← Chapters

ကုလန်အပေါ်ထားရှိသည့် မျှော်လင့်ချက်

Vol. 1 Ch. 12

ကုလန်အပေါ်ထားရှိသည့် မျှော်လင့်ချက်

Vol. 1 Ch. 12

တိတ်ဆိတ်ငြိမ်သက်ပြီး ကြော့ရှင်းသည့်ခြံ၀င်းထဲသို့ ကုမိသားစု အဖွဲ့၀င်များ ရောက်ရှိနေသည်။ အပေါ်ယံအမြင်အရဆိုလျှင် ထိုခြံ၀င်းမှာ သာမာန်သာဖြစ်ပြီး ထူးခြားမှုမရှိချေ။ မည်သို့ပင်ဖြစ်စေ အပေါ်ယံအားကြည့်ရှုရုံနှင့် ထူးခြားမှုကိုမြင်နိုင်မည်မဟုတ်ပါ။ ပြင်ပကမ္ဘာရှိ စိတ်ဝိညာဉ်စွမ်းအင်များက ဤနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်များကို လုံး၀ယှဉ်နိုင်စွမ်းမရှိချေ။

“ ဒီနေရာမှာ တစ်ရက်လေ့ကျင့်တာက ပြင်ပကမ္ဘာမှာ နှစ်ရက် ၊ သုံးရင်လေ့ကျင့်တာနဲ့ ညီမျှတယ်… ငါသာ ဒီနေရာမှာ လေ့ကျင့်ခွင့်ရလိုက်ရင်ကတော့………”

ကုမိသားစုမှ တပည့်တစ်ယောက်က အနီးအနားပတ်၀န်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံခံလိုက်ပြီး စိတ်အားထက်သန်စွာ စကားဆိုလိုက်သည်။

“ စိတ်တောင်မကူးနဲ့…. ဒီနေရာက သခင်မလေးပိုင်တဲ့နေရာ….ငါတို့ ဒီလိုအခွင့်အရေးမျိုး ရမှာမဟုတ်ဘူး….”

ဒုတိယအကြီးအကဲက ပြုံးပြီးခေါင်းယမ်းလိုက်သည်။

ကုမိသားစုမှ လူငယ်မျိုးဆက်များတွင် ၎င်းတို့စိတ်၀င်စားသည့်အကြောင်းကိစ္စများစွာရှိပေသည်။ သို့ပေမယ့် ကုမိသားစု၏ ဒုတိယအကြီးအကဲအနေဖြင့် ကုမိသားစုအကြောင်းကိုသာ ပို၍ စိတ်၀င်စား၏။

‌ဤကဲ့သို့ အစွမ်းထက်သည့် ဆရာတစ်ယောက်နှင့်ဆိုလျှင် ကုယီယီ၏ အနာဂါတ်မှာ စိတ်ကူးကြည့်၍ပင် မ‌ရနိုင်ချေ။

အခြေတည်ဝိညာဉ်အဆင့်က သူမအ‌တွက် အတော်လေးအလှမ်းကွာလှသော်လည်း စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်မြင့်အဆင့်သို့ ရောက်ရှိရန်မှာမူ သေချာသလောက်ရှိသည်။ ထို့အပြင် အနာဂါတ်တွင် နက်နဲဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက်ပင် ဖြစ်လာနိုင်ချေရှိသည်။

ထိုအရာများက သူတို့နှင့် ဘာမျှမဆိုင်သော်လည်း သူမက ကုမိသားစု၀င်တစ်ယောက်ဖြစ်ကြောင်း မေ့ထား၍မရပါ။

ကုယီယီသန်မာလာသည့်နှင့်အမျှ သူမ၏ အဆင့်အတန်းမှာလည်း ပို၍ ကြီးမားလာပေလိမ့်မည်။ ကုမိသားစု၏ အဆင့်အတန်းတောင်မှ ဒီရေကဲ့သို့ တက်လာနိုင်ချေရှိသည်။ ယခု အကြီးအကဲရွှမ်၏ ကိုယ်ပိုင်တပည့်ဟူသည့် အဆင့်အတန်းဖြင့်ပင် လခြမ်းမြို့၌ ကုမိသားစုအား မည်သူမျှ မနှောက်ယှက်ရန်လုံလောက်၏။

အနာဂါတ်တွင် သူတို့ထက်ပိုသန်မာသော ၀မ်မိသားစုကပင် သူတို့အား ယဉ်ယဉ်ကျေးကျေး ဆက်ဆံရပေလိမ့်မည်။

တွေးကြည့်လိုက်ပါက ကုမိသားစု၏ လက်ရှိအကြပ်အတည်းမှာ ပြေလည်သွားရုံသာမက အခြေတည်ဝိညာဉ်အဆင့်ကျွမ်းကျင်သူက သူတို့၏ နောက်ခံအဖြစ်ရှိနေပြီဖြစ်သည်။ ဒုတိယအကြီးအကဲသည် ဤကိစ္စအား မိသားစုထံသို့ပြန်လည်အကြောင်းကြားရန်အတွက် မစောင့်နိုင်လောက်တော့အောင်ဖြစ်နေပြီး ငှက်ဖြစ်၍ပင် ပျံသန်းသွားချင်နေမိသည်။

မှန်ပေသည်။ ဤကိစ္စမှာ မည်သို့မျှမဖြစ်နိုင်မှန်း ဒုတိယအကြီးအကဲကိုယ်တိုင်လည်းသိပေသည်။

ဘုရင်အဆင့်သို့ရောက်မှသာ လေပေါ်တွင်ပျံသန်းနိုင်လိမ့်မည်။ လက်ရှိတွင် သူက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် ကျင့်ကြံသူလေးတစ်ယောက်မျှသာ။

မိသားစုခေါင်းဆောင်အကြောင်းအတွေးလိုက်ပြီး ဒုတိယအကြီးအကဲသက်ပြင်းချလိုက်မိသည်။

ဒွန်မိသားစုမှ ဒွန်လီအား ခြောက်သွေ့သစ်သားဂိတ်မှ အကြီးအကဲက တပည့်အဖြစ်လက်ခံလိုက်သော သတင်းအားကြားလိုက်ရစဉ်တွင် မိသားစုခေါင်းဆောင်မှာ ညတွင်းချင်း အသက်ပိုကြီးသွားသယောင်ဖြစ်သွားခဲ့သည်။ ထိုသို့ဖြစ်သွားသည်မှာ သူတစ်ယောက်တည်းမဟုတ်ပေ ၊ ကုမိသားစုတစ်ခုလုံး အလားတူပင်ဖြစ်၏။

ဤကိစ္စကြောင်း မိသားစုခေါင်းဆောင်မှာ အနားယူရန်ပင်မစဉ်းစားတော့ပဲ နေရာအစုံသို့သွားကာ မာနာအားခဝါချလျက် အကူအညီများတောင်းခံခဲ့သည်။ သို့ပေမယ့် သူပြန်ရောက်လာတိုင်း အောင်မြင်ခဲ့သည်ဟူ၍ မရှိခဲ့ချေ။ တစ်ကြိမ်ပြန်လာတိုင်း မိသားစုခေါင်းဆောင်၏ ခေါင်းပေါ်တွင် ဆံပင်ဖြူများတိုးလာသည်ကို သူတို့အားလုံးမြင်တွေ့ခဲ့ရသည်။

မိသားစုပျက်စီးတော့မည့်ကိစ္စနှင့်ပတ်သက်၍ မိသားစုခေါင်းဆောင်ရင်ထဲတွင် မည်မျှကြေကွဲနေကြောင်း ဘုရားမှသာသိပေလိမ့်မည်။

……………………………….

လခြမ်းမြို့ ၊ ကုမိသားစုအဓိကခန်းမ

မဟာအကြီးအကဲအပါအ၀င် ကုမိသားစုမှ အကြီးအကဲအားလုံး ဤနေရာတွင် စုရုံးရောက်ရှိနေကြ၏။

ယခုအခိုက်အတန့်တွင် ကုမိသားစုမှ လူတိုင်း စိုးရိမ်စိတ်များဖြင့်ဖုံးလွှမ်းနေပြီး အိုးပူထက်တွင်ရှိနေသော ပုရွက်ဆိတ်များကဲ့သို့ဖြစ်နေကြသည်။ နှစ်ပေါင်းရာနှင့်ချီအောင် တည်တံ့ခဲ့သည့် ကုမိသားစုမှာ သူတို့၏ လက်ထဲတွင်ပျက်စီးတော့မည့်အရေးအား တွေးတောရင်း နှလုံးသားတွင် ကူကယ်ရာမဲ့မှုများ ၊ ၀မ်းနည်းခံပြင်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

လူတစ်ယောက် ၀င်ရောက်လာမှုကြောင့် မူလက ဆူညံနေသော ခန်းမကြီးတစ်ခုလုံး ချက်ခြင်းတိတ်ဆိတ်သွားခဲ့သည်။

ထိုလူမှာ မိသားစုခေါင်းဆောင် ကုထျန်းချန်မှလွဲ၍ အခြားသူမဟုတ်ပေ။

ဤအချိန်တွင် လူတိုင်းက မျှော်လင့်ချက်များပြည့်နေသော မျက်လုံးများဖြင့် ကုထျန်းချန်အား ကြည့်လိုက်ကြသည်။

မိသားစုခေါင်းဆောင်ပြန်ရောက်လာတိုင်း သူတို့သတင်းကောင်းအားစောင့်မျှော်လေ့ရှိကြသည်။

“ ခေါင်းဆောင်… သူတို့ဘာပြန်ပြောလဲ…? လျိုမိသားစု… သူတို့ သဘောတူလား….? “

ပထမအကြီးအကဲ၏ လေသံမှာ စိုးရိမ်မှုများနှင့်ပြည့်နေသည်။

“ သူတို့သဘောတူတယ် ၊ ဒါပေမယ့်…လျိုမိသားစုက သူတို့လာပြီးတော့ ကူညီဖြေရှင်းပေးမယ်လို့သဘောတူလိုက်တယ်…. ဒါပေမယ့် သူတို့က အရှုပ်အထွေးတွေကြားထဲ ၀င်ပါမှာတော့မဟုတ်ဘူး….”

ပျံသန်းငှက်မွေးမြို့က ကျန်းနန်စီရင်စု၏ တောင်ပိုင်းနယ်မြေရှိ ထိပ်တန်း(၁၀)မြို့ထဲတွင်ပါ၀င်သည်။ ထိုမြို့မှာ လခြမ်းမြို့နှင့်ယှဉ်လျှင် အဖက်ဖက်က သာလွန်ပေသည်။

ပျံသန်းငှက်မွေးမြို့တွင် အဓိကအင်အားစု(၈)ခုရှိပြီး တစ်ခုချင်းစီအား စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈) ကျွမ်းကျင်သူများက ဦးဆောင်နေပေသည်။

မဟာအကြီးအကဲပြောသော လျိုမိသားစုမှာ ထိုအင်အားစု(၈)ခုအတွင်းပါ၀င်သည်။

လက်ရှိ လျိုမိသားစုခေါင်းဆောင်သည် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈) ထိပ်ဆုံးကျွမ်းကျင်သူဖြစ်၏။

အခြားတစ်ဖက်တွင် ကုထျန်းချန် သွားရောက်ခဲ့သည်မှာ ပျံသန်းငှက်မွေးမြို့ရှိ လျိုမိသားစုထံသို့ဖြစ်သည်။

ကုမိသားစုနှင့် လျိုမိသားစုအကြားရှိ ဆက်ဆံရေးမှာ သာမန်သာဖြစ်၏။ ထိုမိသားစုနှစ်ခု ဆက်သွယ်နေရသည့်အကြောင်းအရင်းမှာ ၎င်းတို့၏ ဘိုးဘေးများသည် ရင်းနှီးသောသူငယ်ချင်းများဖြစ်ခဲ့ကြ၍ဖြစ်သည်။ ထို့အပြင် ကုမိသားစု ဘိုဘေးက လျိုမိသားစုဘိုးဘေး၏ အသက်အားကယ်တင်ခဲ့ဖူးသည်။ လျိုမိသားစုက ကုမိသားစုထံတွင် ကြီးမားသောကျေးဇူးကြွေးတစ်ခု တင်နေခဲ့ခြင်းဖြစ်၏။

ယခင်တုံးက ကုမိသားစုနှင့် လျိုမိသားစုအကြားဆက်ဆံ‌ရေးမှာ အလွန်ကောင်းမွန်ခဲ့သည်။ လျိုမိသားစုက ကုမိသားစုအား သိပ်ဂရုမစိုက်သော်လည်း ဘိုးဘေးများ၏ ရင်းနှီးခဲ့မှုကြောင့် အပြန်အလှန်ဆက်ဆံခဲ့ကြသည်။

သို့သော် မိသားစုနှစ်ခုမှ ဘိုးဘေးများ တစ်ယောက်ပြီးတစ်ယောက် မရှိတော့သည့်အချိန်တွင် မိသားစုနှစ်စုကြားမှာ ဆက်ဆံရေးမှာ တဖြည်းဖြည်းယိုယွင်းလာတော့သည်။ ကုမိသားစုက လျိုမိသားစုအပေါ် ကျေးဇူးကြွေးရှိနေခြင်းကြောင့်သာမဟုတ်လျှင် အဆက်အသွယ်ပြတ်သွားသည်မှာ ကြာချေရော့မည်။

ဘိုးဘေးများအကြားမှ ဆက်ဆံရေးမည်မျှပင် နက်ရှိုင်းစေကာမှာ ထိုအရာက ဘိုးဘေးများ အကြားမှ ဆက်ဆံရေးသာဖြစ်၏။ ထိုဘိုးဘေးများမရှိတော့သည့်အချိန်တွင် ရင်းနှီးမှုများ ပျောက်ကွယ်လာသည်မှာ သဘာ၀သာဖြစ်၏။

ယခုအကြိမ်တွင် ကုမိသားစုက ဤကျေးဇူးကြွေးအား အသုံးပြန်ရန် လျိုမိသားစုရှိရာ ပျံသန်းငှက်မွေးမြို့ထံသို့ မိသားစုခေါင်းဆောင်ကိုယ်တိုင်သွားရောက်ခဲ့သည်။

ပထမဦးစွာ လျိုမိသားစုမှ သဘောတူကြောင်းကြားလျှင် ကုမိသားစုမှလူများအားလုံး ပျော်ရွှင်သွားခဲ့ရသည်။ သို့သော် သူတို့သဘောတူလိုက်သည့် အခြေအနေအား ဆက်လက်နားထောင်ပြီးချိန်တွင် ၎င်းတို့၏ အပျော်များမှာ ထက်၀က်ခန့်ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

“ စကားပြောပေးဖို့ ကတိပေးလိုက်တာလား…? ဒါ ဘယ်လိုကတိမျိုးလဲ…? သဘောမတူတာနဲ့ ဘာများကွာသေးလို့လဲ… ငါတို့ ဘိုးဘေးသာ သူတို့မိသားစုက ဘိုးဘေးရဲ့ အသက်ကိုမကယ်ခဲ့ရင် အဲ့ကောင်တွေ ဒီနေ့အထိ တကယ်ပဲရပ်တည်နေနိုင်မှာလား…! “

ကုမိသားစု၀င်တစ်ယောက်က ဒေါသတကြီးအော်ဟစ်လိုက်သည်။

စကားပြောပေးရုံပဲတဲ့လား…? အဲ့လိုပြောရအောင် လျိုမိသားစုရဲ့ မျက်နှာက ဘယ်လောက်များအဖိုးတန်နေလို့လဲ….?

လျိုမိသားစုခေါင်းဆောင် နှင့် ဒွန်လီ၏ ဆရာသခင်တို့မှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈) ထိပ်ဆုံးခြင်းတူညီသော်လည်း တဖက်တွင် ခြောက်သွေ့သစ်သားဂိတ်ဟူသော ကြီးမားသည့်နောက်ထံခံရှိနေသည်ဖြစ်ရာ လျိုမိသားစုအား အဘယ်ကြောင့် မျက်နှာသာပေးလိမ့်မည်နည်း။

“ မေ့လိုက်တော့… လျိုမိသားစုက အင်အားကြီးတာမှန်ပေမယ့် ခြောက်သွေ့သစ်သားဂိတ်နဲ့ ယှဉ်မယ်ဆိုရင် ကွာဟချက်ကြီးလွန်းတယ်….”

မဟာအကြီးအကဲက ခေါင်းယမ်းလိုက်သည်။ သူသည် လျိုမိသားစု၏ အပြုအမူများကို နားမလည်နိုင်ဖြစ်နေပြီး စိတ်ရှုပ်ထွေးနေခဲ့သည်။

ထွေထွေးထူးထူးကိစ္စတော့မဟုတ်ချေ။ အကယ်၍ သူသာလျိုမိသားစုမှဆိုလျှင် သူလည်း ပါ၀င်ပတ်သက်ရန်စိတ်ကူးရှိမည်မဟုတ်ပေ။

ဒွန်လီ၏ ဆရာသာဖြစ်ခဲ့မယ်ဆိုလျှင် အဆင်ပြေသေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူ၏နောက်တွင် အခြေတည်ဝိညာဉ်အဆင့်ကျွမ်းကျင်သူရှိနေသည့် ခြောက်သွေ့သစ်သားဂိတ်ရှိနေပေသည်။

ဤကဲ့သို့ အင်အားကြီးမားသော မကောင်းဆိုးရွားကြီးနှင့် ရင်ဆိုင်ရာတွင် လျိုမိသားစုသာ ပါ၀င်ပတ်သက်လိုက်မည်ဆိုပါက ဓားခုတ်ရာလက်၀င်လျှိုမိသကဲ့သို့ဖြစ်သွားပေလိမ့်မည်။

၀င်ရောက်စကားပြောပေးရန် ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်ကပင် လျိုမိသားစုခေါင်းဆောင်အနေဖြင့် အချိန်အကြာကြီး စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချခဲ့ရဟန်တူသည်။

ကုထျန်းချန် အပါအ၀င် ခန်းမအတွင်းရှိလူတိုင်း တဖန်တိတ်ဆိတ်သွားကြပြန်၏။

ယခုအချိန်တွင် သူတွေးနိုင်သလောက်ထိတွေးတောခဲ့ပြီး ပတ်သက် ဆက်နွယ်ဖူးသမျှလူတိုင်းကို လိုက်လံမေးမြန်အကူအညီတောင်းခဲ့ပြီးပြီဖြစ်သည်။ သို့သော် ဘယ်သူကမှ ၀င်ပါလိုသည့်ဆန္ဒမရှိကြချေ။

ကုမိသားစု၀င်များအားလုံး စိတ်ဓာတ်ကျနေကြသည်။

“ အခု ငါတို့မျှော်လင့်ချက်တွေအားလုံးကို လန်အာအပေါ်မှာပဲ ထားရတော့မယ်…”

တတိယအကြီးအကဲက ထိုင်ခံရှိရာသို့ပြန်သွားပြီး မျက်လုံးများ မှိတ်ထားခဲ့သည်။

လန်အာဆိုသည်မှာ သဘာ၀အတိုင်းပင် ကုလန်အား ရည်ညွှန်းခြင်းဖြစ်ပေသည်။

“ ငါ စိုးရိမ်မိတယ်… ‌မျှော်လင့်ချက်လည်း အရမ်းမထားရဲဘူး… နက်နဲဓားဂိုဏ်းက ခြောက်သွေ့သစ်သားဂိတ်ထက်အားကောင်းတယ်… ၀င်ခွင့်ရဖို့လွယ်မှာမဟုတ်ဘူး….”

မဟာအကြီးအကဲက ခေါင်းယမ်းလိုက်၏။

“ ‌ဒါက… ငါတို့ ကုမိသားစုအ‌တွက် အဆုံးသတ်ဖြစ်ကောင်းဖြစ်နိုင်တယ်….”

တစ်ခါတစ်ရံတွင် လူသားများအနေဖြင့် သူတို့၏ ကံကြမ္မာကို လက်လျှော့ပြီး အညံ့ခံလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။

ဤကိစ္စများ ဖြစ်မလာဘူးဆိုလျှင် ကုမိသားစုအနေဖြင့် ဒွန်မိသားစုအား မကြာမီအချိန်အတွင်းမှာ ဖြတ်ကျော်ပြီး လခြမ်းမြို့ရဲ့ ဒုတိယအားအကောင်းအင်အားစု ဖြစ်လာနိုင်ချေရှိသည်။

ကံမကောင်းစွာနဲ့ဘဲ…. အဲ့လိုဖြစ်မလာနိုင်တော့ပေ။

All Chapters