ဝယ် ဝယ် ဝယ်ဖို့ပေး! အားလုံးအရည်အသွေးမြင့်ငါးတွေ! ၂
Vol. 37 Ch. 544
''ဝန်ခံပါတယ်''
ချင်လင်က လီခိုင်လက်ထဲမှစာရွက်ကိုလှမ်းယူရင်း စလိုက်သည်။ တစ်ချက်ကြည့်ပြီး သူအံ့ဩသွားကာ_
''တရုတ်သိပ္ပံအကယ်ဒမီရဲ့ပထမအသုတ်ရံပုံငွေက ယွမ် ၅ သန်းလား?''
''ဥက္ကဌချင်... နိုင်ငံတော်အဆင့်အကူစမ်းသပ်မှုက အများကြီးမရှိပါဘူး... ပြီးတော့ ဒါပထမဆုံးပဲရှိပါသေးတယ်''
ရှန်လီကချက်ချင်းရှင်းပြသည်_
''ပုံမှန်အခြေအနေအတိုင်းဆို ယွမ် ၅ သန်းက ပျိုးထောင်စမ်းသပ်မှုကိုကူညီဖို့မလောက်ပါဘူး... ဓာတုတက္ကသိုလ်က ရံပုံငွေထပ်ဖြည့်ပေးရပါတယ်''
''ဘာပဲဖြစ်ဖြစ်... တရုတ်သိပ္ပံအကယ်ဒမီက ပြင်ပအကူအညီရှာခဲပါတယ်... ပါမောက္ခလီခိုင်ထွက်လာတဲ့ရလဒ်ကမြန်လွန်းနေလို့ အံ့ဩစရာကောင်းနေတာပါ... တရုတ်သိပ္ပံအကယ်ဒမီက အံ့ဩမဆုံးဖြစ်နေဦးမှာပါပဲ''
ရှန်လီပြောတဲ့အဓိပ္ပါယ်ကို ချင်လင်အကြမ်းဖျင်းသဘောပေါက်လိုက်သည်။
နိုင်ငံတော်အဆင့်စမ်းသပ်မှုမှာ အပြီးသတ်ဖို့မလွယ်။ နိုင်ငံတော်အဆင့်စမ်းသပ်မှုတစ်ခုကို သန်းရာချီ ဒါမှမဟုတ် ဘီလီယံဆယ်ချီတောင်ကုန်ကျနိုင်သည်။
ဥပမာ ဒီတစ်ခေါက်စမ်းသပ်ပျိုးထောင်မှုအတွက် သူသာဂိမ်းမျိုးစေ့မထုတ်ခဲ့ရင် ဒီလောက်မြန်မြန်နှင့်ပြီးဖို့မဖြစ်နိုင်။ အစ်ကိုလီအတွက် အထူးမြေကြီးသက်သက်နှင့်တောင်မရ။ ယွမ် ၅ သန်းနေနေသာသာ၊ ၁၀၊ ၂၀၊ ဒါမှမဟုတ် ၃၀ ဆိုရင်တောင် မလောက်ပေ။
အခု ဂိမ်းထဲမှထျန်းမုထုံရှန်းမျိုးစေ့ထုတ်ခဲ့သောကြောင့်သာ စမ်းသပ်မှုရလဒ်က တစ်ထိုင်တည်းပြီးသွားခြင်းဖြစ်သည်။
အစ်ကိုလီက တန်ဖိုးကြီးပါဝင်ပစ္စည်းများသုံးပြီး အပင်အားဖြည့်ဆေးရည်ထုတ်ခဲ့ရင်တောင် လွန်ရောကျွံရော ယွမ် ၅၀၀၀၀၀ လောက်သာကျမည်။
တရုတ်သိပ္ပံအကယ်ဒမီ၏ပထမအသုတ်ရံပုံငွေမှာ ယွမ် ၄.၅ သန်းကျန်သေးသည်။
ရှန်လီလည်းပြုံးလိုက်ပြီး_
''ဒီနိုင်ငံတော်အဆင့်ပျိုးထောင်စမ်းသပ်မှုက ရလဒ်ထွက်နေပြီ... ပထမအသုတ်ရံပုံငွေ ၅ သန်းမှာ ၄.၅ သန်းကျန်သေးတယ်... ဒီလိုအဖြစ်မျိုး ပါမောက္ခလီခိုင်မှာပဲရှိမှာစိုးတယ်''
ချင်လင်က သူ့လက်ထဲမှစာရွက်ကိုကြည့်ရင်း ဇဝေဇဝါနှင့်မေးလိုက်သည်_
''ဥက္ကဌရှန်... ရံပုံငွေပြန်မပေးလို့ဖြစ်ပါ့မလား?''
လီခိုင်၏စာရွက်တွင် ရံပုံငွေကိုအကုန်သုံးထားသည်။
ရှန်လီကရှင်းပြ၏_
''ဥက္ကဌချင်... ဒီငွေကိုနောက်ဆုံး တရုတ်သိပ္ပံအကယ်ဒမီနဲ့ရှင်းရမှာ... ဒါပေမဲ့ ပြန်ပေးရင် စည်းမျဉ်းဖောက်ဖျက်ရာကျတယ်... ကျွန်တော်တို့ကိစ္စမှာ ကျွန်တော်တို့ကရလဒ်ကြိုထုတ်ပေးတာ... သိပ္ပံသုတေသနအဖွဲ့အစည်းတစ်ခုလုံးမှာ ပိုလျှံရံပုံငွေအတွက် ထုတ်မပြောတဲ့စည်းမျဉ်းတွေရှိတယ်''
''ထုတ်မပြောတဲ့စည်းမျဉ်းတွေ?''
ချင်လင်အံ့ဩသွားသည်။
''အဲဒါတစ်နည်းပြောရရင် သုတေသနအဖွဲ့အတွက် ချီးမြှင့်တာပဲ''
လီခိုင်ကရှင်းပြသည်_
''များသောအားဖြင့် သုတေသနလုပ်ငန်းတစ်ခုစောစောပြီးသွားရင် ပိုလျှံရံပုံငွေရှိတယ်... စမ်းသပ်နေတဲ့ယူနစ်ကို စာရင်းမရှင်းရသေးခင် ဝယ်ပြီးရင်းဝယ်မယ်... ရံပုံငွေကိုတတ်နိုင်သလောက်သုံးပစ်မယ်''
''ဒီသုံးလိုက်တဲ့ငွေက လုပ်ငန်းနဲ့တစ်နည်းတဖုံတော့ ဆက်စပ်နေရမှာပေါ့... မင်းကပစ္စည်းတွေသယ်ဖို့ Audi ကားတစ်စီးဝယ်လိုက်တယ်ဆိုရင်တောင် အဆင်ပြေတယ်''
''ဒီတော့ ငါ့ရဲ့ပျိုးထောင်စမ်းသပ်မှုအတွက် အပူချိန်နိမ့်စမ်းသပ်စိုက်ခင်းတစ်ခုလိုတယ်... ဒီစမ်းသပ်စိုက်ခင်းအတွက် ၄.၅ သန်းသုံးလိုက်တာ ပြဿနာမရှိဘူး ဟုတ်တယ်မလား?''
''ဘယ်လိုပဲဖြစ်ဖြစ်... ထျန်းမုထုံရှန်းအတွက်စာရင်းမရှင်းရသေးခင် ရံပုံငွေအားလုံးသုံးလိုက်ရင် အဆင်ပြေတယ်''
''နားလည်ပါပြီ''
လီခိုင်နှင့်ရှန်လီပြောတာ အဓိပ္ပါယ်ရှိသည်ဟု ချင်လင်ထင်သည်။
ဘာပဲဖြစ်ဖြစ် ရံပုံငွေကိုကိုယ်ပိုင်အတွက်သုံးစွဲနိုင်သူတွေက စီမံချက်မှာတာဝန်ပြီးမြောက်ထားသူတွေဖြစ်ရမည်။ အမြဲရံပုံငွေပြတ်လပ်ပြီး ဆက်လက်လျှောက်ထားသူတွေနှင့်စာလျှင် စိတ်ကူးတည့်ရာသုံးနိုင်သူတွေကိုချီးကျူးသင့်သည်။
ဥပမာဆိုရသော် ဒီတစ်ခေါက် အစ်ကိုလီက ပျိုးထောင်စမ်းသပ်ခြင်းမှရသောရံပုံငွေယွမ် ၅ သန်းထဲမှ ကျန် ၄.၅ သန်းကို သုံးပြီးရင်းသုံးပစ်လိုက်သည်။
တခြားတစ်ယောက်သာဆိုရင် ယွမ် ၅ သန်းမှ ၁၀ ဒါမှမဟုတ် ၂၀ အထိ ရလဒ်မရသေးဘဲရှိနိုင်သည်။
ဒီလိုဆိုရင် တရုတ်သိပ္ပံအကယ်ဒမီက သူ့ကိုပဲပေးမှာပေါ့!
ဒီလိုထုတ်မပြောတဲ့စည်းမျဉ်းမျိုးက သိပ္ပံပညာဆရာ့ဆရာကြီးများအတွက်အထူးအခွင့်အရေးလည်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သိပ္ပံဆရာကြီးများမှာသာ သုံးပြီးရင်းသုံးခွင့်ရှိသည်လေ။
စာရွက်အကြောင်းနားလည်ပြီး ချင်လင်သက်ပြင်းချလိုက်သည်။ ဘာပဲဖြစ်ဖြစ် ရံပုံငွေကိုတရုတ်သိပ္ပံအကယ်ဒမီဆီပြန်အပ်မည်မဟုတ်သောကြောင့် ချင်းလင်ဓာတ်ခွဲခန်းအတွက်အပူချိန်နိမ့်သီးနှံစိုက်ခင်းလုပ်ရန်ချန်ထားမည်။
ချင်လင်လက်မှတ်ထိုးထားသောစာရွက်ရလျှင် လီခိုင်မျက်နှာဝင်းလက်သွားသည်။
ဒီအပူချိန်နိမ့်စိုက်ခင်းက သူ့အပူချိန်နိမ့်မျိုးစိတ်သုတေသနစမ်းသပ်မှုအတွက်ပဲပေါ့။
ဒီအတောအတွင်း အပြင်လောကကလူတွေ သူ့ကိုချီးကျူးနေကြသော်လည်း သူနှင့်ဘာမှမဆိုင်မှန်းသိသည်။ အားလုံးက အတုအယောင်တွေချည်း။
အခု ဒီချီးကျူးစကားတွေကြောင့် တရုတ်သိပ္ပံအကယ်ဒမီမှာ လုံးလုံးပါမောက္ခတစ်ဦးဖြစ်လာခဲ့ပြီ။
ဒါကြောင့်လည်း နာမည်ကြီးအောင် လောကကြီးကိုလှည့်စားနေသလိုပိုခံစားရပြီး စိတ်ဖိအားကြီးမားလာသည်။
ထို့ကြောင့် အပူချိန်နိမ့်မျိုးစိတ်စမ်းသပ်မှုဘက်ပြန်လှည့်ရန် သူစိတ်အားထက်သန်နေသည်။
ချင်လင်ရဲ့ရာသီမရွေးစိုက်နိုင်တဲ့ဖရဲသီးနဲ့ဆို သုတေသနရလဒ်မထွက်နိုင်ဘူးဆိုတာ သူမယုံ။
ဒါကမှသူ့ကိုယ်ပိုင်ရလဒ်စစ်စစ်၊ အနည်းနဲ့အများတော့ သူ့ကိုယ်ကိုယ်ယုံကြည်မှုပေးနိုင်လိမ့်မည်။
လီခိုင်ကထိုအကြောင်းတွေးရင်း ရှန်လီဆီစာရွက်ပေးကာ_
''ဥက္ကဌရှန်... ဒီအပူချိန်နိမ့်စမ်းသပ်စိုက်ခင်းကိုမြန်မြန်လုပ်ဖို့ ခင်ဗျားကိုဒုက္ခပေးရမှာပဲ''
''အင်း... စိတ်မပူပါနဲ့... ပါမောက္ခလီ''
ရှန်လီခေါင်းညိမ့်လိုက်သည်။
ချင်လင်မှာ အပူချိန်နိမ့်စိုက်ခင်းကိုဖတ်ပြီးကတည်းက အစ်ကိုလီ အပူချိန်နိမ့်မျိုးစိတ်စမ်းသပ်မှုအတွက်လုပ်နေသည်ဟုခန့်မှန်းမိသည်။
နောက်ပြီး အခုအစ်ကိုလီကစိတ်ပိုင်းဖြတ်ထားပုံရသောကြောင့် အစ်ကိုလီရဲ့စမ်းသပ်မှုအောင်မြင်ဖို့ သူမျှော်လင့်မိသည်။
မျက်စိတမှိတ်အတွင်း ရက်ပိုင်းကုန်လွန်သွားပြီး ထျန်းမုထုံရှန်းတစ်သုတ်လည်း ကြီးထွားလာကာ ပျိုးထောင်ခြင်းနှင့်အပင်စိုက်ခြင်းအဆင့်ထဲရောက်လာသည်။
ရှန်လီက လက်ကျန်ယွမ် ၄.၅ သန်းကို ထျန်းမုထုံရှန်းပျိုးထောင်ရန်အတွက် လိုအပ်သောစမ်းသပ်စိုက်ခင်းဟုခေါင်းစဉ်တပ်၍ အချိန်တိုအတွင်းသုံးပစ်လိုက်သည်။
ထိုအတောအတွင်း ချင်လင်ဆီ ငါးပြတိုက်မန်နေဂျာလင်းရွှမ်ဆီမှဖုန်းဝင်လာ၍ ငါးပြတိုက်ရောက်သွားသည်။
ငါးပြတိုက်မှာ အရင်နှင့်စာလျှင် အတော်လေးပြောင်းလဲသွားသည်။ ရေထဲရှိရေမှော်ပင်မျိုးစုံကို မှန်မှတဆင့်မြင်နေရသည်။ အနေအထားအတွက်အထူးကျောက်တုံးတချို့နှင့် ငါးပြတိုက်သုံးရေအောက်မီးချောင်းတချို့လည်းရှိသည်။
ငါးမရှိသည်မှလွဲ၍ ရေအောက်ကမ္ဘာဖြစ်နေလေပြီ။
သူ့ကိုမြင်လျှင် လင်းရွှမ်အပြေးရောက်လာပြီး_
''သူဌေး... ငါးပြတိုက်ရဲ့တခြားကဏ္ဍတွေ အပြည့်အစုံပြင်ဆင်ထားပါပြီ... သူဌေးရဲ့အလှမွေးငါးတွေရောက်ဖို့ပဲရှိပါတော့တယ်''
''ဟုတ်ပြီ... သိပြီ''
ချင်လင်ကငါးပြတိုက်မှထွက်ပြီး ကျောက်မိုချင်းရုံးခန်းသွား၍ အလှမွေးငါးအကြောင်းပြောပြလိုက်သည်။ ထို့နောက် မင်မြို့တော်သို့ထွက်လာခဲ့သည်။