ကံကြမ္မာကို နက်ရှိုင်းစေခြင်း
Vol. 93 Ch. 1297
“ဒါက အတွေ့အကြုံကောင်း တစ်ခုပဲမလား” ရှုကျင်းယောင်က သက်ပြင်းချလိုက်ပြီး သူမ၏ ခန္ဓာကိုယ်က သက်တောင့်သက်သာ ဖြစ်လာလေသည်။ ထိုအတွေ့အကြုံက ထူးကဲလှသည်။ အကြောင်းအရင်းကမူ စံပြ၏ တာအိုအမှတ်အသားကို တိုက်ခိုက်ခြင်းက ပထမဦးဆုံးအကြိမ် ဖြစ်ရုံသာမကဘဲ ဝမ်ဝေ့၏ တည်ရှိမှုကြောင့်လည်း ဖြစ်၏။ သူတို့က ပဲတောင့်တစ်တောင့်ထဲမှ ပဲစေ့များကဲ့သို့ လိုက်လျောညီထွေ သဟဇာတဖြစ်နေသည်။
ရှုကျင်းယောင်က သူသည် သူမ၏ ကံကြမ္မာဆက်စပ်သည့် ချစ်သူဖြစ်ရခြင်း အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ သူတို့က ထိုအကြောင်းအရင်းကြောင့် လိုက်ဖက်ညီနေခြင်း ဖြစ်နိုင်၏။
သူမနှင့် ဝမ်ဝေ့တို့ လိုက်ဖက်ညီနေသည့် အချက်က ဤအတွေ့အကြုံအတွက် အမှတ်တရအဖြစ်ဆုံးအရာ မဟုတ်သေးပေ။ ယခင်နှစ်သုံးသန်းအတွင်း သူမက အစစ်အမှန်ဆန္ဒ၏ အသုံးပြုမှုနှင့် ပတ်သက်ပြီး များစွာတိုးတက်လာခဲ့သလို တာအိုအမှတ်အသားကို နားလည်နိုင်စွမ်းကလည်း ပိုမိုမြင့်မားသည့် အနေအထားတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုအတွေ့အကြုံက သူမအနေဖြင့် စံပြအဆင့်အနေအထားတွင် တိုက်ပွဲများ၌ လိုအပ်သည့်အချိန်ကို လျှော့ချပေးနိုင်၏။
“ဟုတ်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သို့သော်လည်း သေချာလေ့လာကြည့်ပါက ရှုကျင်းယောင်အနေဖြင့် သူသည် အနည်းငယ် အာရုံထွေပြားနေကြောင်း သဘောပေါက်သွားလေသည်။ ဝမ်ဝေ့က တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွား၍သာ ဖြစ်၏။ ရှုကျင်းယောင်နှင့် သူ့ကံကြမ္မာဆက်နွယ်မှုက ယခင်နှစ်သန်းပိုင်းအတွင်း ပိုမိုတိုးပွားလာ၏။ ထိုအရာက သူတို့၏ ကံကြမ္မာကြိုးမျှင်ကို ဖြတ်တောက်ဖို့ လွယ်ကူသွားစေသည်။
ဒါက ဘာလဲ။ ကံကြမ္မာက ဆက်နွယ်မှုအားလုံးကို မဖြတ်တောက်ခင် သူမနဲ့ ဆက်နွယ်မှုကို နက်ရှိုင်းစေချင်တာလား…
ငါက ဒီဆွဲဆောင်မှုမျိုးကို တောင့်မခံနိုင်ဘူးလို့များ ထင်နေတာလား…
ဝမ်ဝေ့က မျက်လုံးဝေ့ပြချင်သော်လည်း ဆန္ဒကို ချိုးနှိမ်လိုက်ရသည်။
“အားလုံး အဆင်ပြေရဲ့လား” ရှုကျင်းယောင်က မေးလိုက်သည်။
“တောင်းပန်ပါတယ်။ ကျုပ် အတွေးနက်သွားတယ်” ဝမ်ဝေ့က တောင်းပန်လိုက်သည်။
“ကျွန်မ ပြောနိုင်ပါတယ်။ ရှင် ဘာဖြစ်နေလဲဆိုတာကို ပြောပြချင်လား”
“ဘာမှ အရေးကြီးတာ မဟုတ်ပါဘူး” ဝမ်ဝေ့က အဖန်ရည်ခွက်များကို ကြည့်လိုက်သည်။ ဤမျှအချိန်ကြာမြင့်ပြီးသည့်နောက်တွင်ပင် သူတို့က အဖန်ရည်အပါအဝင် အားလုံးက အကောင်းအတိုင်းရှိနေဆဲ ဖြစ်၏။ သို့သော်လည်း မပူတော့သည့်အတွက် သူက ပြန်လည်အပူပေးလိုက်သည်။
“ရှင် အဲ့လိုပြောရင်လည်း ပြီးတာပါပဲ” ရှုကျင်းယောင်က ခေါင်းညိတ်လိုက်သည်။ သူက ထုတ်မပြောလိုသည့်အတွက် သူမက ထပ်မေးနေမည် မဟုတ်ပေ။ သူမက အဖန်ရည်ပူပူလေးကို သောက်ရင်း တိတ်ဆိတ်မှုကြောင့် အနည်းငယ် နေရခက်လာမိသည်။ ရှုကျင်းယောင်က ဝမ်ဝေ့သည် သူမအပေါ် ငြင်းဆန်မှုရှိကြောင်း ပြောနိုင်လေ၏။ သူက ဖုံးကွယ်ဖို့ ကြိုးစားသော်လည်း သူမအနေဖြင့် သတိထားမိခဲ့သည်။
သူက ကံကြမ္မာတာအိုကို ကျင့်ကြံပြီးတော့ အကြွင်းမဲ့လွတ်လပ်ခွင့်ကို လိုချင်နေသူဆိုတော့ ဒီလိုကံကြမ္မာဆက်စပ်တဲ့ ဆက်နွယ်မှုမျိုးကို ငြင်းတာ ပုံမှန်ပါပဲ…
ရှုကျင်းယောင်က တွေးလိုက်သည်။
သူက ငါနဲ့ မပတ်သက်ချင်ရင်တောင် ကိစ္စမရှိဘူး။ ဒါပေမဲ့ သူက ငါ့ကို ကူညီနိုင်လားဆိုတာကို အတည်ပြုဖို့ လိုအပ်တယ်…
“အခု ကျွန်မ စဉ်းစားကြည့်တော့မှ ရှင့်အပေါ်မှာ တစ်ခုထက်ပိုပြီး ကျေးဇူးကြွေးတင်နေခဲ့တာပဲ” သူမက ပြောလိုက်သည်။
“ရှောင်ထျန်းတိကို ပြောတာလား။ အဲဒါဆိုရင်တောင် ကျုပ်က ဘာမှလုပ်ခဲ့တယ်လို့တော့ မထင်ဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ရှင့်အနေနဲ့ သူ့ကို နိုးထစေအောင် မလုပ်ခဲ့ရင် သူ့အနေနဲ့ ပြောင်းလဲလာဖို့ ဆန္ဒရှိမယ် မထင်ဘူး” ရှုကျင်းယောင်က ပြန်ဖြေလိုက်၏။ သူမက သူမတပည့်နှင့် ပတ်သက်ပြီး များစွာ စိတ်ဖိစီးခဲ့ရာ ဉာဏ်အလင်းပွင့်ဖို့ နည်းလမ်းများစွာကိုပင် ကြိုးစားခဲ့ရသည်။ သူ့အတွက် ကံကောင်းသွားသည်က လူအိုကြီးထျန်းကျိသည် ဒိုင်မေးရှင်းအနိမ့်၌ အခွင့်အရေးတစ်ခုရှိကြောင်း သတင်းစကားကို ပို့ပေးလာသည့်အတွက် အဆက်အသွယ်အားလုံးကို သုံးကာ သူ့အတွက် နေရာတစ်ခုကို ရယူပေးခဲ့ခြင်း ဖြစ်သည်။
“မင်း ပြောတာ မှန်နိုင်ပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
ရှုကျင်းယောင်က မျက်မှောင်ကြုတ်လိုက်၏။
“ရှင့်ကြည့်ရတာ သတိကြီးကြီး ထားထားတဲ့ပုံပဲ။ ရှင်နဲ့ မတူလိုက်တာ” သူမက ပြောလိုက်သည်။
“မင်းက ကျုပ်ကို သိလို့လား”
“အဲ့လိုတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ရှင် ပုံမှန်ပြုမူနေတဲ့ပုံစံ မဟုတ်ဘူးဆိုတာကိုတော့ သိတယ်” ရှုကျင်းယောင်က တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည်။ သူမ၏ စကားများက ဝမ်ဝေ့အား စဉ်းစားသွားစေသည်။
သူမ ပြောတာမှန်တယ်။ သူမနဲ့ ပတ်သက်ပြီး လိုက်ပြီး ထိန်းနေစရာ မလိုဘူး။ ငါ့အနေနဲ့ ငါ့ရဲ့ အနာဂတ်ကိုယ်ရဲ့ ဖြစ်ရပ်တစ်ရပ်လုံးကိုလည်း လက်ခံစရာ မလိုဘူးမလို့ ကံကြမ္မာက ဘာတွေစီစဉ်ထားတယ်ဆိုတာလည်း ဂရုစိုက်စရာ မလိုဘူး။ အထူးသဖြင့် ဝူဟုန်က သူမနဲ့ ဆက်ဆံရေးမှာ ဘယ်လိုခံစားရမလဲဆိုတာကိုလည်း စိုးရိမ်နေစရာ မလိုဘူး။ တကယ်တော့ ငါက ဒီလိုသံသယဖြစ်နေမဲ့အစား တဲ့တိုးပြုမူသင့်တာ…
“တောင်းပန်ပါတယ်။ ကြည့်ရတာ ကျုပ် အတွေးနက်သွားတဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျွန်မ နားလည်ပါတယ်။ အတွေးလွန်တယ်ဆိုတာက ဉာဏ်ရှိတဲ့သူတွေရဲ့ အပြုအမူတစ်ခုပဲလေ။” ရှုကျင်းယောင်က ပြောလိုက်သည်။
“ကျွန်မတို့တွေ စစ်တုရင်ကစားကြရင် ဘယ်လိုလဲ။ အဲဒါက တစ်ယောက်နဲ့ တစ်ယောက် သိပြီးတော့ စိတ်အခြေအနေလည်း လျှော့ချပေးနိုင်လောက်တယ်”
“ကောင်းပြီလေ”
ရှုကျင်းယောင်က လက်ကို ဝှေ့လိုက်ပြီးသည့်နောက်တွင် စားပွဲပေါ်တွင်ရှိသည့် အဖန်ရည်အိုးနှင့် ခွက်များက ပျောက်ကွယ်သွားလေသည်။ ထို့နောက် သူမက မဟာမြူချီကို ဆင့်ခေါ်ကာ စားပွဲပေါ်တွင် ကြည်လင်သည့် ကုဗတုံးတစ်ခုကို ဖန်တီးလိုက်သည်။ ထိုအရာက သာမန်ကုဗတုံး မဟုတ်ဘဲ ကျယ်ပြောလှသည့် ကုန်းမြေ၊ တောအုပ်၊ တောင်တန်း၊ ပင်လယ်နှင့် ကြယ်များပါဝင်နေသည့် စကြဝဠာတစ်ခု ဖြစ်၏။
“မိန်းကလေးကို ဦးစားပေးတယ်” ဝမ်ဝေ့က ပြောလိုက်သည်။
ရှုကျင်းယောင်က အားနာနေခြင်း မရှိပေ။ သူမက စက္ကန့်ပိုင်းမျှ စဉ်းစားပြီးသည့်နောက်တွင် မကောင်းဆိုးဝါးနတ်ဘုရား မျိုးဆက်ကို ရွေးချယ်လိုက်သည်။ အတွေးတစ်ချက်ဖြင့် သူမက ထိုမျိုးနွယ်၏ အဖွဲ့ဝင်မြောက်များစွာကို ဖန်တီးလိုက်၏။ အတိအကျပြောရလျှင် သူမက အရေအတွက် ၁၂၉၆၀၀ ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သူတို့က အရပ်ရှည်ကာ စွမ်းအားကြီးပြီး လူသားတစ်ပိုင်းအသွင်ရှိကာ မိုးမြေကပင် သူတို့၏ တည်ရှိမှုအတွက် ချီးကျူးထောပနာပြုနေသည်။
“အားအကောင်းဆုံး မျိုးနွယ်နဲ့ စတာလား။ ဒါက စိတ်ဝင်စားစရာကောင်းတဲ့ ရွေးချယ်မှုပဲ” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။
“ဒီလိုဆိုရင် ကျုပ်က အားအနည်းဆုံး မျိုးနွယ်ကို ရွေးချယ်မယ်”
ဝမ်ဝေ့က လူသားမျိုးနွယ်ကို ရွေးချယ်လိုက်သည်။ သို့သော်လည်း သူက ကြုံရာကျပန်း ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ ထိုအစား သူက မိုးမြေကြားတွင် တာအိုနှင့် သဟဇာတဖြစ်နေသည့် ပင်ကိုလူသား ၁၂၉၆၀၀ ကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ သူတို့က အားကောင်းစွာ မွေးဖွားလာခြင်း မဟုတ်သော်လည်း ထိပ်သီးပါရမီရှင်များ ဖြစ်ကြသည်။ ထိုစဉ် ကျန်သူများကမူ လူဦးရေ သန်းတစ်ထောင်ခန့်က သာမန်နှင့် ဟော်သဲ့ လူသားများ ဖြစ်၏။
ဒါက ဉာဏ်ရှိတဲ့ အပြုအမူပဲ…
ရှုကျင်းယောင်က တွေးလိုက်သည်။ စည်းမျဉ်းများအရ လူသားမျိုးနွယ်သည် လူဦးရေ တစ်ဆယ်ဘီလီယံကနေ စရှိနိုင်သည်။ ဝမ်ဝေ့က ပြိုင်ဘက်ကင်းပါရမီနှင့် ပင်ကိုလူသားအများစုကို မွေးဖွားပေးဖို့ အများစုကို လက်လျှော့လိုက်ခြင်း ဖြစ်၏။
ရှုကျင်းယောင်က သူမ၏ မကောင်းဆိုးဝါးနတ်ဘုရားများကို ကြည့်လိုက်သည်။ သူတို့က ဤကမ္ဘာ၏ ကမ္ဘာဦးဟွင်သွမ်း၏ ပုံရိပ်ထဲ လွတ်နေသည့် ဥများ ဖြစ်လာကြ၏။ သူမက ထိုရုတ်တရက် အပြောင်းအလဲကြောင့် အံ့အားသင့်သွားခြင်း မရှိပေ။ စည်းမျဉ်းများအရ သူမသည် စမှတ်မြင့်မားသည့် မျိုးနွယ်တစ်ခုကို ရွေးချယ်ခဲ့ပြီး ဝမ်ဝေ့ကမူ ဆန့်ကျင်ဘက်ကို ရွေးချယ်ခဲ့သည့်အတွက် သူမက အတားအဆီးများစွာနှင့် ကန့်သတ်ခံထားရသည်။ ထိုအရာထဲမှတစ်ခုကမူ လူဦးရေ နည်းပါးမှု၊ သူမ၏ သက်ရှိများသည် ထိုကမ္ဘာဦးဟွင်သွမ်းမှ စတင်မွေးဖွားလာရမည် ဖြစ်၏။
သူမက ကမ္ဘာကြီးထံ ပထမဦးဆုံး သက်ရှိဖြစ်လာမည့် ဥတစ်လုံးကို ကြည့်လိုက်သည်။ ရှုကျင်းယောင်၏ နောက်အပြုအမူက ထိုအရာမှ မူတည်နေလေ၏။ သူမက ပထမမွေးဖွားသူဟူသော အဆင့်အတန်းကို အသုံးပြုကာ ထိုဥ၏ မွေးဖွားမှုကို အရှိန်မြှင့်တင်နိုင်သည်။ ဥပေါ်တွင် အက်ကြောင်းများစွာ ပေါ်ထွက်လာသော်လည်း ပေါက်ဖွားမလာသေးပေ။
ဝမ်ဝေ့အနေဖြင့် ဒုတိယအပြုအမူအတွက်မူ သူက မျိုးနွယ်အတွက် နေထိုင်ရာပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခဲ့သည်။ ပင်ကိုလူသားများက မိုးမြေကြားတွင်ရှိသည့် ဝိညာဉ်ချီကို စုပ်ယူခြင်းဖြင့် အသက်ရှင်နိုင်ကြသော်လည်း တခြားသူများက ထိုသို့မလုပ်နိုင်ပေ။ ထို့ကြောင့် ဝမ်ဝေ့က တခြားသူများအတွက် တိရစ္ဆာန်၊ အပင်၊ ပိုးမွှား၊ သောက်စရာ ရေ အစရှိသည့် ပတ်ဝန်းကျင်တစ်ခုကို ကူညီပေးခဲ့သည်။
ရှုကျင်းယောင်၏ နောက်အပြုအမူကလည်း အတူတူသာ ဖြစ်၏။ သူက ပထမဦးဆုံး မကောင်းဆိုးဝါးနတ်ဘုရား၏ မွေးဖွားမှုကို အရှိန်မြှင့်တင်ခဲ့သည်။
ထိုစဉ် ဝမ်ဝေ့ကမူ ပင်ကိုလူသားနှစ်ယောက်ကို ရွေးချယ်ပြီး သူတို့အား ထူးကဲသည့်ပါရမီများဖြင့် ချီးမြှင့်ခဲ့သည်။ ပထမတစ်ယောက်ကို ရှန်ဟု ခေါ်ဆိုပြီး ပင်ကိုဉာဏ်ပညာစွမ်းရည်ကို ပိုင်ဆိုင်ထားလေသည်။ သဘာဝကို လေ့လာခြင်းဖြင့် သူသည် မီးတောက်ပြုလုပ်ခြင်း၊ အမဲလိုက်ခြင်း၊ အဝတ်အစားများ ပြုလုပ်ခြင်း၊ အိမ်များ ဆောက်လုပ်ခြင်း၊ စုစည်းခြင်းနှင့် တိရစ္ဆာန်ကျောင်းခြင်း အစရှိသည့် အရာများကို သင်ယူခဲ့သည်။ ရှန်က လူသားများအား မျိုးနွယ်များအဖြစ် ခွဲကာ သူတို့ကို ကောင်းမွန်စွာ စီမံနိုင်ဖို့အတွက် ခေါင်းဆောင်များကိုပင် ရွေးချယ်ခဲ့သည်။ ထို့နောက် သူက သူ သိထားသမျှအရာများကို အားလုံးထံ သင်ကြားပေးခဲ့သည်။
ဝမ်ဝေ့ ရွေးချယ်သည့် ဒုတိယလူကမူ ဖူစစ်ဟု ခေါ်ဆိုပြီး သူက စစ်သည်တော်တစ်ယောက်၏ နှလုံးသားဖြင့် ချီးမြှင့်ခံထားရသည်။ ဖူစစ်က ကြမ်းတမ်းပြီး သူ့လူသားများကို ကာကွယ်ဖို့ သားရဲများနှင့် မကြာခဏ တိုက်ခိုက်လေ့ရှိသူဖြစ်၏။ သိပ်မကြာခင် သူက မျိုးနွယ်တစ်ခုလုံး၌ အကောင်းဆုံးအမဲလိုက်သမား ဖြစ်လာခဲ့သည်။
သူက ကြမ်းတမ်းသော်လည်း ဖူစစ်က စိတ်ထားကောင်းသူ တစ်ဦး ဖြစ်ပေသည်။ သူက သူ့ဟော်သဲ့လူသားများသည် အားနည်းကြောင်းနှင့် သူတို့ကို စွမ်းအားမြှင့်တင်ပေးနိုင်မည့် နည်းလမ်းကို အမြဲတမ်း စဉ်းစားနေလေ့ ရှိသည်။ သို့သော်လည်း သူက နည်းလမ်းကို ရှာမတွေ့ခဲ့ပေ။
ရှုကျင်းယောင်က လူသားမျိုးနွယ်ကို ကြည့်နေမိသည်။ သူမက ဖူစစ်ကို ကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့၏ နောက်ထပ် လှုပ်ရှားမှုကို ခန့်မှန်းမိလိုက်ကာ အနည်းငယ် စိုးရိမ်လာမိသည်။ ထို့ကြောင့် သူမ၏ နောက်အပြုအမူကမူ သူ့ကံကောင်းမှုတချို့ကို စတေးပြီး ပထမဦးဆုံး မကောင်းဆိုးဝါးနတ်ဘုရားဖြစ်သည့် ဖန်ကို စောစီးစွာ မွေးလိုက်ခြင်း ဖြစ်သည်။ ထိုသို့သောအပြုအမူက ဖန်၏ ဇစ်မြစ်ကို ပျက်စီးစေပြီး သူ့ပါရမီကို လျော့ကျသွားစေသော်လည်း သူက နောက်ပိုင်းတွင် ပြန်လည်ကာမိအောင် လုပ်ဆောင်နိုင်သည်။
ဝမ်ဝေ့ကလည်း အစီအစဉ်တစ်ခု ရှိထားလေ၏။ ထို့ကြောင့် သူ လုပ်ဖို့လိုအပ်သည့်အရာက အကောင်အထည်ဖော်ဖို့ရာသာ ဖြစ်၏။ ထို့ကြောင့် တစ်ရက်ကျ ဖူစစ်က အမဲလိုက်နေရင်း ကျားနှစ်ကောင်သည် စိတ်ဝိညာဉ် ဆေးပင်တစ်ခုအတွက် တိုက်ခိုက်နေသည်ကို တွေ့ခဲ့ရသည်။ သူက သူတို့ကို လေ့လာရင်းဖြင့် စိတ်ထဲ ရှင်းလင်းပြတ်သားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူက ကျား၏ ကြွက်သားများ၏ အသေးစိတ်လှုပ်ရှားပုံ၊ အသက်ရှူနှုန်းနှင့် သူတို့၏ ခွန်အားထုတ်ဖော်ပုံတို့ကို မြင်လိုက်ရသည်။
ဖူစစ်က ကျား၏ အသက်ရှူပုံတို့ကိုလည်း အတုခိုးခဲ့သည်။ ပထမဦးစွာ သူက တုံးအအဖြစ်နေသော်လည်း စက္ကန့်ပိုင်းနှင့်အမျှ သူက ထိုအပြုအမူများကို ကောင်းမွန်စွာ ကူးယူပြီး လူသားရုပ်ခန္ဓာနှင့် ကိုက်ညီအောင် ပြောင်းလဲခဲ့သည်။
ဝုန်း
ဝုန်း
သူ့ခန္ဓာကိုယ်ထဲ ကျယ်ပြောလှသည့် ဝိညာဉ်ချီ ပမာဏအမြောက်အများ စီးဝင်လာလေ၏။ သူ့အရှိန်အဝါက သိသိသာသာ တိုးမြင့်သွားသော်လည်း ဖူစစ်က သတိမထားမိပေ။ သူက ဆက်တိုက် လက်သီးချင်းထိုးကာ စီးချက်ကျစွာ အသက်ရှူနေလေသည်။ သူ့ခန္ဓာကိုယ်က ကြောက်မက်ဖွယ် အပူလှိုင်းတစ်ခု ထွက်ပေါ်လာပြီးသည့်နောက်တွင် အနီရောင်တိမ်တိုက်ကို ထွက်ပေါ်လာစေသည်။
ဝုန်း
ဖူစစ်က လက်သီးချက်တစ်ချက် ထိုးပြီးသည့်နောက်တွင် သစ်ပင်ဒါဇင်ချီကို ဖျက်ဆီးသွားနိုင်သည့် တုန်နှုန်းတစ်ခုကို ထုတ်လွှတ်လာသည်။ သူက ထိုမြင်ကွင်းကို အံ့ဩတကြီးကြည့်လိုက်၏။
“ဒါက ငါ လုပ်ခဲ့တာလား”
သူက သူ့အမဲလိုက်သမားများကို မေးလိုက်သည်။ သူတို့က ခေါင်းညိတ်ပြလိုက်ကြသည်။ ထိုအမဲလိုက်သမားများက ပင်ကိုလူသားများသည် သူတို့ထက် အားကောင်းကြောင်း သိထားသော်လည်း ထိုမျှအထိ မဟုတ်ခဲ့ပေ။ သူတို့က သက်ပြင်းချပြီး ဖူစစ်အား အားကျတကြီးဖြင့် ကြည့်လိုက်ကြသည်။
“ဟား ဟား ဟား မင်းတို့လည်း ဒီလိုစွမ်းအားမျိုး ရှိလာမှာဆိုတော့ ငါ့ကို အားကျဖို့ မလိုဘူး” ဖူစစ်က အပြုံးဖြင့် ကြေညာလိုက်သည်။