ဝယ် ဝယ် ဝယ်ဖို့ပေး! အားလုံးအရည်အသွေးမြင့်ငါးတွေ!
Vol. 37 Ch. 543
ပါမောက္ခဟွမ်နှင့်ပါမောက္ခကျင်းမှာ ပါမောက္ခရန်၏စကားကြောင့် အာစေးမိနေသည်။
ထျန်းမုထုံရှန်းကြီးထွားချိန်စက်ဝန်းပြည့်ဖို့ နှစ်လလိုသေးသည်။ စိတ်ဖိအားအပေါ်သက်ရောက်မှုရှိမရှိစမ်းသပ်ချင်ရင်တောင် ထျန်းမုထုံရှန်းကြီးထွားချိန်ကိုစောင့်ရဦးမည်။
ပါမောက္ခရန်က ထျန်းမုထုံရှန်းအပင်ဖြစ်ပြီး စမ်းသပ်ထားပြီးပြီလို့ပြောနေတာလား?
မဖြစ်နိုင်ဘူး!
ပါမောက္ခဟွမ်နှင့်ပါမောက္ခကျင်းအံ့ဩနေသည်ကို ပါမောက္ခရန်နားလည်သည်။ သူကသက်ပြင်းချလိုက်ပြီး_
''ဒီလိုသီးနှံမျိုးစိတ်သုတေသနမှာ ပါမောက္ခလီခိုင်ကပိုပြီးအတွေ့အကြုံရှိတယ်... သူစမ်းသပ်တဲ့ထျန်းမုထုံရှန်းတချို့က မျိုးစိတ်ပြောင်းလဲသွားတယ်... တစ်လလောက်နဲ့အပင်ဖြစ်ပြီး စိတ်ဖိအားအပေါ်အာနိသင်က လိုအပ်တာထက်နှစ်ဆရှိနေတယ်''
ကြားလိုက်ရသောသတင်းကြောင့် ပါမောက္ခဟွမ်နှင့်ပါမောက္ခကျင်းမှင်တက်သွားသည်။
ပါမောက္ခဟွမ်မှာ ပါးစပ်အဟောင်းသားနှင့် ဘာပြောရမှန်းမသိ။ ခဏအကြာမှ သူက_
''အံ့ဩစရာပဲ!''
''ပါမောက္ခလီခိုင်... ခင်ဗျားကတော့ သဘာဝလွန်ပဲ!''
ပါမောက္ခကျင်းက မျက်စိအဝိုင်းသား။
''နည်းနည်းလွန်တာတော့ အမှန်ပဲ''
ပါမောက္ခရန်ကထောက်ခံလိုက်သည်။
လူတိုင်းသာ ဒီလိုပျိုးထောင်စမ်းသပ်နိုင်ရင် ကန္တာရအစီအစဉ်အောင်မြင်တာကြာပေါ့။ ဆယ်နှစ်လောက်ဆို မားစ်ဂြိုလ်ကိုပြောင်းနိုင်လောက်ပြီ။
ပါမောက္ခရန်လည်း သူတို့နှစ်ဦးကိုသတင်းပေးပြီးဗီဒီယိုကောလ်ပိတ်လိုက်သည်။ ပါမောက္ခလီခိုင်အသေးစိတ်စမ်းသပ်ထားသောအချက်အလက်ကိုကြည့်ရဦးမည်။

ထို့ကြောင့် ဗီဒီယိုအဖွဲ့ထဲကျန်သော ပါမောက္ခဟွမ်နှင့်ပါမောက္ခကျင်းမှာ အချင်းချင်းကြည့်လိုက်ကြသည်။
''ထင်တဲ့အတိုင်း အလကားနာမည်ကြီးတယ်ဆိုတာမျိုးမရှိဘူးပဲ... ကျွန်တော် ပါမောက္ခလီခိုင်နဲ့ပြိုင်ချင်ခဲ့တာ... ဒါပေမဲ့ ရလဒ်ကဒီလိုလို့ဘယ်သူထင်မလဲ?''
ပါမောက္ခကျင်းက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
''ဘယ်လိုဖြစ်ဖြစ် ဒီတစ်ခါကိုယ့်အရှက်ကိုယ်ခွဲမိတာပဲ''
ပါမောက္ခဟွမ်က ထောက်ခံလိုက်သည်။
သူတို့နှစ်ယောက်မှာ ခဏစကားစမြည်ပြောပြီး အဖွဲ့ထဲမှထွက်လိုက်သည်။
ပါမောက္ခကျင်းကဖုန်းထုတ်၍ စမ်းသပ်စိုက်ခင်းထဲမှထျန်းမုထုံရှန်းပျိုးပင်များကိုကြည့်လိုက်သည်။ သူကသက်ပြင်းချပြီး Wechat ဖွင့်၍ သူငယ်ချင်းများဆီစာပို့လိုက်သည်။
ဒီတစ်ခါ ပါမောက္ခလီခိုင်ကိုရှုံးနိမ့်ကြောင်း ကျေကျေနပ်နပ်လက်ခံလိုက်ပြီ!
ထိုစာတင်ပြီးပြီးချင်း ပါမောက္ခဟွမ်က like ပေးပြီးမှတ်ချက်ရေးသည်။
(ပါမောက္ခဟွမ်: ငါလည်းရှုံးကြောင်းဝန်ခံတယ်... နောက်တစ်ခါကြိုးစားကြတာပေါ့!)
ပါမောက္ခကျင်း:
သိပ္ပံအဖွဲ့အစည်းထဲတွင် ပါမောက္ခဟွမ်နှင့်ပါမောက္ခကျင်းတို့လိုလူများမှာ မိတ်ဆွေအများဆုံးပင်။
သီးနှံမျိုးစိတ်ပျိုးထောင်သည့်အပိုင်းတွင် ဒီပါမောက္ခနှစ်ဦးမှာ ကျွမ်းကျင်သူတွေမှန်းလူတိုင်းသိကြသည်။ အခုဒီပါမောက္ခနှစ်ဦးစလုံးက တစ်ယောက်တည်းကိုရှုံးနိမ့်ကြောင်းဝန်ခံလိုက်ခြင်းမှာ အာရုံစိုက်စရာဖြစ်နေသည်။
နောက်ပြီး လတ်တလောနာမည်ကြီးနေသောပါမောက္ခလီခိုင်ကိုလည်း အားလုံးအသိ။
ထိုစာမြင်လျှင် မမေးဘဲမနေနိုင်၍ မှတ်ချက်ရေးကြ၏:
''ကြည့်ရတာ ကြီးကြီးမားမားဖြစ်ထားပုံပဲ!''
''ပါမောက္ခတို့... ပါမောက္ခလီခိုင်ဘာဖြစ်လို့လဲ?''
''ဒီတစ်ခါ ပါမောက္ခလီခိုင်ဘာလုပ်လိုက်တာလဲ?''
“…”
ပါမောက္ခကျင်းမှာ ပွင့်ပွင့်လင်းလင်းနေတတ်သူဖြစ်၍ ဘာမှဖုံးကွယ်မထား၊ ချက်ချင်းပြန်ဖြေသည်_
''အာ... ကျွန်တော် တရုတ်သိပ္ပံအကယ်ဒမီရဲ့နိုင်ငံတော်အဆင့်စမ်းသပ်မှုတစ်ခုမှာ ပါမောက္ခဟွမ် ပါမောက္ခလီခိုင်နဲ့ ကူညီလုပ်ဆောင်ခဲ့တယ်... ကျွန်တော် ပါမောက္ခနှစ်ယောက်နဲ့ပြိုင်ချင်ခဲ့တာ... ဒါပေမဲ့ ပါမောက္ခလီခိုင်နောက်မှာ ဒီလောက်ပြတ်ကျန်ခဲ့မယ်လို့ ဘယ်ထင်မလဲ''
ပါမောက္ခဟွမ်ကလည်း တသံတည်းပြန်ဖြေသည်_
''ကျုပ်လည်း ပါမောက္ခလီခိုင်နောက်ကျန်ခဲ့တာ... တစ်ယောက်ယောက်ကိုဒီလောက်လေးစားမိတာ ဒါပထမဆုံးပဲဗျာ''
ဒီတစ်ကြိမ် သိပ္ပံအဖွဲ့အစည်းထဲမှလူများလန့်ကုန်သည်။
အင်တာနက်ပေါ်တွင် ပါမောက္ခလီခိုင်အကြောင်းသတင်းတွေပွနေသဖြင့် အံ့ဩစရာကောင်းသူမှန်းသိထားသော်လည်း အခုဘယ်လိုအံ့ဩစရာကောင်းမှန်းထပ်သိလိုက်ရသည်။
ပါမောက္ခဟွမ်နှင့်ပါမောက္ခကျင်းမှာ မျိုးစိတ်ပျိုးထောင်ရေးသုတေသနတွင်နာမည်ကြီးသော ထိပ်တန်းပညာရှင်များဖြစ်သည်။
ပါမောက္ခလီခိုင်က တရုတ်သိပ္ပံအကယ်ဒမီမှာတစ်ခေါက်ဝင်ကူလိုက်ရုံနဲ့ ဒီပါမောက္ခနှစ်ဦးကိုရှုံးကြောင်းဝန်ခံအောင်လုပ်နိုင်တယ်ဆိုတော့ အံ့ဩစရာမကောင်းလွန်းဘူးလား?
အရင်က တရုတ်ပြည်တွင် မျိုးစိတ်ပျိုးထောင်ရေးအပိုင်း၌ ပါမောက္ခဟွမ်နှင့်ပါမောက္ခကျင်း ဘယ်သူသာလဲပြောရခက်သည်။ သို့သော် ယခုဦးဆောင်သူဆိုလျှင် ပါမောက္ခလီခိုင်ဖြစ်လိမ့်မည်။

ထိုလန့်လောက်စရာသတင်းမှာ သိပ္ပံသုတေသနအဖွဲ့ထဲတွင် အတောင်ပေါက်သလိုလျင်မြန်စွာပြန့်သွားသည်။ အချိန်တိုအတွင်း သိပ္ပံသုတေသနအဖွဲ့၏ထက်ဝက်ကျော် သိသွားကြသည်။
အထူးသဖြင့် နာမည်ရှိသူတချို့က တရုတ်သိပ္ပံအကယ်ဒမီကိုမေးမြန်းပြီး သတင်းမှန်ကြောင်းသိရသဖြင့် ချက်ချင်းပါမောက္ခလီခိုင်၏နေရာကိုအတည်ပြုလိုက်ကြသည်။
လီခိုင်က ဒါတွေဘာမှမသိ။ သူ့မှာသိုင်းလောကထဲခြေတောင်မချရသေးဘဲ နေရာတကာသူ့အကြောင်းက ဒဏ္ဍာရီဖြစ်နေလေပြီ။
…
မျက်စိတစ်မှိတ်တစ်တွင်း နှစ်ရက်ကုန်လွန်သွားသည်။
ချင်းလင်စံအိမ်ထဲ၌ ချင်လင်မှာရုံးခန်းထဲထိုင်၍ ဒီနေ့ပြန်ပေါ်သောငါး ၃၅ ကောင်ဖမ်းပြီးရုံရှိသေး လီခိုင်ကရှန်လီကိုခေါ်ပြီး ရုံးခန်းထဲရောက်လာသည်။
''အစ်ကိုလီ... ခင်ဗျားတို့ဘာလုပ်နေတာလဲ?''
ချင်လင်က သူတို့နှစ်ဦးကိုဇဝေဇဝါနှင့်ကြည့်လိုက်သည်။
''ညီလေးချင်... မင်းလက်မှတ်ထိုးရမယ့်စာဖိုင်တစ်ခုရှိတယ်''
လီခိုင်ကပြောပြောဆိုဆို စာဖိုင်လှမ်းပေးသည်။
ချင်လင်ကစာဖိုင်ယူ၍ အကြောင်းအရာကိုဖတ်ပြီးလျှင် ဇဝေဇဝါနှင့်မေးလိုက်သည်_
''ပါမောက္ခအကဲဖြတ်စာတမ်း... တရုတ်သိပ္ပံအကယ်ဒမီအကဲဖြတ်မှတ်ချက်... အစ်ကိုလီ... ဒီစာတမ်းပေါ်မှာ ကျွန်တော့်လက်မှတ်လိုတာ သေချာရဲ့လား?''
ဒါအစ်ကိုလီရဲ့ပါမောက္ခတစ်ယောက်အနေနဲ့အကဲဖြတ်စာတမ်း၊ ပြီးတော့ တရုတ်သိပ္ပံအကယ်ဒမီက၊ ဒါအဆင့်အမြင့်ဆုံးအကဲဖြတ်ချက်ဖြစ်နိုင်တယ် ဟုတ်လား?
ဒါပေမဲ့ ဒါတရုတ်သိပ္ပံအကယ်ဒမီက အစ်ကိုလီကိုပေးတာဆိုတော့ သူဘာမှလက်မှတ်ထိုးစရာမလို။
တစ်ဖက်မှာ အစ်ကိုလီကလည်း အရင်ကတွဲဖက်ပါမောက္ခ၊ အခုဆို တကယ့်ပါမောက္ခလို့သတ်မှတ်လို့ရနေပြီ။
''အားယား... မှားယူလာတာ''
လီခိုင်ကဘာဖြစ်နေလဲ သဘောပေါက်သွားပုံရသည်။ သူကပါမောက္ခအကဲဖြတ်စာတမ်းကိုပြန်သိမ်းပြီး သူ့အိတ်ကပ်ထဲမှခေါက်ထားသောစာရွက်ကိုထုတ်လိုက်သည်။
“???”
ချင်လင်က သူ့ပုံစံကိုမယုံသင်္ကာနှင့်ကြည့်နေသည်။
သူဘာလို့ ဒီအစ်ကိုလီက အကဲဖြတ်စာတမ်းကိုတမင်သက်သက်လာပြသလိုခံစားနေရပါလိမ့်!
သူကြောင်သွားသည်။ သူ့ကိုပါမောက္ခလို့ပြောလိုက်မိသလား?
ချင်လင်၏အကြည့်ကို လီခိုင်ကသတိထားမိပြီး အမြန်ရှင်းပြသည်_
''အင်း... ညီလေးချင်... ငါ့ကိုအဲလိုမကြည့်နဲ့... ငါတမင်မှားယူလာတာမဟုတ်ဘူး''