ဝါးမျိုရေး မီးပြင်းဖို
Vol. 93 Ch. 1290
ဝမ်ဝေ့က တခြားသူများကို စောင့်ဆိုင်းဖို့ ပလ္လင်အခန်းဆီ ပြန်ရောက်လာသည်။ သူက ပျင်းရိရိဖြင့် ထိုင်နေရင်း ခမ်းနားကြီးကျယ်သည့် အခန်းကို ကြည့်ရင်းဖြင့် ဤကမ္ဘာရှိလူများသည် ပလ္လင်များကို မည်မျှသဘောကျကြောင်း တိတ်တဆိတ် ညည်းတွားလိုက်မိသည်။ သူကိုယ်တိုင်ကလည်း အတူတူဖြစ်နေကြောင်း မေ့လျော့နေ၏။
မဟာဧကရာဇ်ဆိုသည်မှာ နတ်ဘုရား၊ နတ်ဆိုး၊ မသေမျိုးအထက် ရပ်တည်နေပြီး သေခြင်းရှင်ခြင်းကို လွတ်မြောက်ထားကာ ကမ္ဘာ၏ သဘောတရားထဲ ကိန်းအောင်းနေခဲ့သည်။ သူတို့၏ တည်ရှိမှုက ယဉ်ကျေးမှုနှင့် ဗိသုကာအပါအဝင် ဘဝကဏ္ဍအားလုံးအပေါ်မှာ လွှမ်းမိုးမှုရှိ၏။
ထို့ကြောင့် ဘုရင် သို့မဟုတ် တိုင်းပြည်အုပ်ချုပ်သူများက သူတို့ကိုယ်သူတို့ တာအိုကို သက်သေမပြနိုင်သရွေ့ ဧကရာဇ်ဟု မခေါ်ဆိုကြပေ။ အဆင့်(၁၀)နှင့်အထက် ကျင့်ကြံသူအများစုက ဧကရာဇ် မဟုတ်လျှင်ပင် သူတို့၏ နေထိုင်ရာနန်းဆောင်၌ ပလ္လင်အခန်း ရှိတတ်ကြသည်။
သူမရဲ့ ပလ္လင်က ဘယ်လိုဖြစ်နိုင်လဲ…
ဝမ်ဝေ့က စဉ်းစားလိုက်သည်။ ဝမ်ဝေ့က သူ့အနာဂတ်ဇနီးလောင်း၏ ပလ္လင်သည် ဤထက် ပိုမိုကြီးကျယ်ခမ်းနားနိုင်ကြောင်း တွေးလိုက်သည်။ ဝမ်ဝေ့က အာရုံများနေစဉ် သူ့လူများက ပြန်လည်ရောက်ရှိလာလေ၏။ အားလုံးရောက်ရှိလာသည့်အခါ ဝမ်ဝေ့က အာရုံစိုက်လိုက်သည်။
သူပထမဦးဆုံး မုန့်ခယ်နှင့် မီးတောက်ပန်းပဲဆရာတို့ ခေါ်ဆောင်လာသည့် လူအုပ်စုကို ကြည့်လိုက်၏။ သူတို့၏ မျက်နှာအထက် ဆုံးဖြတ်ချက် ပြတ်သားသည့် အမူအရာမျိုး ရှိနေကြသည်။ သို့သော်လည်း သူ့အမူအရာက မကြာခင် ဒုတိယမင်းသား ကျားဖျင့်ဆီ ကျရောက်လာသည်။ ထိုသူ့ကို သွေးနဂါး၏ ကျင့်ကြံရေးအခန်းသို့ သွားဖို့ တာဝန်ပေးခဲ့ခြင်းဖြစ်ကာ သူက အကျဉ်းသားတစ်ယောက်ကို အဘယ်ကြောင့် ဖမ်းဆီးလာသနည်း။
“အဲဒါက ဘယ်သူလဲ” ဝမ်ဝေ့က မေးလိုက်သည်။ ထိုသူက နတ်ဆိုးအရှိန်အဝါရှိထားပြီး အမျိုးသမီးအများစုကို စိတ်လွတ်သွားစေနိုင်၏။ မိစ္ဆာဆန်ဆန်အငွေ့အသက်မျိုးရှိနေသည့် ရုပ်ချောချော ထာဝရကောင်းကင်ဘုံအဆင့်ကို ကျင့်ကြံသူကို ကြည့်လိုက်သည်။
“အရှင် .. သူက ဝါးမျိုရေးတာအိုကို ကျင့်ကြံတဲ့ ကောင်းကင်မိစ္ဆာပါ”
ထိုစကားများကို ကြားလိုက်သည်နှင့် အားလုံးက ထိုရုပ်ချောချောလူငယ်လေးအား ကြည့်လိုက်ကြသည်။ သူတို့က ထိုစကားများသည် မည်သည်ကို ကိုယ်စားပြုကြောင်း သိထားကြ၏။ ဝါးမျိုရေးတာအိုက ခြိမ်းခြောက်မှုကြီးသော်လည်း ပင်ကိုအားဖြင့် ဆိုးယုတ်သည့် တာအိုတစ်ခုဖြစ်ပေသည်။ ဤကမ္ဘာတွင် သမာသမတ်လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်ကြားတွင် ကွဲပြားချက်များများစားစား မရှိကြပေ။ အားအနည်းဆုံးမဟာဧကရာဇ်ကပင် သူတို့မည်မျှပင် လူများကို သတ်စေကာမူ မြင့်မားသည့် ကံကြွေးခံနိုင်ရည် ရှိ၏။
မိစ္ဆာကျင့်ကြံသူများက ထိပ်တန်းမျိုးနွယ်များမှ ဝေးဝေးနေနိုင်သရွေ့ သူတို့စိတ်တိုင်းကျ လုပ်ဆောင်နိုင်သည်။ ဤကမ္ဘာက ကျယ်ပြောလွန်းသည့်အတွက် သူတို့အတွက် လုပ်ဆောင်နိုင်သည့် နေရာများစွာ ရှိလေ၏။ ထိုစိတ်သဘောထားကြောင့် ကျင့်ကြံသူများက တစ်စုံတစ်ယောက်သည် ဝါးမျိုရေးတာအိုကျင့်ကြံကြလျှင်ပင် ဂရုစိုက်ကြမည် မဟုတ်ပေ။ အမှန်တော့ ဆန့်ကျင်ဘက်ပင် ဖြစ်၏။ လူအများစုက သူတို့ကို ခေါ်ဆောင်ဖို့ ကြိုးစားကြလိမ့်မည်။ အကြောင်းအရင်းကမူ ထိုအရာက ဒိုင်မေးရှင်းအနိမ့်ရှိ တချို့သော ကမ္ဘာများတွင်သာ ပြုစုပျိုးထောင်ဖို့ ကံကောင်းမှု မရှိသရွေ့ တားမြစ်ခံတာအို ဖြစ်နေလေသည်။
ဤကမ္ဘာအတွက်မူ ခြွင်းချက်တစ်ခု ရှိနေလေ၏။ ဝါးမျိုရေးကျင့်ကြံသူများက ကောင်းကင်မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းကြသည့်အခါတွင် ဖြစ်၏။ ရှေးခေတ်အချိန်ကတည်းက ဝါးမျိုရေးကျင့်ကြံသူများသည် အမြန်ဆန်ဆုံး ကျင့်ကြံရေးမှတ်တမ်းကို ကိုင်ဆောင်ထားကြသည်။ ထိုအရာက ဟွင်သွမ်းစကြဝဠာတစ်လျှောက်ပင် အကျုံးဝင်လေ၏။
အကြောင်းအရင်းကမူ သူတို့ကို ဝါးမျိုပြီးသည့်နောက်တွင် သူတို့က လူတစ်ယောက်၏ မဟာတာအိုအရင်းအမြစ် ရာခိုင်နှုန်းကို ရယူနိုင်သည့်အတွက်ကြောင့်လား။
မဟုတ်ပေ။
မဟာတာအိုက ထိုသို့သော ဟာကွက်မျိုးကို ခွင့်ပြုထားမည် မဟုတ်ပေ။ ဝါးမျိုရေးတာအိုက သူတို့သည် သူတို့တာအို၏ အထွတ်အထိပ်သို့ မရောက်ရှိသရွေ့ ထိုသို့စွမ်းရည်မျိုး ရရှိမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင်ပင် သူတို့အတွက် အတားအဆီးတချို့၊ ကန့်သတ်ချက်တချို့ရှိနေဦးမည်သာ ဖြစ်၏။
ဝါးမျိုရေးကျင့်ကြံသူများက သူတို့ဝါးမျိုထားသည့်အရာကို အသန့်စင်ဆုံးတာအိုစည်းချက်အဖြစ် ပြောင်းလဲပြီး ကျင့်ကြံရေးနှုန်းကို မြှင့်တင်နိုင်ကြသည်။ ထိုသန့်စင်သည့် တာအိုစည်းချက်များက ကုသိုလ်လောက် ကောင်းမွန်ခြင်း မရှိသော်လည်း သူတို့က ဆေးလုံးအများစုထက် ပိုမိုကောင်းမွန်ပေသည်။ ကောင်းကင်မိစ္ဆာက ဧကရာဇ်၊ ကောင်းကင်ဘုံနှင့် စံပြများကို ဆက်တိုက်ဝါးမျိုနေသရွေ့ တာအိုစည်းချက် အမြောက်အများ ရှိနေလိမ့်မည်။
“အဲဒါများလား” ဝမ်ဝေ့က မေးလိုက်သည်။
“ဟုတ်တယ်။ သွေးနဂါးက သူ့အတွက် တာအိုစည်းချက်တွေကို ထုတ်ပေးဖို့ သူ့ကို ဖမ်းဆီးထားတာ” ကျားဖျင့်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
အဲဒီလူက တကယ်ကို အသုံးမကျတာပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။
ထိုသို့သော အရင်းအမြစ်များဖြင့် အရေးသာချက်များဖြင့်ပင် သွေးနဂါး၏ ကျင့်ကြံနှုန်းက မဟာတာအိုအရင်းအမြစ် ၉၃ ရာခိုင်နှုန်းသာ ရှိသေး၏။
ပို၍အရေးကြီးတာက သူက မီးနဲ့ ဘယ်လိုကစားရမလဲဆိုတာ သိနေတာပဲ…
ဝမ်ဝေ့က ထိုမိစ္ဆာလေးကို ကြည့်လိုက်သည့်အချိန် ထိုသူက ဖြည်းဖြည်းချင်းဖြင့် သွေးနဂါးကို ဝါးမျိုဖို့ စီစဉ်ထားကြောင်း သိလိုက်ရသည်။ အရိုးသားဆုံးပြောရလျှင် နဂါး၏ တုံးအပုံကြောင့် ဝမ်ဝေ့သည် ထိုမိစ္ဆာငယ်လေးက အောင်မြင်နိုင်ချေရှိကြောင်း ယုံကြည်ထားသည်။ သူ့ကျင့်ကြံနှုန်းက ကောင်းကင်ဘုံထိပ်သီးအဆင့်တွင် ရှိလေ၏။ သွေးနဂါးက မည်မျှပင် သံသယကြီးမားစေကာမူ သူ့အနေဖြင့် ဤသို့သော အနေအထားသို့ ရောက်ရှိလာသည်မှာ ပြောစမှတ်တွင်လောက်သည်။
“ အရှင် သူ့ကို ဘာလုပ်လိုက်ရမလဲ” ကျိန်စာနတ်ဆိုးက မေးလိုက်သည်။ ထိုမိစ္ဆာငယ်လေးက အရင်းအမြစ်တစ်ခု ဖြစ်သည့်အတွက် သူသာ ပမာဏအနည်းငယ် ရရှိသရွေ့ သူ့ကျင့်ကြံဆင့်တိုးပွားလာနိုင်သည်။
“ငါ့ကို ပေးလိုက်” ဝမ်ဝေ့က ပြောလိုက်၏။ ထိုမိစ္ဆာငယ်လေးက သူ့လက်ထဲကျရောက်လာကာ သူတို့အကြည့်ချင်း ဆုံသွားသည့်အချိန် မိစ္ဆာငယ်လေး၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွားလေ၏။ မိစ္ဆာငယ်လေးအနေနှင့် ထိုအမျိုးသားက သွေးနဂါးလိုမျိုး ငတုံးတစ်ယောက် မဟုတ်ကြောင်း သိလိုက်ရသည်။
“မင်းအလိုလိုသိစိတ်က မှန်တယ်” ဝမ်ဝေ့က သူ့စိတ်ကို ဖတ်နိုင်သည့်အလား ပြောလိုက်သည်။ ဝမ်ဝေ့က နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်သည့်အချိန် မိစ္ဆာငယ်လေးက တန်ပြန်တိုက်ခိုက်လာလေ၏။ နှမြောဖို့ကောင်းလှသည်က သွေးနဂါး ချန်ထားခဲ့သည့် စည်းတံဆိပ်က အသက်ဝင်နေဆဲသာ ဖြစ်၏။ ထို့အပြင် ကျားဖျင့်က ဂရုတစိုက်ဖြင့် အတားအဆီးများစွာ ထပ်မံထားရှိခဲ့သည်။
ဝမ်ဝေ့၏ စွမ်းအားက မိစ္ဆာငယ်လေး၏ အသိစိတ်ပင်လယ်ထဲ ဝင်ရောက်သွားကာ သူ့မှတ်ဉာဏ်၊ စိတ်ခံစားချက်အားလုံးကို ကြီးစိုးလိုက်ပြီး သူ့အား စက်ယန္တရားအသွင် ပြောင်းလဲလိုက်သည်။ ထို့နောက် ဝမ်ဝေ့၏ ထိန်းချုပ်မှုနှင့် အားလုံး၏ အံ့အားသင့်မှုအောက်တွင် မိစ္ဆာငယ်လေးက မီးပြင်းဖိုအသွင် ပြောင်းလဲသွားလေ၏။
နောက်ဆုံးသော ထိတွေ့မှုအောက်တွင် ဝမ်ဝေ့က သူ့ကံကြမ္မာကို ပြောင်းလဲလိုက်ပြီး သူသည် တာအိုစည်းချက်များကို ထုတ်ပေးဖို့ တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ဝင်ရောက်စွက်ဖက်ပြီး မပြောင်းလဲသရွေ့ ထိုအရာသည် သူ့တစ်ဘဝလုံးအတွက် သူ့ကံကြမ္မာ ဖြစ်လာလိမ့်မည်။
ဝမ်ဝေ့က ထိုသူ၏ စိတ်ခံစားချက်နှင့် မှတ်ဉာဏ်များကိုမူ ကြည့်ပြီးသည့်နောက်တွင် သိမ်းဆည်းထားဖို့ ဆုံးဖြတ်လိုက်၏။ နောင်အနာဂတ်၌ ပိုမိုကောင်းမွန်သည့် တာအိုစည်းချက်များကို ဖန်တီးဖို့ရာအတွက် ထိုသူအား စံပြအဆင့်သို့ ဝင်ရောက်ခွင့် ပြုနိုင်၏။ ဝမ်ဝေ့၏ အပြုအမူများ၏ ရက်စက်မှုအတွက်ကိုမူ မည်သူကမှ ဘာမှမပြောသလို ဂရုလည်း မစိုက်ကြပေ။ အနှစ်ချုပ်အားဖြင့် ဝမ်ဝေ့၏ ချဉ်းကပ်မှုက ပြောင်မြောက်သည်ဟု တွေးထင်ကြ၏။
ကျင့်ကြံရေးလောကက ရက်စက်သည့်အတွက် ကြီးနိုင်ငယ်ညှင်း သဘောတရားက ကြီးစိုးလေသည်။ ထို့အပြင် မိစ္ဆာငယ်လေးက အပြစ်ကင်းနေသည့်သူလည်း မဟုတ်ပေ။ သူက ကောင်းကင်မိစ္ဆာလမ်းစဉ်ကို ရွေးချယ်ခဲ့သည့်အတွက် သူသည် ကမ္ဘာတစ်လျှောက် သတ်ဖြတ်ရေးစက်ယန္တရားအသွင် ပြောင်းလဲဖို့ ပြင်ဆင်ထားပြီးသား ဖြစ်ကြောင်း ဆိုလိုနေလေ၏။
“ငါတို့တွေ သူ့ရဲ့ ထုတ်လုပ်နှုန်းကို မြှင့်တင်မဲ့ အစီအရင်တစ်ခုတော့ လိုတယ်” ဝမ်ဝေ့က အားလုံးကို ပြောလိုက်သည်။
“ပြီးတော့ ငါတို့တွေ တာအိုစည်းချက်တွေကို သန့်စင်နိုင်ဖို့ အလောင်းတွေလည်း လိုအပ်တယ်”
သူက ရုတ်ချည်းဆိုသလို ရပ်တန့်ကာ ပြောလိုက်သည်။
“အဲဒါက ငါတို့ လုပ်ရမဲ့အရာတွေ မင်းတို့တွေက မိစ္ဆာကျင့်ကြံသူတွေကို အမဲလိုက်ပြီးတော့ ကပ်ပါးတွေရဲ့ အခြေစိုက်စခန်းတွေကို တိုက်ပြီးတော့ ပါဝင်ပစ္စည်းတွေကို စုဆောင်းလို့ ရတယ်။ ၆၀ ရာခိုင်နှုန်းက ငါ့အပိုင်၊ ကျန်တာတွေက မင်းတို့အတွက်”
တခြားသူများက ဝမ်ဝေ့သည် အကြီးမားဆုံးဝေစု ရသည့်အတွက် စိတ်ထဲမထားကြပေ။ ကိစ္စများက အမြဲတမ်း ဤသို့သာ ဖြစ်၏။ ခေါင်းဆောင်က အရင်းအမြစ်အများဆုံးရကာ ကျန်သူများက ကျန်တာကို ခွဲယူကြလိမ့်မည်။ သူ့အနေဖြင့် ၄၀ ရာခိုင်နှုန်းပေးခြင်းကပင် ရက်ရောလွန်းလှပြီ ဖြစ်၏။
ဝမ်ဝေ့က ဝမ်ချီကို ကြည့်ကာ ပြောလိုက်သည်။
“ဂူဗိမာန်နဲ့ အမြောက်အများ စည်းပိတ်ထားတဲ့နေရာတွေကို ရှာဖို့ တပ်ဖွဲ့ကို စုစည်းထား”
ဧကရာဇ်၏ ဂူဗိမာန်များက သေသူများကို မြှုပ်ဖို့ နေရာတစ်ခု မဟုတ်သော်လည်း ဧကရာဇ်များက သူတို့ကိုယ်သူတို့ ရန်သူများဆီမှ အနှောင့်အယှက်မရှိဘဲ ရှင်သန်လာဖို့ အာမခံပေးဖို့ နေရာတစ်ခု ဖြစ်ပေသည်။ လူအားလုံးက အလျင်အမြန် အသက်ရှင်လာဖို့ အရင်းအမြစ် လုံလုံလောက်လောက်ရှိကြမည် မဟုတ်ပေ။ ထို့ကြောင့် ဧကရာဇ်အများစုက သူတို့ပြန်ရောက်လာဖို့အတွက် ကွဲပြားသည့် ဂူဗိမာန်မျိုးကို ဖန်တီးကြလေ့ရှိသည်။
စည်းပိတ်ထားသည့် နေရာများအတွက်ကိုမူ အင်အားစုအမြောက်အများက ကပ်ဘေးနှင့် တွေ့ဆုံကြသည့်အခါ ပိတ်ဆို့ထားကြလေ့ရှိသည်။ သူတို့သာ ယွမ်ခေတ်ကာလကြာမြင့်ပြီးသည့်နောက်တွင် နိုးထလာသည်နှင့် ကပ်ဘေးက ကျော်လွန်သွားမည်ဖြစ်သလို သူတို့၏ ရန်သူကလည်း သေဆုံးသွားနိုင်သလို သို့မဟုတ် သူတို့အကြောင်း မေ့လျော့သွားတာလည်း ဖြစ်နိုင်သည်။ ဝမ်ဝေ့၏ ပစ်မှတ်က ထိုနေရာများ ဖြစ်၏။
အကြောင်းအရင်းကမူ ထိုနေရာတွင် ဧကရာဇ်များနှင့် တာအိုဘိုးဘေးများစွာ ရှိနေ၍ ဖြစ်သည်။ သူတို့သာ သူတို့အသိစိတ်နိုးမထခင် အလောင်းများကို ရယူနိုင်သရွေ့ သူတို့သည် ဝါးမျိုရေးမီးပြင်းဖိုအား တာအိုစည်းချက်အမြောက်အများကို ထုတ်လွှတ်ဖို့ လုပ်ဆောင်နိုင်လိမ့်မည်။
“လုပ်လိုက်ပါ့မယ်” ဝမ်ချီက ပြန်ဖြေလိုက်သည်။ သူက ကံကြမ္မာပြောင်းလဲရေးခန်းမဆီ သတင်းစကားပို့ဆောင်ပြီး ဂူဗိမာန်နှင့် စည်းပိတ်ထားသည့်နေရာများကို ရှာဖွေဖို့ တာဝန်ကို ကြေညာလိုက်သည်။ ဝမ်ဝေ့က သူ့လျင်မြန်သည့် တုံ့ပြန်မှုကြောင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက မုန့်ခယ်ကို ကြည့်ကာ ပြောလိုက်၏။
“ အလိုရှိတဲ့ ကျွမ်းကျင်အတတ်ပညာရှင်တွေ ရှိတယ်။ ဒါပေမဲ့ …”
“ငါတို့တွေ ဘယ်သူ့ဆီမှ ခစားမှာ မဟုတ်ဘူး” တိမ်တိုက်သဏ္ဌာန် အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူလတ်အရွယ်အမျိုးသားက ပြောလိုက်သည်။ သူက လေးနက်သည့် အမူအရာမျိုးရှိနေပြီး သူ့ခန္ဓာကိုယ်မှ ဆေးဝါးဆရာအများစုကဲ့သို့ ဆေးရနံ့တို့ ထုတ်လွှတ်လေ့ရှိ၏။
“ခင်ဗျားက”
“ကောင်းကင်ဘုံအဆင့် တိမ်တိုက်မီးတောက်” လူလတ်အရွယ်အမျိုးသားက တုံ့ပြန်လိုက်သည်။
“ငါပြောတဲ့အတိုင်း ငါတို့က သေရင်တောင် ဘယ်သူ့လက်အောက်မှာမှ လုပ်မှာ မဟုတ်ဘူး”
ဝမ်ဝေ့က ထိုသူနှင့် တခြားသူများအား တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူတို့က စနောက်နေခြင်း မဟုတ်ပေ။ ကျွမ်းကျင်အတတ်ပညာရှင်များက သူတို့၏ ဝိညာဉ်ထဲ အမိန့်တစ်ခု ရေးထွင်းပြီးသား ဖြစ်၏။ တစ်စုံတစ်ယောက်က နီးကပ်လာသည်နှင့် ထိုအရာက ချက်ချင်းဆိုသလို သူတို့ကို သတ်ပစ်လိမ့်မည်။
သူတို့က ဆုံးဖြတ်ထားပြီးပြီပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ထိုသူများအား သူတို့ကိုယ်သူတို့ သတ်ခြင်းမှ ကာကွယ်ဖို့ ဝိညာဉ်တာအို၌ မကျွမ်းကျင်သေးသည့်အတွက် တားဆီးနိုင်စရာ မရှိပေ။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး လုပ်နိုင်တာရှိလား…
ဝမ်ဝေ့က သူ့လူများကို မေးလိုက်သော်လည်း မည်သူကမှ ဖြေရှင်းခြင်း မရှိကြပေ။
ကျွန်မတို့ လူရိုင်းမျိုးနွယ်ကတော့ အခမ်းအနားမှော်စွမ်းအားမှာတော့ ကျွမ်းကျင်တယ်…
တုကွန်းက ပြောလိုက်သည်။
အဲဒါဆိုတော့ ကျွန်မကို အချိန်ပေးပြီးတော့ သူတို့တွေကို လှည့်ဖျားနိုင်တယ်ဆိုရင်တော့ သူတို့ကိုယ်သူတို့ သတ်တာကို တားဆီးနိုင်လောက်တယ်…
မင်း ပြောတာအချိန်ဘယ်လောက်လိုမှာလဲ…
ဝမ်ဝေ့က မေးလိုက်သည်။
တော်တော်လေးတော့ များတယ်။
တုကွန်းက အရေအတွက်ကို မပြောလိုက်သည်မှာ များပြားလွန်းနေသည်မှန်း သိနေ၍ ဖြစ်သည်။ သူမက ထိုအရာကို ထုတ်ပြောလိုက်ခြင်းမှာ အမှန်တကယ် ဖြေရှင်းနည်းကို ပေးဖို့ရာ မဟုတ်ဘဲ ခေါင်းဆောင်၏ အမြင်တွင် သူမ၏ တန်ဖိုးကို မြှင့်တင်ဖို့ရာအတွက်သာ ဖြစ်၏။
အဲဒါဆိုရင်တော့ သူတို့နဲ့ ကောင်းကောင်း စကားပြောကြည့်ရမှာပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။