ပင်ကိုပါရမီ 197…? အဲ့ဒီကောင်မလေးကို ငါလိုချင်တယ်
Vol. 1 Ch. 4
“ သူက နက်နဲဓားဂိုဏ်းရဲ့ အကြီးအကဲဖြစ်ပြီး အခြေတည်ဝိညာဉ်အဆင့်တဲ့လား….”
ကုယီယီမှာ ပါးစပ်အဟောင်းသားဖြစ်နေပြီး စကားတစ်ခွန်းမျှပင်မဆိုနိုင်အောင်ဖြစ်သွားရသည်။
အသက် (၂၀)…? အခြေတည်ဝိညာဉ်အဆင့်…?
“ အားလုံးပဲ… မင်းတို့အားလုံး အခုဒီနေရာကိုရောက်နေကြပြီ…ငါအချိန်တွေထပ်မဖြုန်းတော့ဘူး… နက်နဲဓားဂိုဏ်း တပည့်လက်ခံခြင်းအခမ်းအနားကို အခုပဲတရား၀င်စတင်လိုက်ပြီ….”
အဖွင့်စကားအနည်းငယ်ပြောပြီးနောက် ကျန်းနန်ထျန်က တိုက်ရိုက်ပင် ကြေငြာလိုက်၏။
နက်နဲဓားဂိုဏ်း တပည့်သစ်လက်ခံခြင်းအခမ်းအနားကို အပိုင်းနှစ်ပိုင်းခွဲခြားထားသည်။
ပထမအဆင့်က ၎င်းတို့၏ အရိုးသက်တမ်းနှင့် ကျင့်ကြံဆင့်ကို စစ်ဆေးခြင်းဖြစ်သည်။
အသက်နှစ်ဆယ်အောက်ငယ်ပြီး ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၃)အထက်၌ ရှိလျှင် နောက်တစ်ဆင့်သို့တက်ရန် အရည်အချင်းပြည့်မှီသည်။
ပထမ အပိုင်းက ခက်ခဲခြင်းမရှိချေ။ ဤနေရာသို့ရောက်ရှိနေသူအားလုံး ဤစည်းမျဉ်းအား သိရှိပြီးဖြစ်၍ ကြိုတင်ပြင်ဆင်လာကြသည်။ သို့သော် ဒုတိယအပိုင်းမှာမူ ခက်ခဲပေသည်။
ဒုတိယအပိုင်းက အစစ်အမှန်တိုက်ပွဲဖြစ်၏။
တစ်ချိန်တည်းမှာပဲ ပထမအဆင့်အားဖြတ်ကျော်နိုင်သူများကို ၎င်းတို့၏ တိုက်ခိုက်ရေးခွန်အားစမ်းသပ်ရန်အတွက် နက်နဲဓားဂိုဏ်း၏ အကြီးအကဲများက ဂိုဏ်းနှင့် သိပ်မဝေးကွာသော နတ်ဆိုးသားရဲတောအုပ်သို့ပို့မည်ဖြစ်သည်။
အဆိုပါ နတ်ဆိုးသားရဲတောအုပ်မှာ ကြီးမားကျယ်ပြန့်သော်လည်း ထိုအထဲ၌ အစွမ်းထက်သော သားရဲများမရှိပေ။ အဆင့်မြင့်ဆုံးအနေဖြင့် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၉)သာရှိ၏။ ပါ၀င်ယှဉ်ပြိုင်သူများကို ထိုတောအုပ်ထဲသို့ပို့ပေးပြီးနောက် ၎င်းတို့သတ်ခဲ့သော သားရဲတိုင်းကိုမှတ်တမ်းတင်ထားပြီး ရမှတ်များတွက်ချက်ကာ အဆင့်သတ်မှတ်ပေးမည်ဖြစ်သည်။
အဆုံးတွင် ထိုသူများအထဲမှာ ထိပ်ဆုံး (၁၀၀၀) သာ အပြင်စည်းတပည့်များဖြစ်လာပေလိမ့်မည်။ ဒုတိယအဆင့်စမ်းသပ်မှုဖြစ်သော တိုက်ခိုက်ရေးခွန်အား စစ်ဆေးခြင်းတွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်ပါက နက်နဲဂိုဏ်းရှိ အကြီးအကဲများ၏ တပည့်များ ဖြစ်လာနိုင်ချေရှိသည်။
ဒုတိယအဆင့်စမ်းသပ်မှုတွင် ကျင့်ကြံခြင်းအဆင့်ကို အဓိကထားခြင်းမဟုတ်ဘဲ ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းကိုသာ အဓိကအာရုံစိုက်ထားသည်။
အကယ်၍ သင့်အနေဖြင့် ချီငွေ့ရည်ဖွဲ့ခြင်း အဆင့်(၃)၌ ရှိနေလျှင်ပင် ကိုယ့်ထက်အဆင့်မြင့်သော နတ်ဆိုးသားရဲများအား သတ်ဖြတ်နိုင်လျှင် အဆင့်(၁၀၀၀) အတွင်းသို့ ၀င်ရောက်နိုင်မည်ဖြစ်သည်။
သင်၏ ကျင့်ကြံခြင်းအဆင့် မည်မျှပင်မြင့်စေကာမူ တိုက်ခိုက်နိုင်စွမ်းက အဆင့်ထက် နိမ့်ကျနေလျှင် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၆) အဆင့်(၇)သို့ ရောက်နေသော်ငြား ထိပ်ဆုံးလူ (၁၀၀၀) ထဲ ပါ၀င်နိုင်မည်မဟုတ်ပေ။
၀င်ခွင့်လူ(၁၀၀၀)စာနေရာဆိုသည်မှာ ဤအတိုင်းဆိုလျှင် များနေပုံပေါ်ပေမယ့် ဂိုဏ်းရင်ပြင်တွင် ၀င်ခွင့်လာဖြေကြသော လူငယ်များမှာ (၁၀၀၀၀) နီးပါရှိ၏။
လူ(၁၀၀၀)သာလက်ခံပြီး ကျန်လူ(၉၀၀၀)မှာ ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။
အရိုးသက်တမ်းကို တိုင်းတာမည့်ပစ္စည်းကို ခရမ်းဝိညာဉ်သလင်းကျောက်ဟုခေါ်သည်။ ၎င်းက လူတစ်ဦး၏ အသက်အရွယ်ကို အတိအကျတိုင်းနိုင်ရုံသာမက လူတစ်ဦး၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ၎င်း၏ ဝိညာဉ်စွမ်းအင် သန့်စင်မှု နှင့် သန်မာမှုတို့အပေါ် မူတည်ပြီး တိကျစွာတိုင်းတာနိုင်သည်။
ထိုသလင်းကျောက်မှာ အလွန်အဖိုးတန်လှသည်ဟု မဆိုနိုင်ဘဲ သာမန်မိသားစုများတွင်လည်း တွေ့ရှိနိုင်ပေသည်။
ခရမ်းဝိညာဉ်သလင်းကျောက်ဆယ်ခုက ရင်ပြင်၏ အရှေ့တွင်တည်ရှိနေသည်။
ကျန်းနန်ထျန်က ကြေငြာလိုက်ပြီးနောက် ရင်ပြင်တွင်ရှိနေသော လူငယ်များက စနစ်တကျ အလှည့်ကျ စစ်ဆေးလိုက်ကြ၏။
“ ယင်လီ : အရိုးသက်တမ်း (၁၇) ၊ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၄) ၊ အောင်တယ်….”
“ လီတောင် : အရိုးသက်တမ်း (၁၉) ၊ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၃) ၊ အောင်တယ်….”
“ ယွမ်ဇီဟောင် : အရိုးသက်တမ်း (၁၉) ၊ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၂) ၊ ကျတယ်….”
“ ဖန်းမန် : အရိုးသက်တမ်း (၁၆) ၊ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၄) ၊ အောင်တယ်….”
“ လီ……………..”
ဤနေရာသို့ရောက်ရှိနေသော လူအများစုသည် နက်နဲဓားဂိုဏ်း၏ တပည့်လက်ခံခြင်းစံနှုန်းများအား သိရှိထားကြသူများဖြစ်ရာ ကြိုတင်ပြင်ဆင်လာကြပြီး ၎င်းတို့အနက်မှာ တစ်၀က်မှာ အောင်မြင်ပြီးသားဖြစ်ကြသည်။ လူအနည်းငယ်မှလွဲ၍ အများစုမှာ အောင်မြင်ကြသည်။
စင်မြင့်ထက်တွင် ရွှမ်ယီက စမ်းသပ်မှုလုပ်နေသော လူငယ်များအား စောင့်ကြည့်နေ၏
“ သဘာ၀ပါရမီ (၃၁) ၊ မဟုတ်သေးဘူး….”
“ (၃၉) ၊ မဟုတ်ဘူး….”
“ မင်းရဲ့ ပါရမီက (၇၁)ရှိတယ်….မဆိုးပါဘူး ဒါပေမယ့် မလုံလောက်သေးဘူး…..”
“ ဟူးးးး….”
ပထမစမ်းသပ်မှုအား လူထက်၀က်ကျော်အောင်မြင်သွားပြီ ဖြစ်သော်လည်း ပါရမီရမှတ် (၁၀၀)ကျော်သည့် သူအား ရွှမ်ယီရှာမတွေ့သေးချေ။
“ ငါဒါကို နဂိုတည်းက နားလည်ပြီးသားပဲ….နက်နဲဓားဂိုဏ်းရဲ့ မျိုးဆက်သစ်တွေထဲက နံပါတ်(၁)ပါရမီရှင် ပိုင်ဇီဆောင်တောင်မှ (၉၂)ပဲရှိတယ်….”
ရွှမ်ယီက စိတ်ပျက်စွာ ခေါင်းခါမိလိုက်သည်။
ကြည့်ရတာ သူ၏ အရံတာ၀န်မှာ ယနေ့ပြီးမြောက်ရန်မဖြစ်နိုင်တော့ချေ။
“ ဟမ်….? “
ရွှမ်ယီ စိတ်ပျက်လက်ပျက်ရေရွတ်နေစဉ် ရုတ်တရက် မိန်းကလေးတစ်ယောက်အား တွေ့လိုက်ရသည်။
သူမက အလွန်လှပသော်လည်း ထိုအရာက ရွှမ်ယီအား မဆွဲဆောင်နိုင်ပေ။
သူမအပေါ် ရွှမ်ယီက အကြည့်မလွှဲနိုင်ဖြစ်သွားရစေသည့်အကြောင်းအရင်းမှာ သူမ၏ ခေါင်းထက်၌ ပေါ်နေသည့် ပါရမီအမှတ်ဖြစ်ပေသည်။
“ သဘာ၀ပါရမီ……(၁၉၇)…! “
ပထမဦးစွာ မြင်မြင်ချင်းတွင် ရွှမ်ယီက သူအမြင်မှားသည်ဟု ထင်ခဲ့မိသည်။
သဘာ၀ပါရမီ (၁၉၇)….?
ဒီ ပင်ကို အရည်အချင်းက……!
နက်နဲဓားဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင်ဖြစ်သော ပိုင်ဇီဆောင်သည်ပင် ပါရမီအမှတ် (၉၂)သာရှိ၏။
“ ထူးဆန်းတယ်….ပါရမီအမှတ် (၁၉၇) ရှိတာတောင် သူမရဲ့ အဆင့်က ဘာလို့ ချီငွေ့ရည်ဖွဲ့ခြင်း အဆင့်(၄)ပဲရှိသေးတာလဲ….? “
ရွှမ်ယီက မျက်မှောင်ကြုတ်လိုက်မိသည်။ သူနားမလည်နိုင်ဖြစ်နေ၏။ အမှတ် (၁၉၇)ရှိသော ပါရမီရှင်တစ်ယောက်အနေဖြင့် အသက် ၁၇ ၁၈ အရွယ်တွင် မည်သည့်အတွက်ကြောင့် ချီငွေ့ရည်ဖွဲ့ခြင်း အဆင့်(၄)သာရှိနေသနည်း။
“ နေပါဦး….”
ရုတ်တရက် ထိုကောင်မလေး၏ အရည်အချင်းနောက်တွင် စာတစ်ကြောင်းရှိနေကြောင်း သတိပြုမိလိုက်သည်။
“ ရေခဲဝိညာဉ်ခန္ဓာကိုယ် [မနိုးထသေး] ၊ အသက်သွင်းရန်နည်းလမ်း : ရေခဲဝိညာဉ်မြက် “
ကမ္ဘာပေါ်တွင် စိတ်ဝိညာဉ်ခန္ဓာကိုယ်အမျိုးအစားများစွာရှိသည်။ ထိုကဲ့သို့ ခန္ဓာကိုယ်ပိုင်ဆိုင်သူများမှာ ကောင်းကင်ဘုံ၏ ချစ်ခင်ကြင်နာခြင်းကို ခံရသူများဖြစ်ကြသည်။
အချို့ဝိညာဉ်ခန္ဓာကိုယ်များမှား သဘာ၀အတိုင်း နိုးထလာသည်များရှိသော်လည်း အချို့မှာမူ မနိုးထပဲရှိနေတတ်၏။ ၎င်းတို့အား အထူးပစ္စည်းများဖြင့် အသက်သွင်းရန်လိုအပ်သည်။ ဥပမာအနေဖြင့် ရေခဲဝိညာဉ်ခန္ဓာကိုယ်အား အသက်သွင်းရန် ပိုင်ရှင်အနေဖြင့် ရေခဲဝိညာဉ်မြက်အား အသုံးပြုရန်လိုအပ်သည်။
သို့သော် ရေခဲဝိညာဉ်မြက်အား ရှာဖွေရန်မှာ မလွယ်ကူချေ။
ရေခဲဝိညာဉ်မြက်သည် အဆင့်မြင့် စိတ်ဝိညာဉ်ဆေးပင်မဟုတ်သော်လည်း အလွန်ရှားပါးလှသည်။
မူလက ရွှမ်ယီအနေဖြင့် သူမအား တပည့်အဖြစ် တိုက်ရိုက်ခေါ်ဆောင်ရန်တွေးထားသည်။ သို့သော် တစ်စုံတစ်ခုအားတွေးမိလိုက်ပြီး ထိုကိစ္စအား ခနမေ့ထားရန်ဆုံးဖြတ်လိုက်၏။ သူ့အနေဖြင့် စမ်းသပ်မှုအားလုံးပြီးမှ တပည့်အဖြစ်လက်ခံလည်းကိစ္စမရှိပေ။ ထိုအချိန်အားအသုံးချကာ သူမ၏ အပြုအမူနှင့် အခြားသော ကဏ္ဍများတွင် လေ့လာရန်ဆုံးဖြတ်ချက်ချလိုက်သည်။
…………Translate By Immortal_XiaoChan………….