← Chapters

ရွှမ်ယီစောင့်ကြည့်နေသော မိန်းကလေး

Vol. 1 Ch. 5

ရွှမ်ယီစောင့်ကြည့်နေသော မိန်းကလေး

Vol. 1 Ch. 5

အခြားတစ်ဖက်တွင် ရွှမ်ယီ၏ ပစ်မှတ်ထားခြင်းခံလိုက်ရသော မိန်းကလေးကမူ ဘာမျှမသိသေးချေ။

ထိုအချိန်တွင် သူမ၏ လက်ကလေးအားဆုပ်ကိုင်ထားပြီး ထိတ်လန့်နေသည်။

အဘယ်ကြောင့်ဆိုသော် သူမစမ်းသပ်ရန် အလှည့်ကျလာပြီဖြစ်သောကြောင့်ဖြစ်၏။

ဤသို့မလာခင် သူမ၏ မိသားစုတွင် အကြိမ်ကြိမ်စမ်းသပ်ခဲ့ပြီးဖြစ်သော်လည်း အနည်းငယ် ထိတ်လန့်နေသေးပေသည်။

“ ယီယီ စိတ်ပူမနေနဲ့…မင်း ပထမအဆင့်ကို ကျော်ဖြတ်နိုင်တယ်…ဒီကိုမလာခင်ကလည်း အကြိမ်ကြိမ်စမ်းသပ်ခဲ့ပြီးပြီလေ….”

သူမ၏နောက်တွင်ရှိနေသော ဒုတိယအကြီးအကဲက ပြောလိုက်သည်။

ထိုကောင်မလေးမှာ ကုယီယီပင်ဖြစ်၏။

မကြာမီတွင် ကုယီယီ၏ အလှည့်ကျရောက်လာတော့မည်ဖြစ်သည်။ မကြာသေးမီအချိန်က ကုလန်လည်းစမ်းသပ်ခဲ့ပြီး အရိုးသက်တမ်း (၁၇)နှစ် နှင့် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)တွင်ဖြစ်သည်။

ယခုအချိန်တွင် ကုလန်၏မျက်နှာ၌ ယခင်ကလောက် ယုံကြည်ချက်များရှိမနေတော့ချေ။

စမ်းသပ်မှုလုပ်နေစဉ်အတွင်း ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၄) အဆင့်(၅) အထက်တွင် လူအနည်းငယ်ထက်ပို၍ ရှိကြောင်းတွေ့ရှိခဲ့ရသည်။

ထိုအချင်းအရာက သူ့အား ဖိအားများဖြစ်ပေါ်လာစေခဲ့သည်။

ပထမစမ်းသပ်မှု မစတင်မီတွင် သူ့သည် နက်နဲဓားဂိုဏ်းသို့ ၀င်ရောက်နိုင်မည်ဟု တစ်ထစ်ချယုံကြည်နေခဲ့သည်။ သို့သော် ယခုတွင်မူ ထိုယုံကြည်မှုများ လေနှင့်အတူပျောက်ကွယ်သွားပြီ ဖြစ်၏။

ရင်ပြင်ပေါ်တွင် ရှိနေသော လူအများစု၏ ပါရမီနှင့် သန်မာမှုများမှာ သူ့အောက်မကျကြောင်းတွေ့ရှိခဲ့ရသည်။ အချို့မှာ သူ့ထက်ပင်သန်မာကြသေး၏။

သူသာ ယခုလို အပြင်လောကသို့ မထွက်ခဲ့လျှင် ရေတွင်းအောက်ခြေမှ ဖားတစ်ကောင်သာဖြစ်နေကြောင်း ဘယ်သောအခါမှ သိနိုင်မည်မဟုတ်ချေ။

ကုလန်သည် လခြမ်းမြို့တွင် နံပါတ်(၁) ပါရမီရှင်ဖြစ်ခဲ့သော်လည်း ယခုတွင်မူ သူ့ဘေးနား၌ သူ့ထက်သာလွန်သူအများအပြားကိုတွေ့ရှိနေရ၏။

ကုယီယီက ကုလန်၏ ခံစားချက်အပြောင်းအလဲများအား သတိပင်မထားမိချေ။

ယခုအချိန်တွင် သူမအနေဖြင့် ခရမ်းဝိညာဉ်သလင်းကျောက်ရှေ့သို့ရောက်ရှိနေပြီး သူမ၏လက်အား တုန်လှုပ်စွာ တင်လိုက်သည်။

“ ကုယီယီ : အရိုးသက်တမ်း (၁၇)နှစ် ၊ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၄) ၊ အောင်မြင်….”

ကုယီယီစမ်းသပ်နေစဉ်အတွင်း ရွှမ်ယီကလည်း သူမအားလေ့လာနေ၏။ သူမ၏ ရှက်ရွံ့နေသော အမူအရာအားကြည့်ပြီး ရွှမ်ယီက သဘောကျစွာပြုံးလိုက်မိသည်။

“ ဒီကောင်မလေး ကြည့်ရတာ ရှက်နေပုံပဲ…..”

အောင်မြင်ကြောင်းကြားလိုက်သော်လည်း ကုယီယီ၏ မျက်နှာထက်တွင် ပျော်ရွှင်နေသော အမူအရာထွက်ပေါ်မလာခဲ့ပေ။

သူမသည် ပထမအဆင့်အားဖြတ်ကျော်နိုင်သော်လည်း ဤနေရာတွင်ရောက်နေသော လူအများစု၏ ပါရမီနှင့် သန်မာမှုများမှာ ကြောက်စရာကောင်းကြောင်း သူမတွေ့ရှိခဲ့ရသည်။

ဤနေရာတွင် အသက်(၂၀)အောက် ချီငွေ့ရည်ဖွဲ့ခြင်း အဆင့်(၄)မှာ အလွန်သာမာန်ဖြစ်လှသည်။ ရင်ပြင်တွင်ရှိနေသော လူအများစုမှာ ချီငွေ့ရည်ဖွဲ့ခြင်း အဆင့်(၄)နှင့် အထက်များသာဖြစ်၏။ ဆန့်ကျင်ဖက်အနေဖြင့် ချီငွေ့ရည်ဖွဲ့ခြင်း အဆင့်(၃)မှာ လူအနည်းစုလေးသာရှိသည်။

ရင်ပြင်ရှိ လူ(၁၀၀၀၀)နီးပါးတွင်း ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၃)မှာ အနည်းငယ်သာရှိပြီး အများစုမှာ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၄)တွင်ရှိသည်။ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)များလည်း အတန်အသင့်ရှိပေသည်။ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၆)တွင်မူ အနည်းငယ်သာရှိ၏။ ထို့အပြင် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇) သုံးယောက်ပင်ရှိနေပေသည်။

ယခင်က ကုယီယီ၏ အမြင်တွင် ကုလန်၏ အရည်အချင်းမှာ အလွန်ထူးချွန်နေပြီဖြစ်သည်။ အသက်(၁၇) ၊ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅) ဤသည်မှာ လခြမ်းမြို့တစ်ခုလုံးတွင် ၀မ်ဖေးတစ်ယောက်တည်းသာလျှင် သူ့အား အနည်းငယ်ခြိမ်းခြောက်နိုင်စွမ်းရှိ၏။ သူသည် လခြမ်းမြို့တွင် အငြင်းပွားစရာမရှိ နံပါတ်(၁)ပါရမီရှင်ဖြစ်ခဲ့သည်။

သို့သော် စမ်းသပ်မှုစတင်သည်နှင့် ကုလန်ကဲ့သို့ လူအများအပြားရှိကြောင်း ကုယီယီတွေ့ခဲ့သည်။

ထိုအချိန်တွင် သူမသည် ကောင်ကင်ကြီးမည်မျှကျယ်ကြောင်းမသိသော ရေတွင်းထဲမှ ဖားတစ်ကောင်ကဲ့သို့ခံစားလိုက်ရသည်။

မိသားစုထဲတွင် သိပ်အံ့ဩစရာမဟုတ်ပေ။ အကြီးအကဲအချို့က ကုလန်၏ အရည်အချင်းမှာ လခြမ်းမြို့တွင်သာ ထူးချွန်နေခြင်းဖြစ်ကြောင်း ဤနေရာမှထွက်ခွာလိုက်လျှင် ဘာမှမဟုတ်ကြောင်း အမြဲပြောလေ့ရှိကြသည်။ ထိုအချိန်တွင် ကုမိသားစုမှတပည့်များက ကုလန်၏ ပါရမီမှာ အလွန်ထူးချွန်‌ပြီး သူ့အား အောက်ခြေလွတ်မာနကြီးမသွားစေရန် ဆုံးမနေသည်ဟုသာ ထင်ခဲ့ကြသည်။

ဒါပေမယ့် ယခုအချိန်တွင် ထိုအကြီးအကဲများ၏ စကားများကလုံး၀ ချဲ့ကားခဲ့ခြင်းမရှိကြောင်း သိလိုက်ရပြီဖြစ်သည်။

ကုယီယီ ၊ ကုလန် နှင့် ကုမိသားစု၏ တပည့်များအားလုံး အလွန်ကြီးမားသော ဖိအားကိုခံစားလိုက်ကြရသည်။

“ ရန်ဟောင် : အရိုးသက်တမ်း (၁၆) ၊ ချီငွေ့ရည်ဖွဲ့ခြင်း အဆင့်(၇)….”

စမ်းသပ်နေသော စင်မြင့်အနီးရှိ လူများအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။

နောက်ထပ် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)တစ်ယောက် ပေါ်ထွက်လာပြီး ၎င်း၏အသက်မှာလည်း (၁၆)နှစ်မျှသာရှိသေး၏။

ကုလန်၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး လက်သီးများအား တင်းကြပ်စွာဆုပ်ထားမိလိုက်သည်။

ယနေ့တွင် သူသည် မွေးလာကတည်းက အကြီးကျယ်ဆုံးဖိနှိပ်မှုဒဏ်များကို ခံစားခဲ့ရပြီး ရူးတော့မလိုပင်ဖြစ်နေချေပြီ။

အသက်(၁၆) နှစ် ၊ သူ့ထက်ပင်တစ်နှစ်ငယ်သေးပြီး ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)…..!

ပါရမီရှင်…..?

ထိုသူနှင့် ယှဉ်လျှင် သူ….ကုလန်….ပါရမီရှင်တစ်ယောက်ဖြစ်နိုင်သေးသလော…..?

သူသည် လခြမ်းမြို့တွင် ငြင်းပယ်စရာမရှိ နံပါတ်(၁) ပါရမီရှင်ဖြစ်ခဲ့သည်။

သို့သော် ယခုတွင်မူ သူ၏ အရည်အချင်းများမှာ ဤနေရာတွင် သာမန်သာဖြစ်နေပြီး ကွာဟချက်များမှာ လက်ခံနိုင်ရန်ပင် ခဲယဉ်းလွန်းလှသည်။

ကုမိသားစုရှိ အခြားတပည့်များမှာလည်း လက်မခံနိုင်လောက်အောင်ပင်ဖြစ်နေ၏။

ကုမိသားစုရဲ့ နံပါတ်(၁)ပါရမီရှင်တောင် ဒီနေရာမှာ ဘာမှမဟုတ်ဘူး….သူတို့ဆိုလျှင်ကော……………

ဤအချင်းအရာအားမြင်လျှင် ဒုတိယအကြီးအကဲက သက်ပြင်းချလိုက်ပြီး မည်သည့်စကားမျှမဆိုခဲ့ချေ။

သူ့အနေဖြင့် ကုလန်အား နှစ်သိမ့်ပေးချင်သည့်တိုင်အောင် မည်သို့ နှစ်သိမ့်ရမည်မှန်းပင်မသိချေ။

လခြမ်းမြို့မှ ထွက်ခွာပြီးမှသာ သူ့အနေဖြင့် ဘာကောင်မှမဟုတ်သည်ကို နားလည်သွားမည်ဖြစ်သည်။

ထိုစကားလုံးများမှာ ကုလန် ၊ ကုယီယီ နှင့် ကုမိသားစု၏ တပည့်များအတွက်သာမဟုတ်ဘဲ ဒုတိယအကြီးအကဲအတွက်လည်းပါ၀င်သည်။

ကုမိသားစုက လူများ၏ နှလုံးသားများအား မြူအလွှာတစ်ခု ဖုံးအုပ်နေ၏။

သူတို့အနေဖြင့် နက်နဲဓားဂိုဏ်းသို့ မ၀င်ရောက်နိုင်လျှင်ပင် နံပါတ်(၁)ပါရမီရှင်ဖြစ်သော ကုလန်အနေဖြင့် ၀င်ရောက်နိုင်လိမ့်မည်ဟု ယုံကြည်ထားသောကြောင့် ယခင်က သိပ်မစိုးရိမ်ခဲ့ကြပေ။

သူတို့ထဲမှ တစ်ယောက်ယောက် နက်နဲဓားဂိုဏ်းအတွင်းသို့ ၀င်နိုင်မှသာလျှင် မိသားစုရင်ဆိုင်နေရသော အကြပ်အတည်းမှာ ပြေလည်သွားနိုင်မည်။

ယခုတွင်မူ ကုလန်ထက် ထူးချွန်သော လူများကိုမြင်တွေ့လိုက်ရပြီးနောက် သူတို့၏ယုံကြည်ချက်များမှာ ပြိုလဲသွားရတော့သည်။

ကုလန်….သူ နောက်ဆုံး(၁၀၀၀)ထဲ ပါနိုင်ပါ့မလား….?

အကယ်၍ ကုမိသားစုမှ တစ်ယောက်မှ နက်နဲဓားဂိုဏ်းသို့မ၀င်နိုင်လျှင် ခြောက်သွေ့သစ်သားဂိတ်က ကုမိသားစုကိုဖျက်ဆီးမည်ဖြစ်ပြီး သူတို့အတွက် ပျက်စီးခြင်းနေ့ရက်သို့ မကြာမီရောက်ရှိလာပေလိမ့်မည်။

လခြမ်းမြို့တွင် အင်အားစုများစွာရှိသော်လည်း ၎င်းတို့အထဲမှ ကု ၊ ၀မ် နှင့် ဒွန် မိသားစုသုံးခုမှာ အလေးစားခံများဖြစ်ကြ၏။

ထိုမိသားစုသုံးစုတွင် ၀မ်မိသားစုက အင်အားအတောင့်ဆုံးဖြစ်ပြီး ထို့နောက်တွင်မှ ကုမိသားစုနှင့် ဒွန်မိသားစုတို့ဖြစ်သည်။

ကုမိသားစုနှင့် ဒွန်မိသားစုတို့မှာ ရန်သူများဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် နှစ်ပေါင်းများစွာကြာအောင် ရန်သူများအဖြစ်တိုက်ခိုက်နေခဲ့ကြပြီး ရန်ငြိုးများမှာ ပြေလည်အောင်ဖြေရှင်း၍ မရတော့မည့် အနေအထားသို့ရောက်ရှိနေပြီဖြစ်သည်။

ကုမိသားစုနှင့် ဒွန်မိသားစုအကြားရှိ အင်အားမှာ ကွာရှားမှုမရှိလှချေ။ ထို့ကြောင့် လွန်ခဲ့သောနှစ်များအတွင်း မည်သည့်ဖက်ကမှ အသာစီးမရခဲ့ချေ။

ယခင်က ဤကဲ့သို့အခြေအနေမျိုးဖြင့် နှစ်အနည်းငယ်အတွင်း ၎င်းတို့အကြား မည်သည့်ဖက်ကမှအသာစီးမရနိုင်ဟု ထင်ခဲ့ကြသည်။ သိုသော် သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားသည့်အရာတစ်ခုက ဖြစ်ပျက်လာခဲ့သည်။

မကြာသေးမီက လခြမ်းမြို့တွင် ဒွန်မိသားစုမှ နံပါတ်(၁)ပါရမီရှင်ဖြစ်သော ဒွန်လီသည် ခြောက်သွေ့သစ်သားဂိတ်သို့ တစ်နည်းနည်းဖြင့်၀င်ရောက်သွားခဲ့သည်ဟူသော သတင်းထွက်ပေါ်လာခဲ့သည်။ ထို့အပြင် သူ့အား ခြောက်သွေ့သစ်သားဂိတ်မှ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈)အထွတ်အထိပ်ကျင့်ကြံသူက ကိုယ်ပိုင်တပည့်အဖြစ်လက်ခံထားသေး၏။

အဆုံးတွင် ကုမိသားစုအနေဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ကျရောက်နေချေပြီ။

All Chapters