← Chapters

ထိုက်ရှီကောင်းကင်နတ်သိုင်းနှင့် မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်း

Vol. 91 Ch. 1191

ထိုက်ရှီကောင်းကင်နတ်သိုင်းနှင့် မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်း

Vol. 91 Ch. 1191

မာန်ဟုန်မြစ်ရေပြင်ထဲမှ တစ္ဆေသင်္ဘော ခွဲထွက်လာသည်နှင့် ဖြာထွက်သွားသော မြစ်ရေသည် မြင့်တက်လာနေသော နေရောင်အား ကြိုဆိုနေသည့်အလား လင်းလက်တောက်ပသွား၏။ သက်တံတစ်စင်းပြီးတစ်စင်း တစ္ဆေသင်္ဘောအပေါ်၌ ဖွဲ့တည်လာသည်။

‌တစ္ဆေသင်္ဘောက‌ လေကို ခွင်းလျက် ချင်မူ့ထံ ‌ရွေ့လျားလာသည်။

ချင်မူက လေပေါ်ပျံတက်၍ တစ္ဆေသင်္ဘော၏ ကုန်းပတ်ပေါ်သို့ ဆင်းသက်လိုက်၏။

“အစ်ကိုကြီး” ချင်မူ ဦးညွှတ်အရိုအသေပေးလိုက်သည်။

“ညီလေး”

အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်းက ပြန်လည်နှုတ်ဆက်၏။ သူ ထရပ်လိုက်သည့်အခါ သူ့နောက်၌ အနက်ရောင်ခေါင်းတလား ထောင်သောင်းများစွာ ရှိနေသည်။

အနက်ရောင်ခေါင်းတလားများသည် တစ္ဆေသင်္ဘောပေါ်တွင် ငြိမ်သက်စွာ ထောင်မတ်နေကြပြီး တစ်ခုပြီးတစ်ခု ပွင့်လာကြ၏။ အထဲမှ ယွီလင်နန်းစောင့်တပ်ဖွဲ့၏ နတ်ဘုရားမိစ္ဆာစစ်သည်တော်များ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။

ချင်မူက ပြုံးပြလိုက်ပြီးနောက် ကျယ်လောင်စွာ ကြေညာသည်။ “ဒီနေ့ ကျွန်တော့်ကတိအတိုင်း လူတိုင်းကို မပြောင်းလဲတဲ့ ဒြပ်ထုအခြေအနေက‌နေ လွှတ်ပေးဖို့ ရောက်လာခဲ့တာပါ”

ဝေစွေ့ဖုန်းမှာ စိတ်လှုပ်ရှားသွားပြီး တ‌‌စ္ဆေသင်္ဘောပေါ်ရှိ စစ်သားများမှာလည်း အလားတူ စိတ်လှုပ်ရှားလာကြသည်။ သို့သော် မည်သူကမှ စကားမပြောကြချေ။

ထိုစဉ် ဇာမဏီငှက်တစ်ကောင်သည် တောင်ပံတဖျတ်ဖျတ် ခတ်လျက် ပျံသန်းလာသည်။ ဝုန်းခနဲအသံကြီးနှင့်အတူ ကျောက်ခေါင်းတလားတစ်လုံး မြေပေါ် ကျသွား၏။

ဝေစွေ့ဖုန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ထိုဇာမဏီငှက်မှာ အမိကမ္ဘာမြေ၏ လက်အောက်ငယ်သား ဖုန့်ချိုးယွင်ပင်။ ခေါင်းတလားထဲ၌ ချုံဧကရာဇ်၏ အလောင်းရှိသည်။

တစ်ချိန်တည်းမှာ ဧရာမကိုယ်လုံးကြီးဖြင့် ကြက်နဂါးတစ်ကောင်ကလည်း သင်္ဘော‌ပေါ်ရှိ နန်းဆောင်၏ အနောက်ဘက်မှ ခေါင်းပြူထွက်ကာ စိတ်လှုပ်တရှား ချောင်းကြည့်နေလေသည်။

ယင်းက အရှင်မယွမ်မု‌၏ လက်အောက်ငယ်သား လင်းရှောင်ပင်။

သူတို့အပြင် နဂါးအရှင်တိုင်းပြည်မှ နဂါးဘုရင်အရူးကြီးလည်း ငြိမ်ကျသွားသည်။ ကောင်းကင်နတ်ဧကရီ၏ ရုပ်အလောင်းနှင့် ကျွယ်ဝူချိန်ကို ဖိနှိပ်ထားခဲ့သော ခန်းမထဲရှိ နဂါးရှစ်ပါးကလည်း ထိုစကားကို ကြားသွားဟန်တူပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လာကြသည်။

ဝေစွေ့ဖုန်းက တစ်ချက်လှည့် ကြည့်၍ အနိမ့်အမြင့်မရှိသော လေသံဖြင့် သတိပေးသည်။ “ဒီသင်္ဘောပေါ်မှာ နတ်ဘုရားမိစ္ဆာတွေ များလွန်းတယ်…. ညီလေး၊ တစ္ဆေသင်္ဘောကို အေးအေးချမ်းချမ်း မဖြေရှင်းနို‌င်လောက်ဘူး”

ချင်မူက သက်ပြင်းချသည်။ “ဟုတ်တယ် အစ်ကိုကြီးရေ… ဒီသင်္ဘောပေါ်မှာ မကောင်းဆိုးဝါးတွေ၊ မိစ္ဆာတွေ အများကြီး ရှိနေပေမယ့် အရမ်းတော့ အစွမ်းမထက်ကြပါဘူး... ကောင်းကင်နတ်အရှင်လင်က ကောင်းကင်နတ်မြစ်ကို သူကိုယ်တိုင် ချိတ်ပိတ်ခဲ့ပြီး အဲဒါနဲ့ တစ်သားတည်း ဖြစ်သွားခဲ့တယ်.. အဲဒီက မိစ္ဆာတွေနတ်ဘုရားတွေက သိပ်ကိုကြောက်ဖို့ ‌ကောင်းတာ... အစ်ကိုကြီး၊ ကျွန်တော်တို့ စလို့ ရပြီလား”

ဝေစွေ့ဖုန်းမှာ ချီတုံချတုံ ဖြစ်နေပြီးနောက် ခေါင်းညိတ်သည်။

ဖုန့်ချွေးယွင်မှာ အင်မတန် စိတ်လှုပ်ရှားနေ၏။ ကျောက်ရုပ်ဖြစ်လုဆဲဆဲ နဂါးအရှင်၀မ်လုန်၏ မျက်လုံးများထဲတွင်လည်း မီးတောက်များ လောင်ကျွမ်းနေပြီး အချိန်မရွေး ထွက်သွားရန် အသင့်ဖြစ်နေသည်။

ချင်မူက အာရုံစုစည်းလျက် ထိုက်ရှီတာအိုကို အသက်သွင်းလိုက်သည်။ မဟာတာအိုသင်္ကေတများသည် သူ့မျက်ခုံးနှစ်ဖက်ကြားထဲမှ ပျံထွက်လာ၍ တဖြည်းဖြည်း အရေအတွက် တိုးပွားလာကြ၏။

နတ်ဘုရားခေါ်သံနှင့် သက်ရှိအားလုံး နာမည်တစ်ခုတည်းအား ပြိုင်တူရေရွတ်နေသံကို အကုန်လုံး ကြားလာရသည်။ ယင်းကား ထိုက်ရှီ၏ နာမည်ပင်။

အသံက ထိုက်ရှီတာအို၏ တာအိုအသံ ဖြစ်ကာ အင်မတန် ထူးဆန်း၏။ ဝေစွေ့ဖုန်း ရှေးဟောင်းနတ်ဘုရားဥကို ခွဲရန် ကြိုးစားခဲ့တုန်းကလည်း ဤတာအိုအသံ ထွက်လာခဲ့ဖူးသည်။

ဝေစွေ့ဖုန်းမှာ စိတ်လှုပ်ရှားမှုကို မမြိုသိပ်ထားနိုင်တော့ပေ။ ‘ကြည့်ရတာ ညီလေးက ငါ သူ့အတွက် ချန်ထားခဲ့တဲ့စာကို ရှာတွေ့သွားခဲ့တဲ့ပုံပဲ…. ‌‌သူက ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲ့တဲ့ ကောင်းကင်နတ်သိုင်းကို ထောင့်စေ့အောင် လေ့လာပြီး အဲဒီကနေတစ်ဆင့် ဥထဲက မဟာတာအိုကို ရရှိသွားခဲ့တာပဲ... ဒီတစ်ကြိမ်တော့ ငါတို့ လွတ်ပြီ’

ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို နားလည်ရန် မည်မျှ ခက်ခဲကြောင်း သူ ကောင်းကောင်း သိသည်။

သူသည် ကောင်းကင်နတ်အရှင်လင်၏ စာကို အချိန်အတော်ကြာတည်းက လက်ခံရရှိခဲ့ပြီး အချိန်ပေးလေ့လာခဲ့‌သော်လည်း ယခုထိတိုင် မဖြေရှင်းနိုင်ခဲ့သေးချေ။

ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ပါးလည်း ကောင်းကင်နတ်အရှင်လင်၏စာကို သူ့ထက် ဆောလျင်စွာ ရရှိခဲ့သော်လည်း မည်သည့်အကျိုးအမြတ်မှ မဖော်ထုတ်နိုင်ခဲ့ပေ။

ချင်မူကား ကောင်းကင်နတ်အရှင်လင်စာ၏ ဆန်းကြယ်နက်နဲသော သဘောတရားကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ခဲ့ချေပြီ။ ထိုပါရမီမျိုးက လောကတခွင် ရှာတွေ့နိုင်ရန် ရှားလွန်းသည်။

ဥထဲရှိ ထိုက်ရှီမဟာတာအိုကို ဖြေရှင်းရန်မှာ ပို၍ပင် ခက်ခဲသေး၏။ ထိုခက်ခဲမှုက ကောင်းကင်နတ်အရှင်လင်၏ စာထက်ပင် မြင့်မားသည်။

ချင်မူ ကောင်းကင်နတ်အရှင်လင်၏စာကို နားလည်နိုင်ခဲ့သည်မှာ သူ၏ ဉာဏ်ပညာတစ်ခုတည်းကြောင့် မဟုတ်သည်ကိုတော့ သူ မသိချေ။ ဗုဒ္ဓအိုကြီး၏ အနန္တကပ်ဘေးသုတ္တန်ကြောင့်သာ မဟုတ်လျှင် နှစ်ထောင်သောင်းများစွာ လိုအပ်ပေလိမ့်မည်။

ဉာဏ်ပညာအရဆိုလျှင် ချင်မူကား လျှမ်းလျှမ်းတောက် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ချေ။ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းမျိုးစုံကို သုံး၍ သူ့ကိုယ်သူ တိုးတက်အောင် လုပ်ရာတွင်သာ ထူးချွန်၏။

ထိုက်ရှီမဟာတာအို၏ သင်္ကေတများမှာ ပို၍ပင် များလာပြီး မတူညီသော သင်္ကေတများက ၎င်းတို့ဘာသာ စီရီ၍ တစ္ဆေသင်္ဘောအပေါ် စတင် ဖိနှိပ်တော့သည်။

တစ္ဆေသင်္ဘောပေါ်ရှိ လူအားလုံး၊ အရာအားလုံးသည် တိုးခြင်း၊ လျော့ခြင်းမရှိသည့် မပြောင်းလဲသော ဒြပ်ထုအဖြစ်သို့ ပြောင်းလဲခံထားရ၏။ ယခုတွင် ဝေစွေ့ဖုန်းနှင့် ကျန်သူများမှာ မပြောင်းလဲသည့် ဒြပ်ထုမှာ ဖြည်းဖြည်းချင်း ပြောင်းလဲစပြုလာသည်ကို ခံစားလာကြရသည်။

ထိုအခိုက်အတန့်တွင် ချင်မူမှာ သူ့နှလုံးသားထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ အင်အားစုအချို့ကား မမြင်ရသော လောကမှ ဤနေရာသို့ တိတ်တဆိတ် ကျူးကျော်လာနေသယောင်ပင်။ သင်္ဘောပေါ်တွင် လေအေးများ တိုက်ခတ်နေသကဲ့သို့ သူ့ကို အေးစိမ် တုန်ရီလာစေသည်။

သူက ဝေစွေ့ဖုန်းဆီ ကြည့်လိုက်ရာ ဝေစွေ့ဖုန်းလည်း ၎င်းကို သတိထားမိ၏။ သူ့မျက်နှာအမူအရာမှာ ဇဝေဇဝါဖြစ်နေသည်။

သူတို့နှစ်ယောက်လုံး အံ့ဩမှင်သက်နေကြသည်။

တစ်စုံတစ်ယောက်ကား တစ္ဆေသင်္ဘောကို ပစ်မှတ်ထားခဲ့၏။

တစ္ဆေသင်္ဘောထဲတွင် မြုပ်နှံ‌ထားသည့် လျှို့ဝှက်ချက်များစွာ ရှိသည်မဟုတ်လော။ ကောင်းကင်နတ်ဧကရီ၏ ရုပ်အလောင်းသာမက ကျွယ်ဝူချိန်လည်း ရှိသည်။ ဤကိစ္စကို စိုးရိမ်ပူပန်ကြသူများမှာ ကောင်းကင်နတ်ဧကရီ၊ အရှင်မယွမ်မု၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် သိက္ခာမဲ့သည့် ထိုသမိုင်းကြောင်းတွင် ပါ၀င်ခဲ့သူများမှလွဲ၍ အခြားသူများမဟုတ်ပေ။

တစ္ဆေသင်္ဘောပေါ်ရှိ မိစ္ဆာ၊မကောင်းဆိုးဝါးများမှာ မများပြားသော်လည်း ရောက်ရှိခဲ့သူများမှာတော့ အင်အားကြီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ချင်မူက အလျင်အမြန် ဆုံးဖြတ်ချက်ချ၍ ထိုက်ရှီ၏ ကောင်းကင်နတ်သိုင်းကို ပယ်ဖျက်လိုက်သည်။ သူက လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “အစ်ကိုကြီး၊ အခွင့်အရေးနှစ်ခု”

ဝေစွေ့ဖုန်းမှာ တုန်လှုပ်သွားပြီး သဘောပေါက်သွားသည်။ ချင်မူ ပြောခဲ့သည့် အခွင့်‌အရေးနှစ်ခုမှာ အတိတ်သို့ ပြန်လည်သွားရောက်နိုင်သည့် အခွင့်အရေးနှစ်ခုပင်။

ထိုရှေးဟောင်းဖြစ်တည်မှုများကို ရှောင်လွှားနိုင်မည့် နည်းလမ်းတစ်ခုသာ ရှိပြီး ယင်းက ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းကို ဖယ်ရှားလိုက်ရန်သာ ဖြစ်သည်။

အတိတ်သို့ ပြန်သွားမှာသာ ထိုကောင်းကင်နတ်အရှင်များသည် သူတို့နှင့်အတူ အတိတ်သို့ လိုက်လာ၍ တိုက်ခိုက်ရန် စိုးရွံ့ကြပေလိမ့်မည်။

သူတို့အတိတ်ပြန်သွားလျှင် အတိတ်က သူတို့ ပျောက်ကွယ်သွားမည် မဟုတ်လော။

ဝေစွေ့ဖုန်း၏အရှိန်အဝါက တုန်ခါသွားပြီး သူက တစ္ဆေသင်္ဘော၏ ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။

တစ္ဆေသင်္ဘောသည် ရုတ်တရက် ရွက်လွှင့်လိုက်ပြီး ‌မြစ်ရေပြင်ထက်ရှိ မြူခိုးများလည်း တဖြည်းဖြည်း မြင့်တက်ကာ ထူထပ်လာ၏။

တစ္ဆေသင်္ဘောက မြူကို ဖြတ်လျက် ခုတ်မောင်းနေသည်။ ရုတ်တရက် လျှပ်စီး ဝင်းခနဲ လက်သွားပြီး မြူခိုးထဲသို့

ချင်မူနှင့် ဝေစွေ့ဖုန်း မျက်နှာအနည်းငယ် ပျက်သွားကြသည်။ တစ္ဆေသင်္ဘောသည် မြူခိုးထဲ ဝင်လာခဲ့ပြီဖြစ်သော်လည်း ပုန်းအောင်းနေခဲ့သော ကြောက်မက်ဖွယ်ဖြစ်တည်မှုက လက်မလျှော့ဘဲ သူတို့နောက်မှ လိုက်လာခဲ့သည်။

“သင်္ဘောပေါ် မတက်ဘဲ မြူခိုးထဲ လိုက်၀င်လာတာပဲ”

ဝေစွေ့ဖုန်း စိတ်လေးလာသည်။ သူက တစ္ဆေသင်္ဘောနှင့် တစ်သားတည်း ဖြစ်နေသောကြောင့် သင်္ဘောပေါ်သို့ တက်လာသူတိုင်းအား သူ အလွယ်ကတူ အာရုံခံနိုင်သည်။

မြူခိုးထဲ ၀င်ရောက်လာသူများမှာ ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်းထဲ ရောက်သွားပြီး တစ်သားတည်း ဖြစ်ရမည်ကို ကြောက်ကြသည်။ ထို့ကြောင့် တစ္ဆေသင်္ဘောပေါ် မတက်ရဲကြချေ။ သို့သော် မြူခိုးထဲ ၀င်ရောက်လာသည့် ပုဂ္ဂိုလ်မှာ သန်မာလွန်းချေသည်။ ထိုသူ မြူခိုးထဲ ၀င်ရောက်လာစဉ်က သူ၏ကိုယ်ပိုင်စွမ်းအားသည် မြူခိုး၏ ဖွဲ့စည်းတည်ဆောက်ပုံအား စတင်ပြောင်းလဲလာစေခဲ့၏။

ချင်မူနှင့် ဝေစွေ့ဖုန်းမှာ မြူခိုးထဲ လူမည်မျှ ၀င်ရောက်ဖူးသလဲ မသိကြချေ။ သို့သော် ကျူးကျော်လာသူ၏ မှော်စွမ်းအင်မှာ မြူခိုး၏ ဖွဲ့စည်းတည်ဆောက်ပုံအား ပြောင်းလဲရုံလောက်သာ မရိုးရှင်းပေ။ ကျုးကျော်လာသူ၏ အဓိကရည်ရွယ်ချက်က တစ္ဆေသင်္ဘော မဖြတ်သန်းသွားနိုင်အောင် တားဆီး၍ လက်ရှိကမ္ဘာဆီသို့ ပြန်လည်ဆွဲယူရန်ဖြစ်သည်။

တစ္တေသင်္ဘော၏ ကောင်းကင်နတ်သိုင်းမှာ ကောင်းကင်နတ်အရှင်လင်၏ ပြီးပြည့်စုံ‌သော မပြောင်းလဲသည့်ဒြပ်ထု ကောင်းကင်နတ်သိုင်း မဟုတ်သေးချေ။ ကောင်းကင်နတ်အရှင်လင် ဖန်တီးခဲ့သည့် ကနဦးအဆင့်ကို ချင်မူနှင့်‌‌ ဝေစွေ့ဖုန်းက ပြီးပြည့်စုံအောင် အတူတူလုပ်ထားခြင်း ဖြစ်သည်။

မှန်ပါသည်။ ထိုစဉ်က သူတို့၏ နားလည်နိုင်စွမ်းမှာ အကန့်အသတ်ရှိခဲ့သဖြင့် ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို ပြီးပြည့်စုံစွာ ပြန်လည်မဖန်တီးနိုင်ခဲ့ချေ။

ယခု ဤကောင်းကင်နတ်သိုင်းတွင် ပြစ်ချက်တစ်ခု ရှိနေပြီဖြစ်ရာ ထိုသူသည် သင်္ဘောအား အရှိတရားဆီသို့ ပြန်လည်ဆွဲယူနိုင်သည့် အခွင့်အရေးရှိချေသည်။

“ညီလေး၊ မင်း မပြောင်းလဲတဲ့ဒြပ်ထု ကောင်းကင်နတ်သိုင်းကို ဖြေရှင်းလိုက်…. ငါ အသက်သွင်းမယ်” ဝေစွေ့ဖုန်းက အော်ဟစ်လိုက်သည်။

ချင်မူ့ရင်မှာ အနည်းငယ် တုန်လှုပ်သွားသည်။ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းနှင့် ထိုက်ရှီကောင်းကင်နတ်သိုင်းတို့ကို တစ်ပြိုင်နက် အသက်သွင်းပါက မည်သည်တို့ ဖြစ်ပွားမည်နည်း။

သူ့မှာ တွေးပင် မတွေးရဲချေ။

ကောင်းကင်နတ်အရှင်လင်က မပြောင်းလဲသော ဒြပ်ထုကောင်းကင်နတ်သိုင်းအပြည့်အစုံကို ဖန်တီးပြီးနောက် တစ်ကြိမ်သာ အသုံးပြုခဲ့သည်။

ထိုက်ရှီကောင်းကင်နတ်သိုင်းမှာ ချင်မူ ထိုက်ရှီဥကို နားလည်ခြင်းမှ ရရှိလာခဲ့သော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်၏။ ဤကောင်းကင်နတ်သိုင်းကို တစ်ခါမှ အသက်မသွင်းခဲ့ဖူးချေ။

ကောင်းကင်နတ်သိုင်းနှစ်ခုလုံးမှာ အင်မတန် ထူးကဲချေသည်။ တစ်ခုက အသွင်သဏ္ဍာန် ဖွဲ့တည်ရန် မလွယ်ကူ။ ကျန်တစ်ခုကတော့ အသွင်သဏ္ဍာန် ရှိသော်လည်း ဒြပ်ထုမရှိ။ ၎င်းတို့နှစ်ခုလုံးက ဆန်းကြယ်လွန်းသောကြောင့် စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲ၏။

မြူခိုးထဲတွင် လျှပ်စီးများ တဝင်းဝင်းလက်လျက် မိုးခြိမ်းသံများ ညံနေသည်။ သင်္ဘောအပြင်တွင် နေလုံကြီး ထွက်ပေါ်၍ နေ၀င်သွားသည်ကို ခပ်ရေးရေး မြင်ရနိုင်၏။ ပိုးစာပင်စိုက်ခင်းများနှင့် ကျယ်ပြန့်လှသော ပင်လယ်ပြင်ကြီးမှာ အဆက်မပြတ် ပြောင်းလဲနေချေသည်။ တောင်တန်းများက မြင့်တက်လိုက် ကျဆင်းလိုက် ဖြစ်နေ၏။ ယင်းက ပြောမပြတတ်အောင် ထူးဆန်းလှသည်။

ရုတ်တရက် မြူခိုးမှာ မှိန်လျော့လာပြီး လူပုံသဏ္ဌာန် ဧရာမအရိပ်ကြီးတစ်ခုက သင်္ဘောရှေ့တွင် ရပ်လျက် သူတို့အား ဖိထားသည်။ ကြောာက်မက်ဖွယ် ဖိအားကြီးက သင်္ဘောနှင့် မြူခိုးကို အလျင်အမြန် နောက်ဆုတ်သွားစေ၏။

ဤပုဂ္ဂိုလ်ကား တစ္ဆေသင်္ဘောအား အတိတ်မှ ပစ္စုပ္ပန်သို့ ပြန်လည်ဆွဲခေါ်နိုင်သည်အထိ အမှန်ကတယ် စွမ်းအားကြီးမားပေသည်။

တစ္ဆေသင်္ဘောအပြင်တွင် နေက အရှေ့မှထွက်၍ အနောက်သို့ ၀င်သွား၏။ ပင်လယ်ပြာ ပိုးစာပင်စိုက်ခင်းများအဖြစ် ပြောင်းလဲသွားပြီး တောင်တန်းများက မြင့်တက်လာသည်။

ဝေစွေ့ဖုန်းသည် မပြောင်းလဲသော ကောင်းကင်နတ်သိုင်းကို အသက်သွင်းနေပြီဖြစ်ပြီး အော်လိုက်၏။ “ညီလေး…”

ချင်မူ တွန့်ဆုတ်မနေနိုင်တော့ပေ။ သူက မာန်သွင်း အော်ဟစ်လျက် အားကုန်ထုတ်ကာ ထိုက်ရှီကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်တော့သည်။

All Chapters