← Chapters

ကပ်ဘေးတစ်ခုဆင်းသက်လာသည့်အရိပ်အယောင်

Vol. 93 Ch. 1295

ကပ်ဘေးတစ်ခုဆင်းသက်လာသည့်အရိပ်အယောင်

Vol. 93 Ch. 1295

အခန်း (၁၂၉၅) ကပ်ဘေးတစ်ခုဆင်းသက်လာသည့်အရိပ်အယောင်

ရုတ်တရက်ပင် တာအိုစကြာဝဠာတစ်ခုလုံး တုန်လှုပ်သွားသည်။

အာကာသအချိန်များက နေရာတိုင်းတွင် မတူညီဘဲ ကွဲလွဲနေပြီး ဗလာနယ်က အဆက်မပြတ်တွန့်ခေါက်လျှက် ကျယ်ပြန့်လာနေကာ အချိန်က ရပ်တန့်သွားပုံရသည်။

စကြာဝဠာအတွင်းမှ မြောက်မြားစွာသော သက်ရှိများအားလုံးမှာ မည်သည့်အရာကိုမှ အာရုံမခံစားနိုင်သော အခြေအနေသို့ ရောက်ရှိသွားကြသည်။

ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များသာလျှင် သူတို့၏အခြေနေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။

ယခု စကြာဝဠာ၏ ဤအစိတ်အပိုင်းကို လူအနည်းငယ်ကသာ လွှမ်းမိုးနိုင်စွမ်း ရှိတော့သည်။

ပြင်ပတာအိုကျင့်ကြံသူ ‘ကောင်းကင်ဘုံအရှင်များ’ က စောမင်ကျန့်ကို လက်စားချေရန်အတွက် တာအိုစကြာဝဠာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာကြပေပြီ။

မြောက်ပိုင်းကြယ်စင်ဧကရာဇ်က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာကိုကာကွယ်ရန် အရင်ဆုံး သူ၏ကြယ်စင်အလင်းတန်းများကို အသုံးပြုလိုက်သည်။

ဗလာနယ်ထဲတွင် အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ထိုအသံထဲတွင်ပါဝင်သည့် ထူးဆန်းသောအရာက ဖော်ထုတ်ရန် ခက်ခဲသည်။ ထိုအသံက မဟာတာအိုနှင့် ရိုးရှင်းစွာ ထပ်တူကျနေသည့်ပမာ ဖြစ်၏။

ပြင်ပတာအိုကျင့်ကြံသူ ‘ကောင်းကင်နတ်ဘုရား’ ၏ တန်ခိုးစွမ်းအားက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကဲ့သို့ လေးနက်မှုမရှိပေ။ သို့သော် ငြိမ်သက်ခြင်းအဆင့်ရှိသောနက်ရှိုင်းနတ်ဘုရားတစ်ပါးပင်လျှင် ၎င်းကို နားလည်ရန် ခက်ခဲသည်။

ရန်ကျောက်ကဲက မဟာကပ်ဘေးကြီးမတိုင်ခင် အချိန်ကြာမြင့်စွာကတည်းက မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်တွင် ထိုအရာနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသည်။ ထို့ကြောင့် နောက်ကွယ်မှအဓိပ္ပါယ်ကို ယောင်ဝါးဝါး နားလည်နိုင်ခဲ့သည်။

“မြောက်ပိုင်းကြယ်စင်ဧကရာဇ်... မင်း အကောင်းဆုံးကြိုးစားပြီးပြီပဲ ၊ ဒါပေမဲ့ လူတစ်ယောက်က ကံတရားကို အရှုံးမပေးဘဲ ကိုယ့်သေတွင်းကိုယ်တူးနေတယ်လေ ၊ ဒီတော့ ငါတို့ သူ့ဆန္ဒကိုဖြည့်ပေးလိုက်မယ်”

စကားသံဆုံးသွားသည်နှင့် ကြောက်မက်ဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားများ မြင့်တက်လာပြီး ဗလာနယ်တစ်ခုလုံး တုန်လှုပ်သွားသည်။

ကြည့်ရသည်မှာ ကာလရှည်ကြာ ကျင့်ကြံထားသည့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။

“ထင်တဲ့အတိုင်းပဲ... သူက လမ်းမှန်တာအိုဝါဒက ဆင်းသက်လာတဲ့ ကောင်းကင်ဘုံအရှင်တစ်ပါးပဲ ၊ ဒါပေမဲ့ ပြင်ပတာအိုကျင့်ကြံခြင်းဘက်ကို ပြောင်းလဲသွားခဲ့တာဖြစ်မယ်”

ရန်ကျောက်ကဲ စိတ်ထဲမှ တွေးလိုက်သည်။

သူ့ကိုကြည့်ရသည်မှာ မြောက်ပိုင်းကြယ်စင်ဧကရာဇ်အပေါ် အနည်းငယ် လေးစားမှုရှိဟန်တူသည်။

ခေတ်သစ်အချိန် ၊ အလယ်ခေတ်ဟောင်းအချိန် (အနောက်သို့ခရီးသွားမှတ်တမ်းကာလ) ၊ ရှေးဟောင်းခေတ် (နတ်ဘုရားများအုပ်စိုးသောခေတ်) အချိန်များမှ ဆင်းသက်လာသည့် လူသိများထင်ရှားသော တန်ခိုးစွမ်းအားရှင်များနှင့်ပတ်သက်သော သတင်းအချက်အလက်များက လက်ရှိခေတ်တွင် အလွန်နည်းပါးနေပြီ ဖြစ်သည်။

မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော်အတွင်းမှ နတ်ဘုရားများအပြင် အလယ်ခေတ်ဟောင်းအချိန်ကို ဖြတ်ကျော်ခဲ့ကြသည့် တန်ခိုးစွမ်းအားရှင်လူငယ်များစွာလည်း ရှိနေခဲ့သည်။

ထိုလူငယ်များထဲမှ အရည်အချင်းရှိသူများ ထွက်‌ပေါ်လာမည်ဖြစ်ပြီးပြီး ရှေးခေတ်ဟောင်းမျိုးဆက်ထက်ပင် ပိုမိုတိုးတက်လာနိုင်ပေသည်။

ယခုခေတ်အချိန်ခါတွင် ထင်ရှားသည့် ဒဏ္ဍာရီလာတန်ခိုးစွမ်းအားရှင်အများစုမှာ မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှ တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။

၎င်းတို့အနက် တာအိုဝါဒ၏ ဧကရာဇ် (၄)ပါးက ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုရားအားလုံးကို ကိုယ်စားပြုသည်။ သူတို့၏အဆင့်အတန်းက အလွန်မြင့်မားပြီး သူတို့၏အမည်များသည်လည်း သမိုင်းတစ်လျှောက်ပဲ့တင်ထပ် ကျော်ကြားခဲ့ကြသည်။

သို့ဖြစ်ရာ မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှ ဆင်းသက်လာသူများထဲတွင် မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏အုပ်စုက မည်မျှ အင်အားကောင်းသည်ကို သတိပြုမိကြမည်မှာ သေချာပါသည်။

ယခုတော့ သူတို့က အမတခုံရုံးသို့ ဝင်ရောက်ပြီး ပြင်ပတာအိုကျင့်ကြံသူများ ဖြစ်လာကြလေရာ ယခင် သစ္စာပြုခဲ့သည်များအားလုံး ပျက်ပြယ်သွားပြီဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် ယခင်ကလို မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏လက်အောက်မှ အဆင့်နိမ့်နတ်ဘုရားများ မဟုတ်ကြတော့ပေ။

သူတို့အနေဖြင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကို ဂါရဝပြုနေစရာမလိုတော့သော်လည်း မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ တန်ခိုးစွမ်းအားကိုတော့ မထီမဲ့မြင် မပြုရဲကြပေ။

မည်သို့ပင်ဖြစ်စေ ဤအချက်က သူတို့၏ နောက်ထပ်ဆက်လုပ်မည့်အစီအစဉ်ကို ထိခိုက်စေမည် မဟုတ်ပေ။

စန်းချင်း(၃)ပါးအဆက်အနွယ်နှင့် မိုးကောင်းကင်ခုံရုံးဆိုသည်က အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သည်။ ယခု သူတို့က သူတို့ကိုယ်တိုင် စစ်မှန်သောတာအိုဝါဒဟု ခံယူထားသည့် ‘အမတခုံရုံး’ အဆက်အနွယ်များ ဖြစ်နေခဲ့ပေပြီ။

ကျန်းရှန်၏မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်မှုနှင့် ကူရာကယ်ရာမဲ့သည့် အမူအရာများ ထွက်ပေါ်လာသည်။

“နောက်ဆုံးတော့... ဒါက...”

သူက ကျန့်ဟွမ်ဓားဧကရာဇ်အား လှမ်းကြည့်လိုက်ပြီး...

“ကျန့်ပေ... သေချာစဉ်းစားပါဦး...”

ယွဲ့ကျန့်ပေက တည်ကြည်လေးနက်သော မျက်နှာထားဖြင့်...

“အကြီးအကဲ’ကျန်း’... ခင်ဗျား သိသင့်တယ် ၊ ဒါက မြောက်ပိုင်းကြယ်စင်ဧကရာဇ်ရဲ့ အစီအစဉ်ပဲဖြစ်ဖြစ် တောင်ပိုင်းချန်စန်းဧကရာဇ်ရဲ့ အစီအစဉ်ပဲဖြစ်ဖြစ် ကျုပ်က ဘယ်သူ့နောက်မှလိုက်ဖို့ စဉ်းစားမထားဘူး”

သူက ဆက်ပြောလိုက်သည်။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပေးခဲ့ဖူးတဲ့ကတိတစ်ခုအတွက် ကျုပ် အထက်ဘုံကမ္ဘာမှာ ရှိနေခဲ့တာပါ”

“အခု အဲဒီကတိကို ဖြည့်ဆည်းပေးပြီးပြီဖြစ်လို့ အထက်ဘုံကမ္ဘာက ကျုပ်နဲ့ ဘာမှမဆိုင်တော့ဘူး ၊ ဒါပေမဲ့ ကျုပ်ကို သိုင်းပညာသင်ပေးခဲ့တဲ့သူက ကျုပ်ရဲ့ဆရာပါ ၊ အခု ဆရာ့ရဲ့ အဆက်အနွယ်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ကျုပ်က အတတ်နိုင်ဆုံး ကူညီပေးရမှာပဲ”

ကျန်းရှန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး နှမျောတသစိတ်ဖြင့် ခေါင်းခါယမ်းလိုက်သည်။

“မင်းနဲ့ သက်တူရွယ်တူတွေတွေထဲမှာ မင်းက အရည်အချင်းအရှိဆုံးသူပါ...”

ယွဲ့ကျန့်ပေက အေးဆေးစွာဖြင့်...

“ဒါတွေအားလုံးက ကျုပ်ရဲ့ဆရာ သင်ပေးခဲ့တာပါ ၊ ဒီနေရာမှာ ကျုပ် အသက်သေဆုံးခဲ့ရင်တောင် ဆရာ့ကို ကျေးဇူးဆပ်တယ်လို့ မှတ်ယူပါ့မယ်”

ထိုးစကားကိုကြားတော့ ကျန်းရှန် သက်ပြင်းချလိုက်ပြီး ငြိမ်သက်သွားသည်။

စောမင်ကျန့်၏ မျက်နှာအမူအရာက တည်ငြိမ်နေသည်။

သူက ကောင်းကင်တစ်ခွင်အားလွှမ်းခြုံထားသည့် ယုံကြည်ခြင်းစွမ်းအားဖြင့်တောက်ပနေသော ရတနာအလင်းတန်းများကို လှမ်းကြည့်လိုက်သည်။

“နာ့ပေါင်ထျန်းကျွင်းနဲ့ ပိရှာယွမ်ကျွင်း...  ပြီးတော့ ကျန်တဲ့နှစ်ယောက်ကရော နာမည်ဘယ်လိုခေါ်ပါသလဲ”

ယခင်တစ်ချိန် စောမင်ကျန့်နှင့် အမတခုံရုံမှ ကျင့်ကြံသူများတိုက်ခိုက်ခဲ့စဉ်က နာ့ပေါင်ထျန်းကျွင်းနှင့် ပိရှာယွမ်ကျွင်း မည်သူမည်ဝါဖြစ်ကြောင်း သိရှိခဲ့ပြီး ဖြစ်သည်။

စောမင်ကျန့်က မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်ပိုင်းမှ မွေးဖွားလာသူဖြစ်သော်လည်း သူ၏ရန်သူများကတော့ မဟာကပ်ဘေးကြီးမတိုင်ခင် ကောင်းကင်ဘုံနန်းတော်မှ ဒဏ္ဍာရီလာ တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။

ယခင်တစ်ခေါက် တိုက်ခိုက်ပြီးသည့်နောက်ပိုင်း ထိုသူများ၏ မူလဇာစ်မြစ်ကို စောမင်ကျန့် ခန့်မှန်းနိုင်ခဲ့သည်။

ကျန်းရှန် မျက်ခုံးများတွန့်ချိုးလိုက်ပြီး မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။

“ကောင်းကင်ဘုံအရှင် (၃)ပါး မဟုတ်ဘူး ၊ (၄)ပါးတောင် ရောက်လာတာပဲ”

အမတခုံရုံးမှ တာအိုစကြာဝဠာသို့ ရောက်လာသူများအား ကောင်းကင်ဘုံအရှင် (၄)ပါး ဦးဆောင်လာသည်ဖြစ်ရာ ထျန်းကျွင်းနယ်ပယ်အောက် တန်ခိုးစွမ်းအားရှင်များ မည်မျှပါလာကြောင်း မသိရှိနိင်ပေ။

ရန်ကျောက်ကဲမျက်ဝန်းများ အနည်းငယ်တောက်ပသွားသည်။

ပြောရမည်ဆိုလျှင် နတ်ဘုရားများအုပ်စိုးသည့်ခေတ်ကာလနှင့် အနောက်သို့ခရီးသွားမှတ်တမ်းခေတ်ကာလတွင် ပေါ်ထွန်းခဲ့ကြသည့် နတ်ဘုရားအျားစုက ကောင်းကင်ဘုံနန်းတော်တွင် နေထိုင်ကြသော နတ်ဘုရားများဖြစ်ကြသည်။

ဒီဘက်ခေတ်တွင် ထိုနတ်ဘုရားများ ပေါ်ထွက်လာသည်မှာ ခပ်ရှားရှားပင် ဖြစ်၏။

ယခုတော့ (၂)ယောက် ထွက်ပေါ်လာပြီ ဖြစ်သည်။

နာ့ပေါင်ထျန်းကျွင်း ‘ချောင်ပေါင်’ ဆိုသည်က နတ်ဘုရားများအုပ်စိုးသည့်ခေတ်ကာတွင် ပေါ်ထွန်းခဲ့သော နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူက အရပ်ရပ်သို့ တစ်ယောက်တည်းလှည့်လည်သွားလာနေသည့် တစ်ကိုယ်တော်နတ်ဘုရားတစ်ပါး ဖြစ်သည်။

သူက ကမ္ဘာပေါ်တွင်ဖြစ်ပွားနေသောတိုက်ပွဲများနှင့် ပါဝင်ပတ်သက်မှုမရှိဘဲ လွတ်လပ်စွာနေထိုင်သူတစ်ယောက် ဖြစ်သည်။

နောက်ပိုင်း နတ်ဘုရားများတိုက်ပွဲအတွင်းသို့ ဆွဲသွင်းခံခဲ့ရပြီး နတ်ဘုရားများအုပ်စိုးသည့်ခေတ်၏ နတ်ဘုရားတစ်ပါးအဖြစ် စာရင်းသွင်းခံခဲ့ရကာ မိုးကောင်းကင်ခုံရုံးသို့ ဝင်ရောက်ခဲ့ပြီး ‘နာ့ပေါင်ထျန်းကျွင်း’ ဆိုသော ဘွဲ့အမည်ကို ရရှိခဲ့သည်။

ရွှမ်ထန်ပလ္လင်အောက်တွင် ခစားခွင့်ရသော ဖြောင့်မတ်ခြင်းနတ်ဘုရား (၄)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်လာခဲ့သည်။

အချို့သောဒဏ္ဍာရီများတွင် သူ့ကို ‘ရတနာချုပ်နှောင်ကောင်းကင်ဘုံအရှင်’ ဟုလည်း ခေါ်ဆိုကြသည်။ သို့သော် သမိုင်းအရဆိုလျှင်တော့ ‘နာ့ပေါင်ထျန်းကျွင်း’ ဆိုသောအမည်ကသာ သူ၏ အမည်မှန် ဖြစ်လေသည်။

သို့သော် ယခုအချိန်မှာတော့ သူက ထျန်းကျွင်းနယ်ပယ်မဟုတ်တော့ဘဲ ကောင်းကင်ဘုံအရှင်တစ်ပါးဖြစ်နေပြီဖြစ်ရာ အနည်းငယ် ကမောက်ကမနိုင်သည့်တိုင် သူ့ကို ‘ရတနာချုပ်နှောင်ကောင်းကင်ဘုံအရှင်’ ဟု ခေါ်ဆိုခြင်းက ပိုပြီး သင့်တော်ပေသည်။

ပိရှာယွမ်ကျွင်းကတော့ နတ်ဘုရားများအုပ်စိုးသောခေတ်တွင် နာမည်ကျော်ကြားခဲ့သော ‘စန့်ချင်အဆက်အနွယ်’ တစ်ယောက် ဖြစ်သည်။

သူမ၏ အမည်ရင်းက ‘ယွိဟွမ်လုန်’ ဖြစ်၏။

သူမသည်လည်း နတ်ဘုရားများအုပ်စိုးသောခေတ်တွင် ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်ခဲ့ပြီး သူမ၏ဘွဲ့အမည်က ‘သိုးပုကျန့်’ နတ်သမီး ဟူ၍ ဖြစ်ခဲ့သည်။

သူမကို ‘ပိရှာယွမ်ကျွင်း’ ဟု ရှင်းလင်းစွာ ခေါ်ဆို၍ မရပေ။

အဘယ်ကြောင့်ဆိုသော် သူမနှင့် နာမည်ဆင်တူသည့် နတ်ဘုရားတစ်ပါးရှိသောကြောင့် ဖြစ်သည်။ သူမက ထိုက်စန်းတောင်တွင်နေထိုင်သော ထိုက်စန်းပိရှာယွမ်ကျွင်းဖြစ်ပြီး ထိုက်စန်းမယ်တော်ဟုလည်း လူသိများသည်။

ယခုအချိန်မှာတော့ ပီရှာဧကရီက ကောင်းကင်ဘုံအရှင်အဆင့် ရောက်ရှိနေပြီဖြစ်ရာ ‘သိုးပုကျန့်ကောင်းကင်ဘုံအရှင်’ ဟု ပြောင်းလဲခေါ်ဆို၍ ရနိုင်သည်။

“ဒီနှစ်ယောက်လုံးက မဟာကပ်ဘေးကြီးကလွတ်မြောက်လာပြီး ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ ပူးပေါင်းလိုက်ကြတာလား”

ရန်ကျောက်ကဲ မျက်လုံးများ မှေးစင်းရင်း တွေးလိုက်သည်။

“ဒါဖြင့် ကျန်တဲ့နှစ်ယောက်ကရော...”

နက်ရှိုင်းသောအသံက စကြဝဠာတစ်ခွင် ပဲ့တင်ထပ်ကာ ပိုမိုကျယ်လောင်လာသည်။ ရန်ကျောက်ကဲက ထိုအသံကို အာရုံစူးစိုက်ကာ နားထောင်လိုက်သည်။

“မင်းရဲ့ တန်ခိုးစွမ်းအားက ထူးခြားတယ် ၊ ငါတို့နာမည်တွေကိုသိဖို့ မင်းမှာ အရည်အချင်းရှိပါတယ်”

အသံတစ်သံထွက်ပေါ်လာသည်။

ထိုသူက ပြင်တာအိုကျင့်ကြံသများနှင့်ပူးပေါင်းလိုက်သည့်တိုင် ရှက်ရွံ့နေခြင်း မရှိပေ။ သူ့နာမည်ကို ထုတ်ဖော်ပြောခြင်းနှင့်ပတ်သက်ပြီး မှားယွင်းသည်ဟုလည်း မခံစားရပေ။

ထိုစကားသံကိုကြားတော့ ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်သည်။

“ကျောက်ကျန်း... ကောင်းကျိနန်...”

ကောင်းကင်ဘုံအရှင်’ကျောက်’ __ ကျောက်ကျန်း။

နတ်ဘုရားများအုပ်စိုးသည့်ခေတ်ကာလတွင် သူက လှုပ်ရှားတက်ကြွသော စန့်ချင်အဆက်အနွယ် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်ခဲ့သည်။

သူ့ကို ယွိချင်အဆက်အနွယ်မှ ထိပ်တန်းတန်ခိုးစွမ်းအားရှင်စတ်ယောက်ဖြစ်သော ‘ကျွီးလျိုစွန်း’ က အနိုင်ယူပြီး ဖိနှိပ်ထားနိုင်ခဲ့သည်။

ကျောက်ကျန်း ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်ပြီးသည့်နောက် မိုးကြိုးနတ်ဘုရား (၂၄)ပါးမှတွင် တစ်ပါးအပါအဝင် ဖြစ်လာကာ ‘တိမ်ကိုထိန်းချုပ်ပြီး လေကိုစေစားသူ’ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မဟူရာပြစ်ဒဏ်ကြယ်သခင် ‘ကောင်းကျိနန်’ ကတော့ နတ်ဘုရားများအုပ်စိုးသောခေတ်တွင် ထင်ရှားသော တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်သည်။

သူက ယွိချင်အဆက်အနွယ်၏ တတိယမျိုးဆက်ခေါင်းဆောင် တပည့်တစ်ယောက်ဖြစ်သော ‘ဟွမ်ထျန်းဟွာ’ ကို သတ်ဖြတ်ပစ်ခဲ့သည်။ ဟွမ်ထျန်းဟွာ၏ဖခင် ဟွမ်ဖေးဟူက သူ့ကို ပြန်လည် သတ်ဖြတ်ခဲ့သည်။

နောက်ပိုင်းတွင် သူ၏အမည်စက ကောင်းကင်ဘုံနန်းတော်တွင် စာရင်းသွင်းခံရပြီး ‘မဟူရာပြစ်ဒဏ်ကြယ်သခင်’ အဖြစ် ဘွဲ့အမည်ရရှိခဲ့သည်။

သူတို့အားလုံးက မဟာကပ်ဘေးကြီးတွင် ပျက်ဆီးခဲ့ခြင်းမရှိဘဲ ပြင်ပတာအိုကျင့်ကြံသူများနှင့် ပူးပေါင်းခဲ့ကြသည်။

ယခု သူတို့နှစ်ယောက်လုံး ‘ကောင်းကင်နတ်ဘုရား’ အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ပြင်ပတာအိုကျင့်ကြံသူများဖြစ်သော်လည်း ‘ကောင်းကင်နတ်ဘုရား’ များက ‘ကောင်းကင်နတ်ဘုရား’ များသာ ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့် နက်နဲလာသည့်အခါ မိမိထက်ကျင့်ကြံခြင်းအဆင့် မြင့်မားသူများကို ဆန့်ကျင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်ခဲကြသည်။

သို့သော် စောမင်ကျန့်ကတော့ ချွင်းချက် ဖြစ်သည်။

သူက ရန်သူ့ဘက်မှ ထျန်းကျွင်းများကို သတ်ဖြတ်ခဲ့ရုံသာမက ‘ကောင်းကင်နတ်ဘုရား’ အဆင့် ကျင့်ကြံသူနှစ်ယောက်၏ တိုက်ခိုက်မှုကိုလည်း ခုခံနိုင်စွမ်း ရှိခဲ့သည်။

ထိုအချက်ကြောင့်ပင် ပြင်ပတာအိုကျင့်ကြံသူ ‘ကောင်းကင်နတ်ဘုရား’ (၄)ပါး ဤနေရာသို့ အလျှင်အမြန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူတို့အတွက် အရှက်တကွဲအကျိုးနည်းကိစ္စမျိုး ထပ်မဖြစ်စေရန် တားဆီးလိုကြသည်။

ဤ ကောင်းကင်ဘုံအရှင် (၄)ပါးက လမ်းမှတာအိုဝါဒမှ အစပြုခဲ့ကြသော ကောင်းကင်ဘုံအရှင်များဖြစ်ကြလေရာ သူတို့၏တန်ခိုးစွမ်းအားက ပို၍ထူးခြားသည်။ ယခင်က ကောင်ကင်ဘုံအရှင်’ကျောက်’ နှင့် ယှဉ်လျှင် ယခု ကောင်းကင်ဘုံအရှင်’ကျောက်’ __ ကျောက်ကျန်းက အစီအရင်ပညာတွင် ပိုမိုကျွမ်းကျင်သည်။

ထို့ပြင် သူတို့သာမက ယုံကြည်ခြင်းရတနာအလင်းတန်းမြှုပ်နှံထားသည့် အမတခုံရုံး ကျင့်ကြံသူများစွာလည်း အတူတကွ ပါရှိလာသေးသည်။

သူတို့က အထက်ဘုံကမ္ဘာတစ်ခုလုံးအား ဝိုင်းရံထားပြီး မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကို သတိထားလျှက် ရှိကြသည်။

မြောက်ပိုင်းကြယ်စင်ဧကရာဇ်က စောမင်ကျန့်ကို ကူညီပေးမည်ဆိုလျှင် ကောင်းကင်ဘုံအရှင် (၄)ပါးအနေဖြင့် အနိုင်ရအောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ သို့သော် တိုက်ခိုက်မည့်သူများက အမတခုံရုံးမှ ကောင်းကင်ဘုံအရှင် (၄)ပါးတည်းမဟုတ်ဘဲ အခြားသော တန်ခိုးစွမ်းအားရှင်များစွာလည်း ရှိနေခဲ့သည်။

ယခုတစ်ကြိမ်တွင် အမတခုံရုံးက သုခဘုံကို ခံစစ်တိုက်ခိုက်ရန် လူအင်အားအနည်းငယ်သာ ချန်ထားခဲ့ပြီး စောမင်ကျန့် လွတ်မြောက်မသွားစေရန် လူအင်အား အများအပြား အသုံးချခဲ့သည်။

“ထျန်းစူးခန်းမ... အဲဒီခန်းမကိုလည်း ဒီနေရာကလူတစ်ယောက်က ယူသွားတယ် ၊ အဲဒီခန်းမကိုလည်း ငါတို့ဆီ လွှဲပြောင်းပေးရမယ်”

အသံက ကောင်းကင်တစ်ခွင် မြည်ဟည်းထွက်ပေါ်လာသည်။

‘ကောင်းကင်နတ်ဘုရား’ (၄)ပါးအပြင် ထျန်းကျွင်းနယ်ပယ်အဆင့်ရှိသော တန်ခိုးစွမ်းအားရှင်များသည်လည်း စောမင်ကျန့်ကို စူးစိုက်ကြည့်နေကြသည်။ အခြားသော အမတခုံရုံးမှ ကျင့်ကြံသူများကလည်း တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။

“ယင်ထျန်းရှနဲ့ ဟူယွဲ့ရှင်းရဲ့ အဆက်အနွယ်တွေရော ဘယ်မှာလဲ”

အသံနှင့်အတူ ဗလာနယ်ထဲတွင် တောက်ပသည့်အရိပ်တစ်ခု လှုပ်ခတ်လာပြီး ပြင်ပတာအိုကျင့်ကြံသူ ထျန်းကျွင်းတစ်ပါး၏ပုံရိပ် ထွက်ပေါ်လာသည်။

သူ၏ မဟာတာအိုစူးရှတေးသံက စောမင်ကျန့်နှင့် ကျန်းရှန်တို့ကဲ့သို့ မခံမရပ်နိုင်အောင် မဟုတ်သော်လည်း သူ၏ စကားပြောသံနှင့်အတူ စူးရှစွာ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

သူက နက်ရှိုင်းနတ်ဘုရားအဆင့်အောက်ရှိ သိုင်းကျင့်ကြံသူများအားလုံး၏ စိတ်အာရုံနှင့် ရုပ်ခန္ဓာကို ဖိနှိပ်ထားခဲ့သည်။

ထို့နောက် သူ၏နောက်ဘက်ရှိ ယုံကြည်ခြင်းစွမ်းအားဖြင့် တောက်ပနေသော ရတနာအလင်းတန်းများအလယ်တွင် အမတခုံရုံးမှ ကျင့်ကြံသူများထွက်ပေါ်လာပြီး ဗလာနယ်ထဲသို့ ဆင်းသက်လာကြသည်။

မြင်ကွင်းက အလွန်တရာ ထွန်းလင်းတောက်ပနေပြီး ကြီးကျယ်ခမ်းနားလှသော်လည်း ကပ်ဘေးတစ်ခုဆင်းသက်လာသည့် အရိပ်အယောင်တစ်ခု ဖြစ်လေသည်။

All Chapters