သမိုင်းတစ်လျှောက် အငယ်ဆုံးအကြီးအကဲ
Vol. 1 Ch. 3
“ ကုလန်….ငါတို့ ကုမိသားစု ဆက်ပြီးရှင်သန်နိုင်ဖို့က မင်းအပေါ်မူတည်တယ်နော်…မင်းသာ နက်နဲဓားဂိုဏ်းထဲကို ၀င်နိုင်ခဲ့မယ်ဆိုရင် ဒွန်လီ နဲ့ သူ့နောက်မှာရှိတဲ့ ခြောက်သွေ့သစ်သားဂိတ်က ငါတို့ကုမိသားစုကို ထိပါးရဲမှာမဟုတ်ဘူး….”
ကုယီယီ၏ အနောက်တွင် အဘိုးကြီးတစ်ယောက် မတ်တပ်ရပ်နေ၏။ သူသည်လည်း အားမနည်းချေ။ ထိုလူကြီးမှာ ကုမိသားစု၏ ဒုတိယအကြီးအကဲဖြစ်ပြီး စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(4)အထွတ်အထိပ်တွင်ရှိနေသည်။ သူ့ အဆင့်မှာ ကုမိသားစုအတွင်း၌ မိသားစုခေါင်းဆောင်နှင့် မဟာအကြီးအကဲ၏ အောက်တွင်ဖြစ်သည်။ ယခုတစ်ခေါက်တွင် ကုမိသားစုတပည့်များအား နက်နဲဓားဂိုဏ်းသို့လိုက်ပို့ပေးရန် သူတာ၀န်ကျသည့်အလှည့်ဖြစ်၏။
ဒုတိယအကြီးအကဲက ထိုစကားအား ကုယီယီကိုပြောလိုက်ခြင်းမဟုတ်ပေ။ အခြားတစ်ဖက်တွင်ရှိနေသော အပြာရောင်၀တ်စုံ၀တ်ထားသော လူငယ်အား ပြောလိုက်ခြင်းဖြစ်၏။
ထိုလူငယ်၏ အမည်မှာ ကုလန်ဖြစ်ပြီး ကုမိသားစုမဟာအကြီးအကဲ၏ သားဖြစ်ပေသည်။ တချိန်တည်းမှာပဲ သူသည် ကုမိသားစု၏ နာပါတ် (1) ပါရမီရှင်လည်းဖြစ်သည်။
ကုမိသားစုထဲတွင် ကုယီယီ၏ ပုံရိပ်မှာကြီးမားသော်လည်း ပါရမီအရဆိုလျှင်သူမက အကောင်းဆုံးမဟုတ်ပေ။ ထိပ်ဆုံးသုံးယောက်ထဲပင်မရောက်ပါ။
“ စိတ်ချပါ ဒုတိယအကြီးအကဲ…ကျွန်တော် နက်နဲဓားဂိုဏ်းကို ၀င်နိုင်လိမ့်မယ်….”
ကုလန်က ပြုံးလိုက်သည်။ သူသည် ကုမိသားစုထဲတွင် နံပါတ်(1) ပါရမီရှင် ဖြစ်ရုံသာမက လခြမ်းမြို့တစ်ခုလုံးတွင်လည်း နံပါတ်(1) ပါရမီရှင်ဖြစ်သည်။ သူ့အမြင်တွင် နက်နဲဓားဂိုဏ်းထဲသို့၀င်ရန်မှာ ခက်ခဲသောကိစ္စမဟုတ်ချေ။
ဤသည်ကို ကြားလျှင် ကုယီယီက သူမနှုတ်ခမ်းကို တင်းကြပ်စွာစေ့ထားမိလိုက်သည်။ သူမ၏ မျက်လုံးက အထီးကျန်ဆန်နေသယောင်ပင်။
မှန်ပေသည်။ နက်နဲဓားဂိုဏ်းထဲသို့ ၀င်ခွင့်ရရန်ကိစ္စမှာ ကုလန်က မျှော်လင့်ချက်အရှိဆုံးလူဖြစ်သည်။
“ ငါ….”
သူမသည် မိသားစုခေါင်းဆောင်၏ သမီးဖြစ်သော်လည်း ကုလန်၏ အရည်အချင်းက သူမထက် သာလွန်ပေသည်။
မိသားစုခေါင်းဆောင်၏ သမီးဖြစ်သော်လည်း ဖခင်ဖြစ်သူ၏ အရည်အချင်းများကိုမူ ဆက်ခံနိုင်ခြင်းမရှိခဲ့ဘဲ မိသားစု၏ အဓိကအရင်းအမြစ်များအား ဖြုန်းတီးမိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမအနေဖြင့် ကုမိသားစု လူငယ်မျိုးဆက်တွင် ထိပ်ဆုံးသုံးယောက်အတွင်း၌ပင် ပါနိုင်ခဲ့ခြင်းမရှိချေ။
ဤသို့ဖြစ်ရခြင်းမှာ ကုယီယီမကြိုးစားသောကြောင့် လုံး၀မဟုတ်ပေ။ သူမ အပြင်းအထန်ကြိုးစားလေ့ကျင့်ခဲ့သည်။ သူမ စတင်လေ့ကျင့်ပါပြီဆိုကတည်းက အနားယူရန်ပင်မစဉ်းစားပဲ အစဉ်တစ်လျှောက်ကြိုးစားလေ့ကျင့်ခဲ့၏။ သို့ပေမယ့် ပါရမီကွာခြားချက်ကို ကြိုးစားခြင်းဖြင့် မဖာထေးနိုင်ခဲ့ပေ။
“ နက်နဲဓားဂိုဏ်းကို၀င်မယ်…? ဟဟဟ…. ကုလန်…. မင်းကိုယ်မင်းထိုက်တန်တယ်လို့ထင်လား….? “
ထိုအချိန်တွင် မလှမ်းမကမ်းမှ လှောင်သံတစ်ခု ပေါ်ထွက်လာသည်။ အသံကြားသည်နှင့် ကုမိသားစုမှလူအားလုံး ထိုသူ မည်သူဖြစ်ကြောင်းသိရှိလိုက်ကြ၏။
“ ဘာလဲ…? ၀မ်ဖေး ငါက မထိုက်တန်ဘူး ဟုတ်လား….? ဒါဆို မင်းကရော ထိုက်တန်လို့လား…? အရှုံးသမားကောင်…! “
ကုလန်က မလှမ်းမကမ်းတွင်ရှိသော အနက်ရောင်၀တ်စုံနှင့်လူငယ်အား အေးစက်စွာစိုက်ကြည့်လိုက်၏။
ထိုလူငယ်၏ အမည်မှာ ၀မ်ဖေးဖြစ်ပြီး လခြမ်းမြို့ရှိ မိသားစုကြီးသုံးခုထဲတွင် အပါအ၀င်ဖြစ်သော ၀မ်မိသားစုမှဖြစ်သည်။ ၀မ်မိသားစု လူငယ်မျိုးဆက်၏ ခေါင်းဆောင်လည်းဖြစ်ပေသည်။
အတိတ်တွင် ၀မ်ဖေးက လခြမ်းမြို့တွင် နံပါတ်(1) ပါရမီရှင်ဖြစ်ခဲ့သော်လည်း ကုလန်ပေါ်လာပြီးနောက် ၎င်း၏ အဆင့်မှာကျဆင်းသွားခဲ့ရသည်။
သူ၏ ပါရမီဖြစ်စေ ၊ သန်မာမှုဖြစ်စေ ကုလန်နှင့် မယှဉ်နိုင်ခဲ့ချေ။
“ ဟမ့် ကုလန် မင်းဘာတွေ ဂုဏ်ယူနေတာလဲ…? ငါ နက်နဲဓားဂိုဏ်းကို ၀င်ပြီးသွားရင် ငါတို့ကြားက ခြားနားချက်က အရမ်းကြီးမားသွားလိမ့်မယ်….နောက်တစ်နှစ် လခြမ်းမြို့တော်မဟာပြိုင်ပွဲကျရင် ခဏတာ ဦးဆောင်နေနိုင်ခြင်းက ဘာမှမဟုတ်ဘူးဆိုတာ မင်းကိုပြမယ်….နောက်ဆုံးမှာ ရယ်မောနိုင်တဲ့လူက ဘယ်သူလဲဆိုတာ အရေးအကြီးဆုံးပဲ….”
၀မ်ဖေးက စိတ်မဆိုးသည့်အပြင် ရယ်မောကာတုံ့ပြန်လိုက်၏။
“ အိုး…! မင်းရဲ့ မျက်ကန်းယုံကြည်မှုတွေက ဘယ်ကရောက်လာတယ်ဆိုတာတော့ ငါမသိဘူး…ဒါပေမယ့် မင်းလိုလူတောင် ၀င်နိုင်တယ်ဆိုရင် ငါလည်း မ၀င်နိုင်စရာအကြောင်းမရှိဘူး…”
ကုလန်က အေးစက်စက်ပြန်ပြောလိုက်သည်။
သူ၏ ပင်ကိုပါရမီက နဂိုကပင် ၀မ်ဖေးထက်သာလွန်သည်။ အကယ်၍ ၀မ်ဖေးလိုလူမျိုးပင် ၀င်ခွင့်ရသည်ဆိုလျှင် သူလည်းမ၀င်နိုင်စရာအကြောင်းအရင်းမရှိချေ။
“ အိုကေ ဒါဆိုရင် ငါစောင့်ကြည့်နေမယ်…အချိန်ကျရင် ဖြစ်လာမယ့် မင်းရဲ့အမူအရာကို ငါမျှော်လင့်နေမယ်…ဟဟဟ…”
၀မ်ဖေးက ရယ်မောလိုက်ပြီးနောက် ကုယီယီအား စိုက်ကြည့်လိုက်သည်။
“ ယီယီ ဘယ်လိုလဲ…? မင်းသာ ငါနဲ့လက်ထပ်ဖို့သဘောတူရင် ငါတို့က မိသားစုတွေဖြစ်သွားလိမ့်မယ်…ငါသာ နက်နဲဓားဂိုဏ်းရဲ့တပည့်ဖြစ်သွားရင် မင်းတို့ကုမိသားစု လုံခြုံမှုအတွက် စိတ်ပူနေစရာမလိုတော့ဘူး….”
၀မ်ဖေး ကုယီယီအားစိတ်၀င်စားနေသည်မှာ လခြမ်းမြို့တစ်ခုလုံးတွင် လျှို့ဝှက်ချက်မဟုတ်ချေ။ သူသည် ကုမိသားစုထံသို့ ကုယီယီအား လက်ထပ်ခွင့်ရရန် အကြိမ်ကြိမ်ခွင့်တောင်းခဲ့သော်လည်း ကုယီယီ၏ဖခင်က စိတ်ဆိုးမာန်ဆိုးဖြင့် အကုန်ပယ်ချခဲ့သည်။
ကုယီယီ၏ မိခင်သည် သူမအားမွေးပြီး မကြာမီတွင် ဆုံးပါးသွားခဲ့သည်။ သူမသည် ဖခင်အတွက် တစ်ဦးတည်းသောသမီးဖြစ်ပြီး သူကလည်း သမီးလေးအား တုန်နေအောင်ချစ်သူဖြစ်၏။ သူ့အနေဖြင့် ကုယီယီ မနှစ်သက်သည့်အရာအား ဘယ်သောအခါမှ အတင်းအကြပ်လုပ်မည်မဟုတ်ပေ။
ကုယီယီက ၀မ်ဖေးအား အေးစက်သောမျက်လုံးများဖြင့် လှမ်းကြည့်လိုက်၏။ သူမက မည်သည့်စကားမျှမဆိုခဲ့ချေ။ ထို့အစား ရင်ပြင်ရှေ့ရှိ စင်မြင့်ထက်သို့ ကြည့်နေလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိ လူတစ်ယောက်၏ ပုံရိပ်က သူမအားဆွဲဆောင်နေသောကြောင့်ဖြစ်သည်။
“ သူက ဘယ်သူလဲ…? “
“ ဒီလူက အရမ်းချောတာပဲ….”
“ အာ့ရှ်…? သူက ဘယ်သူများလဲ…? ဘာလို့ ဂိုဏ်းချုပ်ရဲ့ဘေးမှာ ရပ်နေတာလဲ….? “
ထိုလူငယ်မှာ ရွှမ်ယီဖြစ်၏။
သူ၏ ခန့်ညားပြီးငယ်ရွယ်သော အသွင်အပြင်ကြောင့် ရင်ပြင်တစ်ခုလုံး ပွတ်လောရိုက်သွားပြန်သည်။
ရွှမ်ယီအား မြင်လိုက်လျှင် ရင်ပြင်ထဲရှိ မိန်းကလေးအချို့၏ နှလုံးသားများမှာ လှုပ်ခတ်သွားပြီး သူမတို့၏ မျက်၀န်းများသည်လည်း တောက်ပသွားလေသည်။
ရွှမ်ယီကား အလွန်ခန့်ညားလှ၏။
မည်သို့ပင်ဖြစ်စေကာမူ လူများ အဓိကအာရုံစိုက်သည်က သူ၏ ရုပ်ရည်သွင်ပြင်မဟုတ်ချေ။
ထိုအစား …. သူက ဘာလို့ ကျန်းနန်ထျန် ရဲ့ဘေးမှာရပ်နေတာလဲ….!
ကျန်းနန်ထျန်က မည်သူနည်း…?
နက်နဲဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်မဟုတ်ပါလား…!
လူတိုင်း သူ၏ ဘေးနားတွင် ရပ်ခွင့်ရသည်မဟုတ်ပေ။
ရွှမ်ယီ ရောက်မလာခင်အထိ ကျန်းနန်ထျန်၏ ဘေးတွင် လူနှစ်ယောက်သာ ရှိနေ၏။ ထိုလူနှစ်ယောက်မှာ နက်နဲဓားဂိုဏ်း၏ ဒုဂိုဏ်းချုပ်နှစ်ယောက်ဖြစ်သည်။ သူတို့ မည်သူတွေဖြစ်စေကာမူ ၊ သူတို့အားလုံး နက်နဲဓားဂိုဏ်း၏ ထိပ်ဆုံးအဆင့်၌ရှိနေသောလူများဖြစ်ကြသည်။
ရွှမ်ယီအား မသိသူများက စိတ်ရှုပ်ထွေးနေကြပြီး တုန်လှုပ်နေကြ၏။
ဒီလူချောလေး…? သူက ဘယ်သူများလဲ…?
နက်နဲဓားဂိုဏ်း ဂိုဏ်းချုပ်ရဲ့သားများလား…?
မဟုတ်ဘူး ၊ ဂိုဏ်းချုပ်၏ သားဖြစ်နေရင်တောင် အဲ့နေရာမှာ ရပ်နေဖို့ အဆင့်မမှီဘူး…ဟုတ်တယ်မလား….?
“ ဟမ့်…မင်း မသိဘူးမလား…? အဲ့လူ နာမည်က ရွှမ်ယီတဲ့…သူက ငယ်သေးပေမယ့်လည်း နက်နဲဓားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ…! အဲ့တာအပြင် သူက အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်လည်းဖြစ်တယ်….”
“ အခြေတည်ဝိညာဉ်အဆင့်…? အဲ့တာ ဂိုဏ်းချုပ် ကျန်းနန်ထျန်နဲ့ အဆင့်အတူတူပဲမလား…? သူ့ကြည့်ရတာ ငါ့ထက်အများကြီး ကြီးတဲ့ပုံလည်းမပေါ်ပါဘူး…. ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…”
“ အဲ့တာက မဖြစ်နိုင်တဲ့ ကိစ္စတော့မဟုတ်ဘူး…အကြီးအကဲရွှမ်က တကယ်အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူပဲ…သူက နက်နဲဓားဂိုဏ်းသမိုင်းတစ်လျှောက် အငယ်ဆုံးအကြီးအကဲဖြစ်ရုံတင်မဟုတ်ဘူး ဂိုဏ်းထဲမှာလည်း တစ်ဦးတည်းသော အခြေတည်ဝိညာဉ်အဆင့်အကြီးအကဲလည်းဖြစ်တယ်….”
နောက်တစ်ယောက်က ၀င်ပြီးထောက်ခံစကားဆိုလိုက်သည်။
“ ခင်ဗျားက ဘယ်လိုသိတာလဲ….”
အချို့က အခုချိန်ထိ မယုံကြည်နိုင်ကြသေးချေ။
“ ငါ့အစ်ကိုက နက်နဲဓားဂိုဏ်းမှာ အတွင်းစည်းတပည့်ပဲ အဲ့တာကြောင့် ငါသိနေတာ….”
ထိုလူက ဝံ့ကြွားစွာဆိုလိုက်၏။
နက်နဲဓားဂိုဏ်းတွင် မတူညီသောအဆင့်များဖြင့် တပည့်ထောင်ပေါင်းများစွာရှိနေသည်။ ထိုတပည့်များကို အပြင်စည်းတပည့် ၊ အတွင်းစည်းတပည့် နှင့် ကိုယ်ပိုင်တပည့်များ ဟူ၍ အဆင့်သုံးဆင့်ခွဲခြားထားသည်။ ဥပမာအားဖြင့် တပည့်လက်ခံခြင်းအခမ်းအနားပြီးနောက် ၀င်ခွင့်ရသောသူများအနက်မှာ ကံကောင်းသောလူအချို့မှာ အကြီးအကဲများ၏ တပည့်အဖြစ် ရွေးချယ်ခြင်းခံရကာ ကိုယ်ပိုင်တပည့်များဖြစ်လာနိုင်ပြီး ကျန်သူများမှာ အပြင်စည်းတပည့်များဖြစ်သွားကြ၏။
နက်နဲဓားဂိုဏ်း၌ အတွင်းစည်းတပည့်ဟူသော အဆင့်မှာ တော်တော်လေးမြင့်မားနေပြီဖြစ်၏။
ဤသည်က ထိုသူ မျက်နှာ၌ ဝံ့ကြွားသောအမူအရာရှိနေခြင်း၏ အကြောင်းပြချက်လည်းဖြစ်ပေသည်။
အတွင်းစည်းတပည့်ဖြစ်နေသော အစ်ကိုတစ်ယောက်ရှိခြင်းက ထိုသူ၏ အဆင့်အတန်းအား သာမာန်ထက်ပို၍ မြင့်သွားစေခဲ့သည်။
သဘာ၀အတိုင်းပင် ထိုသူက နက်နဲဓားဂိုဏ်း၏ အတွင်းစည်း၌ ၎င်း၏အစ်ကိုရှိနေကြောင်း ထုတ်ပြောလိုက်သည်နှင့် အနီးပတ်၀န်းကျင်ရှိ လူများ၏ မနာလိုသောအကြည့်များကို ခံယူလိုက်ရသည်။