ဆေးက လူမသတ်ပါဘူးဟ
Vol. 91 Ch. 1186
ယင်ယန်ထိုက်ကျိစက်ဝန်းအသွင် ရှိသော ကောင်းကင်ရတနာနယ်ပယ် ပျောက်ကွယ်သွားသည့်အခါ အားလုံး မြေပြင်ပေါ် ပြုတ်ကျသွားကြသည်။ ယန်ချီလင်း၊ ကောဟွားထောင်နှင့် ပထမလူသားဧကရာဇ်သာ ဒဏ်ရာအပြင်းအထန် မရဘဲ ကောင်းကောင်းမွန်မွန် ရှိကြသေး၏။
ချင်မူက လက်ခုပ်တီး၍ ပြုံးနေသည်။ “ဒီလိုသိုင်းဖလှယ်ပွဲမျိုး တစ်ကြိမ် နှစ်ကြိမ်လောက် မကြာမကြာ ကျင်းပသင့်တယ်… လူတိုင်း ပျော်ရတယ်မဟုတ်လား”
အားလုံးမှာ ဖုန်များ ပေကျံနေသော မျက်နှာများဖြင့် ထလာကြပြီး ခါးသီးမှုတို့ဖြင့် ဆွံ့အနေကြတော့သည်။
ကောဟွားထောင်က ချောင်းဟန့်၍ ပြောသည်။ “ကောင်းကင်နတ်အရှင်ကတော့ တကယ့်ကို ကောင်းကင်နတ်အရှင်တစ်ပါးပါပဲဗျာ…. ကောင်းကင်နတ်အရှင်ရှေ့မှောက်မှာ ၀ပ်စင်းပစ်ချင်တဲ့အထိ ကောင်းကင်နတ်အရှင်ကို အားကျရပါတယ်… ကောင်းကင်နတ်အရှင်က ကျုပ်တို့ရဲ့ ဦးရီးတော်ဆိုတော့ သင်ကြားမှုကို လိုက်နာရမှာပေါ့…. နောက်တစ်ရက်မှာ မဟူရာသစ်ပင်ဆီ အလည်လာခဲ့ပါ့မယ်”
ချင်မူက ၀မ်းသာစွာ ပြောသည်။ “ဘိုးဘေးနန်းတော်မှာ လူလည်း များများစားစား မရှိဘူးဆိုတော့ အချင်းချင်း ရင်းနှီးကြရင် သွားရလာရ လွယ်ကူတာပေါ့… တူလေး၊ နေခဲ့တော့နော်….. ငါ သူတို့ကို ကျန်တဲ့ကောင်းကင်နတ်အရှင်တွေရဲ့ ပိုင်နက်တွေဆီ အလည်ခေါ်သွားရဦးမယ်”
ကောဟွားထောင်က သဘောတူ၍ သူတို့ ထွက်ခွာသွားသည်ကို ကြည့်နေသည်။ တခဏကြာသော် သူက သက်ပြင်းချကာ ပြောလိုက်သည်။ “တကယ့်ကို ကောင်းကင်နတ်အရှင်ဘွဲ့နဲ့ ထိုက်တန်တဲ့ နတ်ဘုရားတစ်ပါးပဲ… ညီမလေး၊ ဆရာ ကမ္ဘာဦးဘုံရဲ့ ပြုပြင်ပြောင်းလဲမှုအကြောင်း ပြောတာ ငါ ကြားခဲ့ဖူးတယ်... ဆရာ ဘာပြောခဲ့သလဲ မှန်းကြည့်စမ်း”
ယန်ချီလင်း အံ့ဩသွားသည်။ သူမသည် ကောင်းကင်နတ်အရှင်ရှောင်၏ တန်ဖိုးအထားဆုံး တပည့်ဖြစ်သည့်အလျောက် ကောင်းကင်နတ်အရှင်ရှောင် မည်သည်ကို ကြံနေမှန်း သိထား၏။ သို့သော်လည်း ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်။ “ညီမလေး မသိဘူး’
“ကမ္ဘာဦးဘုံရဲ့ ပြုပြင်ပြောင်းလဲမှုက နှစ်တစ်သန်းကြာတဲ့အထိ မရပ်တန့်ဘဲ အရှိန်အဟုန်ကောင်းနေလိမ့်မယ်လို့ ဆရာပြောခဲ့တယ်…. အဲ့ဒါက ကောင်းကင်ဘုံတွေရဲ့ အခြေခံအုတ်မြစ်တွေကို လှုပ်ခတ်စေမယ့်အပြင် ကောင်းကင်နတ်ဘုံရဲ့ အခြေခံအုတ်မြစ်ကိုလည်း လှုပ်ခတ်စေလိမ့်မယ်… အဲဒီအင်အားကို အရင်စောင့်ကြည့်ရမယ်တဲ့... ဖျက်စီးနိုင်ရင် ဖျက်စီးပစ်မယ်... မဖျက်စီးနိုင်ရင် အဲဒီအတိုင်းကျင့်သုံးမယ်လို့ ပြောတယ်”
ကောဟွားထောင်က လေးနက်စွာ ပြောသည်။ “သူတို့ရဲ့ ထက်မြက်မှုကို တုယူ၊ သူတို့အငြင်းပွားမှုတွေကို ကူညီဖြေရှင်း၊ သူတို့အလင်းရောင်ကို ဝေမျှ၊ ပြီးရင် သူတို့ကို ဖိနှိပ်၊ သူတို့ရည်မှန်းချက်တွေကို လုယူပြီး သူတို့အင်အားကို ဖြိုခွဲရမယ်... အနာဂတ်မှာ လောကကြီး ပြောင်းလဲသွားရင်တောင်မှ ငါတို့က မပြောင်းလဲမယ့်သူတွေပဲ.... လောကကို အုပ်စိုးမယ့်သူတွေကလည်း ငါတို့ပဲ ဖြစ်နေလိမ့်မယ်”
သူက ပြုံးလျက် ပြောသည်။ “ဆရာရှောင်ရဲ့ ဉာဏ်ပညာက ကောင်းကင်နတ်အရှင်မူထက် အများကြီး သာတယ်.. … မင်းက ဆရာရှောင်ရဲ့ အတော်ဆုံးတပည့်ဆိုတော့ ကောင်ကောင်းအသုံးချ… အနာဂတ်မှာ တောက်ပလာနိုင်မယ့် အခွင့်အရေးလည်း ရှိလာလိမ့်မယ်…. ကောင်းကင်နတ်အရှင်မူက လောကကို ပြောင်းလဲချင်နေတာ… ဟီးဟီး”
ချင်မူက ပထမလူသားဧကရာဇ်၊ ဒုတိယဘိုးဘေးကြီးနှင့် ကျန်သူများအား အခြားကောင်းကင်နတ်အရှင်တို့၏ ပိုင်နက်များထံ ခေါ်ဆောင်လာပြီး တံခါးဝပိတ်ကာ စိန်ခေါ်လေသည်။ ဤတစ်ကြိမ်တွင် လူသားဧကရာဇ်ဟောင်းများသည် အပိုးကျိုးနေကြပြီး သူ့ကို မစိန်ခေါ်ကြပေ။ ထိုအစား ကောင်းကင်နတ်အရှင်တို့၏ တပည့်များအား အေးအေးဆေးဆေး စိန်ခေါ်ကြသည်။
ဤသည်က ချင်မူ့အတွက် နာမည်ကျော်စေရန် အခွင့်အရေးဖြစ်သလို အမြင်ကျယ်စေနိုင်သည့် အခွင့်အရေးလည်း ဖြစ်သည်။ အနာဂတ်တွင် ရန်သူနှင့် လုံး၀ ထိပ်တိုက်တွေ့ရမည်ဆိုပါက သူတို့၏ သိုင်းကွက်အနေအထားများ သိရှိထားခြင်းက ကောင်းမွန်ပေသည်။
လမ်းတွင် ချင်မူသည် ထိုက်ရှီ၏သင်္ကေတများအား ဆက်လက်လေ့လာနေ၏။ ထိုက်ရှီသင်္ကေတများမှာ ပိုပို၍ ပြည့်စုံလာနေသောကြောင့် ထိုသင်္ကေတများကို အဖြေထုတ်ပေါင်းစပ်ပြီး မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းအား မည်သို့ ချိုးဖျက်ရမည်လဲ အကြမ်းဖျင်း နားလည်စ ပြုလာသည်။
ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ပိုင်နက်များအား လည်ပတ်ပြီးသည့်အချိန်တွင် နှစ်တစ်၀က် ကုန်သွားခဲ့ပြီးလေပြီ။ ချင်မူက ပထမဘိုးဘေးနှင့် ကျန်လူသားဧကရာဇ်များကို သစ်နက်တောင်တန်းဆီ ပြန်လွှတ်ကာ မေးသည်။ “ဘိုးဘိုးဆရာတို့၊ ဒီနေရာကို စောင့်ရှောက်ဖို့ ယုံကြည်ချက် ရှိကြပြီလား..”
အားလုံးက ခေါင်းညိတ်ကြသည်။
ပထမလူသားဧကရာဇ်က ပြောသည်။ “အစက ငါ့မှာ သိပ်ပြီး ယုံကြည်ချက်မရှိခဲ့ဘူး…. ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ တပည့်တွေနဲ့ တွေ့ပြီးတော့ ငါ့မှာ အတွေးတစ်ခု ပေါ်လာတယ်…. ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ဂုဏ်သတင်းက ကျော်စောပေမယ့် သူတို့ရဲ့ တပည့်တွေကတော့ အနည်းငယ် နိမ့်ကျနေတယ်”
ချင်မူက ပြုံးလျက် ပြော၏။ “ကောင်းတယ်…. ကျွန်တော် ဒီမှာ အကြာကြီးနေလို့ မရဘူး… ဆိုတော့ ကျွန်တော် ခင်ဗျားတို့ဆီမှာ ဘိုးဘေးနန်းတော်ကို အပ်ခဲ့မယ်…. လုံး၀ မခုခံနိုင်တော့ရင် လူတစ်ယောက် အလိုအလျောက် ပေါ်လာပြီး ကူညီပေးပါလိမ့်မယ်”
ထို့နောက် သူက ဆေးဆရာကို သွားတွေ့သည်။ လအနည်းငယ်အတွင်း ဆေးဆရာ၏ သိုင်းအခြေခံသည် သိသိသာသာ တိုးတက်လာခဲ့ပြီး သူ၏သိုင်းအဆင့်မှာလည်း ရွာသူကြီး၊ ရွှေအနှင့် ကျန်လူများကို လိုက်မှီကာ နဂါးသွဲ့ရေကန်အဆင့်သို့ ရောက်ရှိနေချေပြီ။
ချင်မူမှာ အံ့ဩမှင်သက်သွားသည်။ ဆေးဆရာသည် ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားကိုးဦးထဲတွင် အနှေးဆုံးဖြစ်ခဲ့၏။ သူ၏ သိုင်းအဆင့်မှာ နားကန်းထက်ပင် နိမ့်ခဲ့သည်။
နတ်ဘုရားအဆင့်သို့ ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ပြီးနောက် သူ့အတွက် နောက်တစ်လှမ်းတက်ရန် ခက်ခဲခဲ့ချေသည်။
လအနည်းငယ်အတွင်း နတ်ဘုရားအဆင့်မှ ဖောက်ထွက်ပြီး အစစ်အမှန်နတ်ဘုရားအဆင့်သို့ ရောက်ကာ နဂါးသွဲ့ရေကန်အဆင့်သို့ တက်လှမ်းသွားလိမ့်မည်ဟု ချင်မူ ထင်မထားခဲ့ချေ။
“ငါ မင်းအတွက် ကောင်းကင်နန်းဆောင် ပြင်ဆင်ထားပြီးပြီ”
ဆေးဆရာက ဝိညာဉ်ဆေးလုံးတစ်လုံး ထုတ်လိုက်ပြီး ပြုံးကာ ပြော၏။ “ဆေးလမ်းစဉ်က ဒီစွမ်းအင်ဆေးလုံးထဲမှာ ရှိတယ်…. မင်း နားလည်နိုင်၊ မနိုင်ကတော့ မင်းရဲ့လုပ်နိုင်စွမ်းအပေါ်မှာ မူတည်တယ်”
ချင်မူ စွမ်းအင်ဆေးလုံးကို ကိုင်ကာ အသေအချာ စစ်ဆေးကြည့်လိုက်သည်။ စွမ်းအင်ဆေးလုံးထဲရှိ ဆေးစွမ်းအင်မှာ ကောင်းကင်နန်းဆောင်တစ်ဆောင်၏ အံ့မခန်းလိလိ မြင်ကွင်းအား ဖော်ဆောင်ထားကြောင်း တွေ့လိုက်ရသည်။ ၎င်းက အတိုင်းထက်အလွန် ခမ်းနားထည်ဝါနေပြီး နတ်ဘုရားမိစ္ဆာများ၏ တာအိုသံမများပင် ပျံ့လွင့်နေသည်။
သူ့မှာ အနည်းငယ် စိုးရိမ်သွားပြီး မေးလိုက်၏။ “ဒီဆေးလုံးထဲမှာ အဆိပ်တော့ ထည့်မထားပါဘူးနော်”
ဆေးဆရာက အပြုံးပန်းဝေဆာနေလျက် သူ့ပခုံးကို ပုတ်ကာ အေးအေးလူလူ ပြော၏။ “ငါတို့ ဘိုးဘေးနန်းတော်ကို ရောက်တာနဲ့ မင်းက ငါ့ကို ဓားနဲ့အကြိမ်ကြိမ် ထိုးခဲ့တယ်…. မူအာ၊ မင်းလည်း အရွယ်ရောက်လာပြီး တောင်ပံတွေလည်း မာလာခဲ့ပြီ…. ဒါပေမဲ့ ငါက မင်းကို ပျိုးထောင်လာခဲ့တာပါကွာ… ဘယ်လိုလုပ် မင်းရဲ့ စွမ်းအင်ဆေးလုံးထဲမှာ အဆိပ်ခတ်ရက်ပါ့မလဲ”
ချင်မူ့မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။ ဆေးဆရာ ထိုသို့ပြောနေပုံအရ ဤဆေးလုံးထဲတွင် သေချာပေါက် အဆိပ်ပါပြီး အဆိပ်ပြင်းအားက သိသိသာသာ ပြင်းထန်ပေလိမ့်မည်။
ဆေးဆရာသည် နူးညံ့ကြင်နာသော မျက်နှာအမူအရာဖြင့် ဆက်ပြော၏။ “ဆေးဆရာတွေအတွက် အဆိပ်ဆိုတာလည်း ဆေးပဲကွ… အရင် စားကြည့်ပြီး အာနိသင်ကို ကြည့်လိုက်ပါဦး”
ချင်မူမှာ စွမ်းအင်ဆေးလုံးကို စားကြည့်ရန် အလျင်လိုမနေချေ။ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်ဟလာပြီး သေသေချာချာ စစ်ဆေးနေ၏။
ဆေးဆရာက ပြုံးနေပြီး သူ့ကို အလျင်စလို မတိုက်တွန်းဘဲ စစ်ဆေးစေသည်။
တတိယနတ်မျက်လုံး၏ စစ်ဆေးမှုအောက်တွင် စွမ်းအင်ဆေးလုံးထဲရှိ လျှို့ဝှက်ချက်အားလုံးသည် သူ့နတ်မျက်လုံးထဲတွင် ရှင်းလင်းစွာ ရောင်ပြန်ဟပ်လာ၏။
သူ့ကို အံ့ဩမှင်သက်သွားစေသည့်အရာက ဤဆေးလုံးထဲရှိ ဆေးအာနိသင်မှာ တစ်သားတည်း ဖြစ်နေခြင်းပင်။ သူ သေချာကြည့်ပါက ဆေးစွမ်းအင်၏ ဖွဲ့စည်းပုံအား မတွေ့ရချေ။
ပို၍ထူးဆန်းသည်က စွမ်းအင်ဆေးလုံးအတွင်းရှိ ဆေးစွမ်းအင်များသည် မဟာတာအိုသင်္ကေတမျိုးစုံကို ဖော်ဆောင်နေကြ၏။ ၎င်းတို့က ကောင်းကင်နန်းဆောင်တွင် ရောင်ပြန်ဟပ်နေသည့် သင်္ကေတများ ဖြစ်နေသည်။
ချင်မူမှာ စွမ်းအင်ဆေးလုံးထဲရှိ ကောင်းကင်နန်းဆောင်မျိုးကို တစ်ခါမှ မကြားဖူးခဲ့ချေ။
ထိုမျှသာမက ဆေးစွမ်းအင် ပြောင်းလဲသွားသည့်အတိုင်း စွမ်းအင်ဆေးလုံးအတွင်းရှိ သင်္ကေတများကလည်း လိုက်လံပြောင်းလဲနေသဖြင့် မြင်အောင် ကြည့်ရခက်နေသည်။
ချင်မူက ဆေးဆရာနောက်မှ လိုက်ကာ ဆေးနှင့် အဆိပ်လမ်းစဉ်ကို ကျင့်ကြံသင်ယူခဲ့သည်။ ထို့ကြောင့် သူ့တွင် ဗဟုသုတအနည်းငယ် ရှိသည်ဟု ပြောနိုင်သည်။ သို့သော် မူလဝိညာဉ်သုံးသွယ် ထာ၀ရနတ်ဘုရားအသိစိတ်အလျဉ်နှင့် အန္တရာဝသိုင်းနတ်ဘုရားကျင့်စဉ်တို့ကို ကျင့်ကြံခဲ့ချိန်မှစ၍ ဆေးနှင့် အဆိပ်လမ်းစဉ်ကို ဆက်လက်တိုးတက်အောင် ကျင့်ကြံရန် လျစ်လျူရှုထားခဲ့မိသည်။
ဆေးဆရာ၏ ဆေးနှင့် အဆိပ်လမ်းစဉ်အဆင့်သည် ဆေးနှင့် အဆိပ်အား ပေါင်းစည်းနိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့သည်မှာ ကြာခဲ့လေပြီ။ ဆေးနှင့် အဆိပ်လမ်းစဉ်က တစ်ခုနှင့်တစ်ခု ထောက်ပံ့ပေးထား၏။
သူ မည်မျှ ဝေးဝေးသို့ ရောက်ရှိပြီးခဲ့ပြီလဲ ချင်မူ မမြင်နိုင်ချေ။
ဤစွမ်းအင်ဆေးလုံး၏ ဆေးစွမ်းအင်က ဆေးလား၊ အဆိပ်လားပင် သူ မပြောနိုင်တော့ချေ။
ဆေးဆရာက သူ့ကို ပြုံးလျက် ကြည့်နေသဖြင့် ချင်မူ့မျက်နှာအမူအရာမှာ ပျက်ယွင်းလာတော့သည်။ သူက ရုတ်တရက် ပါးစပ်ဟကာ ဝိညာဉ်ဆေးလုံးကို မြိုချလိုက်သည်။
ဆေးဆရာက တဟားဟား အော်ရယ်တော့၏။
ချင်မူ့မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားချေသည်။ ဝိညာဉ်ဆေးလုံး သူ့ဗိုက်ထဲ ၀င်သွားသည့်အခါ နှိုင်းမရလောက်အောင် ပြင်းထန်လှသော ဆေးစွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရ၏။
ဆေးစွမ်းအင် ပေါက်ကွဲသွားသည်နှင့် အရာအားလုံး ချက်ချင်း ဖျက်ဆီးပစ်နိုင်သည့် သေစေနိုင်သော အဆိပ်တစ်မျိုးက သူ့ခန္ဓာကိုယ်တလျှောက် ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။ သူ့ချီစွမ်းအင်တို့မှာ နှင်းစက်များအလား ပျော်ကျသွားချေပြီ။
သူ၏ချီစွမ်းအင်သာ ခံနိုင်ရည်မရှိသည်မဟုတ်ဘဲ သူ့အသိစိတ်အလျဉ်ပင်လျှင် ခံနိုင်ရည်မရှိချေ။ သူ့အသိစိတ်အလျဉ်ပင် ပျော်ကျလာ၏။
သူ့ရုပ်ခန္ဓာမှာလည်း ထုံကျင်၍ မည်သည်ကိုမှ မခံစားမိတော့ချေ။
တစ်ချိန်တည်းမှာပင် သူ၏ မဟာတာအိုသင်္ကေတများက ပြိုကွဲစပြုလာပြီး ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲရှိ ကြယ်တာရာများလည်း မှိန်လာကြသည်။ ကြယ်စွမ်းအားက ပိုပို၍ အားနည်းလာ၏။
သူ့ကောင်းကင်ရတနာထဲရှိ ရှေးဟောင်းနတ်ဘုရားအသွင်သဏ္ဍာန်များလည်း မူလနတ်စွမ်းအားအလုံးစုံ ဆုံးရှုံးလိုက်ကြရသည်။ နတ်စွမ်းအားမှာ အဆိပ်သင့်သွားပြီး နတ်ဘုရားတို့၏ ခေါင်းနောက်ရှိ ရောင်ခြည်တော်စက်၀န်းများလည်း သံချေးတို့ဖြင့် ဖုံးလွှမ်းခံလိုက်ရ၏။ ၎င်းတို့မှာ တဖြည်းဖြည်း မလည်ပတ်နိုင်တော့ပေ။
ရှေးဟောင်းနတ်ဘုရားတို့၏ ခန္ဓာကိုယ်များမှာ ပုပ်သိုးရင်း တစတစ ပျောက်ကွယ်နေရာ လေထုထဲတွင် အပုပ်နံ့တို့ လှိုင်လှိုင်ထလာသည်။
ချင်မူမှာ အံ့ဩမှင်သက်နေပြီး ထိုက်ကျိကျောက်တုံးအား ထုတ်၍ သူ့ကောင်းကင်ရတနာထဲရှိ ယင်ယမ်ထိုက်ကျိစက်ဝန်းအား ချက်ချင်း အသက်သွင်းရန် ပြင်လိုက်သည်။ မမျှော်လင့်ဖွယ်ကောင်းစွာနှင့် သူ့ခန္ဓာကိုယ်သည် သူ၏ခိုင်းစေမှုအားလုံးကို ငြင်းပယ်ကာ ကြွက်သားများကို မထိန်းချုပ်နိုင်တော့ချေ။
ချင်မူမှာ အချိန်မရွေး အရည်ပျော်တော့မည့် ရွှံ့ပုံတစ်ပုံအလား ခံစားနေရတော့သည်။
မပျော်သွားသည်က သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၊ ထိုက်ကျိစက်၀န်းနှင့် ပြည့်စုံသော ကောင်းကင်နန်းဆောင်တို့ ဖြစ်ကြသည်။
“အယ်…”
ဆေးဆရာက ရှေ့သို့ လျှောက်လာကာ သူ့အား ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ သူက အံ့ဩလေးစားစွာ ရေရွတ်ရင်း ချီးကျူးလိုက်၏။ “မူအာ၊ မင်းက တကယ် စွမ်းအားကြီးတာပဲ…. ငါ့ရဲ့ ဒီဆေးလုံးက မင်းရဲ့ သိုင်းအခြေခံကို လုံးလုံးလျားလျား အရည်မပျော်စေခဲ့တဲ့အပြင် မူလဝိညာဉ်ကိုပါ ထိန်းထားနိုင်ခဲ့သေးတယ်…. မင်းရဲ့ ကောင်းကင်နန်းဆောင်အားလုံးကို အရည်ပျော်စေပြီးတော့မှ မင်းရဲ့ကျင့်စဉ်စွမ်းအင်နဲ့ သူတို့ကို ပြန်ဆောက်ပြီး ဆေးတာအိုကောင်းကင်နန်းဆောင်ရဲ့ အဆန်းတကြယ် စွမ်းရည်တွေကို ပြသနိုင်မယ်ထင်ခဲံတာ…”
သူက မျက်မှောင်ကြုတ်လိုက်၏။ သူ့ရည်ရွယ်ချက်မှာ ဆေးတာအိုကောင်းကင်နန်းဆောင်အား အခြားကောင်းကင်နန်းဆောင်များအပေါ် ဖိနှိပ်စေခြင်းဖြစ်သည်။ ထို့မှသာ ချင်မူသည် အမှောင်မှ ထွက်၍ အလင်းထဲ ၀င်ရောက်ကာ သူနှင့်အတူ ဆေးတာအို ကျင့်ကြံနိုင်ပေလိမ့်မည်။
သို့သော် ချင်မူ၏အောင်မြင်မှုတို့က အားကောင်းခိုင်မာလွန်းသဖြင့် သူ သန့်စင်ဖော်စပ်ခဲ့သော မဟာအဆိပ်ဆေးလုံးမှာ ချင်မူ့ ကောင်းကင်နန်းဆောင်များကို လုံးလုံးလျားလျား အရည်မပျော်သွားစေပေ။
“ငါ ပိုပြင်းပြင်း ဖော်စပ်သင့်တယ်…. ဒါပေမဲ့ ပြင်းလွန်းရင်လည်း မူအာ အဆိပ်သင့်ပြီး သေသွားလိမ့်မယ်…”
ဆေးဆရာက ရှေ့သို့လျှောက်သွား၍ ချင်မူ့ကို တွဲကာ ထိုင်စေသည်။ သူက ပြုံးလျက် ပြောနေသည်။ “မူအာ၊ စိတ်မပူပါနဲ့… ငါ လုပ်နေတာ ငါသိပါတယ်… မဆင်မခြင် မလုပ်ပါဘူး…. ငါ့အဆိပ်ချီက ချီစွမ်းအင်နဲ့ မင်းခန္ဓာကိုယ်ထဲက အသိစိတ်အလျဉ်ကို စင်ကြယ်သန့်စင်တဲ့ အစစ်အမှန်ချီအဖြစ် ပြောင်းပေးလိမ့်မယ်…. လှည့်ကွက်နည်းနည်း သုံးလိုက်ရင် မင်းရဲ့ အစစ်အမှန်ချီကို ကုသခြင်းကောင်းကင်နန်းဆောင်အဖြစ်တောင် ပြောင်းလို့ရမှာ…. လခွမ်း…”
ဆေးဆရာမှာ အကြီးအကျယ် မျက်နှာပျက်ယွင်းသွားပြီး ချင်မူ့မျက်လုံးများမှာလည်း အာရုံမစိုက်တော့ချေ။ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကသာ မျက်လုံးဝေ့နေပြီး တွေးနေသည်။ ‘ဘိုးဘိုးက ကျွန်တော့်ကို ငယ်ငယ်ကတည်းက စမ်းသပ်ခံလုပ်လာတာလေ…. ဘယ်တုန်းကများ မဆိုးဘဲ နေဖူးလို့လဲဗျာ…”