ဓားရည်ရွယ်ချက်အား နားလည်သဘောပေါက်ခြင်း
Vol. 1 Ch. 10
လိပ်နက်တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် ရွှမ်ယီ၏စိတ်ထဲ၌ စနစ်၏ သတိပေးချက်အား ကြားလိုက်ရသည်။
[ ဒင်! ဂုဏ်ယူပါတယ် ၊ သင်၏ အရံတာ၀န်အား အောင်မြင်ခဲ့ပြီး ဆုလာဒ် လက်ခံရရှိပါတယ် ]
စနစ်ထံမှ သတိပေးချက်ထွက်ပေါ်လာပြီး မရှေးမနှောင်းပင် ရွှမ်ယီ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။
သူ တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး အခြေတည်ဝိညာဉ်အဆင့်(၃)သို့ရောက်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ အဆင့်နှစ်ဆင့် တိုးမြင့်သွားခဲ့၏။
ကျင့်ကြံမှုအဆင့်အရဆိုလျှင် သူသည် နက်နဲဓားဂိုဏ်းချုပ် ကျန်းနန်ထျန်၏ အထက်တွင်ရှိနေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပဲ သူ၏ အသိစိတ်ပင်လယ်အတွင်း နက်ရှိုင်းသောတစ်နေရာတွင် ဝေးဝါးနေသောဓားရိပ်တစ်ခုဖြစ်ပေါ်လာသည်ကို ခံစားသိရှိလိုက်သည်။
ထိုဓားပုံရိပ်မှာ လေတိုက်သောနေရာတွင်ရောက်နေသကဲ့သို့ လွင့်မြောနေသည်။
ထိုအလွင့်မြောနေသော ဝေဝါးဝါးဓားပုံရိပ်ကလေးက ရွှမ်ယီအား အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်စေမိသည်။
ဓားရည်ရွယ်ချက်….!
ထို ဝေဝါးနေသောဓားပုံရိပ်လေးမှာ ဓားရည်ရွယ်ချက်ကို နားလည်သွားခြင်း၏ လက္ခဏာတစ်ခုဖြစ်သည်။
ရွှမ်ယီက ဓားရည်ရွယ်ချက်ကို ပို၍ နားလည်လာသည်နှင့်အမျှ ထိုဓားပုံရိပ်မှာ ပို၍ ထင်သာမြင်သာရှိလာပေလိမ့်မည်။
ဓားရည်ရွယ်ချက်တွင် အဆင့်(၉)ဆင့်ရှိပြီး တစ်ဆင့်ချင်းစီက နားလည်ထားသူ၏ တိုက်ခိုက်ရေးခွန်အားကို အဆများစွာတိုးသွားစေနိုင်သည်။
ဓားရည်ရွယ်ချက်၏ အထက်တွင် ဓားနယ်မြေရှိပေသည်။
အမှန်တကယ်တွင် ရွှမ်ယီသည် ဓားနယ်မြေဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းပင် နားမလည်ပေ။ သမိုင်းတစ်လျှောက် ဓားနယ်မြေအား နားလည်ခဲ့သောသူ ရှိသည်ဟူ၍လည်း မကြားဖူးချေ။
ဓားနယ်မြေကို အသာထားဦးတော့ ဓားရည်ရွယ်ချက်ကို နားလည်ရန်ကပင် ကောင်းကင်ကိုတက်ရသကဲ့သို့ ခက်ခဲနေပြီဖြစ်သည်။
ဓားရည်ရွယ်ချက်အား နားလည်ထားသော ဓားသမားအများစုသည် ဓားရည်ရွယ်ချက် အဆင့်(၉)နှင့်အထက် မပြောနှင့် အဆင့်(၂)သို့ပင် မရောက်ရှိနိုင်သည်ကများ၏။
ရွှမ်ယီက မျက်လုံးများပြန်ဖွင့်လိုက်ပြီး လက်ကိုဆန့်တန်းကာ ထိုအရာအား ဆုပ်ကိုင်ဟန်ပြုလိုက်သည်။ သန့်စင်သော အဖြူရောင်ဓားရှည်တစ်ချောင်း သူ၏ လက်ထဲတွင်ထွက်ပေါ်လာသည်။ အတွေးတစ်ချက်ဖြင့် သူ့၏ ဓားရည်ရွယ်ချက် ချက်ခြင်းပင် ပေါ်ထွက်လာ၏။
“ အရမ်းသန်မာလွန်းတယ်….! “
ယခုအချိန်တွင် အခြေတည်ဝိညာဉ် အဆင့်(၄) ၊ အဆင့်(၅) များကိုပင် တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ခံစားနေရသည်။ သူမရှုံးနိမ့်နိုင်ချေ။
အမှန်တိုင်းပြောရမည်ဆိုလျှင် အခြေတည်ဝိညာဉ် အဆင့်(၆)……
“ အဟမ်း….”
ရွှမ်ယီက သူ၏ အတွေးများအား ချက်ချင်းရန့်တန့်ပစ်လိုက်သည်။
သူ့အနေဖြင့် ဓားရည်ရွယ်ချက်အားပိုင်ဆိုင်ထားသော်လည်း အရမ်းမောက်မာသွား၍ မဖြစ်ချေ။
သူ့အနေဖြင့် ယခုအချိန်တွင် အဆင့်နှစ်ဆင့်ဖြတ်ကျော်တိုက်ခိုက်နိုင်သည်မှာ သေချာသလောက်ရှိနေသော်လည်း သုံးဆင့်အတွက်မူ ပြောရခက်ပေသည်။
ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံဆင့်တိုးတက်လာသည်နှင့်အမျှ အဆင့်ကျော်တိုက်ခိုက်ရန်မှာလည်း ပို၍ ခက်ခဲလာလေဖြစ်သည်။
အကယ်၍ ရွှမ်ယီအနေဖြင့် အခြေတည်ဝိညာဉ် အဆင့်(၁)တွင် ဓားရည်ရွယ်ချက်အား နားလည်ခဲ့ပါက အဆင့်(၃) ၊ အဆင့်(၄)များအား မရှုံးနိမ့်သည့်အပြင် အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်သော်လည်း ယခု အဆင့်(၃)သို့ရောက်သွားပြီဖြစ်ရာ ထိုကဲ့သို့ အဆင့်(၃)ဆင့်ကျော်ပြီး တိုက်ခိုက်ရန်မှာ အလွန်ခက်ခဲပေသည်။
ချီအခြေခံတည်ဆောက်ခြင်းအဆင့်တွင် ပါရမီရှင်တစ်ယောက်က အဆင့်(၄) ဆင့် ၊ (၅)ဆင့် ကျော်ဖြတ်တိုက်ခိုက်နိုင်သော်လည်း ထိုသူ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့ရောက်သွားလျှင်လည်း ထိုသို့တိုက်ခိုက်နိုင်မည်လား…? မဖြစ်နိုင်ပေ…! (၁) ဆင့် ၊ (၂) ဆင့် ကျော်ပြီးတိုက်ခိုက်နိုင်လျှင်ပင် အလွန်အမင်းအထင်ကြီးစရာဖြစ်နေချေပြီ။
အခြေတည်ဝိညာဉ်အဆင့်သို့ရောက်လျှင် အဆင့်တစ်ခုနှင့် တစ်ခုကြားကွာခြားချက်မှာ ပို၍ ကြီးမာလာမည်ဖြစ်ပြီး (၃)ဆင့် ၊ (၄)ဆင့် အဆင့်ကျော်တိုက်ခိုက်ရန် မဆိုထားနှင့် အဆင့်တစ်ဆင့်ကျော်ပြီးတိုက်ခိုက်ရန်ပင် ခက်ခဲလွန်းနေပြီဖြစ်သည်။
ရွှမ်ယီက ပါရမီရှင်တစ်ယောက်ဖြစ်သလော…?
မှန်ပေသည်…!
အသက်(၂၀)အရွယ် အခြေတည်ဝိညာဉ်အဆင့်တစ်ယောက်အနေဖြင့် ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ဓားရည်ရွယ်ချက်အား နားမလည်မီက အဆင့်တစ်ဆင့်ပင် ဖြတ်ကျော်တိုက်ခိုက်နိုင်ခြင်းမရှိချေ။ အလွန်ဆုံးအနေဖြင့် အဆင့်သေးလေးများသာ ကျော်ဖြတ်တိုက်ခိုက်နိုင်ပေလိမ့်မည်။ ဥပမာ အခြေတည်ဝိညာဉ် ပထမအဆင့် အစောပိုင်းတွင်ရှိနေစဉ် အခြေတည်ဝိညာဉ်ပထမအဆင့် နှောင်းပိုင်းမှ ကျွမ်းကျင်သူအား တိုက်ခိုက်နိုင်ခြင်းမျိုးဖြစ်သည်။
ဤသည်မှာ ဓားရည်ရွယ်ချက်အား နားမလည်ခင်ကနှင့် နားလည်ထားပြီးနောက် ခြားနားချက်ဖြစ်၏။
သူသာ အခြေတည်ဝိညာဉ်အဆင့်(၃) သို့ရောက်ရှိလာပြီ ဓားရည်ရွယ်ချက်အား နားလည်ထားခြင်းမရှိလျှင် အများဆုံးသူလုပ်နိုက်စွမ်းရှိသည်မှာ အခြေတည်ဝိညာဉ်အဆင့်(၃) အလယ်အလတ်အဆင့်အား တိုက်ခိုက်နိုင်ခြင်းလောက်သာဖြစ်၏။ အခြေတည်ဝိညာဉ် အဆင့်(၃) နှောင်းပိုင်း နှင့် အထွတ်အထိပ်အဆင့်များအား တိုက်ခိုက်ရန်မှာမူ မဖြစ်နိုင်လုနီးပါးပင်။
ဓားရည်ရွယ်ချက်အား နားလည်ပြီးနောက် အခြေတည် ဝိညာဉ် အဆင့်(၃) အစောပိုင်းနှင့်ပင် အခြေတည်ဝိညာဉ် အဆင့်(၄) ၊ အဆင့်(၅) အား မရှုံးနိမ့်ဘဲ တိုက်ခိုက်နိုင်နေပြီဖြစ်သည်။ ဤတိုးတက်မှုမှာ ကြောက်စရာကောင်းလွန်းလှ၏။
“ စနစ်ကတော့ စနစ်ပါဘဲ…ငါ့ကို ဓားရည်ရွယ်ချက်လိုဟာမျိုးကိုတောင် တိုက်ရိုက်နားလည်သွားစေနိုင်တယ်….”
ရွှမ်ယီက မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ ဤသည်မှာ သာမန်ကစားသမား နှင့် ညစ်ပတ်ပြီးခိုးဆော့သည့် ကစားသမားအကြား ခြားနားချက်ဖြစ်ပေသည်။
ဓားရည်ရွယ်ချက်အား နားမလည်နိုင်ခင် ဓားရည်ရွယ်ချက် ကနဦးပုံစံဟူ၍ ရှိသေးသည်။
ဓားရည်ရွယ်ချက်အား နားလည်ထားသူများအားလုံး ပထမဦးစွာအနေနှင့် ဓားရည်ရွယ်ချက် ကနဦးပုံစံအား အရင်ဆုံး နားလည်ခဲ့ကြသည်။
ဓားရည်ရွယ်ချက် ကနဦးပုံစံဆိုသည်မှာ ဓားရည်ရွယ်ချက်အား အပြည့်နားမလည်နိုင်သေးခင် မပြည့်စုံသော နားလည်မှုရှိနေသည့်အဆင့်ဖြစ်သည်။ အစစ်အမှန်ဓားရည်ရွယ်ချက် နှင့် နှိုင်းယှဉ်လိုက်ပါက ကနဦးဓားရည်ရွယ်ချက်မှာ နားလည်ရ လွယ်ကူပေသည်။
ကောင်းကင်လေပြေနိုင်ငံ အပါအ၀င် အနီးတစ်ဝိုက်ရှိ နိုင်ငံများတွင် ဓားရည်ရွယ်ချက်အား နားလည်သဘောပေါက်ထားသည့် ဓားသမားများမရှိသော်လည်း ဓားရည်ရွယ်ချက် ကနဦးပုံစံကို နားလည်ထားသည့် လူအနည်းငယ်တော့ရှိသေး၏။
ဓားရည်ရွယ်ချက် ကနဦးပုံစံသည် ဓားရည်ရွယ်ချက်နှင့် စတင်ထိတွေ့ကာစအဆင့်တစ်ခုဖြစ်ပြီး ၎င်းနှင့် ဓားရည်ရွယ်ချက်တို့အကြားတွင် ကြီးမားသော ကွာဟချက်ရှိနေသေးသည်။
ဓားရည်ရွယ်ချက် ကနဦးပုံစံက အစစ်အမှန် ဓားရည်ရွယ်ချက်နှင့် မယှဉ်သာသော်လည်း ၎င်းအားနားလည်ထားလျှင် တိုက်ခိုက်နိုင်စွမ်းကို အဆင့်တစ်ခုထိတိုးမြှင့်ပေးနိုင်သည်။ ကနဦးဓားရည်ရွယ်ချက်အား နားလည်ထားသူအဖို့ ၎င်း၏ ခွန်အားမှာ အရမ်းတိုးတက်သွားသည်၏ မဆိုနိုင်သော်လည်း အနည်းငယ်သာမြင့်တက်သွားခြင်းမျိုးလည်းမဟုတ်ပေ။
ဓားသမားနှစ်ယောက်တိုက်ခိုက်ကြလျှင် ကနဦးဓားရည်ရွယ်ချက်အား နားလည်ထားသူက အခြားတစ်ဖက်ကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ဓားရည်ရွယ်ချက်မှာ လူတိုင်းနားလည်နိုင်သည့်အရာတစ်ခုမဟုတ်ရာ ကနဦးဓားရည်ရွယ်ချက်အား နားလည်နိုင်လျှင်ပင် သူတို့အတွက် ပုံမှန်ဓားသမားများထက် အစွမ်းထက်သွားမည်ဖြစ်သည်။ အမှန်တိုင်းဆိုရမည်ဆိုလျှင် ကနဦးဓားရည်ရွယ်ချက်အား နားလည်ထားသူ (၁၀၀၀)ခန့်ရှိလျှင်ပင် အဆုံးတွင် ထိုအထဲမှ အစစ်အမှန်ဓားရည်ရွယ်ချက်အား တစ်ယောက်နားလည်ရန်ပင် အလွန်ခက်ခဲလွန်းလှသည်။ ဓားရည်ရွယ်ချက်ဆိုသည်မှာ ဓားသမားများအတွက် သူတို့၏ အိမ်မက်ထဲတွင်ပင် နားလည်လိုသော အဆင့်တစ်ခုဖြစ်သည်။
[ ဒင်! အရံတာ၀န်အသစ်တစ်ခု လက်ခံရရှိပါသည်။
ပါရမီအမှတ် (၂၀၀) ကျော်သော တပည့်တစ်ဦး လက်ခံပါ။
တာ၀န်ဆုလာဘ် : ပိုင်ရှင်အား ကျင့်ကြံဆင့်တစ်ဆင့်တိုးသွားစေမည်။
ဓားရည်ရွယ်ချက် ဒုတိယအဆင့်အား နားလည်နိုင်မည်။ ]
အရံတာ၀န်အဟောင်းတစ်ခုပြီးသည်နှင့် အသစ်တစ်ခု ထွက်ပေါ်လာချေပြီ။
ဒီတစ်ခေါက် တာ၀န်က ပါရမီအမှတ် (၂၀၀)…..!
သို့ပေမယ့် ဆုလာဘ်မှာလည်း ရက်ရောလွန်းလှသည်…!
အဆင့်တစ်ဆင့်တိုးသွားခြင်းကိုဆိုလိုခြင်းမဟုတ်ပေ။ ရွှမ်ယီ အဓိက အာရုံစိုက်သည်မှာ ဓားရည်ရွယ်ချက် ဒုတိယအဆင့်သာဖြစ်၏။
ပထမအဆင့် ဓားရည်ရွယ်ချက်အား နားလည်ရုံနှင့်ပင် ရွှမ်ယီ၏ ခွန်အားများ အဆမတန်တိုးပွားလာခဲ့သည်။ ဒုတိယအဆင့်ဆိုလျှင် ခွန်အားများမည်မျှတိုးလာမည်ကို သူ့အနေဖြင့် စိတ်ကူးပင်မယဉ်ဝံ့ချေ။
အခြားတစ်ဖက်တွင် ကုမိသားစုအဖွဲ့၀င်များသည် နက်နဲဓားဂိုဏ်းမှ တပည့်နှစ်ဦး၏ ဦးဆောင်မှုအောက်တွင် လိပ်နက်တောင်ထိပ်သို့ရောက်ရှိလာပြီဖြစ်သည်။
“ ဂျူနီယာညီမ ကု… အကြီးအကဲရွှမ်ကိုတွေ့ဖို့ ကျုပ်တို့နောက်က လိုက်ခဲ့ပါ…..”
သူတို့ လိပ်နက်တောင်ထိပ်သို့ရောက်သည်နှင့် ထိုတပည့်နှစ်ယောက်က သူတို့၏ ခြေလှမ်းများကိုရပ်တန့်လိုက်သည်။ ပြီးနောက် ပြုံးကာ ရိုသေလေးစားသော လေသံဖြင့် ကုယီယီအားပြောလိုက်သည်။
ထိုတပည့်နှစ်ယောက်မှာ နက်နဲဓားဂိုဏ်းတွင် အဆင့်အတန်းမနိမ့်ချေ။ သူတို့၏ အ၀တ်အစားများမှနေ၍ အတွင်းစည်းတပည့်များဖြစ်ကြောင်းသိရှိနိုင်ပြီး ချီအခြေခံတည်ဆောက်ခြင်းအဆင့်တွင်ရှိနေကြသူများဖြစ်သည်။ ပြင်ပလောကသို့ထွက်လျှင်ပင် သူတို့မှာ အထိုက်အလျောက်လေးစားခံရမည့်သူများဖြစ်ကြသော်လည်း ယခုတွင်မူ ကုယီယီအား လေးစားစွာဆက်ဆံနေ၏။
ဤအချင်းအရာက ကုယီယီအား အတန်ငယ်ဂုဏ်ယူမိသွားစေခဲ့သည်။