နောက်ဆုံးအဆင့်သတ်မှတ်ချက်
Vol. 1 Ch. 7
ကုယီယီသည် ဒုတိယအပိုင်းစစ်ဆေးခြင်း ပြီးဆုံးကာနီးမှ ချီငွေ့ရည်ဖွဲ့ခြင်း အဆင့်(၃) နတ်ဆိုးသားရဲ သုံးကောင်ကို သတ်နိုင်ခဲ့သည်။ ထိုစွမ်းဆောင်မှုမှာ ယှဉ်ပြိုင်သူ (၁၀၀၀၀) အနက် အနိမ့်ဆုံးဖြစ်ချေသည်။
တစ်ခုသိထားရမည်က ကုယီယီ၏ကျင့်ကြံဆင့်မှာ ချီငွေ့ရည်ဖွဲ့ခြင်း အဆင့်(၄)ဖြစ်၏။ ထိုအဆင့်ဖြင့် အဆင့်(၃) နတ်ဆိုးသားရဲ သုံးကောင်သာသတ်ခဲ့နိုင်ခြင်းမှာ အလွန်းဆိုးရွားလွန်းလှသည်။
နတ်ဆိုးသားရဲတောအုပ်အတွင်းမှ ပြန်ထွက်လာသည့်အချိန်တွင် သူမ၏ မျက်နှာသေးသေးလေးမှာ ဖြူဖျော့နေချေပြီ။
နတ်ဆိုးသားရဲတောအုပ်အတွင်းမှ သားရဲများထိုမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူမ ဘယ်တုံးကမှ မျှော်လင့်ထားခဲ့ခြင်းမရှိချေ။ ယနေ့တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက မိသားစုအတွင်း၌ တိုက်ခိုက်ခဲ့သည်များမှာ ကလေးကစားသည်နှင့် အလားသဏ္ဌာန်တူညီနေသည်။
နောက်ဆုံးရလဒ်ထွက်ပေါ်မလာသေးသော်လည်း သူမအနေဖြင့် ထိပ်ဆုံး(၁၀၀၀)တွင် ပါ၀င်ရန် လုံး၀မဖြစ်နိုင်မှန်း သိရှိထားပြီးဖြစ်သည်။
ကုလန်၏ မျက်နှာသည်လည်း ဖြူဖျော့နေလေသည်။
စမ်းသပ်မှုအတွင်း၌ သူ၏ စွမ်းဆောင်ရည်မှာ ကုယီယီထက် ပိုမသာပေ။
နတ်ဆိုးသားရဲများစွာကိုသူ သတ်ခဲ့သော်လည်း ၎င်းတို့မှာ အဆင့်(၄) နှင့်အောက်များသာ ဖြစ်ပြီး အဆင့်(၅) တစ်ကောင်မျှမပါ၀င်ခဲ့ချေ။
ကုလန်သည် အဆင့်(၅) နတ်ဆိုးသားရဲတစ်ကောင်နှင့်တိုက်ခိုက်ခဲ့သေးသည်။ သို့သော် တစ်ချက်နှစ်ချက် တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်းရှုံးနိမ့်ပြီး ထွက်ပြေးခဲ့ရသည်။
ဤသည်မှာ ကုယီယီနှင့် ကုလန်တို့ ယခုမတိုင်မီက နတ်ဆိုးသားရဲများနှင့် မတိုက်ခိုက်ဖူးသောကြောင့်မဟုတ်ချေ။ ကုမိသားစုအတွင်း၌ ဖမ်းဆီးထားသော နတ်ဆိုးသားရဲဆယ်ကောင်ထက်မနည်း တိုက်ခိုက်ခဲ့ဖူးသည်။ သူတို့၏ သန်မာမှုများကမူ ခြားနားပေသည်။ ချီငွေ့ရည်ဖွဲ့ခြင်း အဆင့်(၃) ၊ (၄) ၊ (၅) များဖြစ်၏။ ၎င်းတို့မှာ ကုမိသားစုအတွင်းရှိ လူငယ်မျိုးဆက်များ တိုက်ပွဲအတွေ့အကြုံရရန်အတွက် ကုမိသားစုရှိ အကြီးအကဲများက ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။
ယခင်တုံးက သူတို့အနေဖြင့် တောအုပ်အတွင်းရှိ နတ်ဆိုးသားရဲများက သူတို့ နှင့် တိုက်ခိုက်ဖူးသော နတ်ဆိုးသားရဲများထက် နိမ့်ကျသည်ဟု တွေးထင်ထားခဲ့ကြသည်။ သို့သော် ယခုတိုက်ပွဲအပြီး၌ ၎င်းတို့အားလုံး အမှန်တရားကိုနားလည်သွားကြချေပြီ။
သိပ်ပြီးတော့ကွာခြားမှုမရှိတာလား….?
မဟုတ်ပေ….!
နေ့နှင့်ညကဲ့သို့ ကွဲပြားခြားနားလွန်းလှ၏။
ကုမိသားစုအတွင်း၌ ဖမ်းဆီးထားသော နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်ရာတွင် ကုလန်သည် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅) သုံးကောင်ကို တစ်ပြိုင်တည်းတိုက်ခိုက်နိုင်စွမ်းရှိသည်။ သို့သော် ယခုတွင်မူ တစ်ကောင်တည်းနှင့်ပင် ခွေးပြေး၀က်ပြေး ပြေးခဲ့ရ၏။
ယခုတွင် ကုလန်သည် မိသားစုအတွင်းမှ အဆင့်(၅) နတ်ဆိုးသားရဲနှင့် တောအုပ်အတွင်းရှိ အဆင့်(၅) နတ်ဆိုးသားရဲ အကြားရှိ ကွာခြားချက်ကို ကောင်းစွာနားလည်သွားချေပြီ။ ၎င်းမှာ နေ့နှင့်ည ကဲ့သို့ပင်ဖြစ်၏။
ဒုတိယအပိုင်းစစ်ဆေးမှု ပြီးဆုံးသည့်အချိန်တွင် ယှဉ်ပြိုင်သူအားလုံး၏ ခေါင်းအထက်တွင် ကြီးမားသော စခရင်တစ်ခုပေါ်ထွက်လာ၏။ ထိုစခရင်ထက်တွင် ဒုတိယအပိုင်းစစ်ဆေးမှု၌ ရရှိသင့်အဆင့်များကို ဖော်ပြထားသည်။
ထိုအထဲတွင် ရန်ဟောင်လည်း ပါ၀င်၏။
ပထမပိုင်းစစ်ဆေးမှုတွင် ရန်ဟောင်သည် အသက်(၁၆)နှစ် ၊ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)ဖြင့် အဆင့်(၁) ရခဲ့ပြီး ဒုတိယအဆင့်စစ်ဆေးမှုတွင်လည်း အဆင့်(၁)ဖြစ်၏။ လုံး၀ အငြင်းပွားစရာမရှိသော အဆင့်(၁)ဖြစ်ချေသည်။
ကုလန်က ခေါင်းအထက်တွင် ပေါ်နေသော ကြီးမားသောစခရင်အားမြင်လိုက်လျှင် ၎င်း၏ဦးခေါင်းအား ရေခဲရေနှင့်လောင်းချခံလိုက်ရသကဲ့သို့ အေခဲသွားပြီး စကားပင်မပြောနိုင်အောင်ဖြစ်သွားခဲ့ရသည်။
ရန်ဟောင် : အဆင့် (၁)
အောင်မြင်မှုများ : ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈) နတ်ဆိုးသားရဲ (၃)ကောင် ၊ အဆင့်(၇) (၁၂)ကောင်….!
အဘယ်ကြောင့်ဆိုသော် ရန်ဟောင်၏ ကျင့်ကြံခြင်းမှာ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇) တွင်ဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် အဆင့်(၈) သားရဲ (၃)ကောင်ပင် ထိုသူ၏ လက်တွင်း၌ သေဆုံးသွားခဲ့ရသည်။
ထိုသားရဲများက သူ့ထက် (၁)ဆင့်မြင့်ပေသည်….!
ကုလန်သည် နတ်ဆိုးသားရဲတောအုပ်အတွင်းရှိ သားရဲများ မည်မျှသန်မာကြောင်းကိုနားလည်ထား၏။ အဆင့်ကျော်တိုက်ခိုက်ရန်မပြောနှင့် တူညီသောအဆင့်အား အနိုင်ယူရန်ပင် ခက်ခဲလွန်းလှသည်။
သို့သော် ရန်ဟောင်က အဆင့်တူနတ်ဆိုးသားရဲ (၁၂)ကောင်ကိုသတ်ပစ်ခဲ့ရုံသာမက တစ်ဆင့်မြင့်သော နတ်ဆိုးသားရဲ (၃)ကောင်ကိုပင် သတ်ခဲ့သေးသည်။
ရန်ဟောင်က ကုလန်အပါအ၀င် လူများအားလုံးကို ပါရမီရှင်ဆိုသည်မှာ မည်သည်နည်းဆိုသည်ကို ရှင်းပြခဲ့လေသည်။
ရန်ဟောင်နာမည်အောက်တွင် ပိုင်ချင်းဝူဟုခေါ်သည့် မိန်းကလေး၏ အမည်ရှိနေသည်။
ပိုင်ချင်းဝူသည် ပထမပိုင်းစစ်ဆေးမှုတွင် ထူးခြားခဲ့ခြင်းမရှိသော်လည်း ဒုတိယအပိုင်းတွင်မူ သူမ၏ ကြောက်မယ်ဖွယ်အရည်အချင်းအား ထုတ်ဖော်ပြသခဲ့လေသည်။ သူမက ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)ဖြင့် အဆင့်(၆) နတ်ဆိုးသားရဲ (၂)ကောင် ၊ အဆင့်(၅) နတ်ဆိုးသားရဲ (၅)ကောင်အားသတ်ဖြတ်ခဲ့သည်။
ထိုအရာက သူမ၏ အဆင့်အားအထက်သို့ရောက်သွားစေခဲ့ခြင်းဖြစ်သည်။
သူတို့နှစ်ယောက်မှအပ အဆင့်ကျော်တိုက်ခိုက်နိုင်သူများ မကျန်တော့ချေ။
ကုလန်၏ အကြည့်များ အောက်သို့အဆက်မပြတ်ရွေ့လျားသွားပြီး အောက်ဆုံးသို့ရောက်ကာနီးမှ သူ၏ အဆင့်ကိုတွေ့လိုက်ရသည်။
ကုလန် : အဆင့် (၆၅၃၃)
အောင်မြင်မှုများ : အဆင့် (၄) နတ်ဆိုးသားရဲ (၄) ကောင် ၊ အဆင့်(၃) နတ်ဆိုးသားရဲ (၅) ကကောင်
အခြားတစ်ဖက်တွင် ကုယီယီကလည်း သူမ၏ အဆင့်ကို တွေ့ခဲ့ရသည်။
ကုယီယီ : အဆင့် (၉၀၁၅)
အောင်မြင်မှုများ : အဆင့်(၃) နတ်ဆိုးသားရဲ (၃)ကောင်
ကုလန်က သူသည် အဆင်မြင့်မြင့်ရနိုင်မည်မဟုတ်မှန်း နားလည်ထားသော်လည်း အဆင့်(၆၀၀၀) အောက်သို့ပင် ရောက်နေလိမ့်မည်ဟု မမျော်လင့်ထားမိချေ။
ကုလန်က ၀မ်မိသားစုမှ ၀မ်ဖေး၏ အဆင့်ကိုလည်း ရှာကြည့်ခဲ့သည်။ ထိုသူမှာကား အဆင့် (၈၀၀၀)ကျော်တွင်ဖြစ်ပြီး သူ့ထက်နိမ့်ကျပေသည်။ အချို့သောအကြောင်းပြချက်များကြောင့် ကုလန်သည် ၀မ်ဖေး၏အဆင့်အား တွေ့မြင်ပြီးသည့်နောက် သက်ပြင်းချလိုက်မိသည်။
ကံကောင်းစွာနှင့် ထိုအကောင်မှာ ဂိုဏ်းထဲသို့၀င်ခွင့်မရခဲ့ဘဲ သူ့အောက်တွင်ရှိနေခဲ့သည်။
“ ဒုတိယအပိုင်းစစ်ဆေးခြင်း ဒီမှာပဲပြီးဆုံးသွားပြီ….အဆင့်(၁၀၀၀)အတွင်းက လူတွေအားလုံး ငါတို့ဂိုဏ်းရဲ့ အပြင်စည်းတပည့်တွေဖြစ်လာလိမ့်မယ်….”
နက်နဲဓားဂိုဏ်းမှ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်မြင့်အဆင့် အကြီးအကဲတစ်ယောက်က ရှေ့ထွက်ပြီး ကြေငြာလိုက်သည်။
“ ဟားဟားဟား…..ငါ နက်နဲဓားဂိုဏ်းရဲ့ တပည့်ဖြစ်သွားပြီကွ…ဘယ်ကောင် ငါ့ကို နှိမ့်ချပြီးကြည့်ဝံ့သေးလဲ….”
“ ဟူးးး ပြီးဆုံးသွားပြီ….နက်နဲဓားဂိုဏ်းကို ၀င်ခွင့်ရဖို့ လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ရှိသမျှအရင်းအမြစ်တွေ ပုံအောပြီးအသုံးပြုခဲ့တယ်….ဒါပေမယ့် နောက်ဆုံးကျတော့လည်း ငါမ၀င်နိုင်ခဲ့ဘူးပဲ…..”
ရင်ပြင်တစ်ခုလုံး ဆူညံ့ပွတ်လောရိုက်နေ၏။
၀င်ခွင့်ရသောသူများမှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်ကာ ပျော်ရွှင်နေကြသည်။ သူတို့အနေဖြင့် နက်နဲဓားဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် မွေးရပ်မြေသို့ပြန်သွားခဲ့လျှင် မည်သူတစ်ဦးတစ်ယောက်မှ နှိမ့်ချကာကြည့်ရဲတော့မည်မဟုတ်ချေ။
၀င်ခွင့်မရသောသူများအတွင်မူ ၎င်းတို့၏ ခံစားချက်များ ရောထွေးရှုပ်ထွေးနေလေသည်။
၎င်းတို့သည် မွေးရပ်မြေတွင် ပါရမီရှင်များဖြစ်ကြပြီး မိသားစု၏ အရင်းအမြစ်များပုံအောအသုံးပြုခဲ့ကြသည်။ သို့သော် လက်ဗလာဖြင့်ပြန်သွားခဲ့ပါက မိသားစုတစ်ခုလုံး ၀မ်းနည်းစိတ်ပျက်သွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ စစ်ဆေးမှုဒုတိယအပိုင်းမှာ ဆုံးခန်းတိုင်သွားခဲ့ပြီဖြစ်၏။
“ ထိပ်ဆုံး(၁၀၀၀)အပြင် နောက်ထပ်၀င်ခွင့်ရတဲ့လူတွေလည်းရှိသေးတယ်….မင်းတို့က အဆင့်(၁၀၀၀) အတွင်းမှာ မပါလည်း ပြိုင်ပွဲကိုစောင့်ကြည့်နေတဲ့အကြီးအကဲတွေက သူတို့ သဘောကျတဲ့လူတွေကိုရွေးချယ်ထားတယ်….? ဒါပြီးရင် ငါနာမည်တွေ တန်းစီပြီး ခေါ်ပေးမယ်….ပထမဆုံးအနေနဲ့ ငါတို့ဂိုဏ်းရဲ့ ဂိုဏ်း၀င်တွေဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ်လို့ ပြောပါရစေ…..”
နက်နဲဓားဂိုဏ်း၏ အကြီးအကဲစကားပြောနေစဉ်အတွင်း ဂိုဏ်းရင်ပြင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေ၏။
ထို အကြီးအကဲ၏ စကားသံက ရင်ပြင်အနှံ့သို့ မိုးခြိမ်းသံအလား ပျံ့နှံ့သွားခဲ့သည်။
ရင်ပြင်တွင်ရှိသော ၀င်ခွင့်မရလိုက်သည့် လူတိုင်း၏ မျက်လုံးများ မျှော်လင့်ချက်များဖြင့် တဖန်ပြန်လည်၍ တောက်ပလာပြန်သည်။
ဖြစ်နိုင်ချေအလွန်နည်းပါးလွန်းသော်လည်း ဘာမှမရှိသည်ထက်စာလျှင် အများကြီးသာပေသည်။