← Chapters

ဥကွဲ၍ နတ်ထွက်လာမှု

Vol. 91 Ch. 1188

ဥကွဲ၍ နတ်ထွက်လာမှု

Vol. 91 Ch. 1188

ချင်မူ့မျက်စိရှေ့တွင် စကြ၀ဠာတစ်ခုလုံး ဖျက်ဆီးခံနေရပြီး ဒြပ်ထုအားလုံး စွမ်းအင်အဖြစ်သို့ ပြန်ပြောင်းလဲနေသည့် ကြောက်မက်ဖွယ်ရာ မြင်ကွင်းကြီး တည်ရှိနေသည်။ ဤတုန်လှုပ်ချောက်ချားစရာ စွမ်းအား၏ ရှေ့မှောက်တွင် လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများဖြစ်စေ၊ နတ်ဘုရားများဖြစ်စေ မည်သို့မျှ အသုံးမဝင်ကြတော့ချေ။

ချင်မူပင်လျှင် သူ၏မဟာတာအို ပြိုကျပြီး စွမ်းအင်အဖြစ် ပြောင်းလဲနေသည်ကို ခံစားလာရသည်။

သူ၏ရုပ်ခန္ဓာသည် ဤ‌တုပ်လှုပ်ချောက်ချားစရာ အဖျက်အစီးလှိုင်းကြီး၏ အရှေ့၌ အသုံးမကျတော့။ သူ၏ မူလဝိညာဉ်မှာလည်း စုတ်ပြဲလာနေသည်။

သူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ နှိုင်းယှဉ်မရနိုင်အောင် အိုမင်းနေသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်က ပျက်စီးနေသော စကြဝဠာကြီး၏ အလယ်တွင် မားမားမတ်မတ် ရပ်တည်နေသည်ကို တွေ့လိုက်ရ၏။ ၎င်းကား စိမ်းစိုတောက်ပနေပြီး ရောင်စုံအလင်းတန်းများက ၎င်းကို လှည့်ပတ်နေကြသည်။

“ဒါက အနက်ရောင်သစ်ပင်ကြီးရဲ့ ပင်မခန္ဓာကိုယ်ပဲ”

သူ့မှာ သစ်ပင်ကြီးဆီ ပြန်သွားချင်သော်လည်း ခြေထောက်မြှောက်လိုက်ချိန်တွင် သူ့ခြေထောက်မှာ ပြာမှုန့်များ ဖြစ်သွားသည်။

ချင်မူမျက်နှာအမူအရာတွင် ကြောက်လန့်မှု ပေါ်လွင်လာသည်။ ရုတ်တရက် သူက အကြံတစ်ခု ရသွားကာ ဖန်သားကောင်းကင်စေတီထဲမှ ထုတ်ယူလာခဲ့သော ရှေးဟောင်းနတ်ဘုရားဥကို ထုတ်သည်။ ရှေးဟောင်းနတ်ဘုရားဥက မူမမှန်မှုအား ချက်ချင်း အာရုံရသွားပြီး ဘေးအန္တရာယ်ကျရောက်တော့မည်ကို သိရှိနေသည့်အလားပင်။ ခမ်းနားလှသည့် တာအိုသင်္ကေတများစွာက ဥထဲမှ ပျံထွက်လာကာ စကြ၀ဠာပျက်သုဉ်းမှုကြောင့် ဖြစ်ပေါ်နေသော ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်များကို ဟန့်တားပိတ်ဆို့လိုက်သည်။

ချင်မူမှာ ချက်ချင်း ဖိအားလျော့ကျသွားသည်ကို ခံစားလိုက်ရသဖြင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ချက်ချင်း လှည့်ပတ်လိုက်သည်။ သူ့ခြေထောက်သည် လျင်မြန်စွာ ပြန်ပေါက်လာပြီး သူကား ရှေးဟောင်းနတ်ဘုရားဥကို လေပေါ်မြှောက်လျက် သစ်ပင်ကြီးဆီ ပြေးသွားတော့သည်။

တာအိုသံတစ်သံသည် ရှေးဟောင်းနတ်ဘုရားဥထဲမှ ပဲ့တင်ဖြာထွက်နေ၏။ တာအိုအသံက ကပ်ဘေး၏ ပြင်းအားကို ခုခံရန် ပေါ်ထွက်လာခြင်း ဖြစ်သည်။

လူသားနှင့် နတ်ဘုရားဥကား နတ်သစ်ပင်ထံသို့ အလင်းတန်းနှစ်တန်းအလား ပြေး၀င်သွားချေပြီ။

ရှေးဟောင်းနတ်ဘုရားဥသည် ဒေါသအမျက်တချောင်းချောင်း ထွက်နေ၏။ ၎င်းကို ဤအန္တရာယ်ထဲသို့ ခေါ်လာခဲ့သူမှာ ချင်မူဖြစ်သော်လည်း ၎င်းအနေဖြင့် သူ့ကို အားကိုးရုံမှတစ်ပါး ရွေးချယ်စရာမရှိချေ။

စကြ၀ဠာ၏ အဖျက်အဆီးအားလှိုင်းမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။ ချင်မူမှာ သစ်ပင်ကြီးနှင့် အင်မတန် နီးကပ်နေပုံပေါ်သော်လည်း အမှန်တွင် အလွန်တရာ ကွာဝေးနေချေသည်။ နှိုင်းယှဉ်မရလောက်အောင် ချောက်ချားဖွယ်ရာကောင်းလှသော လှိုင်းဂယက်စွမ်းအင်များက သူ့ကို ရိုက်ခတ်နေသောကြောင့် ရှေးဟောင်းနတ်ဘုရားထံမှ အက်ကွဲသံများ ထွက်‌တော့သည်။

ရှေးဟောင်းနတ်ဘုရားဥမှာ အချိန်မရွေး ကွဲကြေပေတော့မည်။

ချင်မူက ဒေါသတကြီး ဟိန်းဟောက်၍ သူ့ခြေထောက်ထဲသို့ ရှိသမျှ အားအင်အကုန် ပေါင်းထည့်လိုက်၏။ သူကား တရှိန်ထိုး ပြေးထွက်သွားပြီး သူ၏အမြန်နှုန်းမှာ မရောက်ခဲ့ဖူးသော အတိုင်းအတာသို့ပင် ထိုးဝက်သွားသည်။

နေရာဟင်းလင်းပြင်ကိုပင် သူ မခံစားရတော့သည်။ အမြင့်ဆုံးသော အမြန်နှုန်းတွင် အချိန်ရော၊ နေရာဟင်းလင်းပြင်ပါ မရှိပေ။

နောက်ဆုံးတွင် သစ်ပင်ကြီး၏ အောက်ခြေနှင့် နီးကပ်လာချေပြီ။

ထိုအခိုက်အတန့်တွင် အဖျက်အဆီးအားလှိုင်းက ဖြာထွက်လာကာ ရှေးဟောင်းနတ်ဘုရားဥ ကာကွယ်ပေးထားသော ဧရိယာအပေါ် ဖိချလိုက်သည်။ အက်ကွဲသံများ ထွက်ပေါ်လာပြီး ကြေမွနေသော ဥခွံများက အရပ်လေးမျက်နှာသို့ လွင့်စင်လာကာ ချင်မူ့မျက်နှာကိုပင် ထိရှသွား၏။

ချင်မူမှာ နောက်ဆုံးလက်ကျန်ခွန်အားကို ထုတ်သုံး၍ သစ်ပင်အောက်ခြေသို့ ပြေးသွားကာ လက်နှစ်ဖက်လုံးဖြင့် ဥခွံအပိုင်းအစကြီးတစ်ခုအား မြှောက်လိုက်သည်။‌ ကောင်းကင်ထက်မှ ကောင်းကင်လင်းတန်းတို့သည် ဥထံသို့ ပြေး၀င်လာသဖြင့် သစ်ပင်ကြီးမှာ ရောင်စုံလင်းလက်တောက်ပသွားတော့သည်။

သူ သစ်ပင်အောက်ခြေသို့ ပြေးနေသည့်အချိန်မှာပင် လောကကြီးက ရုတ်တရက် မည်းမှောင်သွားသည်။ သူ့မှာ စကြ၀ဠာတစ်ခုမှ နောက်တစ်ခုသို့ ခြေချလိုက်မိသည့်အလားပင်။

ချင်မူမှာ အနက်ရောင်သစ်ပင်ကြီးဆီ ပြန်ရောက်လာကြောင်း တွေ့ရသည်နှင့် စိတ်သက်သာရရာစွာ သက်ပြင်းချလိုက်မိသည်။ သူ့ခြေထောက်များက ပျော့ခွေသွားကျသွားပြီး ရှေ့သို့လိမ့်ထွက်သွားပြီးနောက် ရပ်တန့်သွား၏။

ရုတ်တရက် သူ့လက်နှစ်ဖက်လုံး ပေါ့ပါးနေသည်ကို ခံစားလိုက်ရသဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ ဥခွံတစ်၀က်မှာ ဗလာဖြစ်နေသည်ကို‌ တွေ့လိုက်ရပြီး ဥရေကြည်အချို့သာ ကျန်ရစ်ခဲ့၏။ ဥထဲရှိ ရှေးဟောင်းနတ်ဘုရားမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။

ချင်မူ ဧရာမဥခွံကြီးနှင့် ဥရေကြည်ကို ကိုင်ရင်း အံ့ဩမှင်သက်နေသည်။ အလျင်အမြန် ဟိုဟိုသည်သည် ကြည့်လိုက်သော်လည်း ရှေးဟောင်းနတ်ဘုရား၏ ပုံရိပ်ကိုပင် မတွေ့ရချေ။

'ဒီရှေးဟောင်းနတ်ဘုရားက အရင်စကြ၀ဠာမှာ ကျန်ခဲ့တာလား…. ငါ ထွက်ပြေးနေတုန်း ထွက်ပြေးသွားခဲ့တာလား’

ချင်မူမှာ စိတ်အားပြန်တင်းလိုက်သော်လည်း ရတက်မအေး ဖြစ်လာ၏။

ထိုရှေးဟောင်းနတ်ဘုရားသာ အရင်စကြ၀ဠာတွင် နေခဲ့ပါက ထိုစကြ၀ဠာနှင့်အတူ သေဆုံးသွားလိမ့်မည်။

ချင်မူနှင့်အတူ လွတ်မြောက်လာခဲ့ပါက သူ့အသက်ကို ထိပါးခဲ့သောကြောင့် ချင်မူ့အား ရန်ငြိုးထားလိမ့်မည်။ ထိုမျှသာမက သူ့မှာ မချိန်မစေ့သေးဘဲ ဖြစ်တည်လာခဲ့ရရာ သိုင်းအဆင့်ဖြစ်စေ၊ အစွမ်းအစဖြစ်စေ အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်ထက် များစွာ နိမ့်ကျသွားသည်။

ဤရန်ငြိုးကား ကြီးမားလှချေသည်။

ချင်မူတစ်ယောက် လန့်လာသည်။ သူသည် ထိုက်ရှီဥ၏ မဟာတာအိုသင်္ကေတများကို နားလည်နိုင်ရန် အပြင်းအထန် ကြိုးစားခဲ့၏။ ကောင်းကင်နတ်အရှင်လင်နှင့် ဝေစွေ့ဖုန်းကို ကယ်ရန်အပြင် ဤရှေးဟောင်းနတ်ဘုရားနှင့် ထိုက်ရှီတို့ ‌ဆွေးနွေးနေသည့် အကြောင်းအရာကိုလည်း သူ သိချင်မိခဲ့သည်။

ယခုတွင် ထိုက်ရှီ၏ မဟာတာအိုသင်္ကေတများကို အဖြေထုတ်နိုင်ခဲ့သော်လည်း ဥထဲရှိ ရှေးဟောင်းနတ်ဘုရားမှာ လွတ်မြောက်သွားပြီး ရန်ငြိုးကြီးတစ်ခု ဖွဲ့တည်လာစေမိသည်။ အနာဂတ်တွင် ဒုက္ခရောက်နိုင်သည့် အလားအလာပင်။

“သူ အရင်စကြ၀ဠာမှာ သေသွားပါစေ…. ဟင်… ဒီ ဥရေကြည်က မွှေးလိုက်တာ..”

ချင်မူ့လက်ညှိုးက ရုတ်တရက် တွန့်သွားပြီး ဥခွံကြီးကို မြှောက်ကာ ဂရုတစိုက် အရသာခံကြည့်လိုက်သည်။ “တော်တော်မွှေးတာပဲ…. ဒီရှေးဟောင်းနတ်ဘုရား ဥခွံထဲကနေ ထွက်မလာချင်တာ အံ့ဩစရာမရှိဘူး… လခွမ်း…. ဒါတွေက များလွန်းနေတယ်…. ငါ မသန့်စင်နိုင်ဘူး”

ဒုတိယနေ့တွင် ကောင်းကင်မှာ ဖြည်းဖြည်းချင်း လင်းလာပြီး အနက်ရောင်တောင်တန်းများအပြင်၌ အရာအားလုံး တည်ငြိမ်အေးချမ်းနေချေသည်။ ယမန်နေ့ည၏ ကြောက်မက်ဖွယ်ရာကပ်ဘေးမှာ ပျောက်ကွယ်သွားပြီး ဘိုးဘေးနန်းတော်သည် ယခင်ကအတိုင်း ရှိနေ၏။

ချင်မူတစ်ယောက် သူ့ဗိုက်ကို ကိုင်၍ မျက်မှောင်ကြုတ်နေသည်။ မနေ့ညက ဥရေကြည်တလုတ် သောက်ခဲ့ပြီးနောက် သူ့ဗိုက်မှာ လေးလံကာ မအီမသာ ဖြစ်နေသည်။

တစ်ချက်တစ်ချက်တွင် သူ့ဗိုက်ထဲ၌ ကောင်းကင်နတ်မြစ်တစ်စင်း လှိုင်းထန်ပုတ်ခတ်နေသည့်အလား ထင်ရဿည်။ တစ်ချက်တစ်ချက်၌မူ မြစ်များ၊ ပင်လယ်များကို ပြောင်းပြန်လှန်နေသည့် သားရဲများ ရှိနေသလို ခံစားရ၏။ တစ်ချက်တစ်ချက်တွင် မြင့်းမိုရ်တောင်တစ်ရာ ကိန်းဝပ်နေသည့်အလား လေးလံချေသည်။ တခြားအချိန်များတွင်တော့ ဗိုက်ထဲတွင် နေတစ်လုံး ပုန်းခိုနေပြီး သူ့ကလီစာများကို မီးကျွမ်းသည်အထိ မီးလောင်တိုက်သွင်းနေသည့်အလား ထင်ရသည်။

ထို ဥရေကြည်တစ်လုတ်မှာ သူ့ခန္ဓာကိုယ်ထဲတွင် ပုံစံမျိုးစုံ ပြောင်းလဲနိုင်ဟန်တူပြီး အစာချေရန်လည်း ခက်နေသည်။

ဥရေကြည်ထဲတွင် အင်မတန် ပေါများသော စွမ်းအင်ပမာဏ ပါရှိနေကြောင်း သူ ခံစားရမိသည်။ သို့သော် ၎င်းကို မသန့်စင်နိုင်သေးသောကြောင့် ၎င်းက သူ့အတွက် ၀န်ထုပ်၀န်ပိုးဖြစ်လာခဲ့၏။

'ငါတော့ ဘာမှ မစားနိုင်တော့ဘူး.... ဒီဥရေကြည်က ဘိုးဘိုးဆေးဆရာရဲ့ စွမ်းအင်ဆေးလုံးတွေထက်တောင် အဆိပ်ပြင်းတာပဲ…. ဒါပေမဲ့ တကယ်တော့ မွှေးတယ်…’

ချင်မူ့နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာသည်။ သူ ဘိုးဘေးနန်းတော်မှ ထွက်ခွာတော့မည့်အချိန် ရုတ်တရက် တောင်တစ်လုံး ကွဲအက်သွားသည်ကို တွေ့မြင်လိုက်ရ၏။ လှပငယ်ရွယ်သည့် မိန်းကလေးတစ်ဦးက ပုံးတစ်ပုံးကိုင်လျက် တောင်ထိပ်ဆီသို့ လျှောက်လာသည်။

ချင်မူမှာ အနည်းငယ် ကြောင်အသွားပြီး နှုတ်ဆက်လိုက်သည်။ “တာအိုနောင်တော် ထိုက်ယီ”

ထိုမိန်းကလေးမှာ ထိုက်ယီမှလွဲ၍ တခြားမဟုတ်ပေ။ သူမက သူ့ကို မြင်လျှင် ခေါင်းယမ်းလိုက်သည်။ “တာအိုမိတ်‌ဆွေ၊ နင် မနေ့က အရင်စကြ၀ဠာဆီ သွားခဲ့တယ်မလား…. ဒါတောင်မှ သစ်နက်တောင်တန်းဆီ ပြန်ထွက်လာရဲတဲ့အထိ သတ္တိကောင်းလွန်းတယ်နော်... ထိုက်စုလည်း နင့်ကြောင့် အချိန်မတိုင်ဘဲ ထွက်လာခဲ့ရပြီ... နင်နဲ့သူကြား ဝဋ်ကြွေးက မသေးငယ်ဘူး”

ချင်မူက သူ့ဗိုက်ထဲရှိ ပြင်းထန်လှသော နာကျင်မှုကို တောင့်ခံရင်း မေးသည်။ “သူ ဘယ်မှာ ပုန်းနေတာလဲ တာအိုနောင်တော် သိလား”

မိန်းကလေးက ခေါင်းရမ်း၏။ “ငါ သိတယ်… ဒါပေမဲ့ နင့်မှာ မကောင်းတဲ့ အကြံတွေရှိနေတာ ငါ ပြောလို့ရတယ်”

ချင်မူ ‌မျက်မှောင်ကြုတ်လိုက်မိသည်။

မိန်းကလေးက ပြုံးလျက် ပြောသည်။ “နင် သူ့ရဲ့ ဥရေကြည်တွေကို သောက်လိုက်တယ်မလား…. အဲ့ဒါက သူ့ရဲ့ လမ်းစဉ်အောင်မြင်ဖို့ အရာပဲ…. ဆိုတော့ ၀ဋ်က ပိုလို့တောင် နက်ရှိုင်းသွားပြီ”

ချင်မူက ရိုးကျိုးစွာ မေး၏။ “ကျွန်တော်တို့ ဒီရန်ငြိုးကို ဘယ်လိုချေဖျက်လို့ ရနိုင်မလဲဗျာ”

“ငါ မလုပ်နိုင်ဘူး”

မိန်းကလေးက ခေါင်းရမ်းသည်။ “သူ့မှာ ထိုက်ချူမွေးဖွားလာတဲ့ကိစ္စနဲ့ ဖန်ဆင်းရှင်တွေရဲ့ တူးဖော်ခံရတဲ့ကိစ္စကြောင့် သံသယတွေများပြီး ဘယ်သူ့မှ မယုံဘူး... သူက ရည်မှန်းချက်လည်း ကြီးတော့ နင်နဲ့ ထိပ်တိုက်တွေ့ဖို့က အနှေးနဲ့ အမြန်ပဲ….. ကောင်းကင်နတ်အရှင်မူ၊ ဥရေကြည်ကို ဘယ်လိုပျော်သွားစေရမလဲ ငါ သင်ပေးနိုင်တယ်””

ချင်မူ့နှလုံးသားမှာ အနည်းငယ် လှုပ်ခတ်သွားသည်။

မိန်းကလေးက ဆက်ပြောသည်။ “ထိုက်စုက ထိုက်စုကျောက်တုံးတွင်းကနေ မွေးဖွားခဲ့တာ…. ထိုက်စုမူလကျောက်တုံးရဲ့ စွမ်းအားနဲ့ ဥရေကြည်ကို သန့်စင်ပြီး ထိုက်စုမဟာတာအိုကို တတ်မြောက်နိုင်တယ်…. နင် ထိုက်စုနတ်ကျောက်တုံးကို သုံးပြီး ဥရေကြည်ထဲက စွမ်းအင်ကို ပျော်၀င်စေလို့ရတယ်”

ချင်မူက ကျေးဇူးတင်ကြောင်း ပြသရန် ဦးညွှတ်အရိုအသေပေးလိုက်သည့်အခါ မိန်းကလေးက ပြုံးလျက် ပြော၏။ “ငါ နင့်ကို အနာဂတ်အတွက်ကြောင့် လမ်းညွှန်ပေးတာပါ…. မင်းအပေါ်လည်း ငါ အမြတ်ထုတ်ခဲ့မိတယ်…. ငါ မင်းကို ပြောမပြရင်တောင်မှ မင်း မကြာခင် ထိုက်စုနတ်ကျောက်တုံးရဲ့ အသုံး၀င်ပုံကို သိမှာပဲ” သူမက ထိုသို့ပြောပြီးနောက် အက်ကွဲနေသော အနက်ရောင်တောင်တစ်လုံးဆီ ရေပုံးကို သယ်ဆောင်သွားသည်။

နဂါးချီလင်နှင့် ယန်အာမှာ ရောက်ရှိနေပြီဖြစ်သည်။ ချင်မူ သစ်နက်တောင်တန်းတွင် ရှိနေသေးသည်ကို မြင်လျှင် နဂါးချီလင်က အပြေးတစ်ပိုင်း ရောက်လာ၏။ ချင်မူက သတိပေးလိုက်လေသည်။ “လူတိုင်းကို ညဘက်အပြင်မထွက်ဖို့ သတိပေးလိုက်…. ထွက်ရင် သေချာပေါက် သေလိမ့်မယ်…. မှတ်ထား…. မမေ့နဲ့”

နဂါးချီလင်က အလန့်တကြား ထခုန်၍ အော်လိုက်၏။ “ဂိုဏ်းသခင်၊ ညဘက်ကြီး အပြင်ထွက်ခဲ့တာလား”

ချင်မူ့မျက်နှာကြီး နီရဲသွားသည်။ “မမေးစမ်းနဲ့”

နဂါးချီလင်က သူ ထွက်ခွာသွားသည်ကို ကြည့်ကာ တွေးနေ၏။ ‘ငါ လူတိုင်းကို ညဘက် အပြင်မထွက်ရဘူးလို့ မှာထားပြီးပြီ... အဲ့ဒီရွှတ်နောက်နောက်လူ ကျန်းယွင်ကျန့်တောင် မထွက်ရဲဘူး… စပ်စုလွန်းတဲ့ ဂိုဏ်းသခင်ပဲ စကြ၀ဠာပျက်စီးနေတဲ့ ကြောက်စရာမြင်ကွင်းကို မြင်ပြီးတာကို ထွက်ရဲသေးတာ....’

All Chapters