တပည့်လက်ခံခြင်းအခမ်းအနား ၊ ဂိုဏ်းချုပ်
Vol. 1 Ch. 2
ဆုလာဒ်များမှာ မည်မျှဆွဲဆောင်မှုရှိစေကာမူ အဓိကတာ၀န်ဖြစ်စေ ၊ အရံတာ၀န်ဖြစ်စေ ပြီးမြောက်ရန်မလွယ်ကူချေ။
ပထမဦးစွာ အဓိကတာ၀န်ကိုပင်အရင်ကြည့်လိုက်ပါ။ ရွှမ်ယီတွင် တပည့်နှစ်ယောက်ရှိပြီး ပို၍ထူးချွန်သော လင်းဇီယင်သည်ပင် ချီအခြေခံတည်ဆောက်ခြင်းအဆင့် (2) တွင်သာရှိနေပြီး ၀မ်ဟူမှာ သာ၍အခြေအနေဆိုးပေသည်။ အခုမှ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(7) သာရှိသေး၏။ ထိုသူမှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့ ရောက်ရန်ပင်မသေချာချေ။
သို့သော် ရွှမ်ယီ၏ တွေ့ရှိချက်အရ တာ၀န်မှာ တပည့်ဖြစ်သူ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့အမှန်တကယ်ရောက်ရန် မလိုအပ်ပဲ ၎င်း၏တိုက်ခိုက်ရေးခွန်အားမှာ ထိုအဆင့်သို့ရောက်လျှင်ရပြီဖြစ်သည်။ ဤသည်မှာ သိပ်မကွာခြားဟန်တူသော်လည်း အလွန်ခြားနားလှ၏။
လူတစ်ယောက်၏ ခွန်အားမှာ ၎င်း၏ကျင့်ကြံမှုအဆင့်နှင့် တိုက်ရိုက်ဆက်နွယ်မနေပေ။ ထူးချွန်သောလူများအတွက် အဆင့်ကျော်တိုက်ခိုက်ခြင်းမှာ သာမန်သာဖြစ်၏။
လင်းဇီယီတွင် ယခင်က ဆရာမရှိခဲ့သော်လည်း အခုတွင် ရွှမ်ယီရှိနေပြီဖြစ်သည်။
သူမအား လှုပ်ရှားမှု တစ်ကွက် နှစ်ကွက်လောက်သင်ပေးလိုက်ပြီး အဆင့်မြင့်ဆေးလုံးအနည်းငယ်ပေးလိုက်ရန်သာလိုအပ်သည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ခိုက်ရေးခွန်အား တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲချေ။
“ အင်း…ဒီလိုဆိုတော့လည်း အဓိကတာ၀န်က သိပ်မခက်သလိုပါပဲ….”
“ ဒါပေမယ့် အရံတာ၀န်…အဲ့တာကတော့ မလွယ်ဘူး….”
ရွှမ်ယီ၏ အရံတာ၀န်မှာ ပါရမီရမှတ် 100 ကျော်ရှိသည့် တပည့်တစ်ဦးရှာဖွေရန်ဖြစ်သည်။
သို့သော် ပါရမီရမှတ် 100 ကျော်ရှိသည့် တပည့်တစ်ဦးရှာဖွေရန်မှာ လုံး၀မလွယ်ကူချေ။ ရွှမ်ယီသိသလောက် နက်နဲဓားဂိုဏ်း၏ ထိပ်ဆုံးအဆင့် 1 ပါရမီရှင်သည်ဖြစ်သော ပိုင်စီဆောင်သည်ပင်လျှင် ပါရမီရမှတ် 92သာရှိ၏။ အမှတ် 100 နှင့်ယှဉ်လျှင် ထိုသူပင် အနည်းငယ်လိုအပ်နေသေးသည်။
“ အခု လာမယ့်အခမ်းအနားပွဲက ငါ့ကိုစိတ်မပျက်စေဖို့ မျှော်လင့်တယ်….”
လက်ရှိတွင် သူ၏မျှော်လင့်ချက်များအားလုံး လာမည့် တပည့်လက်ခံပွဲအခမ်းအနားသို့ စုပြုံထားလိုက်သည်။
အဆင်မပြေပါက ရွှမ်ယီအနေဖြင့် တပည့်ရှာရန် ဂိုဏ်းမှ ခဏတာထွက်ခွာရပေလိမ့်မည်။
နက်နဲသောဓားဂိုဏ်း နှစ်စဉ်တပည့်လက်ခံခြင်းအခမ်းအနားမှာ ဤဒေသ၌ ကြီးကျယ်ခမ်းနားသော ပွဲတစ်ခုဖြစ်၏။
ကျင်းပသည့်အချိန်တိုင်း မရေမတွက်နိုင်သော လူငယ်ပါရမီရှင်များ လာရောက်လေ့ရှိကြသည်။
ကောင်းကင်လေနိုင်ငံတွင် ပြည်နယ်ပေါင်း 108ခုရှိပြီး နက်နဲဓားဂိုဏ်းမှာ တောင်ဘက်ပိုင်းတွင် တည်ရှိ၏။
နက်နဲသော ဓားဂိုဏ်းသည် တောင်ပိုင်းပြည်နယ်တွင် ထိပ်တန်းတန်ခိုးအာဏာမရှိသော်လည်း အားနည်းသည်ဟု မဆိုလိုပေ။ ဂိုဏ်းအတွင်း၌ အခြေတည်ဝိညာဉ်အဆင့် 4ဦးရှိပြီး ဂိုဏ်းချုပ် ကျန်းနန်ထျန်သည် အခြေတည်ဝိညာဉ်ဒုတိယအဆင့်တွင်ဖြစ်၏။
အခြေတည်ဝိညာဉ် ပထမအဆင့် နှင့် ဒုတိယအဆင့်ကြားတွင် ကွာခြားချက်ကြီးမားလှသည်။ တောင်ပိုင်းပြည်နယ်တွင် အခြေတည်ဝိညာဉ် ပထမအဆင့်နှင့် ဒုတိယအဆင့်များသာ အများစုတည်ရှိနေပြီး တတိယအဆင့်မှာ အလွန်နည်းပါး၏။ အခြေတည်ဝိညာဉ် အဆင့်(4)ပညာရှင်များ ရှိပင်မရှိချေ။
အခြေတည်ဝိညာဉ်အဆင့် (4) သည် အခြေတည်ဝိညာဉ် အလယ်အဆင့်၏ပထမဆုံးအဆင့်ဖြစ်သည်။ ထိုအဆင့်သို့ရောက်နေသော ပညာရှင်များမှာ ကောင်းကင်လေနိုင်ငံတွင် ထိပ်သီးကျွမ်းကျင်သူများဖြစ်၏။ ကောင်းကင်လေနိုင်ငံ၏ နောက်အဆင့်ဖြစ်သော တောင်ဘက်ပိုင်းပြည်နယ်တွင် ထိုအဆင့်ကျွမ်းကျင်သူများမရှိချေ။
ရွှမ်ယီရောက်လာသောအချိန်တွင် ဂိုဏ်းရင်ပြင်တစ်ခုလုံး၌ လူများပြည့်နေသည်ကိုတွေ့လိုက်ရ၏။ တစ်ကိုယ်တည်းလာခဲ့ကြသော လူငယ်မျိုးဆက်များ အပြင် အချို့မှာ ၎င်းတို့၏အကြီးအကဲများလည်း အတူလိုက်ပါလာကြ၏။
နက်နဲဓားဂိုဏ်း၏ တပည့်သစ်လက်ခံခြင်းအခမ်းအနားတွင် ဂိုဏ်းရှိအကြီးအကဲများကလည်း ၎င်းတို့၏ ကိုယ်ပိုင်တပည့်များအား စိတ်ကြိုက်ရွေးချယ်လေ့ရှိကြသည်။
တပည့်သစ်လက်ခံခြင်းအခမ်းအနားတွင် လူငယ်မျိုးဆက်များ အလွန်များပြားလှသော်လည်း ၎င်းတို့အနက်မှ အချို့သာ အကြီးအကဲများ၏ ကိုယ်ပိုင်တပည့်ဖြစ်ရန် အဆင့်မှီသည်။ အများစုမှာ အပြင်စည်းတပည့်များသာဖြစ်နိုင်၏။
သို့သော် အပြင်စည်းတပည့်ဖြစ်လာခြင်းကပင် ထိုသူများအတွက် အလွန်၀မ်းမြောက်စရာတစ်ခုဖြစ်နေချေပြီ။
ဤနေရာတွင် ရှိသောလူအများစုမှာ ကြီးမားသောနောက်ခံမရှိသူများဖြစ်၏။ မိသားစုကြီးများမှ လူများက နက်နဲဓားဂိုဏ်းကို ရွေးချယ်လေ့မရှိချေ။ နက်နဲဓားဂိုဏ်းနှင့်ယှဉ်လျှင် ပါရမီရှင်များစုစည်းရာနေရာဟု ရေပန်းစားသော ထျန်ဖန်းရှိ အင်ပါယာအကယ်ဒမီ သို့မဟုတ် ထျန်ဖန်းနိုင်ငံအတွင်းရှိ ထိပ်ဆုံးဂိုဏ်းကြီး (10) ဂိုဏ်းမှာ ပို၍ကောင်းမွန်သောရွေးချယ်စရာဖြစ်၏။
သိုပေမဲ့ နက်နဲဓားဂိုဏ်းက ကောင်းကင်လေတစ်နိုင်ငံလုံးနှင့်ယှဉ်လျှင် သိပ်အရာမရောက်သော်လည်း တောင်းပိုင်းပြည်နယ်တွင်မူ ၎င်းတို့မှာ အာဏာအနည်းငယ်ရှိပေသည်။
“ မင်းမြင်လား…? ဟိုးးးရှေ့ဆုံးမှာရပ်နေတဲ့ သက်လတ်ပိုင်းလူကြီးက နက်နဲဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျန်းနန်ထျန်ပဲ….သူက အခြေတည်ဝိညာဉ်အဆင့် ပညာရှင်လေ….အခြေတည်ဝိညာဉ်အဆင့်….! ဟူးးး ငါ့အခြေအနေနဲ့ အခြေတည်ဝိညာဉ်အဆင့်မပြောနဲ့ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(9) ရောက်ဖို့တောင်မဖြစ်နိုင်ဘူး….”
“ အဲ့တာ အဆင်ပြေပါတယ်….ငါတို့ မီးခြင်္သေ့မြို့မှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(7) ရှိတာမဟုတ်ဘူး….”
“ ဟီးဟီး…ငါသာ နက်နဲဓားဂိုဏ်းရဲ့တပည့်ဖြစ်သွားရင် အနာဂါတ်မှာ အခြေအတည်ဝိညာဉ်အဆင့်ပညာရှင်ဆီက ထောက်ပံ့မှုရလိမ့်မယ်…ငါပြန်သွားတဲ့အခါကျရင် မိသားစုခေါင်းဆောင်ကတောင် ငါ့ကိုယဉ်ယဉ်ကျေးကျေးဆက်ဆံရလိမ့်မယ်….”
“ နက်နဲဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အခြေတည်ဝိညာဉ်အဆင့် (2)ထိပ်ဆုံးဆို အဆင့် (3)တောင်ရောက်တော့မယ်လို့ကြားတယ်….”
“ အဲ့တာက…. ငါလည်းသေချာမသိဘူး….”
ကျန်းနန်ထျန်အပါအ၀င် နက်နဲဓားဂိုဏ်း၏ ထိပ်တန်းကျွမ်းကျင်သူများထွက်ပေါ်လာလျှင် ရင်ပြင်တစ်ခုလုံး ပွတ်လောရိုက်သွား၏။
အဆုံးမရှိသော အာမေဋိတ်အသံများက လေးစားရိုသေမှုများနှင့် ရောယှက်၍ထွက်ပေါ်လာနေ၏။ ကိုယ်ခံပညာကို အဓိက အလေးအနက်ထားသော ဤကမ္ဘာကြီး၌ စွမ်းအားရှိလျှင် ရိုသေလေးစားခံရသည်မှာ သာမန်သာဖြစ်သည်။
သူတို့အတွက် ဒဏ္ဍာရီလာဖြစ်သော အခြေတည်ဝိညာဉ်အဆင့်ကျွမ်းကျင်သူမှာ သူတို့ရှေ့တွင်ထွက်ပေါ်လာပြီး တစ်ယောက်မကပေ။ များပြားသောအကြီးအကဲများလည်း အတူတကွရှိနေပြီး တစ်ယောက်ချင်းစီက သူတို့မိသားစုမှ အားအကောင်းဆုံးကျွမ်းကျင်သူများထက် ပို၍ သန်မာပေသည်။
ထိုသူများထဲမှာ တစ်ယောက်သာ သူတို့ဆရာဖြစ်လာခဲ့လျှင် ဟူသော အတွေးများဖြင့် အလွန်စိတ်လှုပ်ရှားနေကြ၏။
“ ဘယ်လောက်တောင် သန်မာလိုက်သလဲ….? တကယ်လို့ ငါသာ နက်နဲဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်လာခဲ့ရင် မိသားစုအခက်အခဲကိုလည်း ဖြေရှင်းနိုင်လိမ့်မယ်….ခြောက်သွေ့သစ်သားဂိတ်က သန်မာပေမယ့် နက်နဲဓားဂိုဏ်းက သူတို့ထက်ပိုအားကောင်းတယ်….”
လူများပြည့်နှက်နေသော ရင်ပြင်ထက်၌ 17နှစ် 18နှစ် အရွယ် မိန်းကလေးတစ်ယောက်က နက်နဲဓားဂိုဏ်း၏ အကြီးအကဲများအားကြည့်လျက်တွေးနေသည်။
သူမက ကုယီယီဖြစ်ပြီး လခြမ်းမြို့ ကုမိသားစုမှဖြစ်သည်။ ကုမိသားစုမှာ လခြမ်းမြို့အတွင်း၌ သေးငယ်သောဖြစ်တည်မှုမဟုတ်ချေ။ မြို့အတွင်းရှိ ထိပ်တန်းမိသားစု သုံးခုအတွင်း၌ ပါ၀င်၏။
လခြမ်းမြို့က တောင်းပိုင်းပြည်နယ်၏ တောက်ဘက်ပိုင်းတွင်တည်ရှိသည်။ ၎င်းက နက်နဲဓားဂိုဏ်းကဲ့သို့ တောင်ပိုင်းပြည်နယ်၏ တောင်ဘက်အခြမ်းတွင်ရှိသော်လည်း ကြားရှိအကွာအဝေးမှာမသေးငယ်လှပေ။ ကုယီယီ အပါအ၀င် ကုမိသားစုမှတပည့်များအားလုံး နက်နဲဓားဂိုဏ်းသို့ရောက်ရှိရန် အချိန်နှစ်ပတ်နီးပါး အသုံးပြုခဲ့ရသည်။
သူမသည် ကုမိသားစုခေါင်းဆောင်၏ သမီးဖြစ်သည့်အလျောက် အဆင့်အတန်းလည်းမြင့်ပေသည်။
သို့သော် ဤသည်က လခြမ်းမြို့အတွင်း၌သာဖြစ်၏။
သူမ၏ အဆင့်အတန်းသည် လခြမ်းမြို့အတွင်း၌သာ အနည်းငယ်သက်ရောက်မှုရှိကြောင်း သူမကောင်းစွာနားလည်ထားသည်။ မြို့အတွင်းမှ ထွက်ခွာလိုက်သည်နှင့် သူမသည် ဘာမှမဟုတ်တော့ပေ။ ဘယ်သူမှလည်း မျက်နှာသာမပေးတော့ချေ။
ထို့ကြောင့် သူမသည် ပြသနာများမဖြစ်စေရန် အန္တရာယ်ကို ရှောင်ရှားသည့်အနေဖြင့် တစ်ချိန်လုံး နှိမ့်ချကာနေခဲ့သည်။