သူတပည့်တစ်ယောက်လက်ခံလိုက်တယ်….! ဘာလို့လဲ….?
Vol. 1 Ch. 8
“ ချင်းဟောင် ၊ စစ်ကူဖန်း ၊ ရှချင်း ၊ ဟောင်ရီဒန်…..”
အကြီးအကဲ ကျင်းရွှမ် က ဆယ်ယောက်ကျော်၏ နာမည်များကို ကြေငြာလိုက်ပြီး နာမည်ပါသူများအားလုံး အလွန်ပျော်ရွှင်သွားကြသည်။ အစက သူတို့အနေဖြင့် မျှော်လင့်ချက်မရှိတော့ဘူးဟု ထင်ထားခဲ့ကြသော်လည်း ယခုတွင်မူ……
ဘ၀တွင် ကျရှုံးခြင်းနှင့် အောင်မြင်ခြင်းက အဆက်မပြတ်ပြောင်းလည်းနေသည်။
ရင်ပြင်၏ တစ်နေရာတွင် ကုလန်က သူ၏ လက်သီးကို တင်းကြပ်စွာဆုပ်ထားပြီး အကြီးအကဲကြေငြာရာတွင် သူနာမည်ပါလာစေရန် ဆုတောင်းနေမိသည်။
“ ၀မ်ဖေး…! “
နက်နဲဓားဂိုဏ်း၏ အကြီးအကဲထံမှ ၀မ်ဖေးဟူသော အမည်အားကြားလျှင် ကုလန် အလွန်အံ့ဩထိတ်လန့်သွားခဲ့သည်။
သူ၏ မျက်၀န်းများက မလှမ်းမကမ်းရှိ ၀မ်ဖေးထံသို့ရောက်သွားခဲ့ပြီး ခေါင်းထဲတွင် မိုက်ခနဲဖြစ်သွား၏။
“ ၀မ်ဖေး….? ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ….? “
ကုလန်၏ အကြည့်များ ၀မ်ဖေးထံသို့ရောက်သွားလျှင် အကြည့်ချင်းဆုံသွားခဲ့သည်။
၀မ်ဖေးက သူ၏နာမည်ပါလာခြင်းအပေါ် များစွာ အံ့အားသင့်ခြင်းမဖြစ်မိပေ။
“ ဘယ်လိုလဲ…? ငါက နက်နဲဓားဂိုဏ်းကို ၀င်နိုင်လိမ့်မယ်လို့မင်းကိုပြောခဲ့တယ်နော်…. ငါမလိမ်ဘူးဆိုတာ မင်း မြင်ပြီလား….”
၀မ်ဖေးက ဝံ့ကြွားစွာပြုံးပြပြီး လှောင်ရယ်လိုက်သည်။
လခြမ်းမြို့တော်တွင် ၀မ်ဖေးက ကုလန်၏ ဖိနှိပ်ခြင်းကိုခံခဲ့ရသည်။ လခြမ်းမြို့၌ နံပါတ်(၁) ပါရမီရှင်က မည်သူနည်းဆိုလျှင် လူအများစုက ကုလန်အား အရင်ဆုံးတွေးမိကြပေလိမ့်မည်။ ၀မ်ဖေးအား ဘယ်သူမှ မတွေးကြချေ။
ဒါပေမယ့် အခု ကုလန်က ဘာလဲ….?
ယခုတွင် သူက နက်နဲဓားဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်သွားရာ အနာဂါတ်တွေ ကုလန်နှင့်သူ့အကြားရှိ ကွာဟချက်မှာ ပို၍ ကြီးမားလာပေလိမ့်မည်။
တဖက်တွင် ကုယီယီလည်း အံ့အားသင့်သွားခဲ့ရသည်။
“ ယီယီ မင်းဘယ်လိုထင်လဲ…? အချိန်ရှိသေးတယ် မင်းသဘောတူမလား….? မင်းသဘောတူလိုက်တာနဲ့ ကုမိသားအရေးကိစ္စက ငါ့ကိစ္စဖြစ်သွားပြီ… ခြောက်သွေ့သစ်သားဂိတ်က ဘယ်လောက်ပဲသန်မာတယ်ပြောပြော နက်နဲဓားဂိုဏ်းက ပိုပြီးတော့ သန်မာတယ်….ငါက ဘာလို့အရွေးချယ်ခံလိုက်ရလဲဆိုတာ မင်းသိချင်နေတာမလား…? မင်းသိချင်ရင် ငါပြောပြမယ်…. နက်နဲဓားဂိုဏ်းက အကြီးအကဲတစ်ယောက်နဲ့ ငါတို့၀မ်မိသားစုက အသိအကျွမ်းဟောင်းတွေပဲ….”
“ တကယ်လို့ မင်းသာ သဘောတူမယ်ဆိုရင် ကုမိသားစု ကိစ္စအတွက် အဲ့ဒီအကြီးအကဲကို ငါဖိတ်ခေါ်ပေးမယ်…”
“ ဒါဆို မင်းက နက်နဲဓားဂိုဏ်းကို နောက်ဖေးတံခါးပေါက်ကနေ ၀င်သွားတာပေါ့ ဟုတ်လား….”
ကုလန်က အေးစက်စက်ဆိုလိုက်သည်။
“ ငါနောက်ဖေးတံခါးက ၀င်တာဆိုရင်တောင် ဘာဖြစ်လဲ…? မင်းလည်း လုပ်နိုင်ရင်လုပ်လေ…..”
၀မ်ဖေးက ကုလန်အား ပြန်ပြောလိုက်ပြီးနောက် လျစ်လျူရှုထားလိုက်သည်။ သူ၏ အာရုံက ကုယီယီအပေါ်တွင်သာရှိနေပြီး သူမ ခေါင်းညိတ်မည့်အချိန်ကို စောင့်နေခဲ့သည်။
“ ကျွန်မ…”
ကုယီယီတစ်ယောက် အလွန်စိတ်ရှုပ်ထွေးနေခဲ့သည်။ ကုမိသားစု၏ လက်ရှိအခြေအနေအရ သူမ၏ ဆုံးဖြတ်ချက်က ကုမိသားစု ဆက်လက်ရှင်သန်ရေးနှင့် ပတ်သက်၍နေသည်။
သူမငြင်းလိုက်လျှင် သူမအား မည်သူမှအတင်းအကြပ်လုပ်မည်မဟုတ်သည်ကို သိသော်လည်း ယခုတွင်မူ သူမတုံ့ဆိုင်းနေမိသည်။
အမှန်တိုင်းဆိုရမည်ဆိုလျှင် ယခင်တုံးက အချိန်သာဆိုပါက ကုယီယီ ချက်ချင်းငြင်းပယ်မိပေလိမ့်မည်။
ဒါပေမယ့် အခု…..
ပြောရမည်ဆိုလျှင် ၀မ်ဖေး မဟုတ်သေးဘူး သူ့နောက်တွင်ရှိနေရှိနေသော ဓားဂိုဏ်း၏ အကြီးအကဲက ကုမိသားအတွက် တစ်ခုတည်းသော အသက်ရှုထွက်ပေါက် ဖြစ်ကောင်းဖြစ်နိုင်သည်။
သူမ၏ မျက်နှာတွင် အပြုံးဟုမဆိုသာသော အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ ဤကမ္ဘာကြီးတွင် အရာများစွာရှိနေပြီး သူမထိန်းချုပ်နိုင်စွမ်းမရှိသော အခြေအနေများစွာလည်းရှိနေပေသည်။
ဥပမာအနေဖြင့် ယခုအခြေအနေမျိုးဖြစ်၏။
“ ကျွန်မ…..…..”
“ ကုယီယီ…”
ကုယီယီ စကားပြောတော့မည့်အချိန်တွင် စင်မြင့်ပေါ်ရှိ အကြီးအကဲက သူမ၏ နာမည်အားကြေငြာသည်ကိုကြားလိုက်ရသည်။
“ ဟမ်….”
ထိုအသံထွက်ပေါ်လာသည်နှင့် ၀မ်ဖေး ၊ ကုလန် ၊ ကုမိသားစု၏ ဒုတိယအကြီးအကဲအပါအ၀င် ကုမိသားစုမှ တပည့်များအားလုံး အံ့အားသင့်သွားကြ၏။
၀မ်ဖေး၏ အဆင့်မှာ အလွန်နိမ့်ကျပြီး သူရွေးချယ်ခံရသည်မှာ ၀မ်မိသားစုနှင့် နက်နဲဓားဂိုဏ်းမှ အကြီးအကဲတို့ကြား ဆက်နွယ်မှုကြောင့်ဖြစ်သည်ဟု သူကိုယ်တိုင် ဖွင့်ဟ၀န်ခံခဲ့သည်။
ဒါပေမယ့် ကုမိသားစု….
ကုယီယီမှာမူ ပါးစပ်အဟောင်းသားနှင့်ဖြသ်နေပြီး သူမ၏ ခန္ဓာကိုယ်လေးမှာ တုန်ယင်နေလေသည်။
သူမ နာမည် ကိုကြားလိုက်ရတာလား….?
ဘယ်လိုဖြစ်နိုင်မှာလဲ…?
သူမ၏ အဆင့်မှာ လူတစ်သောင်းနီးပါးတွင် အောက်ဆုံး၌ ရပ်တည်နေခြင်းဖြစ်၏။
“ စိတ်မကောင်းပါဘူး ကျွန်မရှင့်ကို ငြင်းတယ်….”
စိတ်သက်သာရာရသွားပြီးနောက် ကုယီယီက ၀မ်ဖေးအား ချက်ချင်းငြင်းပယ်လိုက်သည်။
“ မဖြစ်နိုင်ဘူး…! ဘာလို့လဲ…? သူမ ဘယ်လိုဖြစ်ပြီး ၀င်ခွင့်ရတာလဲ….? “
၀မ်ဖေး ရူးချင်သလိုလိုဖြစ်သွားခဲ့ရသည်။ နက်နဲဓားဂိုဏ်းသို့ ၀င်ရန် မည်မျှခက်ခဲကြောင်း သူနားလည်ထားသည်။ နက်နဲဓားဂိုဏ်းမှ အကြီးအကဲအပေါ်တွင် ၀မ်မိသားစု၏ ကျေးဇူးကြွေးအနည်းငယ်ရှိသဖြင့် သူ၀င်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ၀မ်မိသားစုအနေဖြင့် ဤအခွင့်အရေးအား အသုံးပြုရန် နှစ်ပေါင်းများစွာ တွန့်ဆုတ်နေခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် တစ်ကြိမ်သာ အသုံးပြု၍ ရသောကြောင့်ဖြစ်၏။
၀မ်ဖေးက ကုမိသားစုအား ကူညီရန် နက်နဲဓားဂိုဏ်းမှ အကြီးအကဲအား အကူအညီတောင်းပေးမည်ဟု ဆိုသည်မှာ အလိမ်အညာသာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၀မ်ဖေး နက်နဲဓားဂိုဏ်းသို့ ၀င်ခွင့်ရသည်နှင့် ထိုကျေးဇူးကြွေးမှာ ကုန်သွားမည်ဖြစ်ပြီး ထိုအကြီးအကဲနှင့် ဆက်လက်ပတ်သက်ဆက်နွယ်နိုင်စွမ်းမရှိတော့ချေ။ သို့သော် ၀မ်ဖေးက ထိုကိစ္စအား အေးဆေးပင်ပြောခဲ့၏။
ကုမိသားစု၏ အရေးကိစ္စအား သူတာ၀န်ယူမည်ဟုပြောခဲ့သည်မှာ ကုမိသားစုပြသနာမှာ နက်နဲဓားဂိုဏ်းတပည့်ဟူသော သူ၏ အဆင့်အတန်းဖြင့် လုံလောက်မည်ဟု ထင်ခဲ့မိခြင်းကြောင့်ဖြစ်သည်။
“ ဘာလို့လဲ ဟုတ်လား….? ငါက နက်နဲဓားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ…! ငါတပည့်တစ်ယောက် လက်ခံဖို့အတွက် အကြောင်းပြချက် လိုအပ်သေးတာလား…? ငါက ဘာလို့ တစ်ခြားသူတွေကို လိုက်ရှင်းပြနေရမှာလဲ…? “
ရွှမ်ယီက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး နက်နဲဓားဂိုဏ်းတစ်ခုလုံးအပေါ်သို့ ဖိအားကြီးတစ်ခု ကျရောက်လာခဲ့လေသည်။
ရင်ပြင်ပေါ်ရှိ လူတိုင်း အသက်ရှုကြပ်သွားသလိုခံစားလိုက်ရ၏။
အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအား…!
ထိုအချိန်တွင် လူတိုင်း ကုယီယီအား မည်သည့်အကြီးအကဲကရွေးချယ်ခဲ့ကြောင်း သိရှိသွားပြီဖြစ်၏။
လူတိုင်းကို အံ့အားသင့်သွားစေသောအရာက ကုယီယီအား ရွေးချယ်လိုက်သည်မှာ နက်နဲဓားဂိုဏ်း၏ အသန်မာဆုံးအကြီးအကဲဖြစ်သည့် ရွှမ်ယီ ဖြစ်နေသောကြောင့်ပင်။
ရွှမ်ယီက ဘယ်သူလဲ…?
သူ၏ အဆင့်အတန်းမှာ အကြီးအကဲတစ်ယောက်ဖြစ်နေသော်ငြား နက်နဲဓားဂိုဏ်း၏ ဂိုဏ်းချုပ်သုံးယောက်ပြီးလျှင် အသန်မာဆုံးသူဖြစ်ပေသည်။ အမှန်တိုင်းဆိုလျှင် သူ့ခွန်အားက နက်နဲဓားဂိုဏ်း၏ ဒုဂိုဏ်းချုပ်နှစ်ယောက်နှင့် အဆင့်တူပင်ဖြစ်၏။
မရေမတွက်နိုင်သော လူများ၏ မနာလိုသော အကြည့်များ ကုယီယီအပေါ်သို့ စုရုံးကျရောက်လာခဲ့သည်။
ဒီကောင်မလေး….ဘယ်လိုတောင် ကံကောင်းလိုက်သလဲ…!
သူမအား နက်နဲဓားဂိုဏ်းရှိ တစ်ယောက်တည်းသော အခြေတည်ဝိညာဉ်အဆင့်အကြီးအကဲက ရွေးချယ်သွားခဲ့သည်။
လူတိုင်းက သူမ၏ အလှကြောင့်ဟုမတွေးခဲ့ကြပေ။
ဘယ်လိုဟာသမျိုးလဲ..?
အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် လှပသောကောင်မလေးများအား အလိုရှိလျှင် ကြိုက်တဲ့နေရာ လက်ညှိုးထိုး၍ ရွေးယူနိုင်သည်။
ကုယီယီက ပို၍ပင် သိချင်စိတ်ပြင်းပြနေ၏။
ပထမဆုံး သူမ၏ နာမည်အား ကြားလိုက်စဉ်က အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
ယခု သူမအား ရွေးချယ်လိုက်သူမှာ နက်နဲဓားဂိုဏ်းမှ အသန်မာဆုံးအကြီးအကဲဖြစ်မှန်းသိလိုက်လျှင် ပျော်လွန်း၍ မူးလဲမတတ်ပင်ဖြစ်နေချေပြီ။
သူမ လုံး၀နားမလည်နိုင်ခဲ့ပေ။ အရည်အချင်းအရဆိုလျှင် သူမသည် လာရောက်ဖြေဆိုသူများအနက် အောက်ဆုံးအနားတွင်ရှိသည်။ စစ်ဆေးမှု နှစ်ပိုင်းလုံးတွင် သူမ၏အဆင့်မှာ အောက်ဆုံးနားတွင်သာရှိခဲ့၏။
အကြီးအကဲ ရွှမ်ယီက ဘာလို့သူမကိုရွေးချယ်ခဲ့တာလဲ…?
အကြီအကဲရွှမ်ယီ၏ တပည့်ဖြစ်ရခြင်း အဓိပ္ပါယ်ကို ကုယီယီတစ်ယောက် ကောင်းစွာနားလည်ထား၏။
ကုမိသားစု၏ လက်ရှိအခက်အခဲကို ဖြေရှင်းနိုင်ရုံသာမက အနာဂါတ်တွင် သူမအနေဖြင့် နက်နဲဓားဂိုဏ်း၌ အရေးပါသော နေရာတစ်ခုရလာနိုင်သေးသည်။
ဤသို့ တွေးသည်မှာ ကုယီယီတစ်ယောက်တည်းမဟုတ်ချေ။ လူတိုင်းက ထိုကောင်မလေး ကောင်းကင်ပေါ်သို့ရောက်တော့မည်ဟု တွေးနေကြသည်။
ရွှမ်ယီက နက်နဲဓားဂိုဏ်းတွင် သာမန်အကြီးအကဲတစ်ယောက်မဟုတ်ချေ။ သူ၏ တပည့်များမှာလည်း သာမန်တပည့်များ ဖြစ်လာမည်မဟုတ်ပါ။
အခြေတည်ဝိညာဉ်အဆင့် ဆရာ၏ နောက်ခံနှင့်ဆိုလျှင် ကုယီယီ၏ အဆင့်အတန်းမှာ နက်နဲဓားဂိုဏ်းမှ တပည့် (၉၉)ရာခိုင်နှုန်း၏ အထက်တွင် ရှိနေမည်ဖြစ်သည်။ ကိုယ်ပိုင်တပည့်များအကြားတွင်ပင် သူမက အလွန်ထူးခြားသော ဖြစ်တည်မှုဖြစ်နေပေလိမ့်မည်။