တံခါးပိတ်ခြင်း
Vol. 91 Ch. 1184
ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်များကား မျက်လုံးများ အရောင်တောက်လာကြတော့သည်။ လူသားဧကရာဇ် ချီကန်းသည် ကောင်းကင်နန်းဆောင်သုံးဆောင်ကို ထုတ်ဖော်ပြသခဲ့ပြီး သူ၏အရှိန်အဝါမှာ သက်တံ့တစ်စင်းအလား တောက်ပနေ၏။ သူ့အနေဖြင့် အင်အားကြီးမားသော်လည်း ချင်မူက လူသားဧကရာဇ်ချီကန်းကို မြေကြီးထဲ တုတ်တစ်ချောင်းလို စိုက်သွင်းခဲ့ရာ ဤဗလတောင့်တောင့် လူထွားကြီး၏ သရုပ်မှန်ကို ပေါ်လွင်စေခဲ့သည်။
ကောင်းကင်နတ်ဘုံ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ တပည့်များအနက် ကောင်းကင်နန်းဆောင်တစ်ခုတည်းကိုသာ ဖွဲ့တည်နိုင်လျှင် သာမန်ဟုသာ သတ်မှတ်ခံကြရသည်။ ကောင်းကင်နန်းဆောင် နှစ်ဆောင် သို့မဟုတ် သုံးဆောင် ကျင့်ကြံပြီးမှသာ ဂိုဏ်းအတွင်း ရောက်ရှိပြီဟု သတ်မှတ်ခံရ၏။
တပည့်အများစုက ကောင်းကင်နန်းဆောင် သုံးဆောင်မှ ငါးဆောင်အထိ ဖွဲ့တည်နိုင်ပြီး တချို့ဆိုလျှင် ဆယ်ဆောင်အထက်ပင် ကျင့်ကြံကြသည်။
ကောင်းကင်နတ်အရှင်ဆယ်ပါး၏ တပည့်များအတွက် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များ ရရှိရန် မခက်ချေ။ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် နှစ်ရာမှ သုံးရာအထိ စုဆောင်းခဲ့ကြသည် မဟုတ်လော။
ကောင်းကင်နန်းဆောင်အဆင့်သို့ ရောက်ရှိရန် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် အရေအတွက်များအပေါ် မှီခိုစရာမလိုသော်လည်း အမျိုးအစားကိုတော့ မှီခိုရချေသည်။ မတူညီသော ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်စနစ် ၃၆ ခုကို ရော၍ ကျင့်စဉ်တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်သွားလျှင် သဘောတရားအရ ကောင်းကင်နတ်ဘုံအဆင့်သို့ ရောက်နိုင်သည်။
သို့သော် မတူညီသော ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်စနစ် ၃၆ ခုကို ရှာရခြင်းမှာ ခက်ခဲသည့်အပြင် ၎င်းတို့ကို ပေါင်းစည်းရခြင်းက ပို၍ ခက်ခဲပေသည်။
“ကျွန်တော်တော့ အားနည်းတဲ့သူပဲ ရွေးတာကောင်းမယ်”
နတ်ဘုရားငယ်တစ်ပါးက ရှေ့သို့ တက်လာပြီး ပြုံးလျက် ပြော၏။ “နောင်တော်တို့ ကျွန်တော့်ကို သူနဲ့ တိုက်ခိုက်ခွင့်ပြုပါ… ကျွန်တော့်အစွမ်းအစက မမြင့်မားတော့ သူနဲ့ပဲ တိုက်ခိုက်ဖို့ သင့်တော်ပါတယ်”
သူတို့နှစ်ယောက် တိုက်ကွက်ဖလှယ်လိုက်သည်နှင့် ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်များအပါအဝင် ကောဟွားထောင် မျက်နှာပျက်ယွင်းသွားသည်။ ချင်မူ လူသားဧကရာဇ်ချီကန်းကို မြေကြီးပေါ် ရိုက်ချခဲ့တုန်းက လူတိုင်း သူ့ကို အထင်သေးသွားကြသည်။ သို့သော် ယခုတွင် ဤလူသားဧကရာဇ်ချီကန်း ပြသခဲ့သည့် အတိုက်အခိုက်စွမ်းရည်မှာ နှိုင်းမရလောက်အောင် အံ့ဩမှင်သက်ဖွယ် ကောင်းချေသည်။ နတ်ဘုရားငယ်နှင့် တိုက်ခိုက်နေသည့်အချိန်တွင် သူသည် အရေးမနိမ့်ဘဲ အသာစီးပင် ရထား၏။
လူသားဧကရာဇ်ချီကန်းသည် သိုင်းပညာဖြင့် လမ်းစဉ်သို့ ဝင်ရောက်ခဲ့ကာ လက်သီးသိုင်းကွက်များကို ကျင့်ကြံခဲ့၏။ သူက သူ့ခန္ဓာကိုယ်ကို မီးတောင်ပမာ သဘောထား၍ ချီစွမ်းအင်အား မီးစွမ်းအားအဖြစ် သုံးကာ အံ့မခန်းလိလိ အင်အားကို ထုတ်လွှတ်နေသည်။
ချင်မူက သိုင်းပညာကောင်းကင်ဆရာသခင် ကွမ်းချာ၏ သိုင်းပညာကောင်းကင်ကျင့်စဉ်ကို တက္ကသိုလ်အသီးသီးသို့ ဖြန့်ဝေပေးခဲ့သဖြင့် လူသားဧကရာဇ်ခန်းမတွင်လည်း မူပွားတစ်အုပ် ရှိသည်။ ပထမဘိုးဘေး လူသားဧကရာဇ်ကလည်း ကျောက်စိမ်းလင်းရောင်နန်းဆောင်၏ ကျင့်စဉ်ရတနာတိုက်ကို ဖွင့်ပေးခဲ့သည်။ ကျောက်စိမ်းလင်းရောင်နန်းဆောင်၏ ရတနာတိုက်ထဲတွင် ခိုင်ဧကရာဇ်ခေတ်၏ ကောင်းကင်နတ်သိုင်းများနှင့် ကျင့်စဉ်မျိုးစုံ ပြည့်နှက်နေသောကြောင့် လူသားဧကရာဇ် ချီကန်းနှင့် အခြားသူများကို အတိုင်းအဆများစွာ တိုးတက်လာစေခဲ့သည်။
ချီကန်းက သိုင်းဝိညာဉ်ဖြင့် လမ်းစဉ်၌ ဆက်လျှောက်ခဲ့သည်။ သူ၏ပါရမီကလည်း အစကတည်းက မြင့်မားသည်မဟုတ်ပါလော။ လူသားဧကရာဇ်ခန်းမတွင် မျိုးဆက်တစ်ဆက်၌ ဆက်ခံသူတစ်ဘောက်သာ ရှိရာ လူသားဧကရာဇ်အားလုံးနီးပါးတွင် အမြင့်ဆုံး ပင်ကိုယ်စွမ်းရည်နှင့် အထုံပါရမီတို့ ပိုင်ဆိုင်ထားကြလေသည်။
သူသည် ရွာသူကြီး၏ ဆရာဖြစ်သလို ရွာသူကြီး၏ ရှေ့ဆောင်လမ်းပြဆိုလည်း မမှားပေ။ သူ၏ပါရမီမှာလည်း အင်မတန် မြင့်မားသည့်အလျောက် သိုင်းပညာတွင် ချင်မူထက်ပင် ဝေးလံစွာ လျှောက်လှမ်းနိုင်ခဲ့သည်။
သူ့လက်သီးသိုင်းကွက်များ၏ ပေါက်ကွဲစွမ်းအားမှာ ပို၍ အံ့အားသင့်ဖွယ်ကောင်းသည်။ ထိုးချက်များက နတ်ဘုရားငယ်၏ မူလဝိညာဉ်ကို ပြိုကွဲစေရင်း တစ်လှမ်းပြီး တစ်လှမ်း နောက်ဆုတ်သွားစေသည်။
ကောဟွားထောင်မှာ အခြေအနေမဟန်တော့မှန်း တွေ့လိုက်ရသဖြင့် ချက်ချင်း ဆုံးဖြတ်လိုက်ကာ လေးနက်တည်ကြည်စွာ လှမ်းပြောသည်။ “ညီတော်၊ မင်း ရှုံးသွားပြီ…. ဆင်းလာခဲ့တော့”
ရုတ်တရက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး နတ်ဘုရားငယ်မှာ ဒွာရပေါက်ခုနစ်ပေါက်မှ သွေးအန်ထုတ်လိုက်ရသည်။ သူ့မှာ ဒူးထောက်လျက်သား ကျသွား၏။
လူသားဧကရာဇ်ချီကန်းက လက်သီးကို ရုတ်၍ ကျေနပ်စွာ ရယ်လိုက်သည်။ “ငါ နိုင်သွားပြီ…. အဘိုးကြီး…. ခင်ဗျားအလှည့်ပဲ ကျုပ်ကို အရှက်ကွဲအောင် မလုပ်နဲ့နော်”
လူသားဧကရာဇ်ရီရှန်းက ဆဲဆိုရင်း ရှေ့သို့ လျှောက်သွားကာ ကြိမ်းမောင်းလိုက်သည်။ “ငါက မင်းရဲ့ ဆရာလေ…. ဘာလို့ အရှက်ကွဲရမှာတုန်း”
သူသည် အရပ်ပုပြီး ချီကန်း၏ ဆရာ ဖြစ်သော်လည်း သူ လျှောက်လှမ်းခဲ့သည့် လမ်းစဉ်မှာ ချီကန်းနှင့် လုံးလုံးလျားလျား မတူပေ။ သူက ကောင်းကင်နတ်သိုင်းလမ်းစဉ်ကို ၀င်ရောက်ခဲ့သည်။
ရီရှန်းသည် ရှေ့တက်သွားသော်လည်း ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်ကို ချက်ချင်း စိန်မခေါ်ပေ။ ထိုအစား ချင်မူ့ကို နှာခေါင်းရှုံ့ကာ ကြည့်လိုက်သည်။ “ကောင်းကင်နတ်အရှင်တွေရဲ့ တပည့်တွေကို တိုက်ခိုက်လို့ အကျိုးမရှိပါဘူး….. တိုက်ခိုက်ချင်ရင် အသန်မာဆုံးတစ်ယောက်ကို တိုက်ခိုက်ရမှာပေါ့… ဆင်းလာခဲ့”
ချင်မူက ကောဟွားထောင်ကို တောင်းပန်လိုက်သည်။ “ငါ့အဘိုးအဘွားတွေက စည်းကမ်းမရှိကြဘူး…. အရင် ဆုံးမလိုက်ပါဦးမယ်… အားလုံးပဲ ခဏလောက် စောင့်ပေးကြပါ”
ကောဟွားထောင်နှင့် ကျန်ရှိသူများ၏ မျက်နှာအမူအရာများမှာ ထူးဆန်းသွားကြသည်။ “မုခ်၀ပိတ်ဖို့ လာတာလား… ဘိုးဘေးတွေကို ရိုက်ဖို့ လာတာလား”
ထိုစကားကြားလျှင် ချင်မူက ဒေါသတကြီး အော်လိုက်သည်။ “အဘိုးကြီး၊ ဘ၀င်မြင့်နေတာလား…. ခင်ဗျားကတော့ အပြစ်မှမပေးရင် ခေါင်းမိုကိုပါ ဆွဲချတော့မယ့်ပုံပဲ.. ခင်ဗျားတို့လူအိုကြီးတွေအားလုံး ကျွန်တော့် လာတိုက်ခိုက်ကြလေ.. ခင်ဗျားတို့ မှတ်လောက်သားလောက်အောင် ဆုံးမပေးရတာပေါ့”
ကောဟွားထောင်နှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါ ကြည့်လိုက်မိကြသည်။
အခြားတစ်ဖက်တွင် ချင်မူက လက်ကို မြှောက်ကာ ဝှေ့ရမ်းလိုက်သည်။ သူက လှုပ်ရှားလိုက်ပြီး မဟာခြုံလွှမ်းခြင်းဝင်္ကပါကို အသက်သွင်းလျက် လူသားဧကရာဇ်ရီရှန်းကို အထူအပါးမရှိသော မျက်နှာပြင်ညီတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်တွင် ချိတ်ဆွဲလိုက်သည်။ ထို့မှသာ လူသားဧကရာဇ်ရီရှန်းမှာ အရှုံးပေးလေသည်။
“ဒီဖက်တီးဂျပုက တော်တော် အားနည်းတဲ့ပုံပဲ….”
လူတိုင်း ဖုန်အလိမ်းလိမ်း ပေနေသော လူသားဧကရာဇ်ရီရှန်းဆီ ကြည့်လိုက်ပြီး အတွေးတစ်ခု စိတ်ထဲတွင် တစ်ပြိုင်နက် ပေါ်လာကြသည်။ ‘သူတို့က နှစ်ဖက်ခွနေတာလား… ဒီဖက်တီးဂျပုက ငါတို့ အထင်သေးအောင် ကောင်းကင်နတ်အရှင်မူရဲ့ ရိုက်ချက်ကို တမင်တကာ အရှုံးပေးခဲ့တာများလား… ပြီးတော့ ငါတို့ ထင်မထားတဲ့အချိန်ကျမှ စွမ်းအားအပြည့် ထုတ်သုံးပြီး အနိုင်ယူမလို့လား”
သို့သော် သူတို့ နားလည်ထားသည်မှာ လွဲနေ၏။
ရီရှန်းဖြစ်စေ၊ ချီကန်းဖြစ်စေ သူတို့နှစ်ယောက်လုံးသည် ချင်မူ့ကို ရင်ဆိုင်ရာတွင် အင်အားအပြည့်အ၀ ထုတ်သုံးခဲ့ကြသည်။ သူတို့က အားနည်းခြင်း မဟုတ်သော်ဘဲ ချင်မူ့သိုင်းကွက်များမှာ ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခြင်းသာ ဖြစ်သည်။
ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်ကို အနိုင်မယူခင် ချင်မူ့ကို အနိုင်ယူခြင်းက လူသားဧကရာဇ်ခန်းမ၏ စည်းမျဉ်းများနှင့် သက်ဆိုင်ပေသည်။
လူသားဧကရာဇ်ခန်းမ၏ စည်းမျဉ်းများအရ တပည့်များသည် သူတို့ဆရာ၏ သိုင်းကွက်ကို မသင်ယူဘဲ သူတို့ဆရာများနှင့် မတူညီသော လမ်းစဉ်ကို လျှောက်လှမ်းရ၏။ ထို့အပြင် တပည့်များက ဆရာထက် ပိုတော်ရမည့်အပြင် ဆရာများ မလိမ့်တပတ်လုပ်လျှင် သူတို့ဆရာများအပေါ် ရိုက်နှက်တတ်သည်ကို နိစ္စဒူဝ မြင်တွေ့ရတတ်သည်။
လူသားဧကရာဇ်ခန်းမတွင် ထူးဆန်းသော ရိုးရာတစ်ခုလည်း ရှိ၏။ ၎င်းက မျိုးဆက်တစ်ဆက်နှင့် တစ်ဆက်အကြား ချစ်ခင်ရင်းနှီးမှုပင်။ ဆရာနှင့်တပည့်သည် တွေ့သည်နှင့် တိုက်ခိုက်တတ်ကြပြီး ဆရာ၏ဆရာဖြစ်သူနှင့်တော့ အင်မတန် ရင်းနှီးကြလေသည်။
ချင်မူ့မျိုးဆက်သို့ ရောက်သောအခါ စည်းမျဉ်းများ ပြောင်းလဲသွားသည်။ ချင်မူက ချီကန်းမှ ပထမလူသားဧကရာဇ်အထိ စိန်ခေါ်တိုက်ခိုက်ခဲ့ကာ အနိုင်ယူခဲ့သောကြောင့် လူသားဧကရာဇ်များမှာ အမြဲမခံချင်ဖြစ်နေခဲ့ပြီး အခွင့်အရေးရလျှင် ရသလို သူ့အား ပြန်တီးချင်ကြသည်။ သို့သော် အမြဲ ချင်မူ ဆုံးမသည်ကိုသာ ပြန်ခံကြရ၏။
လူသားဧကရာဇ်များ စိန်ခေါ်ကြသည့်အခါ နိုင်သူက နိုင်သည်၊ ရှုံးသူက ရှုံးသည်။ အနိုင်ရသူများက အောင်ပွဲခံကြပြီး ရှုံးနိမ့်သူများမှာတော့ ကျန်လူသားဧကရာဇ်တို့၏ လှောင်ပြောင်ခြင်း ခံရသည်။ သို့သော် သူတို့သည် ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်များအား မစိန်ခေါ်နိုင်ခင် ချင်မူ့ကို အရင်စိန်ခေါ်ရလေသည်။ သူ၏ရိုက်နှက်ခြင်းခံရပြီးနောက်မှ ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်များအား သွားရောက်စိန်ခေါ်ကြသည်။
ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ထိုလူတို့သည် မုခ်၀ကို ပိတ်ရန် ဤနေရာသို့ ရောက်လာသည်လား… ချင်မူ၏ အတီးခံရဖို့ ရောက်လာသည်လား မသိကြချေ။
သို့သော် ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်များမှာ ထိုလူသားဧကရာဇ်များ မည်မျှထူးဆန်းသည်သာမက မည်မျှသန်မာသည်ကိုလည်း တွေ့မြင်နိုင်ကြသည်။ ထိုလူသားဧကရာဇ်များ ကျင့်ကြံထားသည့် ကောင်းကင်နန်းဆောင်အရေအတွက်မှာ မများသဖြင့် သဘောတရားအရ သူတို့နှင့် နှိုင်းယှဉ်မရနိုင်ချေ။
သို့သော် ထိုလူသားဧကရာဇ်တို့၏ ချီစွမ်းအင် သိပ်သည်းမှုဖြစ်စေ၊ ကောင်းကင်နတ်သိုင်းများ၏ ထူးကဲမှုဖြစ်စေ သူတို့အောက် မနိမ့်ကျချေ။ ပို၍ပင် သန်မာကြသေးသည်။
ဤသည်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ အကျိုးကျေးဇူးပင်။ လူသားဧကရာဇ်ဟောင်းများသည် ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ကျင့်ကြံကြသည့် လူများသာ ဖြစ်ကြ၏။ ပြုပြင်ပြောင်းလဲမှု၏ လွှမ်းမိုးမှုကြောင့် သူတို့၏ အတိုက်အခိုက်စွမ်းရည်မှာ ကောင်းကင်နတ်အရှင်များ၏ တပည့်များအောက် နိမ့်ကျမနေချေ။
နောက်ဆုံးတော့ ပထမလူသားဧကရာဇ်အလှည့် ရောက်လာခဲ့ချေပြီ။
ပထမလူသားဧကရာဇ်က ရှေ့သို့ လျှောက်သွား၍ ကောင်းကင်နတ်အရှင်ရှောင်၏ တပည့်ကို ကြည့်ပြီးနောက် ချင်မူ့ဆီ ကြည့်လိုက်သည်။ သူက ပါးစပ်ဟသော်လည်း ဘာမှမပြောချေ။
ချင်မူက နားလည်ပြီး ကောဟွားထောင်ကို တောင်းပန်လိုက်သည်။ “ဒါက လူသားဧကရာဇ်ခန်းမရဲ့ ပထမဘိုးဘေးပါ… ပြီးတော့ သူက ချင်မိသားစုရဲ့ မျိုးဆက်တစ်ရာမြောက် ဘိုးဘေးလည်း ဖြစ်တယ်…. ငါက မိသားစုစာရင်းကနေ ထုတ်ပယ်ခံလိုက်ရပေမယ့် သူက ငါ့ရဲ့အကြီး ဖြစ်နေသေးတာဆိုတော့ စည်းကမ်းအရ အနိုင်ယူရဦးမယ်” သူ ထိုသို့ပြောပြီးနောက် ထရပ်လိုက်သည်။
ကောဟွားထောင်မှာ အတော်လေး မပျော်မရွှင်ဖြစ်နေသည်။ ချင်မူ သူ့ကို စိန်ခေါ်ရန် ရောက်ရှိလာတည်းက သူ့အရှိန်အဝါသည် ချင်မူ၏ ဖိနှိပ်ခြင်း ခံလိုက်ရပြီး ချင်မူက အမြဲ လက်ဦးမှုရယူထားခဲ့သည်။
အတိတ်တုန်းက သူသည် မြို့အပြင်တွင် အမှုထမ်းရန် ကောင်းကင်နတ်အရှင်ရှောင်၏ စေလွှတ်ခြင်း ခံခဲ့ရ၏။ ချင်မူ့အကြောင်း ကြားဖူးသော်လည်း တစ်ခါမှ မတွေ့ဖူးးကြပေ။
ကောင်းကင်နတ်အရှင်တို့၏ တပည့်များနည်းတူ သူသည်လည်း ချင်မူသည် ကောင်းကင်နတ်အရှင်ရာထူးကို ကံကောင်းထောက်မ၍ ရရှိခဲ့သော လူငယ်တစ်ဦးဟုသာ ထင်မှတ်ထားခဲ့၏။ သို့သော် သူနှင့် ပြောဆိုဆက်ဆံပြီးနောက် ချင်မူ၏ ဂုဏ်သတင်းမှာ မထိုက်တန်ခြင်းမဟုတ်ကြောင်း သိရှိခဲ့ရလေသည်။
“ကျေးဇူးပြုပြီး စောင့်ပေးပါ… ကောင်းကင်နတ်အရှင်”
ကောဟွားထောင်က ထရပ်၍ ပြုံးကာ ပြောလိုက်သည်။ “ဒါက တိုက်ပွဲဆိုတော့ ကျုပ်ကို တိုက်ခွင့်ပေးပါ…. တပည့်တွေကြားက ပြိုင်ပွဲတွေကတော့ ဒီတိုက်ပွဲ မပြီးမချင်း စောင့်လို့ရပါတယ်”
သူ့အနေဖြင့် ချင်မူ့အရှိန်အဝါကို ဖိနှိပ်ချင်သည်။ ထို့ကြောင့် သူ၏ နည်းလမ်းက ရိုးရှင်းသည်။ သူ၏သိက္ခာပြန်ဆည်နိုင်ရန် ပထမလူသားဧကရာဇ်အား ရိုးရိုးရှင်းရှင်း တိုက်ခိုက်အနိုင်ယူချင်၏။
သူ ပထမဘိုးဘေးကြီးကို အနိုင်ယူနိုင်သရွေ့ ချင်မူ သူ့ကို အနိုင်ရသွားလျှင်တောင်မှ သူ၏ ထက်မြတ်မှုကို ဖုံးကွယ်နိုင်မည်မဟုတ်ချေ။
ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံနိုင်သူများသည် အကြောင်းမဲ့သက်သက် ကျော်ကြားနေခြင်း မဟုတ်ပေ။ သူတို့၏ တွေးခေါ်နိုင်စွမ်းနှင့် အကဲဖြတ်နိုင်စွမ်းသည် အလွန်ပါးနပ်တိကျ၏။
ပထမလူသားဧကရာဇ်က တဖြည်းဖြည်း လျှောက်လာနေသော ကောဟွားထောင်ဆီ ကြည့်၍ အသာအယာ ဦးညွှတ်လိုက်သည်။ ထို့နောက် သူက ခါးပြန်မတ်၍ တောင်ကြီးသဖွယ် မတ်နေအောင် ရပ်လိုက်ပြီး ရေသေကန်သဖွယ် မလှုပ်တော့ပေ။ သူ၏အသွင်မှာ အဆုံးမဲ့ကမ္ဘာတစ်စင်း၏ အလယ်တွင် ရပ်နေပြီး ကမ္ဘာများက သူ့ကို ဗဟိုပြုလျက် လည်ပတ်နေသည့်အလား ထင်ရသည်။
ကောဟွားထောင် ရင်ထဲ ထိတ်သွားမိသည်။ အမှန်တွင် ပထမလူသားဧကရာဇ်၏ လှုပ်ရှားမှုက ရပ်တန့်သွားခြင်းမဟုတ်၊ တာအိုနှလုံးသားက ရပ်တန့်သွားခြင်းပင်။
‘ဒီလူက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသားလား… တာအိုနှလုံးသားထဲမှာ ဒီလူရဲ့ စိတ်အခြေအနေက အခိုင်မာဆုံးပဲ…. ငါ ကောင်းကင်နတ်ဘုံဆီ ပြန်သွားခဲ့တုန်းက ငါတို့ဆရာ၊ ကောင်းကင်နတ်အရှင်ရှောင်က ခိုင်ဧကရာဇ်ရဲ့ တာအိုအဆင့်ကျင့်စဉ်စနစ်အကြောင်း ပြောပြရင်း လေးစားအားကျနေခဲ့တာ… ပထမလူသားဧကရာဇ် ချင်ဝူက တာအိုအဆင့်စနစ်ကို လျှောက်လှမ်းခဲ့တာ ဖြစ်ရမယ်”