲ့စင်မြင့်သို့ တက်ကာ ကောင်းကင်မိုးရေပေါက်ကို သောက်နိုင်ခြင်းပင်။ နတ်ဘုရားအဆင့်သို့ ရောက်ရှိလာသူများအတွက် ပြီးပြည့်စုံသော အပြောင်းအလဲကို ဖြစ်စေသည်ဟု ဆိုကြသည်။

သို့သော် ချင်မူ၏ကောင်းကင်နန်းဆောင်များမှာ မပြည့်စုံပေ။ ဆေးပညာကောင်းကင်နန်းဆောင်နှင့် ‌ဗုဒ္ဓကောင်းကင်နန်းဆောင်တို့တွင် လိုအပ်ချက်များ ရှိနေသေးသည့်အတွက် သူ့အနေဖြင့် အစစ်အမှန်နတ်ဘုရားအဆင့်သို့ အတိအလင်း မတက်ရောက်နိုင်သေးချေ။ ထို့ကြောင့် သူ့အတွက် နဂါးသွဲ့ရေကန်အဆင့်သို့ ဝင်ရောက်ရန် အလွန်ခက်နေ၏။

ကောင်းကင်နန်းဆောင် ဆယ့်ခြောက်ဆောင်အတွင်းရှိ ချင်မူ၏မူလဝိညာဉ်များက အားလုံးကို ကောင်းကင်နတ်သိုင်းများဖြင့် တိုက်ခိုက်သည်။ ကောင်းကင်နတ်သိုင်းများက အမြဲတစေ ပြောင်းလဲနေပြီး အားကောင်းပြင်းထန်သောကြောင့် တစ်ယောက်ပြီးတစ်ယောက် မြေပြင်သို့ ပြုတ်ကျကုန်သည်။

ဤအချိန်တွင် ယန်ချီလင်း၊ ပထမလူသားဧကရာဇ်နှင့် ကောဟွားထောင်အပါအဝင် ငါးယောက်သာ ကျန်တော့သည်။

ကောဟွားထောင်က ကောင်းကင်နန်းဆောင် ဆယ့်ခြောက်ဆောင်မှ တိုက်ခိုက်မှုများကို ခုခံရင်း ယန်ချီလင်းကိုလည်း ရှေ့တက်နိုင်အောင် ကူညီပေးနေသည်။ ယန်ချီလင်း ယင်ယန်ထိုက်ကျိစက်ဝန်းထဲ ဝင်လိုက်သည့်အချိန်မှာပဲ ချင်မူသည် စက်ဝန်းထဲ၌ လက်နှစ်ဖက်ဖြန့်လျက် ရပ်နေပြီး သူ့တစ်ကိုယ်လုံးတွင် မှော်စွမ်းအင်များ လွှမ်းခြုံနေကြောင်း မြင်လိုက်ရ၏။

ယန်ချီလင်းသည်လည်း ခေသူမဟုတ်ပေ။ ကောင်းကင်နတ်အရှင်ရှောင်က သူမကို ပြိုင်ဘက်ကင်း သိုင်းကွက်များ၊ ကျင့်စဉ်များ သင်ကြားပေးခဲ့သည်။ ယန်ချီလင်းက အားကောင်းပြင်းထန်သော သိုင်းကွက်တစ်ကွက်ဖြင့် ချင်မူ့ကို တိုက်ခိုက်လိုက်သည်။ သို့သော် ချင်မူ၏ ပုတ်ချခံလိုက်ရလေသည်။

ဤအခိုက်အတန့်တွင် ပထမလူသားဧကရာဇ်က ယင်ယန်ထိုက်ကျိစက်ဝန်းထဲ ပြေးဝင်လာသည်။

သူ့အဆင့်က အလွန်မြင့်မားသော်လည်း ချင်မူ့နယ်ပယ်ထဲ ဝင်လိုက်သည့်အခါတွင် ဤနေရာရှိ ကောင်းကင်နှင့်မြေပြင်က တစ်သားတည်း ဖြစ်နေသောကြောင့် သူ့တွင် ငှားစရာ စွမ်းအင် မရှိတော့မှန်း သတိထားမိလိုက်သည်။ ထို့ကြောင့် ကောင်းကင်နတ်သိုင်းများ သုံးလျက် ကောဟွားထောင် ဤနေရာထဲ ဝင်လာနိုင်အောင် ကူပေးလိုက်သည်။

သူနှင့် ယန်ချီလင်း ထိုးဖောက်ဝင်လာသော နေရာက မတူပေ။ နှစ်ယောက်က ဆန့်ကျင်ဘက်တွင် ရပ်နေခြင်း ဖြစ်သော်လည်း သူ့နေရာမှ ချင်မူ့မျက်နှာကို မျက်နှာချင်းဆိုင်နေရသည်။ သူ့မှာ ချင်မူ၏တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင်း လွင့်ထွက်သွားသည်။

ကောဟွားထောင်က ကောင်းကင်နန်းဆောင်ဆယ့်ခြောက်ဆောင်၏ အတားအဆီးများကို ကျော်ဖြတ်၍ တာအိုနယ်ပယ်ထဲ ဝင်လာသည်။ ထိုစဉ်မှာပဲ ယန်ချီလင်းနှင့် ပထမလူသားဧကရာဇ်လည်း ပြန်ပြေးလာကြသည်။ သူတို့သုံးယောက်က မတူညီသော ဘက်သုံးဘက်မှ ချင်မူ့ကို တစ်ပြိုင်တည်း တိုက်ခိုက်ကြသည်။

ထိုက်ကျိစက်ဝန်းထက်တွင် လူရိပ်သုံးခုသည် မြင့်တက်သွားလိုက်၊ နိမ့်ဆင်းသွားလိုက် ရွေ့လျားနေပြီး အသွင်သဏ္ဍာန်၊ အနေအထားမျိုးစုံ အဆက်မပြတ် ပြောင်းလဲနေကြသည်။ သို့သော် မည်သူမှ သူ့အနား မကပ်သွားနိုင်ပေ။

ချင်မူ့တွင် ပြစ်ချက်၊ ဟာကွက်၊ အားနည်းချက် မရှိသည့်အလား ထင်ရသည်။ သူက သူတို့၏မှော်စွမ်းအင်မှန်သမျှအား ဟန့်တားပိတ်ဆို့ထားပြီး သူ၏တန်ပြန်တိုက်ခိုက်မှုများကပင် အားကောင်းသထက် အားကောင်းလာသည်။

“တစ်ဘက်တည်းကနေ တိုက်ခိုက်” ပထမလူသားဧကရာဇ်က ရုတ်တရက် လှမ်းအော်လိုက်သည်။

ကျန်နှစ်ယောက်လည်း သတိဝင်သွားပြီး သုံးယောက်သား အတန်းလိုက်နေရာယူသည်။ တစ်ယောက်ချင်းစီက ကောင်းကင်နတ်သိုင်းတစ်ကွက်စီသာ ထုတ်လွှတ်ပြီးနောက် ကျန်နှစ်ယောက်ကို အခွင့်အရေးပေးရန် နောက်ဆုတ်သည်။

ဤသို့ဖြင့် ကောင်းကင်နယ်စားမင်း၊ အမိကမ္ဘာမြေ၊ မြေအောက်ဘုံအရှင်သခင် အစရှိသော နတ်ဘုရားတို့ဆီမှ တိုက်ခိုက်မှုများကို အလှည့်ကျ ခုခံရင်း ချင်မူ့ဆီ တိုးကပ်သွားကြသည်။

နောက်ဆုံးတော့ ချင်မူနှင့် တဖြည်းဖြည်း နီးလာကြသည်။ သို့သော် ပထမလူသားဧကရာဇ်မှာ အမှတ်တမဲ့ ဖြစ်သွားသောကြောင့် ချင်မူ၏ ရိုက်ထုတ်ခြင်း ခံလိုက်ရသည်။

သူမရှိတော့သည့်အခါ ကျန်နှစ်ယောက်မှာ ဗျာများသွားတော့သည်။ ကောဟွားထောင်က မာန်သွင်းဟိန်းဟောက်၍ ယန်ချီလင်းအား အတတ်နိုင်ဆုံး ကာကွယ်ပေး၏။ သူ့မှာ မှော်သိုင်းကွက်များစွာဖြင့် ပစ်ချခံလိုက်ရာ အောက်ပြုတ်ကျသွားသည်။

ရုတ်တရက် သူ့ခန္ဓာကိုယ်မှာ အပေါ်မြောက်တက်သွားပြီး မလှုပ်နိုင်တော့ဘဲ လွင့်မျောနေ၏။

ယန်ချီလင်းက ဤအခြေအနေကို အခွင့်ကောင်းယူကာ ချင်မူ့ဆီ ပြေးဝင်သွားပြီး ရှိသမျှအားအင်အကုန်ဖြင့် တိုက်ခိုက်လိုက်သည်။

ချင်မူမှာ လက်ဖြင့် ကာတားရုံအပြင် မရှိတော့ပေ။ သူတို့လက်ဝါးချင်း ထိသွားသည့်အချိန်တွင် ချင်မူက ယန်ချီလင်း၏လက်ကို ညင်ညင်သာသာ ကိုင်လိုက်ကာ ပြုံးလျက် ပြောလိုက်သည်။ “နင် ငါ့ကို ထိနိုင်သွားတယ်... ငါ ရှုံးပြီ”

ယန်ချီလင်းသည် သူမ၏မှော်စွမ်းအင် ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရ၏။ သူမမှာ သူ့လက်ထဲမှ ရုန်းသော်လည်း မရုန်းနိုင်ပေ။ သူမမျက်နှာလေးသည် ရှက်သွေးဖြာလာ သူမနှုတ်မှ ခပ်တိုးတိုးအသံလေး ထွက်လာသည်။ “လွှတ်... သူတို့ကြည့်နေတယ်”

ချင်မူက သူမလက်ကို အသာအယာ လွှတ်ပေးလိုက်ပြီး တာအိုနယ်ပယ်ကို ဖယ်ရှားလိုက်ရင်း တွေးနေသည်။ ‘ငါ ဖန်သားကောင်းကင်စေတီထဲက နတ်ဘုရားဥရဲ့ သင်္ကေတအမှတ်အသားတွေကို နှံ့နှံ့စပ်စပ် လေ့လာနိုင်ရင် သူတို့ အနားကပ်လာနိုင်မှာ မဟုတ်ဘူး... သူတို့အနားကပ်လာတာနဲ့ ငါ့နယ်ပယ်ကို ဖန်သားကောင်းကင်စေတီရဲ့ ဝင်္ကပါလိုမျိုး အစောင့်အရှောက် နတ်ဘုရားတွေ ရှိတဲ့ ကောင်းကင်ဘုံဆယ်ခြောက်ဘုံအဖြစ် အသွင်ပြောင်းပြီး စိတ်တိုင်းကျ ပြောင်းလဲလို့ရမယ်... ဒါဆို သူတို့တွေ ဒုက္ခသံသရာလည်သွားမှာပဲ’

All Chapters