ပထမ တွေ့ဆုံမှု
Vol. 93 Ch. 1295
မုန့်ခယ်က ထိုစကားများကြောင့် အံ့အားသင့်သွားခြင်း မရှိပေ။ သူက တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်လိုလေသည်။ ထိုအရာက စံပြအင်အားကို ရယူနိုင်သည့်အတွက် သူ့ကိုယ်ပွားစွမ်းရည်ကို အသုံးပြုဖို့ တွေးထားခဲ့သည်။ သူက စံပြအဆင့် ကိုယ်ပွားတစ်ခုကို အရင်းအမြစ်များစွာ သုံးကာ ဖွဲ့စည်းပြီး သူ့လူ့ဘီလူးနှလုံးသားထဲ စုပ်ယူဖို့ တွေးထားသည်။
ထိုအတွေးအခေါ်က အတော်လေး ကောင်းမွန်လှ၏။ လူ့ဘီလူးနှလုံးသားက မုန့်ခယ်၏ စွမ်းအားကို စံပြအဆင့်သို့ တိုးမြှင့်ပေးသင့်ပေသည်။ သို့သော်လည်း ထိုနည်းစနစ်ကို ဖန်တီးပြီးသည့်နောက်တွင် သူ့နည်းလမ်းက မှားယွင်းနေကြောင်း သဘောပေါက်သွားခဲ့၏။ ထိုနှလုံးသားထဲ နောက်ဆုံးပေါင်းစည်းသည့် ရလဒ်က ပေါက်ကွဲမှုမှတဆင့် သူ့သေဆုံးမှုကို ဖြစ်စေလိမ့်မည်။ သူ့ခန္ဓာကိုယ်က ထိုနှလုံးသား၏ စွမ်းအားကို တောင့်ခံနိုင်မည် မဟုတ်ပေ။
သူ့အနေဖြင့် ထိုအရာ၏ စွမ်းအားကို တောင့်ခံဖို့ ခွန်အားဂိတ်ပေါက်ကို ဖွင့်ဖို့ လိုအပ်နေသော်လည်း ထိုအရာက တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်ဖို့ သူ့အလိုဆန္ဒနှင့် သွေဖယ်နေသည်။
“အဲဒါဆိုတော့ ဘယ်လိုထင်လဲ” မုန့်ခယ်က မေးလိုက်သည်။
“တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်ဖို့ အဓိကအကြောင်းအရင်းနဲ့ လွဲချော်နေတာပဲ” ဝမ်ဝေ့က သူ့အတွေးကို အကောင်းဆုံး ဘယ်လိုရှင်းပြရမလဲ တွေးကာ ပြောလိုက်သည်။
“ဧကရာဇ်ကနေ စံပြအဆင့်အထိ ကျင့်ကြံသူတွေက အပြောင်းအလဲကြီး သုံးခုကို ကျော်ဖြတ်ရတယ်။ တစ်ခုချင်းစီက အရင်တစ်ခုထက် ပိုပြီးတော့ ကြီးမားတယ်။ ဒုတိယတစ်ခုဖြစ်တဲ့ ကောင်းကင်ဘုံအဆင့်နဲ့ တတိယတစ်ခုဖြစ်တဲ့ စံပြအဆင့်ကြားက ကွာဟချက်က အတော်လေးကို ကျယ်ပြန့်တယ်။ တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်ဖို့ ကြိုးစားတာက ဒုတိယအသွင် အနေအထားမှာ တတိယအသွင်ရဲ့ အင်အားကို ရယူလိုက်သလိုမျိုးပဲ။
အဲဒီဖြစ်စဉ်က တတိယအသွင်ရဲ့ စွမ်းအားတွေကို စုပ်ယူမှုတွေ မပါဘဲနဲ့ ဒုတိယအဆင့်ရဲ့ အခွံကိုပဲ ချဲ့ထွင်သင့်တာ”
“အခွံကို ချဲ့ထွင်ရမှာလား” မုန့်ခယ်က ရေရွတ်လိုက်သည်။
“ဒါပေမဲ့ ဘယ်လိုချဲ့ထွင်ရမှာလဲ။ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို လေ့ကျင့်ပေးတာက အဲ့လောက်အလုပ်ဖြစ်မှာ မဟုတ်ဘူး။ သူတို့တွေက ကန့်သတ်ချက်တွေ ရှိတယ်လေ”
သူက ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။
“ကြည့်ရတာ မင်းလည်း အဖြေ သိသွားတဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“[တည်ရှိမှု]”
“အတိအကျပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“မင်းရဲ့ နည်းစနစ်လိုအပ်တာက မင်းရဲ့ [တည်ရှိမှု]ကို လူ့ဘီလူးဂုဏ်သတ္တိပေါင်းနိုင်မဲ့ နည်းလမ်းတစ်ခုပဲ။ အဲဒီဖြစ်စဉ်အတွင်းမှာ မင်းရဲ့ အခွံကို ချဲ့ထွင်ပြီးတော့ လူ့ဘီလူးရဲ့ နှလုံးသားကို စုပ်ယူပြီး စံပြတစ်ယောက်နဲ့ ယှဉ်နိုင်တဲ့ စွမ်းအားကို ရယူနိုင်လိမ့်မယ်”
“ကျုပ် သိပြီ” မုန့်ခယ်က ခေါင်းညိတ်လိုက်သည်။ ယခု သူက ရှေ့ဆက်ရမည့် လမ်းစဉ်ရှိနေသည့်အတွက် ထိုနည်းစနစ်ကို ပြီးမြောက်ဖို့ရာ ယုံကြည်ချက် ရှိလာသည်။ ခန္ဓာကိုယ် လေ့ကျင့်သူတစ်ယောက်အနေဖြင့် သူက တည်ရှိမှုနှင့် ပတ်သက်ပြီး ဘာမှမသိဟန်ထင်ရသော်လည်း တကယ်တမ်းတော့ အမှန်တရားနှင့် အလှမ်းဝေးနေသည်။
ခွန်အားဂိတ်ပေါက်ကို ဖွင့်လှစ်ပြီးသည့်နောက်တွင် ခွန်အားအစစ်အမှန် တာအိုနယ်ပယ် ကျင့်ကြံသူများက မဖျက်ဆီးနိုင်ဖွယ် ဂုဏ်သတ္တိကို သူတို့၏ တည်ရှိမှုထဲ ပေါင်းစည်းထားနိုင်ခဲ့ကြသည်။ ထိုဖြစ်စဉ်အတွင်း သူတို့က ထိုအရာအပေါ် နားလည်မှုတချို့ ရှိလာကြ၏။ ထိုအုတ်မြစ်ဖြင့် မုန့်ခယ်က ယခုရှေ့ဆက်ရမည့် ဦးတည်ချက် ရှိလာခဲ့သည်။
“ကျေးဇူးပါ”
“ကိစ္စမရှိပါဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက မုန့်ခယ်သည် ထိုအတွေးအခေါ်အသစ်ကို စူးစမ်းရှာဖွေဖို့ စိတ်လှုပ်ရှားနေကြောင်း သိသည့်အတွက် ပြန်လွှတ်လိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ရယူသည့် အတွေ့အကြုံများအား မပြောပြလိုက်ပေ။ အကြောင်းအရင်းကမူ ပြီးပြည့်စုံသည့် အုတ်မြစ်ကား အဖိုးတန်လွန်းနေ၍ မဟုတ်ဘဲ မုန့်ခယ်နှင့် ဆက်စပ်သည့် အစိတ်အပိုင်းတချို့ကိုသာ ခွဲထုတ်ပြီး သူနှင့်မျှဝေပေးလို၍ ဖြစ်သည်။
ဝမ်ဝေ့က မုန့်ခယ်သည် သူ့ထက် ပိုမိုအားကောင်းသွားမည်ကို ကြောက်ရွံ့ခြင်းလည်း မရှိသလို စိုးရိမ်ခြင်းလည်း မရှိပေ။ သူက ထိုသို့လုပ်ခဲ့သည်မှာ လူရိုင်းမျိုးနွယ်၏ အုတ်မြစ်ကို စမ်းသပ်လို၍ ဖြစ်၏။
မုန့်ခယ်အနေဖြင့် ထိုနည်းစနစ်ကို အပြီးသတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းက [တည်ရှိမှု] အကြောင်း နက်နဲကာ ရှားပါးသည့် ဗဟုသုတများကို ရယူဖို့ ဖြစ်၏။ ထို့ကြောင့် သူ့မျိုးနွယ်နှင့် ဆက်သွယ်ရလိမ့်မည်။ ရလဒ်အပေါ် မူတည်၍ ဝမ်ဝေ့က ထိပ်တန်းမျိုးနွယ်၏ စွမ်းရည်ကို အကဲဖြတ်ပြီး နောင်အနာဂတ်မဟာမိတ်အနေဖြင့် သူတို့၏ တန်ဖိုးကိုလည်း သုံးသပ်နိုင်လိမ့်မည်။
ဝမ်ဝေ့က သူသည် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ရောက်ရှိလိမ့်မည်ဟု ယုံကြည်ချက်ရှိ၏။ ထို့ကြောင့် တာအိုအခွင့်အလမ်းဂိုဏ်းက ထူးကဲသာလွန်မှု မျိုးဆက်တစ်ခု ဖြစ်လာလိမ့်မည်။ သို့သော်လည်း သူက သူ့မဟာမိတ်များနှင့် ရန်သူများကို သူနှင့် အမှီလိုက်နိုင်လား သို့မဟုတ် ဘေးချင်းယှဉ်နိုင်လား သို့မဟုတ် အသုံးမဝင်တော့တာလားအပေါ် မူတည်၍ အကဲဖြတ်ရလိမ့်မည်။
“အဲဒီနည်းစနစ်ကို အရမ်းကြီး အစွဲအလမ်း မကြီးဘဲနဲ့ ကျင့်ကြံဖို့လည်း အမှတ်ရဦး” ဝမ်ဝေ့က ထွက်ခွာသွားသည့် မုန့်ခယ်အား သတိလှမ်းပေးလိုက်သည်။ လူရိုင်းမျိုးနွယ်၏ အနာဂတ်ခေါင်းဆောင်က ဆယ်ဆင့်မြောက် အရွယ်ရောက်ပြီးသား မကောင်းဆိုးဝါးနတ်ဘုရားအဆင့်ကို ရောက်ရှိနေပြီဖြစ်သော်လည်း သူ့စိတ်ဆန္ဒ-ခန္ဓာပေါင်းစည်းခြင်းက အဆင့်မြှင့်ရုံမျှသာ ဖြစ်ပြီး မပြီးပြည့်စုံသေးပေ။ ဝမ်ဝေ့က သူ့ကျင့်ကြံရေးကို လျစ်လျူရှုထားခြင်းမျိုး မလိုချင်ပေ။
“အဲ့လို မဖြစ်စေရပါဘူး” မုန့်ခယ်က အဝေးမှ လှမ်းပြောလိုက်သည်။
……………………………………………………………………………..
အချိန်ကုန်လွန်သွားပြီး တစ်ပတ်ခန့်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ဝမ်ချီနှင့် တွေ့ဆုံခဲ့သည်။ ကျွမ်းကျင်အတတ်ပညာရှင်များနှင့် ညှိနှိုင်းမှုက အဆုံးသတ်သွားပြီဖြစ်ကာ ဝမ်ဝေ့အနေဖြင့် လက်မှတ်ထိုးရမည့် အချိန်သို့ ကျရောက်လာလေသည်။ သူက ရလဒ်ကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ ယေဘုယျအခြေအနေက သူ့စံနှုန်းနှင့် ကိုက်ညီနေလေသည်။ သက်တမ်းကမူ ခြွင်းချက် ဖြစ်၏။
“ယွမ်ခေတ်ကာလ တစ်ထောင်လား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“အဲဒါက နည်းမှန်း သိပေမဲ့ အရမ်းကြီးတော့လည်း မနည်းလွန်းပါဘူး”
“ကျွန်တော် အကောင်းဆုံး ကြိုးစားထားပေမဲ့ အဲဒီလူတွေက အရမ်းကြာရှည်အထိန်းချုပ်မခံရဖို့ ပြောနေကြတာ” ဝမ်ချီက ပြောလိုက်သည်။
ဝမ်ဝေ့က စဉ်းစားလိုက်၏။
“မင်း ပြောတာ သူတို့က အလုပ်မစခင် နှစ်တစ်သန်းလောက် အနားယူချင်တယ်ဆို”
“ဟုတ်ပါတယ်”
“ကောင်းပြီလေ။ သူတို့ရဲ့ အနားယူတဲ့ ခရီးစဉ်အတွင်းမှာ ကံဆိုးမှုတချို့ဖြစ်အောင် ကံကြမ္မာကို ပြောင်းလဲပစ်ရတာပေါ့။ သူတို့တွေက ကမ္ဘာကြီးက ဘယ်လောက်ရက်စက်လာလဲဆိုတာ မြင်ရလိမ့်မယ်” ဝမ်ဝေ့က လှောင်ပြောင်ကာ ပြောလိုက်သည်။
“အဲဒါဆို အရမ်းသိသာမနေဘူးလား” ဝမ်ချီက မေးလိုက်၏။
“မင်းက ငါ့ကို လျှော့တွက်နေတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက သူ့ကံကြမ္မာတာအိုကို အသုံးပြုမည်ဖြစ်သည့်အတွက် ကိစ္စများက သဘာဝအတိုင်း ဖြစ်လာကြလိမ့်မည်။ ထို့အပြင် သူက သူတို့အားလုံးကို လုပ်ဆောင်မည် မဟုတ်ပေ။ အနှစ်ချုပ်အားဖြင့် သူတို့ထဲမှ တချို့ကို ကောင်းချီးပေးမည် ဖြစ်သည်။
ကံဆိုးသည့်သူများကမူ သူတို့ကို ကာကွယ်ပေးမည့် အရိပ်ရသည့် သစ်ပင် လိုအပ်ကြောင်း နားလည်သွားကြလိမ့်မည်။ တခြားကံကောင်းသည့်သူများကမူ တန်ပြန်သက်ရောက်မှုကို ကြောက်ရွံ့နေကြလိမ့်မည်။
“အဲဒါဆို ကိစ္စမရှိပါဘူး” ဝမ်ချီက ခေါင်းညိတ်လိုက်သည်။
“အဲဒါဆို ငြင်းဆန်တဲ့သူတွေကရော”
ကျွမ်းကျင်အတတ်ပညာရှင်တိုင်းက သူတို့အတွက် အလုပ်လုပ်ပေးဖို့ သဘောတူကြသည် မဟုတ်ပေ။ တကယ်တော့ အရေအတွက်တချို့က သူတို့၏ လွတ်လပ်ခွင့်ကိုသာ လိုချင်ကြသည်။
“သူတို့ကို လွှတ်ထားလိုက်”
ဝမ်ဝေ့က သူတို့အား တူညီသည့် ဆက်ဆံမှုမျိုး ပေးမည်ဖြစ်သော်လည်း ဘာမှအပိုလုပ်မည် မဟုတ်ပေ။ သူ့လူများ၏ ရည်ရွယ်ချက်က ထိုသူများ၏ စိတ်ကို ပြောင်းလဲပစ်ဖို့ ဖြစ်၏။ အကယ်၍ သူတို့သာ မပြောင်းလဲပါက သူ့အပေါ် သက်ရောက်မှုများစွာလည်း ရှိမည် မဟုတ်ပေ။
ဝမ်ဝေ့က စာချုပ်ကို လက်မှတ်ထိုးလိုက်သည်။ သူက ကျွမ်းကျင်အတတ်ပညာရှင်များအတွက် ပွဲအခမ်းအနားတစ်ခုကို စီစဉ်ပေးခဲ့ပြီး သူတို့အား လေးစားသမှုဖြင့် ဆက်ဆံပေးခဲ့သည်။
ထိုအရာ ပြီးဆုံးသွားသည်နှင့် ဝမ်ဝေ့က အားလပ်သွားလေသည်။ အကြောင်းအရင်းကမူ အနီရောင်မျက်နှာဖုံးက စာရွက်စာတမ်းများကို စီစဉ်နေဆဲ ဖြစ်၏။ ဝမ်ဝေ့က သူ့အခန်းတွင် ထိုင်နေရင်း အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။
“တချို့ကိစ္စတွေက ထိပ်တိုက် ရင်ဆိုင်ရမှာပဲ”
သူက ရေရွတ်ပြီးသည့်နောက်တွင် လေထဲမှ အဆောင်တစ်ခုကို ဆွဲပြီး လေဟာနယ်ကို ချိုးဖောက်လိုက်သည်။ သူက မိနစ်ပိုင်းခန့်ကြာမြင့်ပြီးသည့်နောက်တွင် တုံ့ပြန်မှုတချို့ ရရှိလိုက်၏။ ထို့ကြောင့် သူက အဝတ်အစားကို ခရမ်းရောင်နှင့် ရွှေရောင်ဝတ်ရုံအဖြစ် ပြောင်းလဲပြီး သူ့ဆံပင်ကို ချည်နှောင်ကာ အနက်ရောင်သရဖူကို ဆောင်းလိုက်သည်။ ထို့အပြင် သူ့ခါး၌ အဖြူရောင်ခါးပတ်ကို ဝတ်ဆင်လိုက်၏။ သူ အဆင်သင့်ဖြစ်သည်နှင့် သူက သူ့ရှေ့၌ အာကာပြင်လမ်းကြောင်းကို ဖန်တီးကာ တစ်ဖက်နှင့် ဆက်သွယ်ပြီးသည်အထိ စောင့်ဆိုင်းပြီး ဝင်ရောက်လိုက်သည်။
သူ တံခါးမှ ဝင်ရောက်သွားသည့်အခါ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမလှတစ်ဦးကို မြင်လိုက်ရသည်။ ထိုဝတ်စုံနှင့် ပတ်သက်ပြီး ကြီးကျယ်ခမ်းနားနေခြင်း မရှိပေ။ ပြောရလျှင် သူမ၏ ညာဖက်လက်ညှိုးတွင် ဝတ်ဆင်ထားသည့် ငွေရောင်လက်စွပ်ကလွဲ၍ မည်သည့်အဆင်တန်ဆာမှ မပါရှိပေ။ သို့သော်လည်း သူမ၏ အလှတရားနှင့် ပြီးပြည့်စုံစွာ သင့်တော်နေလေ၏။
သူမ၏ အနက်ရောင် ဆံပင်ရှည်တို့က ကျောအပေါ် ဖြာကျနေလေသည်။ ဆံပင်ရှည်တို့က သူမ၏ အဖြူရောင်ဝတ်ရုံနှင့်အတူ ယင်ယန်လိုမျိုး ဖြစ်နေလေ၏။
ဝမ်ဝေ့က သူမကို ကြည့်ရင်း ခေတ္တမျှ အာရုံလွတ်သွားခဲ့သည်။ ဝူဟုန်က အဖြူရောင်ဝတ်စုံများကို ဝတ်ဆင်ဖူးသော်လည်း သူမ၏ အရှိန်အဝါက ယခုနှင့် အတော်လေး ကွဲပြားနေသည်။ သူမ၏ လွှမ်းမိုးတတ်သည့် တည်ရှိမှုကို ဖုံးကွယ်ဖို့ ခက်ခဲလှ၏။ ထို့ကြောင့် သူမက သန့်စင်မှုကို ရွေးချယ်ထားလျှင်ပင် မြင့်မြတ်မှုနှင့် စွမ်းအားအရိပ်အမြွက်တို့ ကိန်းအောင်းနေလေ့ရှိသည်။ သို့သော် ယနေ့တွင်မူ ဝမ်ဝေ့က ဝူဟုန်၏ အသန့်စင်ဆုံးပုံစံကို မြင်တွေ့လိုက်ရခြင်း ဖြစ်၏။
“ရှင်က ဘယ်သူ့ကိုများ မြင်နေတာလဲဆိုတာ သိချင်မိသား” ရှုကျင်းယောင်က ချိုမြိန်ဖွယ် အသံဖြင့် မေးလိုက်သည်။
ဝမ်ဝေ့က သူမကို ရိုးသားစွာကြည့်ပြီး ပြောလိုက်၏။
“ကြည့်ရတာ ဒီမေးခွန်းက မင်းအတွက် အတော်လေး အရေးကြီးနေတဲ့ပုံပဲ”
“ဟုတ်တယ်” ရှုကျင်းယောင်က အရိုးသားဆုံး ပြန်ဖြေလိုက်သည်။ ထိုစကားဝိုင်းအတွင်း ဝမ်ဝေ့က သူမသည် မည်သို့သောလူစားမျိုးဖြစ်ကြောင်း ကောက်ချက်ချထားပြီးသား ဖြစ်၏။ ထို့ကြောင့် သူက သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။
“မင်း စိတ်ပျက်သွားမှာကိုပဲ ကြောက်ရတယ်”
ရှုကျင်းယောင်က မျက်မှောင်ကြုတ်လိုက်သည်။
“ရှင်က ရှင့်စိတ်ထဲမှာ တခြားသူတစ်ယောက် ရှိနေတာလား”
“ဟုတ်တယ်”
“အဲဒါဆိုရင်တော့ တကယ်ကို စိတ်ပျက်စရာပဲ”
သူမက ဝမ်ဝေ့နှင့် မြင်မြင်ချင်း ချစ်ကျွမ်းဝင်သွားခြင်း မရှိပေ။ သူတို့၏ တွေ့ဆုံမှုကို စောင့်မျှော်နေသည်မှာ ကံကြမ္မာက သူမလက်တွဲဖော်အဖြစ် ရွေးချယ်ထားသည့်သူက သူ့အစစ်အမှန်ခန္ဓာကို မြင်တွေ့နိုင်လိမ့်မည်ဟု မျှော်လင့်နေ၍ ဖြစ်သည်။ သူမ၏ တစ်ဘဝလုံး၌ ရှုကျင်းယောင်က မျက်နှာမဲ့ အမျိုးသမီးတစ်ယောက်သာ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူမက ထိုအရာကို ပြောင်းလဲပစ်ဖို့ထက် လိုချင်သည့်အရာဟူ၍ မရှိပေ။
“လာထိုင်ပါဦး။ ကောင်းကောင်းပြောရအောင်” ရှုကျင်းယောင်က ပြောလိုက်သည်။ သူမက သူသည် သူမကို ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေဆဲသာ ဖြစ်၏။
သူမက ဝမ်ဝေ့အား အနီးနားရှိ မျှော်နန်းဆောင်တစ်ခုဆီ ခေါ်ဆောင်သွားခဲ့သည်။ ဝမ်ဝေ့က ထိုနေရာသည် ရှောင်ထျန်းတိကို ဖိတ်ကြားနေသည့်နေရာနှင့် အတော်လေး ဆင်တူနေကြောင်း သတိထားမိခဲ့၏။ ရေကန်၊ ပန်းပွင့်၊ စိတ်ဝိညာဉ်နှင့် သက်တံတို့ ရှိနေလေသည်။ သူတို့က မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီးသည့်နောက်တွင် ရှုကျင်းယောင်က အဖန်ရည် ဧည့်ခံလာခဲ့၏။
“ဝမ်ဝေ့က တစ်ငုံ သောက်ပြီးသည့်နောက်တွင် ပြောလိုက်သည်။
“ကျုပ်တို့ကြားမှာ ဘာမှသဘောထားကွဲလွဲတာမျိုး မဖြစ်စေချင်ဘူး။ အဲဒါကြောင့် ရှင်းရှင်းလင်းလင်းပဲ လုပ်ချင်တယ်။ ကျုပ်တို့ကြားက အကျိုးအကြောင်းကို လာပြီး ဖြတ်တောက်တာ”
“အဲ့လိုလား” ရှုကျင်းယောင်က အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းညိတ်လိုက်သည်။ ယခင် ရက်သတ္တပတ်အတွင်း သူမ၏ သူလျှိုကွန်ယက်ကို အသုံးပြုကာ ဒိုင်မေးရှင်းအနိမ့်မှ လူကို ရှာပြီး ဝမ်ဝေ့အကြောင်း သတင်းအချက်အလက်များကို ရဖို့ ကြိုးစားခဲ့သည်။ ထို့ကြောင့် သူမက သူသည် ဒိုင်မေးရှင်းအနိမ့်တွင် အံ့မခန်းစွမ်းအားနှင့် အဆင့်အတန်းတို့ ရရှိထားသော်လည်း သူ့ဇနီးအပေါ် သစ္စာရှိကြောင်း သိလိုက်ရသည်။
သူမက သူမနှင့် တွေ့ဆုံပြီးသည့်နောက်တွင် သူ့တုံ့ပြန်မှုတချို့ ဖြစ်လာလိမ့်မည်ဟု မှန်းဆထားမိလေ၏။ အထူးသဖြင့် ဝမ်ဝေ့၏ ဇနီးက ဧကရီဝူနှင့် သက်ဆိုင်နေသည်ကို သိပြီးသည့်နောက်တွင် ဖြစ်သည်။ သူက သူမကို မြင်တွေ့ပြီးသည့်နောက်တွင်ပင် တုံ့ဆိုင်းနေခြင်း မရှိသည့်အချက်ကြောင့် သူမအနေနှင့် အံ့အားသင့်သွားမိခြင်း ဖြစ်၏။