← Chapters

ဆေးလမ်းစဉ်၏ ကောင်းကင်နန်းဆောင်

Vol. 91 Ch. 1187

ဆေးလမ်းစဉ်၏ ကောင်းကင်နန်းဆောင်

Vol. 91 Ch. 1187

ဆေးဆရာ၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာပြီး သူက ချင်မူ့ကို ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ လျှောက်နေတော့သည်။ သူ၏အင်္ကျီလက်စများက လေထဲတွင် မြောလွင့်နေပြီး ဆေးဖော်နည်းစနစ်မျိုးစုံမှာ လက်များခါရလောက်ရသည်အထိ တဖျတ်ဖျတ် ပေါ်လွင်လာနေ၏။

ဆေးဖော်နည်းစနစ်များမှာ ကောင်းကင်နတ်သိုင်းများပင် ဖြစ်ချေသည်။ ဆေးဖော်သည့်နယ်ပယ်တွင် ဆေးဆရာသည် နံပါတ်နှစ်ဟု ဆိုလျှင် မည်သူမှ နံပါတ်တစ်နေရာကို ယူရဲကြမည်မဟုတ်ချေ။

ဒုက္ခိတဘိုးဘွားကျေးရွာမှာတုန်းက ဆေးဆရာသာ ဆေးဖော်နည်းစနစ်များကို တိုက်ပွဲ၌ အသုံးပြုနိုင်ပါက သူ၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများ များစွာတိုးတက်လာလိမ့်မည်ဟု ‌ရွာသူကြီး ပြောခဲ့ဖူးသည်။

အဆင့်မြင့်မားသော သိုင်းအခြေခံနှင့်သာ ပေါင်းလိုက်ပါက ဆေးဆရာအနေဖြင့် တစ်လောကလုံးရှိ အသန်မာဆုံး သိုင်းပညာရှင်များထဲမှ တစ်ယောက်ပင် ဖြစ်လာနိုင်သည်။

သို့သော် ဆေးဆရာသည် သိုင်းကျင့်ကြံခြင်းအပေါ် အာရုံမစိုက်သလို လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို မလေ့လာခဲ့ချေ။ အမြဲတစေ အဆိပ်ပိုးကောင်များကို မွေးမြူလိုက်၊ ဆေးပင်စိုက်လိုက်သာ လုပ်နေခဲ့သောကြောင့် ဒုက္ခိတဘိုးဘွားကျေးရွာတွင် သိုင်းအဆင့် အနိမ့်ဆုံးသူ ဖြစ်လာခဲ့ရသည်။

ဤအခိုက်အတန့်တွင် ချင်မူ့အခြေအနေမှာ သေရေး၊ ရှင်ရေး ဖြစ်နေချေပြီ။ ဆေးဆရာ ဖော်ခဲ့သော စွမ်းအင်ဆေးလုံး၏ ဆေးစွမ်းအင်မှာ ပြင်းထွန်း၏။ သူ၏ရည်ရွယ်ချက်ကိုက ချင်မူ့သိုင်းအခြေခံကို အရည်ပျော်စေပြီး ဆေးပညာကောင်းကင်နန်းဆောင်တစ်ဆောင် ပေါ်ပေါက်လာစေရန် မဟုတ်ပါလော။ ဤသည်က ချင်မူ ဆေးလမ်းစဥ်သို့ ၀င်ရောက်သွားအောင် သူ့လက်ဖြင့် ကိုယ်တိုင်ပို့ဆောင်ပေးသည်နှင့် ညီမျှ၏။

ဆေးဆရာမှာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ရသည်ကို မနှစ်သက်သော်လည်း နှလုံးသားထဲတွင် မာနတော့ ရှိ‌သေးချေသည်။ သူ့အနေဖြင့် ရွာသူကြီးနှင့် ရွှေအတို့အပေါ် အနိုင်ယူချင်ခဲ့သော်လည်း ယခုတော့ အခြားကောင်းကင်းနန်းဆောင်များကို ဖိနှိပ်ရန် ကျရှုံးခဲ့သည်သာမက စွမ်းအင်ဆေးလုံး၏ ဆေးစွမ်းအင်ကိုပါ မထိန်းချုပ်နိုင်တော့မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ချင်မူ့ကို ပတ်လျှောက်နေသော ဆေးဆရာ၏ ခြေလှမ်းများမှာ ပျံနေသည့်အလား မြန်လာသည်။ သူ၏ ဆေးဖော်နည်းစနစ်များလည်း အဆက်မပြတ် ပြောင်းလဲနေကာ မြန်သထက် မြန်လာသည်။

သူ့နဖူး‌မှ ချွေးဒီးဒီး ကျနေပြီး လူစင်စစ်မှ အငွေ့ပျံတော့မလို ဖြစ်နေတော့သည်။ သူက ချင်မူ့ကို ဆေးမီးဖိုတစ်လုံးသဖွယ် သဘောထားလျက် ချင်မူ့ကိုယ်ထဲရှိ ဆေးစွမ်းအင်အား ဆေးပင်အဖြစ် သတ်မှတ်ထား၏။ သူက ချင်မူ့ကို ဆေးလုံးတစ်လုံးအဖြစ် ဖော်စပ်ချင်နေသည်။

ယခုတွင် သူ့မှာ သိုင်းအဆင့်တက်အောင် ကြိုးကြိုးစားစား မကျင့်ကြံခဲ့မိခြင်းကို နောင်တရလာသည်။ ချင်မူကား သန်မာလွန်းသည်မဟုတ်လော။ ချင်မူ့ကို လူပုံသဏ္ဌာန်ဆေးမီးဖိုသဖွယ် အသုံးပြုနိုင်ရန် သိပ်သည်းအားကောင်းသော မှော်စွမ်းအင် လိုအပ်သည်။

သူ့မှာ အသက်ကို လှိုက်၍ ရှုနေရကာ ချီစွမ်းအင်လည်း လျင်မြန်စွာ ကုန်ခမ်းလာနေ၏။ သူ့ချီစွမ်းအင်ကို မကြာမီ မမြှင့်တင်နိုင်ပါက ကြိုးစားသမျှ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။

သူ့မျက်နှာကြီးမှာ လောလောလတ်လတ် အရောင်ဆိုးထားသည့် ပိတ်စတစ်စအလား နီရဲတွတ်နေ၏။ သူက အတတ်နိုင်ဆုံး ကြိုးစား၍ သူ၏သိုင်းအခြေခံကို လှည့်ပတ်ရင်း ချင်မူ့ကိုယ်ထဲရှိ သန့်စင်သော အစစ်အမှန်အနှစ်သာရအား ဆေးပညာကောင်းကင်နန်းဆောင်အဖြစ် ပြောင်းပေးနေသည်။

ဆေးလမ်းစဉ်၏ ကောင်းကင်နန်းဆောင်ကို တည်ဆောက်နိုင်သရွေ့ ၎င်းအထဲတွင် ပါ၀င်သည့် ဆေးလမ်းစဉ်သဘာဝက ချင်မူ့အသက်ကို ကယ်တင်ပေးလိမ့်မည်။

သို့သော် သူ့မှာ အစွမ်းကုန်ကြိုးစားနေသော်လည်း ချင်မူ့ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်အနှစ်သာရအား ဆေးပညာကောင်းကင်နန်းဆောင်အဖြစ် မပြောင်းလဲနိုင်ချေ။

ထွီ…

ဆေးဆရာက သွေးတစ်လုတ် ထွေးထုတ်လိုက်သည်။ စွမ်းအင် ကုန်ခမ်းလာနေသည်ကို ခံစားရသော်လည်း ချင်မူ၏ ဆေးပညာကောင်းကင်နန်းဆောင်မှာ တစ်၀က်သာ ပြီးသေး၏။

“မူအာ ဘာမှမထိခိုက်အောင် ငါ့အသက်ကိုတောင် စတေးရဲတယ်”

ဆေးဆရာ၏ စိတ်အဟုန်က တဟုန်းဟုန်း တောက်လောင်လာပြီး သူက ရုတ်တရက် သူ၏နည်းလမ်းကို ပြောင်းပြန်လှန်လိုက်သည်။ သူသည် ချီနှင့်သွေးကို လောင်ကျွမ်းစေလိုက်ရင်း ဆေးဖော်နည်းစနစ်မှန်သမျှ အသုံးပြုကာ ချင်မူ့အား ထုရိုက်ပေးပြီး ဆေးစွမ်းအင် သန့်စင်နိုင်အောင်ကူညီပေးနေသည်။

ထိုအခိုက်အတန့်တွင် ချင်မူက ရုတ်တရက် လက်မြှောက်၍‌ ဝှေ့ရမ်းလိုက်ကာ သူ၏ ဆေးဖော်နည်းကို ဟန့်တားလိုက်သည်။ သူက နှာခေါင်းရှုံ့ကာ ပြော၏။ “ဘိုးဘိုးဆေးဆရာ၊ ဘိုးဘိုး အလွဲကြီး လွဲသွားပြီ မဟုတ်လား… ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော် သိနေသားပဲ…. ဆေးဖော်စပ်တိုင်း ဘိုးဘိုးက ဟိုဟာမဟုတ်ရင် ဒီဟာ လိုနေကျ”

ဆေးဆရာမှာ အသားတို့ တဆတ်ဆတ် တုန်လာကာ ချင်မူ့ကို လက်ညှိုးထိုးလိုက်သည်။ ချင်မူက သူ့လက်ကို ပုတ်ထုတ်လိုက်ရင်း အလေးအနက် ပြောသည်။ “အမှားတွေကနေ သင်ယူရတာပဲလေ…. ကျွန်တော်သာ အရေးပေါ်အတွက် ကျင့်စဉ်စွမ်းအင်နည်းနည်း ချန်မထားခဲ့ရင် ဘိုးဘိုး ပင်ပန်းပြီး သေတော့မလို့မလား”

ဆေးဆရာက တုန်ယင်နေသောအသံဖြင့် ပြောသည်။ “မင်းက ဆေးစွမ်းအင်ကို မင်းဘာသာမင်း သန့်စင်နိုင်နေတာပဲ…. ဒါတောင်မှ ငါ့ကို သွေးအန်ရတဲ့အထိ ပင်ပန်းအောင် လုပ်တယ်ပေါ့”

“ဘိုးဘိုးဆေးဆရာက အတိတ်တုန်းက ကျွန်တော့်ကို မကြာခဏ လှည့်စားခဲ့တယ်လေ… ဆိုတော့ ကျွန်တော်လည်း အတုယူရတာပေါ့ဗျာ”

ချင်မူသည် ဝိညာဉ်ဆေးပင်တချို့ အလျင်အမြန် ထုတ်၍ စွမ်းအင်ဆေးလုံးမများ ဖော်စပ်ကာ သူ၏ ချီစွမ်းအင်နှင့် သွေးအား အာဟာရဖြည့်ပေးနိုင်ရန် ပြင်လိုက်သည်။ သူက ပြုံးလျက် ပြောနေ၏။ “ကျွန်တော်သာ ဘိုးဘိုးကို ဒီတစ်ခါ မခြောက်လှန့်ခဲ့ရင် ဘိုးဘိုး အနှေးနဲ့အမြန် ဒုက္ခရောက်မှာပဲ…. အခု အမှားကို သိသွားပြီဆိုတော့ အနာဂတ်မှာ ကြိုးစားသိုင်းကျင့်ပြီး ကျွန်တော့်လို သန်မာလာအောင် အားထုတ်တော့မယ်မလား”

“မင်းက မွေးရကျိုးမနပ်…”

ဆေးဆရာ ထိုသို့ ပြောလိုက်သည်နှင့် ချင်မူက သူ့ပါးစပ်ထဲသို့ စွမ်းအင်ဆေးလုံးတစ်လုံး ထိုးထည့်လိုက်သည်။ ဆေးဆရာက ဒေါသတကြီး ပြောလေသည်။ “ငါ မစားဘူး…”

ချင်မူက လက်ညှိုးကို ဆန့်၍ သူ့လည်ပင်းအား အသာအယာ ထိလိုက်သည်။ ဆေးဆရာမှာ ‌စားရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။

ချင်မူ့လက်ချောင်းက လေအလား ဟိုဟိုသည်သည် ပြေးလွှားရင်း သူ့ရင်ဘတ်အား မကြာခဏ တို့ထိကာ ဆေးစွမ်းအင် သန့်စင်နိုင်အောင် ကူညီပေးနေသည်။ “ကလေးလို ဂျီကျမနေစမ်းပါနဲ့…. ကျွန်တော်က ဘိုးဘိုးကို လှည့်စားခဲ့တာဆိုပေမယ့် အနာဂတ်မှာ ကျွန်တော် သေရမယ့်အချိန်နဲ့ ကြုံတွေ့ရတဲ့အခါ ဘိုးဘိုးမှာ ဆေးစွမ်းအင်ကို ပျော်၀င်စေပြီး ကျွန်တော့်ကို ကယ်ပေးနိုင်မယ့် စွမ်းအား လုံလုံလောက်လောက်မရှိရင် ဘယ်လိုလုပ်မလဲ…. ဟုတ်ပါတယ်လေ…ကျွန်တော်က သန်မာလွန်းတော့ အဲ့ဒီလိုအခြေအနေမျိုး ရောက်မှာမဟုတ်ပေမယ့် ဘိုးဘိုးရွာလူကြီးဆိုရော….သူက ကျွန်တော့်လောက် မသန်မာဘူးလေ…”

ဆေးဆရာသည် ရွာလူကြီးနှင့် အတည့်ဆုံး ဖြစ်ကြောင်း သူ သိထားသဖြင့် စိတ်ရှည်လက်ရှည် ရှင်းပြနေ၏။ “ဘိုးဘိုးရွာလူကြီးသာ အပြင်းအထန် ဒဏ်ရာရသွားပြီး သေတော့မယ်ဆိုပါစို့…. ဘိုးဘိုးမှာ သူ့ကို ကယ်ဖို့ ဆေးရှိပေမယ့် ‌ဆေးစွမ်းအင်ကို ဖွဲ့တည်စေဖို့ ‌မှော်စွမ်းအင် မလုံလောက်ဘူးဆိုရင်ရော…. ဘိုးဘိုးရှေ့မှာ သူ သေသွားတာ မြင်ချင်လို့လား”

ဆေးဆရာမှာ အားအနည်းငယ် ပြန်ရှိလာသဖြင့် ဟောဟဲဟောဟဲ အသက်ရှူနေသည်။ “မင်းတော့ ရွာသူကြီးကို ကျိန်စာတိုက်လိုက်တာပဲ…. မွေးရကျိုးမနပ်တဲ့ကောင်….. ရွာလူကြီးကြားရင် ၀မ်းနည်းနေမှာ…”

ချင်မူက သူ၏ကျင့်စဉ်စွမ်းအင်ကို အသက်သွင်း၍ ခန္ဓာကိုယ်ထဲတွင် ပိုနေသော ဆေးစွမ်းအင်အား သန့်စင်လိုက်သည်။ သူက ပြုံးလျက် ပြော၏။ “ကျွန်တော်က ဥပမာပေးတာပါဗျာ…. သူ့ကို ကျိန်စာမတိုက်ရပါဘူး…. အဓိပ္ပာယ်မရှိတာတွေ…”

”ရွာလူကြီးက မင်းကို ရွေး...”

ချင်မူက ခပ်သွက်သွက် ထရပ်လိုက်သည်။ “ကျွန်တော့်မှာ ကိစ္စလေးတွေ ရှိသေးတော့ ဘိုးဘေး‌နန်းတော်ကနေ အချိန်တစ်ခုလောက် ထွက်သွားရဦးမယ်…. ဘိုးဘိုးဆေးဆရာ၊ ဒီမှာနေခဲ့လိုက်... ဒဏ်ရာတွေကို ဖြည်းဖြည်းချင်း ကုသရင်း ကြိုးစားသိုင်းကျင့်ပြီး အစွမ်းတွေ မြှင့်တင်လို့ရတယ်နော်… ကျွန်တော် အရင် သွားလိုက်ဦးမယ်”

သူက ချက်ချင်း ထွက်ခွာသွားပြီး ကြည်နူး၀မ်းမြောက်နေသည်။ ‘ဆေးပညာကောင်းကင်နန်းဆောင်တော့ ရှိလာပြီ... ငါ နဂါးသွဲ့ရေကန်အဆင့်နဲ့ ပိုပိုနီးလာနေပြီပဲ… ဘိုးဘိုးဆေးဆရာကလည်း ကြိုးစားပြီး သူ့သိုင်းအဆင့်ကို မြှင်တင့်လိမ့်မယ်….အင်း…. ဒုက္ခိတဘိုးဘွားကျေးရွာရဲ့ အဘိုးအဘွားကိုးယောက်ထဲမှာ ဘိုးဘိုးထော့ကျိုးနဲ့ ဘိုးဘိုးမာပဲ စိတ်ပျက်ဖို့ကောင်းတာ…. ငါ သူတို့ကို ဘယ်လိုလေ့ကျင့်ပေးရပါ့မလဲ…’

သူက ငါးခူပြုံးကြီး ပြုံးနေရင်း နဂါးချီလင်နှင့် ယန်အာကို ခေါ်လိုက်သည်။ “ငါ ဆုတောင်းဖြည့်ပေးနိုင်တဲ့ အဲ့ဒီရှေးဟောင်းနတ်ဘုရားဥကို ဆွဲထုတ်ပြီး ကောင်းကင်ဘုံ ၂၈ ဘုံပဲ ထားခဲ့ဖို့ တွေးထားတယ်... ‌တစ်လောကလုံးရဲ့ နံပါတ်တစ် ကောင်းကင်ဆရာသခင် လုံရှန်းဆန်းရန်ပဲ…. ဟင်းလင်းပြင်သားရဲမိခင်ရဲ့ သခင်လည်း ဖြစ်တယ်…. မင်းက ဘိုးဘေးနန်းတော်ထဲက ဟင်လင်းပြင်သားရဲတွေကို ထိန်းချုပ်ထားတာ…. မင်းတို့သာ ဒီမှာ နေခဲ့ရင် ဒီအဖိုးတန်မြေရဲ့ ဘေးကင်းမှုကို အာမခံနိုင်လိမ့်မယ်”

နဂါးချီလင်က ချက်ချင်း မေးလေသည်။ “ဂိုဏ်းသခင်က ဘယ်တော့ပြန်လာမှာလဲဗျ”

ချင်မူ တွေးပြီးနောက် ဖြေသည်။ “‌စောရင် တစ်နှစ်…. နောက်ကျရင်တော့ သုံးနှစ်ကနေ ငါးနှစ်အတွင်းပေါ့”

နဂါးချီလင်မှာ ရတက်မအေးနိုင်ချေ။ လုံရှန်းဆန်းရန်ဘွဲ့ကား အတုကြီးမဟုတ်လော။ မျက်ကန်းက ၀င်္ကပါဆရာသခင်ဖြစ်သော်လည်း သူ့တွင် ယုံကြည်ချက်မရှိပေ။

‘ဂိုဏ်းသခင်ကို မြှောက်ပြောရတာ လွယ်တယ်… ဒါပေမဲ့ ဆရာကြီးမျက်ကန်းကို မြှောက်ပင့်ဖို့ မလွယ်ဘူး… ဆရာကြီးမျက်ကန်းက လိမ္မာပါးနပ်တယ်’

သူ့မှာ ရောက်ရှိလာတော့မည့် အန္တရာယ်ကို ခံစားနေရပြီး သူ၏လူထိန်းကျမ်းစာသည်လည်း ဧရာမစမ်းသပ်မှုကြီးတစ်ခုကို ဖြတ်ကျော်ရပေတော့မည်။

ချင်မူက ‌ရွှေအနှင့် မျက်ကန်းထံ သွားရောက်၍ ‌ဖန်သားကောင်းကင်စေတီကို ပြန်လည်သွန်းလုပ်ရန် ယုံယုံကြည်ကြည် ပေးခဲ့လိုက်သည်။ ရွှေအက ပြုံးလျက် ပြောလေသည်။ “မြောက်နတ်မင်းက ဒီရတနာကို ပစ်စလက်ခတ် သွန်းလုပ်ပြီး ဘုရားပေးတဲ့ လက်ဆောင်ကို ဖြုန်းတီးခဲ့တာပဲ… ငါ သဘောမကျတာ ကြာပြီ… သေချာပေါက် ပြုပြင်ပေးမယ်…. မစိုးရိမ်နဲ့’

ချင်မူလည်း အပေါ်ပျံတက်လိုက်ပြီး ဖန်သားကောင်းကင်စေတီထဲမှ ရှေးဟောင်းနတ်ဘုရားဥအား ထုတ်ကာ ချင်စာလုံးမြေထဲတွင် ထည့်လိုက်သည်။ သူက စိတ်ထဲမှ တွေးနေသည်။ ‘ငါ ထိုက်ရှီတာအိုဘာသာစကားကို အများစု နားလည်ပြီးပြီ…. အခု ထိုက်ရှီတာအိုဘာသာစကားနဲ့ ဒီရှေးဟောင်းနတ်ဘုရားဥရဲ့ တာအိုဘာသာစကားကို အဖြေထုတ်နိုင်တော့မယ်…. ရှေးဟောင်းနတ်ဘုရားနှစ်ပါး ဘာတွေကြံစည်နေတာလဲ သိနိုင်တော့မယ်…”

သူက လမ်းလျှောက်ထွက်လာရင်း ခေါင်းမော့လိုက်ရာ မှောင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

ချင်မူလည်း မီးအိမ်ထုတ်၍ ထွက်သွားရန် ပြင်လိုက်စဉ် မြေပြင်မှာ ရုတ်တရက် တုန်ခါသွားသည်။ သစ်နက်တောင်တန်းများ၏အပြင်တွင်ကား စကြဝဠာ ပြိုကျပျက်စီးသော ကြောက်မက်ဖွယ်ရာ မြင်ကွင်းကြီး ရှိနေသည်။

သစ်နက်တောင်းတန်းများအတွင်းတွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားများမှာ အပြင်သို့ ကြောက်လန့်တကြား ကြည့်နေကြသည်။ နဂါးချီလင်၏အသံက အဝေးမှ ပျံ့လွင့်လာ၏။ “အားလုံးပဲ မလန့်ကြတဲ့…. ဒါက အရင်စကြ၀ဠာ ဖျက်ဆီးခံနေရတဲ့ မြင်ကွင်းသက်သက်ပါပဲ…. ဘိုးဘေးနန်းတော်မှာ ပြောင်းလဲမှုမရှိပါဘူး”

ချင်မူမှာ သူ့အသံကို ကြားလျှင် စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ သူက မီးအိမ်ကို ကိုင်၍ သစ်နက်တောင်တန်းများအပြင် ထွက်ကာ ဖန်သားကောင်းကင်စေတီ ကာကွယ်ပေးထားသော နေရာမှ ထွက်လာခဲ့သည်။

သို့သော် အပြင်သို့ ‌ထွက်လိုက်သည်နှင့် သူ၏မွေးညင်းများ ထောင်လာပြီး ကြောက်စိတ်က သူ့နှလုံးသားကို ကြီးစိုးသွား၏။

ငိုကြွေးညည်းညူနေသော ဤစကြဝဠာကြီး၏ တာအိုအသံကို သူ ကြားလိုက်ရသည်။ ဤကမ္ဘာ၏ နတ်ဘုရားများကား ငိုကြွေးနေကြချေသည်။

ဤသည်ကား သေချာပေါက် ပုံရိပ်ယောင်မဟုတ်။ သူကား ယခင်စကြဝဠာ ဖျက်စီးခံနေရသော ခေတ်သို့ အမှန်တကယ် ခြေချခဲ့မိလေပြီ။

All Chapters