ကောင်းကင်လေနိုင်ငံ၏ ဦးသျှောင်ဘုရင်
Vol. 1 Ch. 6
ခြောက်သွေ့သစ်သားဂိတ်သည်လည်း တောင်ပိုင်းပြည်နယ်ရှိ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။ ၎င်းတို့၏ အင်အားမှာ နက်နဲဓားဂိုဏ်းနှင့် ယှဉ်နိုင်စွမ်းမရှိသော်လည်း အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ အုပ်ချုပ်နေခြင်းဖြစ်သည်။
ကုမိသားစု အနေဖြင့် အခြေတည်ဝိညာဉ်အဆင့်ကို အသာထား ဒွန်လီ၏ ဆရာဖြစ်သူကိုယ်ပင် ဆန့်ကျင်နိုင်စွမ်းမရှိပေ။
ကုမိသားစုခေါင်းဆောင်မှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၅)၌သာရှိသေး၏။ လခြမ်းမြို့တွင် အသန်မှာဆုံးမှာ ၀မ်မိသားစုခေါင်းဆောင်ဖြစ်ပြီး စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၆)တွင်ဖြစ်သည်။
ပြောရမည်ဆိုလျှင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈)တစ်ယောက်က ကုမိသားစုမဆိုထားနှင့် လခြမ်းမြို့ရှိ အသန်မာဆုံးမိသားစုဖြစ်သော ၀မ်မိသားစုကိုပင်ဖျက်ဆီးနိုင်စွမ်းရှိ၏။
မကြာသေးခင်အချိန်က ဒွန်လီက လခြမ်းမြို့၏ နှစ်စဉ်မဟာပြိုင်ပွဲသို့ ပြန်လာမည်ဖြစ်ကြောင်း ဒွန်မိသားစုက သတင်းဖြန့်ခဲ့သည်။ သူပြန်လာလျှင် သူ၏ ဆရာလည်းလိုက်ပါလာမည်ဖြစ်သည်။
ဤသတင်းအားကြားလျှင် ကုမိသားစုတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ရသည်။
လူတိုင်းက ဒွန်လီပြန်လာခြင်းနှင့်အတူ လခြမ်းမြို့မဟာပြိုင်ပွဲမှာ နှစ်စဉ်ကဲ့သို့ရိုးရှင်းတော့မည်မဟုတ်ကြောင့် ခန့်မှန်းမိကြသည်။
ထူးခြားဆန်းပြားသောအဖြစ်အပျက်များ ဖြစ်မလာလျှင် ဒွန်လီပြန်ရောက်လာသောနေ့သည် လခြမ်းမြို့မှ ကုမိသားစုပျက်သုဉ်းသောနေ့ဖြစ်သွားနိုင်ချေရှိသည်။
ထို့ကြောင့် ကုယီယီနှင့် အခြားသူများ နက်နဲဓားဂိုဏ်းရှိရာလို့ ကတိုက်ကရိုက်ရောက်ရှိလာကြခြင်းဖြစ်သည်။
နက်နဲဓားဂိုဏ်းမှာ ကုမိသားစုအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပေသည်။
နက်နဲဓားဂိုဏ်းက ၎င်းတို့၏ တပည့်များအား အကာအကွယ်ပေးရာ၌ နာမည်ကြီးသည်။ အကယ်၍ သူတို့သာ နက်နဲဓားဂိုဏ်း၏ တပည့်ဖြစ်လာနိုင်မည်ဆိုလျှင် ခြောက်သွေ့သစ်သားဂိတ်အား လက်တွန့်သွားစေရန် လုံလောက်၏။
အချိန်တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ ပိုမိုများပြားသော ပါရမီရှင်များထွက်ပေါ်လာခဲ့သည်။ ဤသို့နှင့် သူတို့၏ နက်နဲဓားဂိုဏ်းသို့၀င်ရန် ယုံကြည်ချက်များမှာ တစ်စထက်တစ်စမှိန်ဖျော့လာခဲ့ချေပြီ။
အချိန်များ တစ်မိနစ်ပြီး တစ်မိနစ်ကုန်လွန်သွားကာ ပထမစမ်းသပ်မှု ဆုံးခန်းတိုင်သွားပြီဖြစ်၏။
ကုယီယီမှလွဲ၍ ပါရမီအမှတ် (၁၀၀)ကျော်သောလူအား ရွှမ်ယီမတွေ့ရှိခဲ့ပါ။ အခြားတစ်ဖက်တွင် အမှတ်(၉၀)ကျော်သောလူတစ်ယောက်ရှိ၏။ ထိုသူမှာ အသက်(၁၆)နှစ်ဖြင့် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)သို့ရောက်ရှိနေသည့် ရန်ဟောင်ဖြစ်သည်။ သူ၏ ပါရမီအမှတ်မှာ (၉၁)မှတ်ဖြစ်ပြီး နက်နဲဓားဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် ပိုင်ဇီဆောင်ထက် တစ်မှတ်သာလျော့ပေသည်။ သူ၏ သဘာ၀ပင်ကိုပါရမီမှာ ကုယီယီနှင့် ယှဉ်လျှင် နိမ့်ကျနေသော်လည်း အလွန်ထူးချွန်နေဆဲဖြစ်သည်။
ပထမပိုင်းစမ်းသပ်မှုပြီးဆုံးခဲ့ချေပြီ။
လူ(၁၀၀၀၀) နီးပါးတွင် (၈၀၀)၀န်းကျင်သာ ကျရှုံးခဲ့ပြီး လူ(၉၀၀၀)ကျော်အောင်မြင့်ခဲ့သည်။
အားလုံးထဲတွင် အတောက်ပဆုံးက ရန်ဟောင်ဖြစ်၏။
အသက်(၁၆)နှစ် ၊ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇) ။ ဤသည်မှာ နက်နဲဂိုဏ်းကပင် တန်ဖိုးထားရသော အရည်အချင်းမျိုးဖြစ်ပေသည်။
ဒုတိယအဆင့်မစတင်ရသေးသော်လည်း ရန်ဟောင်၏ အရည်အချင်းဖြင့် နက်နဲဓားဂိုဏ်းသို့ ၀င်ခွင့်ရရန်သေချာနေပြီဖြစ်သည်။ ဂိုဏ်းတွင်းရှိ အဆင့်မြင့်သောအကြီးအကဲတစ်ယောက်၏ ကိုယ်ပိုင်တပည့်ပင်ဖြစ်လာနိုင်ချေရှိသည်။
ရန်ဟောင်အပေါ်သို့ ပတ်၀န်းကျင်မှ မနာလိုသောအကြည့်များစွာကျရောက်နေ၏။
ကုယီယီ ၊ ကုလန်တို့ပင် ချွင်းချက်မရှိချေ။
“ ဒါက သာမန်လူတွေနဲ့ ပါရမီရှင်တွေကြားက ကွာခြားချက်ပဲလား….? ငါတို့ကတော့ ထိပ်ဆုံး လူ(၁၀၀၀)ထဲမှာပါဖို့ ကြိုးစားပြီးတိုက်ပွဲ၀င်ရဦးမယ်….ရန်ဟောင်ကတော့ ဒုတိယစမ်းသပ်မှုမလုပ်ရင်တောင် နက်နဲဓားဂိုဏ်းထဲ၀င်ခွင့်ရဖို့သေချာနေပြီ…”
ကုမိသားစုမှတပည့်တစ်ဦးက သက်ပြင်းချလိုက်သည်။
ဒုတိယအကြီးအကဲက မျက်မှောင်ကြုတ်လိုက်ပြီး
“ ပါရမီဆိုတာ မွေးလာကတည်းက ပါလာတဲ့အရာပဲ….အဲ့တာကို မင်းမနာလိုဖြစ်နေလည်း ဘာမှလုပ်လို့မရဘူး….ပါရမီကပဲ ကျင့်ကြံခြင်းလမ်းကြောင်းမှာ အရာအားလုံးမဟုတ်ဘူး….အဲ့တာကို မင်းနားလည်ဖို့လိုအပ်တယ်…. ကောင်းကင်လေနိုင်ငံရဲ့ လက်ရှိ ကြီးမြတ်တဲ့ဘုရင်အကြောင်းကို မင်းလည်းကြားဖူးမယ်ဆိုတာ သေချာတယ်….အဲ့တုံးက သူ့ရဲ့ပါရမီက မင်းတို့နဲ့သိပ်မထူးခြားဘူး ၊ ဒါပေမယ့် နောက်ဆုံးအဖြေက ဘယ်လိုလဲ……”
ဒုတိယအကြီးအကဲ၏ စကားများကြောင့် မူလက စိတ်ဓာတ်ကျနေသော လူငယ်လေးများ၏ မျက်၀န်းများပြန်လည်တောက်ပလာခဲ့သည်။
အဲ့တာ မှန်တယ်…!
ကောင်းကင်လေနိုင်ငံကို အုပ်ချုပ်သူရဲ့ အရည်အချင်းက ငယ်စဉ်က ဘာမျှမထူးခြားခဲ့ချေ။ သို့သော် ယခုလက်ရှိ ကောင်းကင်လေနိုင်ငံ၏ ထိပ်တန်း ကျွမ်းကျင်သူငါးဦးထဲတွင် ပါ၀င်နေပြီဖြစ်သည်။ သူ့အချိန်အခါက ပါရမီရှင်များအားလုံး ထိုသူ၏ နင်းချေခြင်းကိုခံခဲ့ရသည်။
ထိုမှနေ၍ ပါရမီကပဲ အရာအားလုံးကိုဆုံးဖြတ်သည်မဟုတ်ကြောင်း နားလည်သွားကြသည်။
ပထမစမ်းသပ်မှုပြီးဆုံးပြီးနောက် ဒုတိယစမ်းသပ်မှုရောက်လာပြီဖြစ်၏။
နက်နဲဓားဂိုဏ်း၏ အကြီးအကဲတစ်ဦးမှ အောင်မြင်ခဲ့သော လူငယ်(၉၀၀၀)အား နတ်ဆိုးတောအုပ်သို့ခေါ်ဆောင်သွားသည်။
နက်နဲဓားဂိုဏ်း၏ ရင်ပြင်ထက်တွင် မျောလွင့်နေသော စခရင်ကြီးမှနေ၍ ရွှမ်ယီအပါ၀င် လူတိုင်း နတ်ဆိုးတောအုပ်ရှိ လူငယ်များ၏ အခြေအနေကို မြင်တွေ့နေရသည်။
ထိုကြီးမားသော စခရင်ကြီးအတွင်း၌ စခရင်အသေးစား(၉၀၀၀)ကျော်ရှိနေသည်။ စခရင်အသေးလေးတစ်ခုချင်းစီတွင် ပြိုင်ပွဲ၌ ပါ၀င်နေသူ တစ်ယောက်စီရှိနေ၏။ ဤသို့ဖြင့် နက်နဲဓားဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များမှ ထိုသူတို့၏ လေ့ကျင့်ခြင်းအစီအစဉ်တစ်လျှောက်လုံး မြင်တွေ့နိုင်မည်ဖြစ်သည်။
ရွှမ်ယီ၏ အကြည့်က ပါ၀င်ယှဉ်ပြိုင်နေသော တပည့်အနည်းငယ်၏ အထက်မှ ဖြတ်သန်းသွားခဲ့သည်။ မှန်ပေသည် ၊ ဤစစ်ဆေးမှုတစ်ခုလုံးတွင် သူဂရုစိုက်သည့်လူမှာ ကုယီယီတစ်ဦးတည်းသာဖြစ်၏။
“ ရန်ဟောင်ဆိုတဲ့ကောင်လေးမဆိုးဘူး…သူက ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)ထိပ်ဆုံးပဲရှိသေးတာတောင် အဆင့်(၈)နတ်ဆိုးသားရဲ လေးကောင်နဲ့တိုက်တာ ရှုံးမသွားဘူး….သူကတောင် အသာစီးရနေသေးတယ်…အစစ်အမှန်ပါရမီရှင် တစ်ယောက်ပဲ…..”
ဂိုဏ်းချုပ် ကျန်းနန်ထျန်က စခရင်အားကြည့်နေပြီး ချီးကျူးလိုက်သည်။
ဤသည်မှာ ပထမစမ်းသပ်မှုတွင် ထူးခြားသောပါရမီကိုပြသခဲ့သည့် ရန်ဟောင်မှလွှဲ၍ အခြားမဟုတ်ချေ။
“ ဒီ ဖီဇန် ဆိုတဲ့တစ်ယောက်… အစက သူ့ပါရမီကို ရန်ဟောင်နဲ့မတူရင်တောင် အရမ်းမနိမ့်ဘူးလို့ ငါထင်ထားတာ….အခုကြည့်ရသလောက် ငါအများကြီး ပိုတွက်ထားမိတာပဲ…..အခုတောင် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)ထိပ်ဆုံးအဆင့်ဖြစ်ပြီး အဆင့်(၈)အစောပိုင်း နတ်ဆိုးသားရဲလိုက်လို့ ထွက်ပြေးနေရတယ်….”
“ ဟမ့် အဲ့ဖီဇန်ဆိုတဲ့ကောင်က ဆေးတွေသောက်ပြီး အဆင့်တက်ထားတဲ့ကောင်သက်သက်ပဲ….တူညီတဲ့အဆင့်မှာ ရန်ဟောင်နဲ့တိုက်ရင် တစ်ချက်တည်းနဲ့ ပွဲသိမ်းခံလိုက်ရမှာ…..”
အကြီးအကဲတစ်ယောက်ကပြောလိုက်သည်။
ပထမစမ်းသပ်မှုမှာ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကိုသာစစ်ဆေးခဲ့ခြင်းဖြစ်ပြီး အရည်အချင်းအစစ်အမှန်ကို တွေ့ခဲ့ရခြင်းမရှိချေ။
သို့ပေမယ့် ဒုတိယစမ်းသပ်မှုကတော့ ကွာခြားပေသည်။
ဆေးလုံးများသောက်ပြီး အဆင့်တက်ထားသော ဆေးအိုးပါရမီရှင်များက ၎င်းတို့၏ ပုံစံအမှန်ကို ထုတ်ဖော်ပြသနေပြီဖြစ်သည်။
ရွှမ်ယီက အာရုံစိုက်ခြင်းခံနေရသော ကုယီယီအတွက်မူ သူမ၏ အရည်အချင်းမှာ အလွန်ဆိုးရွားလွန်းလှသည်။ သူမနှင့် အဆင့်တူတွင်ရှိနေသော နတ်ဆိုးသားရဲကိုပင် အနိုင်မတိုက်နိုင်ပေ။ သူမအားကြည့်ရသည်မှာ တိုက်ပွဲအတွေ့အကြုံမရှိမှန်းသိသာလှသည်။
သူမအနေဖြင့် ထိပ်တန်း(၁၀၀၀)အတွင်း ပါ၀င်ရန်မဖြစ်နိုင်သည်မှာ အလွန်သေချာနေချေပြီ။
မည်သို့ပင်ဆိုစေကာမူ ရွှမ်ယီက သူမအား ဒုတိယစမ်းသပ်မှုအောင်မြင်ရန် မျှော်ထားခြင်းမရှိပေ။ ရေခဲဝိညာဉ်ခန္ဓာကိုယ်မနိုးထမီအချိန်တွင် သူမ၏ ပါရမီမှာ ယှဉ်ပြိုင်နေသော လူ(၁၀၀၀၀)ထဲ၌ သာမန်မျှသာဖြစ်၏။