← Chapters

သိန်းချီဖီးနစ်သရဖူနှင့်တော်ဝင်ဝတ်စုံ! နေရာအသစ်ပွင့်ပြီ! ၂

Vol. 37 Ch. 554

သိန်းချီဖီးနစ်သရဖူနှင့်တော်ဝင်ဝတ်စုံ! နေရာအသစ်ပွင့်ပြီ! ၂

Vol. 37 Ch. 554

သူတွေးတောနေစဉ် တံခါးခေါက်သံကြားရသည်။ ငါးပြတိုက်မှူး လင်းရွှမ်ပင်။

လင်းရွှမ်ကဝင်ဝင်ချင်း ချင်လင်ကိုစာဖိုင်တစ်ခုပေးပြီး အစီရင်ခံသည်_

''သူဌေး... ပြောစရာနှစ်ခုရှိပါတယ်... တစ်ခုက ကျွန်မဦးလေးအလုပ်စဝင်နေပါပြီ... အဲဒါကြောင့် အလှမွေးငါးသားဖောက်ဖို့ ပစ္စည်းကိရိယာတွေဝယ်ရပါမယ်... နောက်တစ်ခုက ကွိုင်ငါးပူဖောင်းအကြောင်းပါ''

''စောစောက ကျွန်မဒင်္ဂါးပြားကိုစိမ်ပြီးကိုက်ကြည့်မလို့ပဲ... ကျွန်မအထင် ဘယ်လောက်ပဲပိုးသတ်သတ် ဒင်္ဂါးပြားပေါ်မှာဘက်တီးရီးယားတော့ ရှိနေမှာပါ... အဲဒါကြောင့် ကျွန်မတွေးမိတယ်... ငါးပြတိုက်သက်သက်သုံးဖို့ဒင်္ဂါးလုပ်ပြီး ပိုးသတ်ထားရင်ရော?''

''ဒင်္ဂါးမှာ ပူဖောင်းပုံကိုသေချာထည့်မယ်... ရေကန်အောက်ခြေမှာ ဒင်္ဂါးတွေများလာရင် ဒင်္ဂါးတွေကိုထုတ်ပြီး ငါးပြတိုက်အမှတ်တရအဖြစ်ရောင်းလို့ရတယ်... ဒါအရမ်းထူးခြားပြီး အဓိပ္ပါယ်ရှိတဲ့ကြော်ငြာဖြစ်လိမ့်မယ်''

''ဒါရိုက်တာလင်း... လုပ်ကြည့်လို့ရပါတယ်... ဒါပေမဲ့ အလုပ်ဖြစ်မဖြစ်တော့မပြောတတ်ဘူး''

ချင်လင်က သူ့စိတ်ကူးကိုနားထောင်ပြီး သက်ပြင်းချလိုက်သည်။

သူဒါကိုမတွေးမိဘူး။

ဂိမ်းမှတ်ချက်မှာ ဒင်္ဂါးတဲ့၊ ဒါပေမဲ့ ဘယ်လိုဒင်္ဂါးမျိုးလို့ တိတိကျကျမသတ်မှတ်ထားဘူးမလား?

ဒီနည်းလမ်းအလုပ်ဖြစ်ရင် ငါးပြတိုက်ဝင်ငွေတစ်မျိုးတိုးရုံသာမက ငါးပြတိုက်လက်ဆောင်အဖြစ်ပါပေးနိုင်သည်။ အတော်လေးအဓိပ္ပါယ်ရှိသည်။

''ဒါဆိုရင် ကျွန်မအခုဒီကိစ္စအကောင်အထည်ဖော်လိုက်ပါမယ်''

ချင်လင်ဆီမှအကြောင်းပြန်ရပြီး လင်းရွှမ်လည်းတက်တက်ကြွကြွနှင့်ထွက်သွားသည်။

ကုမ္ပဏီအသစ်မှာအလုပ်စလုပ်ခါစ၊ အားလုံးက အမြန်ဆုံးလုပ်ပြချင်ကြသည်။

လင်းရွှမ်ထွက်သွားပြီးနောက် ချင်လင်ကသူ့စိတ်ထဲမှဖန်သားပြင်ကြည့်ပြီး ဂိမ်းဇာတ်ကောင်ကို ဒီနေ့လုပ်စရာရှိသည်များလုပ်ခိုင်းလိုက်သည်။

အရင်ဆုံး တောင်တန်းထွက်ကုန်ကမရ။

သစ်ပင်ခုတ်သော်လည်း ဘာမှမရ။

ထို့နောက် ငါးမျှားသည်။

ဒီနေ့ငါး ၃၅ ကောင်တွင် စုစုပေါင်း အရည်အသွေး ၁ အလှမွေးငါး ၁၀ ကောင်နှင့် အရည်အသွေး ၂ သဘာဝငါး ၂၅ ကောင်ရသည်။





အရည်အသွေး ၂ အလှမွေးငါး၊ အထူးငါး ဘာမှမရ။

ဒီအရေအတွက်အရ အလှမွေးငါး ၁၀ ကောင်မှာပုံသေဖြစ်ပြီး အရည်အသွေး ၂ အလှမွေးငါးနှင့် အထူးငါးမှာ ကံအပေါ်သာမူတည်ကြောင်းသိနိုင်သည်။

ငါးအားလုံးကန်ထဲထည့်ပြီးနောက် ချင်လင်က ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးရေးခြံအိမ်ထဲဝင်စေလိုက်သည်။ TV တွင် TV အစီအစဉ်ရှိမရှိကြည့်လိုက်သည်။

ဒါသူ့အတွက် နေ့စဉ်တာဝန်တစ်ခုဖြစ်ပြီး ဂိမ်းပစ္စည်းများရဖို့ အလွယ်ဆုံးနည်းလမ်းလည်းဖြစ်သည်။

ဒီတစ်ကြိမ် TV ဖွင့်လိုက်သောအခါ ဇာတ်ကွက်စကားပြောပေါ်လာသည်:

(ဒီနေ့က 'ခမ်းခမ်းနားနားအဝတ်အစား'စျေးဝယ်အစီအစဉ်ဖြစ်ပါတယ်ရှင်... သံလွင်မြို့တော်မှာ နှစ်တိုင်း 'ခမ်းခမ်းနားနားအဝတ်အစား'ပွဲရှိပါတယ်... ဒီနှစ်ပွဲရဲ့ခေါင်းစဉ်က မင်္ဂလာပွဲပါ... ဒီနေ့လေလံတင်မှာကတော့ သံလွင်မြို့တော် 'ခမ်းခမ်းနားနားအဝတ်အစား'ပွဲရဲ့ချန်ပီယံဆုရှင်ဒီဇိုင်းဆွဲထားတဲ့ ထူးထူးခြားခြားအရှေ့တိုင်းမင်္ဂလာဝတ်စုံဖြစ်ပါတယ်ရှင်... သဘောကျနှစ်သက်သူ လူငယ်မိတ်ဆွေများ လေလံစတင်နိုင်ပါပြီ!)

TV တွင် စျေးဝယ်အစီအစဉ်ရှိနေသည်။

အဓိကအချက်က သံလွင်မြို့တော်မှာအဝတ်အစားဆက်ရောင်းနေခြင်းပင်။

အထူးသဖြင့် ဒီနေ့'ခမ်းခမ်းနားနားအဝတ်အစား'တွေရောင်းနေသည်။

သံလွင်မြို့တော်မှာ သင့်တော်တာရှိသေးတယ်ပေါ့?

အရင်ရောင်းတာတွေက မတော်တရော်တွေ။ ဘယ်သူမှမဝယ်မှာစိုး၍ သံလွင်မြို့တော်၏စီးပွားရေးအတွက် သူကအားပေးရသည်။

အခုတော့ အလေးအနက်ပစ္စည်းတွေလေလံတင်ရောင်းနေပြီ။ ဒါမျိုးတွေကို အနည်းနဲ့အများတော့ သူအသားမကျ။

Mr.Haruka ၏ပုံမှန်ပညာပေးရုပ်ရှင်များကြည့်နေကျဖြစ်လျှင် ရုတ်တရက် Mr.Haruka ၏သက်သတ်လွတ်အချစ်ဇာတ်ကားကိုကြည့်လိုက်ပါက နည်းနည်းအလိုမကျဖြစ်တတ်သလိုပင်။

သို့သော် TV အစီအစဉ်မှမင်္ဂလာဝတ်စုံကိုမြင်ပြီး ချင်လင်မျက်လုံးများအရောင်တောက်သွားသည်။

မင်္ဂလာဝတ်စုံမှာ ဖီးနစ်သရဖူနှင့်အနီရောင်တော်ဝင်ဝတ်ရုံဖြစ်နေသောကြောင့်ပင်။

ဒါကြောင့် ထူးခြားတဲ့အရှေ့တိုင်းဝတ်စုံလို့ခေါ်တာကိုး။





ဖီးနစ်သရဖူ၊ အနီရောင်ဝတ်ရုံနှင့် အနီရောင်ရှီလင်ဝတ်စုံမှာ ကျွန်ုပ်တို့တိုင်းပြည်တွင် အဆင့်အမြင့်ဆုံးမင်္ဂလာအဝတ်အစားဖြစ်မည်။

အမျိုးသား၊အမျိုးသမီးအတော်များများမင်္ဂလာဆောင်ရင် ဝတ်ချင်တဲ့ဝတ်စုံမျိုးဖြစ်နိုင်တယ်မလား?

ဖီးနစ်သရဖူနှင့်အနီရောင်ရှီလင်ဝတ်စုံအစစ်ကို မင်္ဂလာဆောင်အဝတ်အစားနှင့် လုံးဝမနှိုင်းသာ။ ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် ဖီးနစ်သရဖူနှင့်အနီရောင်ရှီလင်ဝတ်စုံအစစ်ကို သာမန်လူများမတတ်နိုင်။

မည်သို့ဆိုစေ ဖီးနစ်သရဖူနှင့်အနီရောင်ရှီလင်ဝတ်စုံမှာ အင်တာနက်ပေါ်မှ ယွမ် ၂၀၀၀ ကျော်တန်မဟုတ်။ ထိုအမျိုးအစားက ဖီးနစ်အဝတ်အထည်ပေါ်တွင် ရစ်ငှက်နှင့်တူနေသည်။

တကယ့်ခမ်းခမ်းနားနားလက်မှုပညာအစစ်မှာ ယွမ် ၂၀၀၀ ထက်အပုံကြီးသာသည်။ စိတ်တိုင်းကျလုပ်ထားသော ရွှေသားစစ်စစ်သရဖူနှင့် အဝတ်အထည်ပေါ်မှရွှေချည်မျှင်များ၏တန်ဖိုးမှာ ယွမ် ၁၀၀၀၀၀ ခန့်ရှိသည်။

အဓိကအချက်မှာ ထိုဖီးနစ်သရဖူနှင့်ဝတ်ရုံကို အစအဆုံးလက်နှင့်သာလုပ်ထားသောကြောင့် အချိန်အများကြီးပေးရသည်။

ရှေးခေတ်က ဧကရီဘုရင်မ၏ဖီးနစ်သရဖူနှင့်ဝတ်ရုံကိုအပြီးသတ်ရန် သုံးနှစ်အချိန်ယူရသည်ဟုဆိုကြသည်။ အဝတ်အစားပေါ်တွင် ရွှေချည်မျှင်ထိုးရသည့်အပြင် အမျိုးမျိုးသောအဆင်တန်ဆာများက အတော်လေးလက်ဝင်သည်။

ထိုစိတ်တိုင်းကျလုပ်ထားသော အမျိုးသမီးဝတ်၊ အမျိုးသားဝတ်အထည်များကိုသာ ဖီးနစ်၊ရှီလင်ဟူ၍သတ်မှတ်နိုင်သည်။

ဒီဂိမ်းထုတ်ကုန်က တကယ့်လက်ရာဆိုတာ ပြောစရာမလို။ နောက်ပြီး သံလွင်မြို့တော်က 'ခမ်းခမ်းနားနားအဝတ်အစား' ချန်ပီယံဆုရှင်ရဲ့ဝတ်စုံ။

ပိုအဓိကကျတာက ချန်ပီယံဆုရှင်၏ဝတ်စုံမှာ တကယ်လှခြင်းပင်။

2D ပုံသာဖြစ်သော်လည်း ဖီးနစ်သရဖူနှင့်အနီရောင်ရှီလင်ဝတ်စုံမှာ မျက်စိကိုဖမ်းစားနိုင်ဆဲ။

တစ်ခါက အမျိုးသမီးဇာတ်ဆောင်ရေပါးသရုပ်ဆောင်ထားသော မြေခွေးမိစ္ဆာ TV ဇာတ်လမ်းတွဲကို သူကြည့်ဖူးသည်။ လူ့လောကဧကရာဇ်နှင့်အတူ သူမဝတ်ထားသော ဖီးနစ်သရဖူနှင့်အနီရောင်ရှီလင်ဝတ်စုံမှာ အရမ်းကောင်းပုံရသည်။

ဂိမ်းထဲမှ 2D ပုံက TV ဇာတ်လမ်းတွဲထဲကထက် အများကြီးပိုကောင်းပုံပေါ်သည်။ ပစ္စည်းအစစ်မှာ ကြည့်ကောင်းသော၊ လက်ရာသေသပ်သော ထပ်တိုးအရည်အသွေးများ သေချာပေါက်ရှိလိမ့်မည်။

ချင်လင်မှာ ကျောက်မိုချင်းနှင့်မင်္ဂလာဆောင်ဓာတ်ပုံမရိုက်ရသေးသော​ကြောင့် အသည်းအသန်ဝယ်ချင်စိတ်ပေါက်သွားသည်။ ပန်းပင်လယ်အကျယ်ပြီးမှရိုက်ဖို့စီစဉ်ထား၏။

ဒါမျိုးဝတ်စုံ သူလိုနေသည်။

တခြားမင်္ဂလာဝတ်စုံတွေနဲ့ယှဉ်ရင် ဖီးနစ်သရဖူနဲ့ရှီလင်ဝတ်စုံက ပိုလှတယ်မလား?

ခြင်္သေ့လေးပေါ်မှာ အနီရောင်ပန်းကုံးကြီးချိတ်ဆွဲပြီးတော့လည်း စီးနိုင်သည်။

ဒါအရာရာထက်သာနေပြီဟုတ်?

ချင်လင်ကလက်နှေးမနေဘဲ ဝယ်မည်ကိုနှိပ်လိုက်သည်။ တန်ဖိုးပေါ်လာသောအခါ အလွန်စျေးကြီးသောကြောင့် ရင်ခံသွား၏။

ဒါပေမဲ့ နည်းနည်းစျေးကြီးလည်းရတယ်။ ဘာပဲဖြစ်ဖြစ် သူနဲ့ကျောက်မိုချင်းရဲ့တစ်သက်မှာတစ်ခါပဲဝတ်မယ့်အခွင့်အရေး!





All Chapters