ဧကရာဇ်ခုံ၏ အကျိုးပြုမှု
Vol. 93 Ch. 1291
“ခင်ဗျားတို့ ဘယ်လိုခံစားနေရလဲဆိုတာကို ကျုပ်နားလည်တယ်” ဝမ်ဝေ့က ထိုအဖွဲ့အား ကြည့်ကာ ပြောလိုက်သည်။ သူ့စကားကြောင့် သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်တော့မည်ကို သတိပြုမိကာ လက်ကို မြှောက်ပြီး တားဆီးလိုက်သည်။
“ကျုပ်က တူညီတဲ့ အတွေ့အကြုံမျိုးမှာ မနေဖူးပေမဲ့ နားလည်ပါတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့ တစ်ဘဝလုံး ကျွမ်းကျင်အတတ်ပညာကို လေ့လာခဲ့ကြရတယ်။ ဒီလောက်နှစ်တွေအကြာကြီးလေ့လာပြီး အောင်မြင်မှုရလာမှတော့ ခင်ဗျားတို့ရဲ့ အဆင့်အတန်းက မြင့်မြတ်ပြီးတော့ လေးစားခံရသင့်တယ်လေ”
မည်သည့်အချိန်၊ မည်သည့်နေရာတွင်ဖြစ်စေကာမူ ဆေးဝါးပညာရှင် သို့မဟုတ် ကျွမ်းကျင်အတတ်ပညာရှင်များက လေးစားခံခဲ့ရသည်။ အကြောင်းအရင်းကမူ ကျင့်ကြံသူနှင့် ကျွမ်းကျင်အတတ်ပညာရှင်၏ အချိုးအစားက နည်းပါးနေ၍ ဖြစ်၏။ ကမ္ဘာကြီးက ကျယ်ပြောပြီး အရင်းအမြစ်မြောက်များစွာ ရှိလေသည်။ သို့သော်လည်း ကျွမ်းကျင်အတတ်ပညာရှင် မည်မျှပင်ရှိစေကာမူ တစ်ကမ္ဘာလုံးအတွက် မလုံလောက်ခဲ့ပေ။ သူတို့ကိုယ်ပိုင် ကျွမ်းကျင်အတတ်ပညာရှင်ကို ပြုစုပျိုးထောင်နိုင်သည့် ထိပ်တန်းမျိုးနွယ်များကပင် မကြာခဏ မလုံလောက်ကြောင်း ခံစားမိလေ့ရှိသည်။
“ဒါပေမဲ့…” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့တွေရဲ့ ကြိုးစားအားထုတ်မှုတွေရဲ့ အသီးအပွင့်တွေကို ခူးဆွတ်ရတော့မဲ့ ဆဲဆဲမှာ အဲဒီကပ်ပါးတွေက အာဏာရလာခဲ့တယ်။ ခင်ဗျားတို့ရဲ့ မာန၊ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကိုပါ သိမ်းပိုက်သွားကြတယ်။ ခင်ဗျားတို့ကို တဲ့တိုးပြောရမယ်ဆိုရင်တော့ ကျွန်အဖြစ် ပြောင်းလဲလိုက်ကြတယ်ပေါ့။ ခင်ဗျားတို့ရဲ့ ဘဝကို ထိန်းချုပ်ပြီးတော့ လေးစားမှုလည်း မပြဘူး။ ခင်ဗျားတို့ကို တန်ရာတန်ကြေးလည်း မပေးဘူး။ ပိုပြီးအရေးကြီးတာက ခင်ဗျားတို့ရဲ့ တိုးတက်ရေးဖြစ်စဉ်ကို ဖြတ်တောက်ပစ်လိုက်တယ်။ ကျုပ် ပြောတာ မှန်လား”
အခန်းက တိတ်ဆိတ်သွားလေသည်။ သူ ပြောသည်က မှန်ကန်နေလေသည်။ ထိုသူများက ဤသို့ခံစားနေရခြင်းဖြစ်သည်။ သူတို့က တစ်စုံတစ်ယောက်ထံ အညံ့ခံမည့်အစား သေဖို့သာ လိုလားနေရသည့် အကြောင်းအရင်းလည်း ဖြစ်၏။ ကောင်းကင်ဘုံအရှင် တိမ်တိုက်မီးတောက်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။
“ဘာလို့ ဒါတွေ လာပြောနေတာလဲ။ ကျုပ်တို့အနာပေါ်မှာ လာပြီး ဆားဖြူးနေတာလား”
“ဘယ်ဟုတ်ပါ့မလဲ” ဝမ်ဝေ့က ညင်ညင်သာသာ ပြုံးကာ ပြန်ပြောလိုက်သည်။
“ခင်ဗျားတို့တွေ ဘယ်လိုခံစားရတယ်ဆိုတာ ကျုပ်နားလည်တယ်ဆိုတာကို ပြောပြရုံပါပဲ။ ကျုပ်က သွေးနဂါးနဲ့ မတူဘူး။ ကျုပ်တို့ရဲ့ ဆက်ဆံရေးက ပူးပေါင်းမှု ဖြစ်လိမ့်မယ်။ ခင်ဗျားတို့က ကျုပ်အတွက် အလုပ်လုပ်ပေး။ ဒါပေမဲ့ ခင်ဗျားတို့ဆီ တန်ကြေးပေးမှာ။ ခင်ဗျားတို့ကို ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့ ဂုဏ်သိက္ခာနဲ့ လေးစားသမှုလည်း ပေးမယ်။ ပိုပြီးအရေးကြီးတာက ခင်ဗျားတို့က လွတ်လပ်ခွင့်ကို ရလိမ့်မယ်။ ခင်ဗျားတို့က ကျုပ် လိုချင်တဲ့အရာတွေကို အချိန်မီ ပေးပို့နိုင်သရွေ့ ဘာမှဂရုမစိုက်ဘူး”
ဝမ်ဝေ့က အစစ်အမှန်ပြုံးကာ ပြောလိုက်သော်လည်း တိမ်တိုက်မီးတောက်ကမူ မယုံပေ။ ထို့ကြောင့် သူက ပြောလိုက်သည်။
“အဲဒါက အမှန်ဖြစ်ဖို့ ကောင်းလွန်းနေတယ်။ ဆိုးကျိုးကရော၊ လှည့်ကွက်တွေကရော” သူက ဝမ်ဝေ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ကျုပ်တို့က ဘာမှဆုံးရှုံးစရာမရှိဘူးဆိုတော့ တဲ့တိုးဆန်ပြီး စစ်မှန်တာ ကောင်းလိမ့်မယ်။ ကျုပ်တို့က ကျုပ်တို့ကိုယ်ကျုပ်တို့ သေလူအဖြစ် သတ်မှတ်ပြီးသားပဲ”
“ခင်ဗျားတို့က အတော်လေးကို ဒရာမာချိုးနေတာပဲ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ဆိုးကျိုးအတွက်ကတော့ ကျုပ်တောင်းဆိုတာက ကျုပ်ရဲ့ အမှာကို ဦးစားပေးလုပ်ပေးဖို့ပဲ”
“တခြားနည်းနဲ့ ပြောရမယ်ဆိုရင်တော့ ကျုပ်တို့ကို ခင်ဗျားအတွက်ပဲ အလုပ်လုပ်ပေးချင်တယ်ဆိုတဲ့ သဘောလား” တိမ်တိုက်မီးတောက်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“အခု ခင်ဗျားက ကျုပ်စကားတွေကို အဓိပ္ပါယ် တစ်မျိုးကောက်လိုက်ပြီ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျုပ်ပြောတာက ကျုပ်ရဲ့အမှာကို ဦးစားပေးဖို့ ကျုပ်ဆီကပဲ အမှာလက်ခံဖို့ ပြောနေတာမဟုတ်ဘူး။ ပြီးတော့ ခင်ဗျားတို့ တစ်ဘဝလုံး ကျုပ်အတွက် အလုပ်လုပ်ပေးဖို့ ပြောနေတာလည်း မဟုတ်ဘူး။ ကျုပ်တို့ရဲ့ စာချုပ်က သက်တမ်းတစ်ခု ရှိလိမ့်မယ်။ အဲဒီသက်တမ်းပြီးသွားရင် ခင်ဗျားတို့ရဲ့ အရင်အတွေ့အကြုံအပေါ် မူတည်ပြီးတော့ ခင်ဗျားတို့တွေက ထပ်ပြီး လက်မှတ်ထိုးမလား၊ မထိုးမလားဆိုတာကို ဆုံးဖြတ်နိုင်တယ်”
ထိုကျွမ်းကျင်အတတ်ပညာရှင်များက ခေတ္တမျှ စဉ်းစားလိုက်ကြသည်။ သူတို့က ဝမ်ဝေ့သည် အမှန်အတိုင်းပြောနေပါက သူတို့သည် လုံလောက်သည့် လွတ်လပ်ခွင့်နှင့် သူတို့ထံ လုပ်ပိုင်ခွင့်နှင့် အာဏာကို ပြန်လည်ပေးအပ်ထားကြောင်း ဝန်ခံရပေမည်။
“ကျုပ်တို့က ခင်ဗျားနဲ့အတူ တွဲမလုပ်ဘူးဆိုရင်ရော” တိမ်တိုက်မီးတောက်က မေးလိုက်သည်။ သူ့စကားများက အားလုံး၏ အာရုံကို ဖမ်းစားသွားလေ၏။
ထို့နောက် ထိုကျွမ်းကျင်အတတ်ပညာရှင်များက ခက်ခဲသည့် မေးခွန်းများ မေးနိုင်ဖို့အတွက် သူ့အား ကိုယ်စားလှယ်အနေဖြင့် ရွေးချယ်ခဲ့သည်ကို ဝမ်းသာနေကြသည်။
“ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ခင်ဗျားတို့က ကျုပ်အတွက် အလုပ်လုပ်မပေးရင်တောင် ခင်ဗျားတို့ဘာသာ ခင်ဗျားတို့အတွက် မေးလို့ရတယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“အဲဒါကို ယုံဖို့ ပြောနေတာလား” တိမ်တိုက်မီးတောက်က နှာခေါင်းရှုံ့လိုက်၏။
“ကျုပ်ကို ဘာတွေပြောစေချင်တာလဲ။ ခင်ဗျားကို သတ်ဖို့လား။ တခြားသူတွေက ကျုပ်အတွက် လုပ်ပေးမှာဆိုတော့ ကျုပ် လုပ်နေစရာကို မလိုဘူး”
“အဲဒါက ဘာကိုပြောတာလဲ”
ဝမ်ဝေ့က သူတို့အား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်သည်။
“ခင်ဗျားတို့အားလုံးက ပါရမီရှိတယ်ဆိုပေမဲ့ ခင်ဗျားတို့ရဲ့ နောက်ခံကတော့ အားနည်းတယ်။ အဲဒီကပ်ပါးတွေက ထိပ်တန်းမျိုးနွယ်က ကျွမ်းကျင်အတတ်ပညာရှင်တွေကို ဖမ်းဆီးရဲမှာ မဟုတ်ဘူး။ သူတို့ကို တိတ်တဆိတ် ဒါမှမဟုတ်ဘူးဆိုရင် ပွင့်လင်းမြင်သာ လုပ်ကြံဖို့ပဲရှိတယ်။ သူတို့ကိုတော့ အသုံးပြုရဲမှာ မဟုတ်ဘူး။
ဒီနေရာက ထွက်သွားပြီးတဲ့နောက်မှာ ခင်ဗျားတို့လိုမျိုး ပါရမီရှိတဲ့ ကျွမ်းကျင်အတတ်ပညာရှင်တွေက ခင်ဗျားတို့ကို ကာကွယ်ပေးမဲ့ နောက်ခံမရှိရင် ဘယ်လိုဖြစ်သွားမယ် ထင်လဲ။ ခင်ဗျားတို့တွေက သွေးနဂါးရဲ့ အကြွင်းအကျန်တွေရဲ့ လက်ထဲမှာ သေသွားတာမျိုး ဒါမှမဟုတ်ဘူးဆိုလည်း တခြားကပ်ပါးတွေက ခင်ဗျားတို့ကို ထပ်မံဖမ်းဆီးတာမျိုး၊ ဒါမှမဟုတ်ဘူးဆိုရင်တော့ တခြားအင်အားစုတွေက ခင်ဗျားတို့တွေရဲ့ ပါရမီကို တပ်မက်ပြီး လိုက်ဖမ်းကြတာမျိုး ရှိမှာပဲ။ သူတို့တွေကတော့ ကျုပ်လိုမျိုး မိတ်ဖြစ်ဆွေဖြစ် ပြောနေမယ် မထင်ဘူး။ တခြားသူတွေက ခင်ဗျားတို့ သေတာ၊ မသေတာတောင် ဂရုစိုက်မှာ မဟုတ်ဘူး။ သူတို့အတွက် ခင်ဗျားတို့ရဲ့ သေဆုံးမှုက သူတို့ရဲ့ ရန်သူကို အားကောင်းမလာဘူးလို့ ဆိုလိုနေတာပဲလေ”
ကျွမ်းကျင်အတတ်ပညာရှင်များ၏ အမူအရာက ပျက်ယွင်းသွားကြသည်။ သူတို့က ဝမ်ဝေ့၏ စကားနောက်ကွယ်မှ အမှန်တရားတချို့ကို သိလိုက်ကြ၏။ အများစုက တစ်ခါက တခြားလမင်းများဆီမှ ဖြစ်ပြီး သွေးနဂါးက ယှဉ်ပြိုင်မှု၊ အလောင်းအစားနှင့် ပြန်ပေးဆွဲခြင်းမှတဆင့် ရယူထားခြင်း ဖြစ်သည်။ သူတို့ကို တခြားလမင်းများ၏ အင်အားစုများကို အားနည်းဖို့ ကစားပွဲအနေဖြင့် သတ်မှတ်ခံထားရသည်။ သူတို့က ဆေးဝါးခန်းမအတွင်း ပိတ်မိနေပြီး သွေးနဂါးက သူတို့၏ ဘဝကို ထိန်းချုပ်လိုရုံသာမကဘဲ တခြားလူများဆီမှလည်း ကာကွယ်ပေးထားသည်။
တိမ်တိုက်မီးတောက်က ဝမ်ဝေ့ကို အကြောက်တရားနည်းဗျူဟာကို အသုံးမပြုဖို့ ပြောလိုသော်လည်း မလုပ်ခဲ့ပေ။ ကိုယ်စားလှယ်အနေဖြင့် ရွေးချယ်ခံထားရသည့် ရည်ရွယ်ချက်က သူတို့၏ အကျိုးအမြတ်ကို ကာကွယ်ဖို့ ဖြစ်၏။ ပြောရလျှင် သူတို့က လွတ်လပ်ခွင့်သာရလာသည်နှင့် သူတို့ရင်ဆိုင်ရမည့် အမှန်တရားကို သိထားခြင်းက သူတို့၏ အကောင်းဆုံး အကျိုးအမြတ်ဖြစ်နေလေပြီ။
“ဒါက ဝမ်ချီ … ငါ့ရဲ့ ယုံကြည်ရဆုံး လက်အောက်ငယ်သားတစ်ယောက်ပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“သူက ငါ့ကို ကိုယ်စားပြုတယ်။ မင်းတို့နဲ့ အလုပ်လုပ်ဖို့ သူနဲ့ သေချာဆွေးနွေးကြည့်ပေါ့။ တကယ်လို့ နောက်ဆုံးရလဒ်ကို သဘောမတူဘူးဆိုရင် မင်းတို့တွေကို တန်ကြေးတစ်ခုပေးမယ်။ မင်းတို့တွေရဲ့ ဘဝကို တစ်နေရာမှာ အစပြုနိုင်အောင်လို့ပေါ့။ ထွက်သွားရမဲ့သူတွေအတွက်ကတော့ အချိန်မရွေးပြန်လာလို့ရအောင် တံခါးက အမြဲတမ်း ဖွင့်ထားလိမ့်မယ်”
“ကျုပ်နဲ့ လိုက်ခဲ့ပါ” ဝမ်ချီက အဖွဲ့အား ညှိနှိုင်းဖို့အတွက် နောက်တစ်ခန်းဆီ ခေါ်ဆောင်သွားလေသည်။ သူ ထွက်သွားပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အား အံ့ဖွယ်အသိစိတ်မှ သတင်းစကား ပို့ဆောင်လိုက်၏။
ငါက ကံကြမ္မာဖန်တဲ့သူဖြစ်တဲ့အချက်ရယ်၊ ကပ်ပါးတွေအပေါ်မှာ သူတို့ရဲ့ အမုန်းတရားကို သုံးပြီး အရေးသာချက်ရအောင် ညှိနှိုင်းခဲ့။ ဒါပေမဲ့ သက်တမ်းကိုတော့ အတိုးအလျှော့လုပ်လို့ရတယ်။
ဝမ်ဝေ့က ထိုသူများသည် လက်ရှိအရာအားလုံးထက် တန်ဖိုးထားသည့်အရာက သူတို့၏ လွတ်လပ်ခွင့်ဖြစ်ကြောင်း သိထားလေသည်။ ထို့ကြောင့် စာချုပ်သက်တမ်း တိုတောင်းသည်ကို စိတ်ထဲမထားပေ။ သူတို့သာ လက်မှတ်ထိုးသည်နှင့် သူတို့ကို ပိုမိုကောင်းမွန်စွာ ဆက်ဆံပေးပြီး ထပ်မံလက်မှတ်ထိုးအောင် ပြုလုပ်နိုင်လေသည်။ နောက်ပိုင်းတွင် သူ တာအိုအခွင့်အလမ်းဂိုဏ်း ပြန်လည်ရောက်သွားသည့်အခါ သူ့လူများအဖြစ် ပြောင်းလဲပစ်နိုင်၏။
“ဘာလို့ ဒီမှာ ရှိနေတာလဲ” ဝမ်ဝေ့က အနီရောင်မျက်နှာဖုံးကို ကြည့်ကာ မေးလိုက်သည်။ သူမက သွေးနဂါး၏ သတင်းအချက်အလက်နှင့် သူလျှိုကွန်ယက်ကို စုဆောင်းနေသင့်သည်။
“သူလျှိုကွန်ယက်ထဲမှာ အာကာပြင်နဂါးတစ်ကောင်က တာဝန်ယူထားပြီးတော့ ကျွန်မတို့တွေ အဲဒါကို ဖွင့်လိုက်တဲ့အချိန်မှာ ဖရိုဖရဲဖြစ်စေတာ”
“သူက သတင်းအချက်အလက်တွေကို ဖျက်ဆီးပစ်ခဲ့တာလား” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ကျွန်မ အလျင်အမြန် လှုပ်ရှားခဲ့တော့ သူ့အနေနဲ့ အဖိုးတန်တာကို မဖျက်ဆီးပစ်နိုင်လိုက်ပါဘူး” အနီရောင်မျက်နှာဖုံးက တုံ့ပြန်လိုက်သည်။
“ဒါပေမဲ့ ဌာနချုပ်က ရှုပ်ထွေးနေတော့ အရာအားလုံးကို စီစဉ်ဖို့ အချိန်တစ်ခု လိုပါလိမ့်မယ်”
ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်လိုက်ပြီး သူတို့၏ ဌာနချုပ်ကို မြင်လိုက်ရသည်။ အာကာပြင်နဂါးက သတင်းအချက်အလက်ကို ကျောက်စိမ်း သို့မဟုတ် တခြားသိုလှောင်ရေးနည်းလမ်းတွေအပေါ်မှာ သိမ်းဆည်းရမည့်အစား စာရွက်အပေါ်မှာ သိမ်းဆည်းရသည်ကို သဘောကျလေသည်။ ထိုစာရွက်များ ဘာမှဖြစ်ပျက်မသွားအောင် ကာကွယ်ဖို့အတွက် အာကာပြင်နဂါးက ထိုစာရွက်များအား သူ့ကြေးခွံမှ ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် ဖျက်ဆီးဖို့ အင်မတန် ခက်ခဲစေသည်။ ဌာနချုပ်က ယခုအခါ စာရွက်များဖြင့် ပြည့်နှက်နေပြီး ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက စုဆောင်းနေကြလေ၏။
နောက်ထပ် အရင်းအမြစ်ဖြုန်းတီးမှုပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။
နဂါးကြေးခွံက ဘယ်လောက်တောင် အဖိုးတန်လိုက်သလဲ …
နဂါးမျိုးနွယ်က သူတို့ ကြေးခွံ၏ အဖိုးတန်မှုကြောင့် နာမည်ကျော်ကြားလေသည်။ ထို့ကြောင့် သူတို့က ကြေးခွံခွာသည့် နည်းလမ်းမျိုးနှင့် တခြားမျိုးနွယ်များနှင့် အရင်းအမြစ်များ လဲလှယ်ရေးအပါအဝင် တခြားသော အကြောင်းအရင်းများအတွက် အသုံးပြုလေ့ရှိသည်။ နဂါးမျိုးနွယ်ဝင်များက ထိုအပြုအမူသည် သူတို့အောက်တွင်ရှိသည်ဟု ထင်ထားကြသော်လည်း အများစုကမူ များစွာဂရုမစိုက်ပေ။
“ဖရိုဖရဲကြောင့်နဲ့ ဒီကို မလာသင့်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“မဟုတ်ပါဘူး အရှင်။ ကျွန်မတို့တွေ အရေးကြီးတဲ့တစ်ခု တွေ့လို့ပါ။ အဲဒါကြောင့် ချက်ချင်း လာပြီး အကြောင်းကြားတာပါ” အနီရောင်မျက်နှာဖုံးက ဝမ်ဝေ့အား ပုံကြမ်းတစ်ခုကို ထုတ်ပြကာ ပြောလိုက်သည်။
တိုင်လုံးလား…
ဝမ်ဝေ့က ပထမဦးဆုံး တွေးမိသည့်အရာက သေချာအနီးကပ်ကြည့်ဖို့ရာသာ ဖြစ်၏။
“ဒါပေမဲ့ အဲဒါဆိုတော့ ကမ္ဘာကြီးက အငြိုးအတေးတွေနဲ့ ပြည့်နှက်နေတာ မဟုတ်ဘဲနဲ့ အဲဒီကပ်ပါးတွေက သူတို့ရဲ့ ပိုင်နက်ထဲမှာ ဒီတိုင်လုံးတွေကို ဆောက်ပြီး မိုးမြေကြားက အငြိုးတရားတွေကို ပြောင်းလဲပေးခဲ့တာပဲ။ ဒါပေမဲ့ သူတို့က ဘယ်အချိန်က အဲ့လောက်တောင် လုပ်နိုင်စွမ်းရှိသွားတာလဲ”
ဝမ်ဝေ့က ပုံကြမ်းကို ဖတ်ရှုပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့၏။
“ပုံကြမ်းရဲ့ အဓိကအချက်က ပြောင်းလဲမှုပဲ။ အငြိုးတရားတွေကို မိုးမြေကြားအတွက် အကျိုးပြုမဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့တာ။ ဒီလိုနည်းလမ်းမျိုးက ကူးပြောင်းရေးတာအိုရဲ့ ကျွမ်းကျင်မှု၊ နက်နက်နဲနဲ နားလည်မှုတို့ကို လိုအပ်တယ်။ ဒါက ဧကရာဇ်ခုံရဲ့ လက်ရာပဲ”
“အရှင်က အမြဲတမ်းကို ထိုးဖောက်မြင်နေတော့တာပဲ” အနီရောင်မျက်နှာဖုံးက ချီးကျူးလိုက်သည်။
“သတင်းအချက်အလက် စုဆောင်းသလောက် ဧကရာဇ်ခုံက အဲဒီနည်းလမ်းကို ကပ်ပါးတွေဆီမှာ ပေးခဲ့တာတဲ့။ သူက အဲဒါကို သုံးပြီး သူရဲ့ ဦးဆောင်မှုအောက်မှာ ကျောင်းတော်တွေကို ပြန်လည်ဖွင့်ဖို့ ဖျောင်းဖျခဲ့တာ ဖြစ်လောက်တယ်”
“သူရဲကောင်းတွေက တကယ်ကို ဖရိုဖရဲအချိန်မှာ မြင့်တက်လာတယ်ဆိုတဲ့အတိုင်းပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
ဧကရာဇ်ခုံက သူရဲကောင်းလား
ဤသည်က သူ့အပြုအမူများကို ကြည့်ရှုသည့်အမြင်ပေါ်မှာ မူတည်လေ၏။ သက်ရှိအားလုံး၏ အငြိုးတရားက ကပ်ပါးများ၏ ချီကံကောင်းမှုကို ဖြည်းဖြည်းချင်း တိုက်စားပေးနိုင်သင့်ပေသည်။ သို့သော်လည်း ဧကရာဇ်ခုံက ကပ်ပါးများ၏ လွှမ်းမိုးမှုကို ဆွဲဆန့်ပေးခဲ့သည်။
သို့သော်လည်း ဤသို့သောကြီးမားသည့် အငြိုးတရားမျိုးက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအတွက် မကောင်းလှပေ။ အကယ်၍ မဖြေရှင်းပါက ထိုအရာသည် စိတ်နတ်ဆိုးရှိသည့် ကျင့်ကြံသူများစွာ ရှိလာပြီး ကမ္ဘာတစ်ဝှမ်း သတ်ဖြတ်မှုများစွာ ဖြစ်လာစေလိမ့်မည်။ ထို့ကြောင့် ဧကရာဇ်ခုံ၏ အပြုအမူက အသက်ပေါင်းမြောက်များစွာကို ကယ်တင်ခဲ့သည်ဟု ဆိုရပေမည်။
ငါ ဧကရာဇ်ခုံနဲ့ တွေ့ဖို့ရှိတာ မှတ်မိပါသေးတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။ အရာအားလုံး ဖြစ်ပျက်ပြီးသည့်နောက်တွင် ထိုသူက ဖျက်သိမ်းလိုက်နိုင်ချေ ရှိသောကြောင့် သူ့အနေဖြင့် နောက်ထပ်ဖိတ်ကြားမှုတစ်ခုကို လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။