အားလုံးသူဌေးချင်ကျေးဇူးတွေ! ပါမောက္ခလီက တကယ်အံ့ဩစရာ! ၂
Vol. 37 Ch. 541
ချင်လင် ချင်းလင်ဓာတ်ခွဲခန်းရောက်သောအခါ လီခိုင်မှာ စမ်းသပ်ကိရိယာတချို့နှင့်ထျန်းမုထုံရှန်းကိုဓာတ်ခွဲနေပြီ။
ယူနီဖောင်းဝတ်ထားသောလူတချို့ကလည်း ကူညီပေးနေသည်။
ထိုလူများမှာ ချင်းလင်ဓာတ်ခွဲခန်းမှအသစ်ခန့်ထားသောသုတေသနသမားများပင်။
သူတို့အရင်တာဝန်က မြို့ရွာများတွင်စိုက်ထားသောချင်းလင်ဖရဲသီးများ၏ကြီးထွားမှုကိုစစ်ဆေးရသည်။
ယနေ့တွင် လီခိုင်၏လက်ထောက်များအဖြစ်လုပ်ကူနေကြသည်။
ထိုအကူများလည်း အလွန်စိတ်လှုပ်ရှားနေသည်။ဒီနေ့သူတို့ကူပေးနေတဲ့ပါမောက္ခလီခိုင်ရဲ့စမ်းသပ်မှုက ဘယ်လောက်အရေးကြီးလဲ သူတို့နားလည်သည်။ နိုင်ငံအဆင့်စမ်းသပ်မှုနှင့်အဆက်အစပ်ရှိနေသည်။
ပါမောက္ခလီခိုင်၏အကူသာဆိုသော်လည်း ကိုယ်တိုင်ကိုယ်ကျလုပ်နေရသလိုခံစားရသည်။
ပြီးရင် ပါမောက္ခလီခိုင်နဲ့ဆယ်လ်ဖီဆွဲပြီး သူတို့အခိုက်အတန့်များမှာတင်မည်။ သူတို့အရင်အပေါင်းအသင်းများ၊အတန်းဖော်များ သူတို့ကိုအားကျကုန်လိမ့်မည်။
ဘေးတွင်_
အကြီးအကဲရန်နှင့်ရှန်လီလည်း မာတီမီဒီယာကိရိယာများတပ်ဆင်နေသည်။
ပါမောက္ခရန်နှင့်ဝန်ကြီးလုမှာ လီခိုင်စမ်းသပ်နေသောရလဒ်ကိုကြည့်ချင်နေကြသည်။
ထျန်းမုထုံရှန်းကိုအများကြီးမျှော်လင့်ထားကြသည်။
တည်တည်ငြိမ်ငြိမ်ဖြစ်နေသူက ချင်လင်တစ်ယောက်တည်းသာ။
ဘာပဲဖြစ်ဖြစ် သူကရလဒ်သိပြီးသား။
ဂိမ်း၏ထျန်းမုထုံရှန်းမှာ စိတ်ဖိအားအပေါ်သက်ရောက်မှု +၁ ရှိသောကြောင့် တရုတ်သိပ္ပံအကယ်ဒမီကလိုချင်သောရလဒ်မျိုး သေချာပေါက်ရလိမ့်မည်။
''သူဌေးချင်!''
အကြီးအကဲရန်က ချင်လင်ကိုမြင်ပြီး ချက်ချင်းနှုတ်ဆက်သည်။
"ဥက္ကဌချင်!" ရှန်လီ။
လီခိုင်လည်း ချင်လင်ကိုလှည့်ကြည့်ပြီး စလိုက်သည်_
''ညီလေးချင်... မင်းက တကယ့်အချိန်ကောင်းကိုရွေးတတ်တာပဲ''
…
တရုတ်သိပ္ပံအကယ်ဒမီ_
ပါမောက္ခရန်နှင့်ဝန်ကြီးလုမှာ မာတီမီဒီယာရုံးခန်းထဲတွင် အသင့်စောင့်နေကြသည်။
သူတို့နှစ်ဦးနောက်တွင် သုတေသနသမားတချို့ရှိသည်။
သူတို့အားလုံးမှာ U31i ဆေးဝါးကိုလေ့လာနေသောသုတေသနသမားဖြစ်ပြီး တချို့က ထျန်းမုထုံရှန်းပျိုးထောင်ရာတွင်ပါဝင်လုပ်ကိုင်ဖူးကြသည်။ ဒီနေ့ သူတို့စိတ်ခံစားချက်များရောထွေးနေ၏။
မည်သို့ဆိုစေ ထျန်းမုထုံရှန်းပျိုးထောင်ရာတွင် သူတို့မတတ်နိုင်သောကြောင့် ဝန်ကြီးလုကပြင်ပအကူအညီရှာရသည်။
သို့ရာတွင် ပါမောက္ခလီခိုင်က ဒီလောက်အချိန်တိုအတွင်းမှာ ရလဒ်ထွက်မည့်ပုံရှိနေသည်။ ဒါသူတို့အပေါ်ရိုက်ခတ်မှုကြီးမားသဖြင့် ခံစားချက်များရောထွေးနေခြင်းပင်။
သူတို့ညံ့လွန်းသည့်ပုံမပေါက်အောင် ရလဒ်ကိုစံမမီဖို့မျှော်လင့်သလို၊ U31i ဆေးဝါးသုတေသနအောင်မြင်ပြီး သုတေသနနောက်တစ်ဆင့်တက်လှမ်းနိုင်ရန် ရလဒ်စံမီပါစေဟုလည်း မျှော်လင့်မိပြန်သည်။
''ဘာလို့အခုထိမချိတ်သေးတာလဲ?''
ဝန်ကြီးလုက မျက်မှောင်နည်းနည်းကြုတ်ပြီး မာတီမီဒီယာဖန်သားပြင်ကိုကြည့်လိုက်သည်။
''ဝန်ကြီးလု... စိတ်လှုပ်ရှားနေလား?''
ပါမောက္ခရန်ကမေးလိုက်သည်။
ဝန်ကြီးလုကဝန်ခံလိုက်၏_ ''နည်းနည်းပါ''
ဒီထျန်းမုထုံရှန်းကိုပျိုးထောင်ဖို့ ရံပုံငွေတွေဘယ်လောက်သုံးလိုက်ရလဲ?
စိတ်တော်တော်ဖိစီးနေတာ ဟုတ်ပြီလား? မဟုတ်ရင် ပြင်ပအကူအညီယူဖို့ စဉ်းစားပါ့မလား?
နောက်ပြီး ဒီတစ်ခါပါမောက္ခလီခိုင်ရဲ့ရလဒ်ကစံမီခဲ့ရင် အမြန်နှုန်းကဘယ်လောက်အံ့ဩစရာကောင်းလဲ? ဒီအပိုင်းမှာ ပါမောက္ခလီခိုင်ဘယ်လောက်တော်ကြောင်းသက်သေပြနေတာပဲ။
နောင်မှာအလားတူကိစ္စမျိုးကြုံရရင် သူပိုပြီးယုံကြည်ချက်ရှိလာလိမ့်မည်။ တရုတ်သိပ္ပံအကယ်ဒမီကမဖြေရှင်းနိုင်ရင် ပါမောက္ခလီခိုင်ကိုမေးမည်။
ပါမောက္ခလီခိုင်က သူ့ကိုကျောထောက်နောက်ခံပေးနိုင်သည်။
ထိုအချိန်တွင် မာတီမီဒီယာဖန်သားပြင်ပေါ်၌ပုံရိပ်ပေါ်လာသည်။
ဖန်သားပြင်ပေါ်တွင် အကြီးအကဲရန်ပေါ်လာပြီး_
''ဝန်ကြီးလု... ပါမောက္ခရန်... ကြားရလား?''
''ရှောင်ရန်... လိုရင်းပြောရအောင်''
ဝန်ကြီးလုကပြောလိုက်သည်_
''ကင်မရာကို ပါမောက္ခလီခိုင်ဘက်လှည့်လိုက်... သူစမ်းသပ်နေပြီလား?''
''စနေပါပြီ''
အကြီးအကဲရန်မှာ တုံ့ဆိုင်းမနေရဲ။ သူကပြောရင်းဆိုရင်း ကင်မရာကို ပါမောက္ခလီခိုင်နှင့်အကူများဘက်လှည့်လိုက်သည်။
ဝန်ကြီးလုနှင့်ပါမောက္ခရန်လည်း ပါမောက္ခလီခိုင်ကိုမြင်လျှင် အာရုံစိုက်လိုက်သည်။
အခုအားလုံးက ပါမောက္ခလီခိုင်ရဲ့စမ်းသပ်ရလဒ်အပေါ်မူတည်နေပြီ။
လိုအပ်ချက်မပြည့်မီခဲ့ရင် နောက်ဘယ်တော့မှထပ်လုပ်နိုင်မည်မသိ။
လီခိုင်မှာ သူ့လက်ထဲအရည်ဖန်ပြွန်ကိုင်ပြီး ဟိုရွှေ့ဒီရွှေ့လုပ်နေသည်။ သူလည်းနည်းနည်းစိတ်လှုပ်ရှားနေ၏။
ဘာပဲဖြစ်ဖြစ် သူတစ်လောကလုံးကိုလိမ်နေတာ သူအသိ၊ ပြီးတော့ ပြောင်ပြောင်တင်းတင်းကိုလိမ်နေတာ။
အခုအထူးမြေကြီးသက်ရောက်မှုကြောင့် ပထမအသုတ်ထျန်းမုထုံရှန်းမျိုးစိတ်ပြောင်း၍သာတော်တော့သည်။ ဒီတစ်ခေါက် ဒီတာဝန်ကိုလုံးဝအပြီးသတ်ချင်ပြီ။
သူ့မှာစာမေးပွဲဖြေနေသောကျောင်းသားတစ်ယောက်နှင့်တူနေသည်။ သူစာမေးပွဲအောင်ရင် အားလုံးအဆင်ပြေသွားလိမ့်မည်။
မဟုတ်ရင် ဒုတိယအကြိမ်ပြန်စိုက်နေရမည်။ အထူးမြေကြီးသက်ရောက်မှုရှိတဲ့ထျန်းမုထုံရှန်းဒုတိယအသုတ်ထွက်လာမယ့်အချိန်ရောက်ရင် စာတမ်းအတွက်အချက်အလက်အသစ်တွေစုဆောင်းဖို့ ထပ်ပြီးဦးနှောက်စား၊ အားကုန်ဦးမည်။
ဒါလူသားတစ်ယောက်လုပ်သင့်တာမျိုးလုံးဝမဟုတ်။
ထို့ကြောင့် ဒီတစ်ခါအောင်မြင်ပါစေဟုဆုတောင်းမိသည်။
ဒါမှ ဝန်ကြီးလုတို့က ဒါတွေထပ်မမေးတော့မှာ။
မဟုတ်ရင် တစ်ကြိမ်ထပ်လုပ်တိုင်း အသက်တစ်ခါတိုသလိုခံစားနေရမည်။
ထျန်းမုထုံရှန်းကိုစမ်းသပ်ဖို့ အချိန်သိပ်မကြာလိုက်။ နေ့ဝက်သာအချိန်ယူရသည်။ လက်ထောက်များ၏အကူအညီနှင့် လီခိုင်စမ်းသပ်ထားသောရလဒ်များထွက်လာသည်။
အကူတစ်ယောက်ကဝမ်းသာအားရနှင့်_
''ပါမောက္ခလီခိုင်... ခင်ဗျားရဲ့စမ်းသပ်မှုအောင်မြင်ပြီ... စိတ်ဖိအားအပေါ်သက်ရောက်မှုက စံသတ်မှတ်ချက်ထက်နှစ်ဆကျော်တယ်''
အကြီးအကဲရန်ကအသံကြားပြီး လီခိုင်ဆီချက်ချင်းပြေး၍ မျှော်လင့်ချက်အပြည့်နှင့်_
''ပါမောက္ခလီခိုင်... ဘယ်လိုအဖြေထွက်လဲ?''
''အင်း... စံသတ်မှတ်ချက်ထက်နှစ်ဆကျော်တယ်''
လီခိုင်လည်းပြုံးရွှင်နေသည်။ သူကပြောပြီးသည်နှင့် သက်ပြင်းခိုးချလိုက်၏။
ကံကောင်းလို့ စာတမ်းအတွက်အချက်အလက်အသစ်တွေထပ်စုစရာမလိုတော့။ ဒီတစ်ခါလွတ်လမ်းရတာ ကောင်းလိုက်တာ။ ရှိုးဝမ်နဲ့မတွေ့ရတာကြာပြီ။ သူမအငွေ့အသက်ကိုလွမ်းသလိုလို။
''နှစ်ဆ!''
အကြီးအကဲရန် မအံ့ဩဘဲမနေနိုင်တော့။
အကြာကြီးစမ်းသပ်နေတဲ့ တရုတ်သိပ္ပံအကယ်ဒမီတောင် ဒီလောက်မကောင်းဘူး။
ပါမောက္ခလီခိုင်က တစ်ခေါက်တည်းနဲ့ အာနိသင်နှစ်ဆတန်းရတယ်။
တရုတ်သိပ္ပံအကယ်ဒမီမာတီမီဒီယာရုံးခန်းထဲ၌...