ခြောက်သွေ့သစ်သားဂိတ်ရဲ့ ဂိုဏ်းချုပ်ဖြစ်နေရင်တောင်ဘာအရေးလဲ...?
Vol. 1 Ch. 13
နောက်တစ်နေ့….
ကောင်းကင်တွင် နေလုံးကြီးထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဒုတိယအကြီးအကဲက လူတိုင်းကို နှိုးလိုက်သည်။
လခြမ်းမြို့သို့ သတင်းကောင်းအား ပို့ရန်အတွက် စိတ်မရှည်နိုင်အောင်ဖြစ်နေမိသည်။ တစ်စက္ကန့်မျှပင် အချိန်မဖြုန်းချင်တော့ချေ။
“ ဒုတိယ အကြီးအကဲ… ဘာလို့ အရမ်းအစောကြီးထနေတာလဲ….? “
ကုမိသားစုမှတပည့်တစ်ဦးက မပွင့်တပွင့် မျက်လုံးဖြင့်မေးလိုက်သည်။
“ သွားရမယ့်ခရီးကရှည်တယ်… အချိန်ထပ်ဆွဲလို့မကောင်းဘူး….လခြမ်းမြို့မဟာပြိုင်ပွဲက တရက်ပြီးတရက်နီးကပ်လာပြီ… ငါတို့က ပြိုက်ဘက်ထက် အရင်ပြန်ရောက်နေဖို့လိုတယ်….”
သူတို့ လခြမ်းမြို့မှ နက်နဲဓားဂိုဏ်းသို့အလာတွင် နှစ်ပတ်ကြာခဲ့ပြီး အပြန်တွင်လည်း နှစ်ပတ်သာကြာမည်ဟု မပြောနိုင်ပါ။ အကယ်၍ လမ်းတွင်း မတော်တဆဖြစ်လျှင် မည်သို့လုပ်မည်နည်း။
“ ဒါပေမယ့် ဆရာအိပ်ယာက မထသေးဘူး….”
ကုယီယီကပြောလိုက်သည်။
“ ဆရာ…? “
ဒုတိယအကြီးအကဲ အံ့အားသင့်သွား၏။
“ အိုး… ဒုတိယအကြီးအကဲ ကျွန်မ ရှင့်ကိုပြောဖို့မေ့နေတာ… ဆရာက ကျွန်မတို့နဲ့အတူ လခြမ်းမြို့ကိုလိုက်ခဲ့မယ်လို့ပြောတယ်…”
ယခုမှ ကုယီယီက ဤကိစ္စအား ဒုတိယအကြီးအကဲအား မပြောရသေးမှန်း သတိရသွားသည်။
“ ဘာ…? အကြီးအကဲရွှမ်လည်း လိုက်မှာလား….”
ဒုတိယအကြီးအကဲမှာ အလွန်အံ့အားသင့်နေပြီး အသံကျယ်သွားခဲ့သည်။ ချက်ချင်းပင် ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားလာ၏။
သူနဂိုက စိတ်ပူနေခဲ့သေးသည်။ အကယ်၍ နက်နဲဓားဂိုဏ်းမှ အကြီးအကဲရွှမ်ရဲ့နာမည်က ခြောက်သွေ့သစ်သားဂိတ်၏ အကြီးအကဲအား မခြိမ်းခြောက်နိုင်လျှင် မည်သို့လုပ်မည်နည်း…?
ထိုအရာက ဖြစ်နိုင်ချေနည်းသော်လည်း စိတ်ပူနေဆဲဖြစ်သည်။ အကယ်၍ ရန်သူက သိပ်ပြီးမသန်မာလျှင် ထိုမျှစိုးရိမ်မည်မဟုတ်ပေ။ သို့သော် တစ်ဖက်မှာ ခြောက်သွေ့သစ်သားဂိတ်ဖြစ်နေသည်။
ယခုတွင်မူ ကုယီယီက သူမ၏ ဆရာပါ လခြမ်းမြို့သို့လိုက်ခဲ့မည်ဟုပြောသည်အား ကြားလျှင် သူ၏ စိုးရိမ်မှုများမှာ နေလာနှင်းပျောက်သကဲ့သို့ အလုံးစုံပျောက်ကွယ်သွားလေသည်။
အကြီးအကဲရွှမ်သာရှိမည်ဆိုပါက ခြောက်သွေ့သစ်သားဂိတ်မှ အကြီးအကဲမဆိုထားနှင့် ဂိုဏ်းချုပ်ဘာလျှင်ပင် သူတို့အား ဘာမျှလုပ်နိုင်မည်မဟုတ်ချေ။
“ အင်း… ဟုတ်တယ် ၊ ဆရာ မနေ့ကပြောခဲ့တာ….”
“ ကောင်းတယ်... ကောင်းတယ်.. အရမ်းကောင်းတယ်…”
ဒုတိယအကြီးအကဲမှာ ၀မ်းသာအားရနှင့် သုံးကြိမ်ဆက်တိုက်ပြောလိုက်ပြီးလျှင်
“ ဒါဆို အလျင်လိုစရာမလိုတော့ဘူး… အကြီအကဲရွှမ်ရောက်လာတဲအထိ စောင့်ကြရအောင်….”
“ စောင့်စရာမလိုဘူး.. ငါရောက်နေပြီ… အားလုံးအဆင်သင့်ဖြစ်ရင် သွားကြရအောင်….”
သူတို့ ရွှမ်ယီ၏ အသံအားကြားလိုက်ရပြီး မရှေးမနှောင်းမှာပင် ခြံထဲ၌ ရွှမ်ယီ ပေါ်လာသည်ကို တွေ့လိုက်ရသည်။
တခြားထွေထွေထူးထူးပြင်ဆင်စရာမရှိတော့သော ကုမိသားအဖွဲ့၀င်များသည် လုပ်စရာများလက်စသတ်လိုက်ကြပြီး ခြံအလယ်ရှိ မြေကွက်လပ်တွင် စုရုံးလိုက်ကြ၏။
ဤသည်အားမြင်ပြီးလျှင် ရွှမ်ယီ၏ စိတ်အတွင်း၌ အနည်းငယ်လှုပ်ခတ်သွားသည်။
“ ဂီးး…! “
ကျယ်လောင်သည့် ဟစ်ကြွေးသံတစ်ခုကြားလိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် သူတို့ပတ်၀န်းကျင်တစ်ခုလုံး မဲမှောင်သွားသည်ကို တွေ့လိုက်ရ၏။ ခြံ၀င်း၏အထက်၍ ပျံသန်းနေသောနတ်ဆိုးသားရဲကြီးတစ်ကောင် ပေါ်လာခြင်းဖြစ်သည်။
“ ဂီး…! “
ရုတ်တရက်ထွက်ပေါ်လာသော နတ်ဆိုးသားရဲကြောင့် ရွှမ်ယီမှလွဲ၍ လူတိုင်းထိတ်လန့်သွားခဲ့ကြသည်။ အထူးသဖြင့် ဒုတိယအကြီးအကဲဖြစ်၏။ သူက ထိုနတ်ဆိုးသားရဲကြီးအား မြင်သည်နှင့် အလွန်ထိတ်လန့်သွားခဲ့သည်။
အတူရှိနေသော လူငယ်မျိုးဆက်များ ဤနတ်ဆိုးသားရဲအားမသိကြသော်လည် သူကတော့သိပေသည်။ ထိုပျံသန်းနေသော နတ်ဆိုးသားရဲ၏ အမည်မှာ ကြက်သွေးမီးတောက်စာကလေးဖြစ်ပြီး အလွန်ရှားပါးလှ၏။
ဤကဲ့သို့နတ်ဆိုးသားရဲအမျိုးအစားမှာ ရှားပါးသည့်အပြင် အစွမ်းလည်းထက်၏။ ယဉ်ပါးစေရန်လည်းအလွန်ခက်ပေသည်။ တစ်စုံတစ်ယောက်က ၎င်းတို့၏ သခင်အဖြစ် အသိအမှတ်ပြုခံရရန် ကောင်းကင်ကိုတက်သကဲ့သို့ ခက်ခဲသည်ဟုဆိုလျှင်ပင် လွန်မည်မဟုတ်ပေ။ ခွန်အားရှိရုံနှင့် လုပ်၍ရသောအရာမျိုးမဟုတ်ချေ။
“ လှလိုက်တာ…”
ကုယီယီ၏ မျက်၀န်းများမှာ ကြယ်ကလေးများအလား တောက်ပ၍နေသည်။
ကြက်သွေးမီးတောက်စာကလေး၏ အသွင်အပြင်မှာ အလွန်လှပလေသည်။
သူ၏ အနီရောင်အမွေးအတောင်များက ၎င်းအား မီးတောက်ဖီးနစ်တစ်ကောင်ကဲ့သို့ ဖြစ်နေချေသည်။ လွှမ်းမိုးနိုင်စွမ်းကြီးမားပြီး ကျက်သရေရှိလှ၏။
“ မင်းကြိုက်လို့လား…? ကြိုက်တယ်ဆိုရင် ငါမင်းကိုပေးလိုက်မယ်….”
ရွှမ်ယီက ကုယီယီ၏ မျက်လုံးများအား စိုက်ကြည့်ပြီးပြောလိုက်သည်။
ရွှမ်ယီတွင် စာချုပ်ချုပ်ဆိုထားသည့် သားရဲအနည်းငယ်ရှိသည်။ ကြက်သွေးမီးတောက်စာကလေးက ထိုအထဲမှ တစ်ကောင်ဖြစ်၏။ လက်ရှိအချိန်တွင် ကုယီယီက အလွန်အားနည်းလွန်းလှသည်။ သူမအနားတွင် ကြက်သွေးမီးတောင်စာကလေးရှိနေပါက ရွှမ်ယီအနေဖြင့် ပို၍ စိတ်ချနိုင်မည်ဖြစ်သည်။
“ အမ်…? “
ကုယီယီ တစ်ခဏတာမှင်သက်သွားခဲ့ရသည်။ သူမအနေဖြင့် အခြေအနေများအား လိုက်မမှီတော့သလိုခံစားလိုက်ရ၏။
သူမကို ပေးမယ်တဲ့လား….?
ကုယီယီတစ်ဦးတည်းသာမဟုတ်ပေ ဒုတိယအကြီးအကဲအပါအ၀င် လူတိုင်း ရွှမ်ယီ၏ စကားကြောင့် မှင်သက်သွားခဲ့ရသည်။
ဒါက ကြက်သွေးမီးတောက်စာကလေးလေ….?
အမှန်တိုင်းပြောရမည်ဆိုလျှင် ကုမိသားစုတစ်ခုလုံးအား ရောင်းချလျှင်ပင် ကြက်သွေးမီးတောက် စာကလေး၏ ဆယ်ပုံတစ်ပုံခန့်သာ တန်ကြေးရှိမည်ဖြစ်၏။
ဤ ကြက်သွေးမီးတောက်စာကလေးမှာ ကြီးပြင်းနေပြီဖြစ်ပြီး အရွယ်ရောက်နေသော ကြက်သွေးမီးတောက်စာကလေးတစ်ကောင်သည် စိတ်၀ိညာဥ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇) အနိမ့်ဆုံးရှိပေသည်။
စိတ်ဝိညာဥ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)…!
အဆုံးတွင် ကုမိသားစု၏ ခေါင်းဆောင် ကုထျန်းချန်သည်ပင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၅)သာရှိသေး၏။
ရွှမ်ယီက သူတို့၏ ခေါင်းဆောင်ထက်ပင် သန်မာသော နတ်ဆိုးသားရဲတစ်ကောင်အား ပေးပစ်ရန် ဆန္ဒရှိတယ်တဲ့လား…?
ရွှမ်ယီ၏ အမူအရာက စနောက်နေသည့်ပုံမပေါ်ရာ ကုမိသားစုတပည့်များအားလုံး၏ မျက်လုံးများ နီရဲလာခဲ့တော့သည်။ သူတို့သာ အကြီးအကဲရွှမ်၏ တပည့်ဖြစ်လိုက်လျှင်ဟူသည့် အတွေးများစိုးမိုး၍နေလေသည်။
“ မဟုတ်.. မဟုတ်.. မဟုတ်သေးဘူး… ဆရာ အဲ့တာက အရမ်းတန်ဖိုးကြီးလွန်းတယ်….ကျွန်မ လက်မခံနိုင်ဘူး….”
ကုယီယီက သူမ၏ ဦးခေါင်းအား ဒရမ်တစ်လုံးကဲ့သို့ခါယမ်းလိုက်ပြီး သူမ၏အမြင်အားပြောပြလိုက်သည်။
ဤအချင်းအရာအားမြင်လျှင် ရွှမ်ယီက မည်သည့်စကားမျှမဆိုတော့ချေ။ ထိုအစား သူ့၏ လက်ချောင်းကို ဆန့်တန်းလိုက်ပြီး ဆီးလ်တံဆိပ်အား ကုယီယီ၏ အသိစိတ်ပင်လယ်အတွင်းသို့ တိုက်ရိုက်ထည့်ပေးလိုက်သည်။
“ ဆရာ…! “
ထိုဆီးလ်တံဆိပ် ပေါ်လာသည်နှင့် ကုယီယီမျက်နှာလေးမှာ အနည်းငယ်နီရဲသွား၏။ သူမ၏ ဆရာက ကြက်သွေးမီးတောက် စာကလေးအား သူမထံသို့အတင်းအကြပ်လွှဲပြောင်းပေးလိုက်ကြောင်း သူမသိရှိသေးပေ။
ဘာလဲ…!
“ သွားမယ်… သွားမယ်….”
ရွှမ်ယီက ကုယီယီ၏ အနည်းငယ်စိတ်ဓာတ်ကျသယောင်ဖြစ်နေသည့် မျက်နှာလေးအားကြည့်ကာ စိတ်ထဲ၌ပြုံးလိုက်မိသည်။ သူက ပေါ့ပေါ့ပါးပါးပင် ခုန်လိုက်ပြီး ကြက်သွေးမီးတောက်စာကလေး၏ ကျောပေါ်သို့ရောက်သွားခဲ့သည်။
ကြက်သွေးမီးတောက်စာကလေးမှာ အလွန်ကြီးမားပြီး ၎င်း၏အထက်တွင် လူဒါဇင်အနည်းငယ်ခန့်ထိုင်ရန် ပြသနာမရှိချေ။ ကုမိသားစုမှ လူဆယ်ယောက်အား အလွယ်တကူတင်ဆောင်နိုင်သည်။
အားလုံး နေရာယူပြီးလျှင် ကြက်သွေးမီးတောက်စာကလေးက အနည်းငယ်ဟစ်ကြွေးလိုက်၏။ ထွက်ခွာကာနီး၌ ရွှမ်ယီ၏ စိတ်ထဲတွင် ဂိုဏ်းချုပ် ကျန်းနန်ထျန်၏ အသံထွက်ပေါ်လာသည်။
“ အကြီးအကဲရွှမ်… မင်း အပြင်သွားမလို့လား…?
ရွှမ်ယီလည်း ကျန်းနန်ထျန်နှင့် ပြန်လည်၍ ဆက်သွယ်လိုက်၏။
“ ငါ မင်းကို စကားနည်းနည်းပြောစရာရှိတယ်… မကြာခင် ခရမ်းလမင်းလျှို့ဝှက်နယ်မြေပွင့်တော့မယ်….”
“ ခရမ်းလမင်းလျှို့ဝှက်နယ်မြေ…! “
ခရမ်းလမင်းလျှို့ဝှက်နယ်မြေသည် ကျန်းနန်စီရင်စုတွင် အကြီးဆုံး လျှို့ဝှက်နယ်မြေဖြစ်၏။ ၎င်းမှာ ကောင်းကင်လေနိုင်ငံအတွင်းရှိ အကြီးဆုံးလျှို့ဝှက်နယ်မြေသုံးခုထဲမှ တစ်ခုဖြစ်ပြီး နံပါတ်(၁) လျှို့ဝှက်နယ်မြေလည်းဖြစ်သည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအကြာက ကောင်းကင်လေနိုင်ငံတော်တွင် ဇီယွဲ့ဟူသည့် ပါရမီရှင်တစ်ဦးပေါ်ပေါက်ခဲ့သည်။ သူမ၏ အထွတ်အထိပ်အချိန်က ကောင်းကင်လေနိုင်ငံ၏ အင်ပါယာမိသားစုပင် ဖိနှိပ်ခြင်းခံခဲ့ရသည်။
ကောင်းကင်လေနိုင်ငံတော် အထွတ်အထိပ်ရောက်နေစဉ်က ၎င်းတို့တွင် အခြေတည်ဝိညာဉ်အဆင့်(၉) ကျင်ကြံသူ(၃)ဦးပင်ရှိခဲ့၏။
သို့တိုင်အောင် ဇီယွဲ့၏ ဖိနှိပ်ခြင်းအားခံရဆဲပင်။
မည်သို့ပင်ဖြစ်စေကာမူ ဇီယွဲ့မှာ လျင်မြန်စွာ မြင့်တက်လာပြီး လျင်မြန်စွာ ပြန်လည်နိမ့်ကျသွားခဲ့သည်။
သူမသည် အခြေတည်ဝိညာဉ်အဆင့်(၉)၏ အထွတ်ထိပ်မှဖြတ်ကျော်ရာတွင် လျှို့ဝှက်ဆန်းကျယ်သော စွမ်းအားတစ်ခု၏ တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီး သေလုမျောပါးဖြစ်သွားခဲ့သည်။ သူမသည် ဒဏ်ရာအပြင်းအထန်ရပြီး တောအုပ်တစ်ခုအတွင်းသို့ ထွက်ပြေးရင်း သေဆုံးကာနီးတွင် ကျောက်တံခါးတစ်ချပ်အတွင်းသို့၀င်ရောက်မိခဲ့ပြီး လျှို့ဝှက်နယ်မြေအတွင်းသို့ရောက်ရှိသွားခဲ့သည်။
ထိုတောအုပ်ကြီးမှာ လက်ရှိ ခရမ်းလမင်းတောအုပ်ဖြစ်ပေသည်။ ထိုကျောက်တုံးတံခါးမှာလည်း ခရမ်းလမင်းလျှို့ဝှက်နယ်မြေသို့၀င်ပေါက်ဖြစ်၏။
ထိုအချိန်မတိုင်ခင်က ထိုလျှို့ဝှက်နယ်မြေအား ၀မ်မင်းလျှို့ဝှက်နယ်မြေအဖြစ်သာသိရှိခဲ့ကြ၏။ ထိုကိစ္စပြီးနောက်မှသာ ခရမ်းလမင်းလျှို့ဝှက်နယ်မြေဟူ၍ အမည်ပြောင်းသွားခဲ့ခြင်းဖြစ်သည်။
သူမအား အစွဲပြု၍ ခရမ်းလမင်းလျှို့ဝှက်နယ်မြေဟု ခေါ်ခဲ့ကြသော်လည်း အမှန်တကယ်တွင် သူမနှင့် ထိုလျှို့ဝှက်နယ်မြေမှာ ဆက်စပ်မှုလုံး၀မရှိခဲ့ပါ။ ဒီအတိုင်း တောအုပ်နှင့် လျှို့ဝှက်နယ်မြေအား သူမနာမည်အဖြစ်ပြောင်းခဲ့ရုံသာရှိသည်။
ထိုလျှို့ဝှက်နယ်မြေသည် သူတို့ရှာဖွေမတွေ့ခင် မရေမတွက်နိုင်သော နှစ်များအကြာကပင် ရှိနေခဲ့ဟန်တူသည်။
ခရမ်းလမင်းလျှို့ဝှက်နယ်မြေနှင့် ပတ်သက်ပြီး ဒဏ္ဍာရီများစွာရှိခဲ့သည်။
အချို့က ဇီယွဲ့ထွန်းတောက်လာရခြင်းမှာ ထိုနယ်မြေအတွင်းမှ အမွေအနှစ်များရခဲ့သောကြောင့်ဟုဆိုကြသည်။
အချို့က ထိုလျှို့ဝှက်နယ်မြေအား ဘုရင်အဆင့်တစ်ယောက်က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းထင်ကြေးပေးကြသည်။ အဘယ်ကြောင့်ဆိုသော် ဘုရင်အဆင့်ကျွမ်းကျင်သူသာလျှင် လေဟာနယ်ကိုခွဲဖွင့်နိုင်သောကြောင့်ဖြစ်၏။ လျှို့ဝှက်နယ်မြေအတွင်း၌ ဘုရင်အဆင့်အမွေအနှစ်ရှိသည်ဟုလည်းဆိုကြသည်။
အစပိုင်းတွင် ခရမ်းလမင်းလျှို့ဝှက်နယ်မြေပေါ်ပေါက်လာသောအခါ သွယ်တန်းမြစ်ဒေသရှိ နိုင်ငံ(၉)ခုလုံးမှ မရေမတွက်နိုင်သောကျွမ်းကျင်သူများ ရောက်လာပြီး ၀င်ရောက်ခဲ့ကြသည်။ ၀င်ခဲ့ကြသောလူများတွင် ဘုရင်တ၀က်အဆင့် ကျွမ်းကျင်သူများပင်ချွင်းချက်မရှိချေ။ သူတို့အားလုံး ဘုရင်အဆင့်၏ ဆွဲဆောင်မှုအား လွန်ဆန်နိုင်စွမ်းမရှိကြပေ။
( Note. ဘုရင်တ၀က်အဆင့်ဆိုတာ အခြေတည်ဝိညာဉ်အဆင့်(၉) နှင့် ဘုရင်အဆင့်ကြားက အပိုင်းအခြားလေးကိုဆိုလိုတာပါ။ သီးသန့်အဆင့်ကြီးတစ်ဆင့်လည်းမဟုတ်ပါဘူး။ အခြေတည်ဝိညာဉ်အဆင့် အထိပ်အထိပ်ကိုအနည်းငယ်ကျော်သွားပြီး ဘုရင်အဆင့်ရောက်တော့မယ့်လူကို ဆိုလိုတာပါခင်ဗျ )
ကံမကောင်းစွာဖြင့် ထိုအခြေတည်ဝိညာဉ်အဆင့်အထွတ်အထိပ်ကျင့်ကြံသူများလည်း သူတို့အလိုရှိရာကို မရခဲ့ကြပေ။ ပစ္စည်းကိရိယာများစွာ တွေ့ခဲ့ရသော်လည်း ၎င်းတို့မှာ အခြားသူများအတွက်သာ ရတနာဖြစ်၏။ အခြေတည်ဝိညာဉ်အဆင့်အထွတ်အထိပ်ကျင့်ကြံသူများအတွက်မူ အမှိုက်များနှင့် ထူးမခြားနားပေ။
နှစ်ပေါင်းရာနှင့်ချီအောင် ရှာဖွေခဲ့ကြပြီး မည်သည့်အရာမျှမရခဲ့ကြသည့်အချိန်တွင် ထိုအခြေတည်ဝိညာဉ်အဆင့်အထွတ်အထိပ်ကျင့်ကြံသူများအားလုံး ခရမ်းလမင်းလျှို့ဝှက်နယ်မြေအပေါ် စိတ်၀င်စားမှူ လျော့ကျလာတော့သည်။
ဤသည်မှာ ခရမ်းလမင်းလျှို့ဝှက်နယ်မြေပေါ်ပေါက်လာခြင်း၏ မူလအစပင်ဖြစ်၏။
အခြေတည်ဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူများ၏ စိတ်၀င်စားမှု လျော့ကျသွားသော်လည်း ထိုနေရာရှိ ရတနာများမှာ အခြေတည်ဝိညာဉ်ထိပ်ဆုံးအဆင့်အောက်မှ လူများအတွက်မူ တန်ဖိုးရှိနေဆဲဖြစ်၏။
အခြားရတနာများကို ထားပေဦးတော့ ဇီယွဲ့ သေဆုံးသွားရာမှ ကျန်ခဲ့သည့် သူမ၏ ရတနာများသည်ပင် ထိုလူများအတွက် အလွန်ဆွဲဆောင်မှုရှိလှသည်။
အခြေတည်ဝိညာဉ်အဆင့်(၉) ကျွမ်းကျင်သူတစ်ယောက်၏ အမွေအနှစ်သည် လူများစွာတို့၏ မနာလိုခြင်းခံရရန် လုံလောက်ဆဲပင်ဖြစ်သည်။
ခရမ်းလမင်းလျှို့ဝှက်နယ်မြေသည် ကျန်းနန်စီရင်စုတွင် တည်ရှိသော်လည်း ကောင်းကင်လေနိုင်ငံ၏ နေရာအနှံ့အပြားမှ မရေမတွက်နိုင်သောလူများ ဤနေရာတွင် စုရုံးကြပေလိမ့်မည်။ အခြားနိုင်ငံများမှ လူများလည်း လာလေ့ရှိကြသည်။
ခရမ်းလမင်းလျှို့ဝှက်နယ်မြေ ပွင့်သည့်အချိန်မှာ အတိအကျမရှိချေ။ နောက်ဆုံးအကြိမ် ပွင့်ခဲ့သည်မှာ လွန်ခဲ့သော (၁၀)နှစ်ခန့်ကဖြစ်၏။
နတ်ဆိုးသားရဲများ လျှို့ဝှက်နယ်မြေအတွင်းသို့ မ၀င်ရောက်နိုင်သည်ကလွဲလျှင် အခြားသောကန့်သတ်ချက်းများမရှိချေ။ လူတိုင်း၀င်ရောက်၍ရသည်။
“ ဒါဆို ဂိုဏ်းချုပ် သွားမှာလား…?
ရွှမ်ယီက မေးလိုက်သည်။
“ အင်း… ငါသွားမှာ…”
“ ဒုဂိုဏ်းချုပ် ရီ နဲ့ ရန်ကရော ဘယ်လိုလဲ…”
“ ဒုဂိုဏ်းချုပ် ရီ နဲ့ ရန်က ဂိုဏ်းမှာကျန်ခဲ့လိမ့်မယ်… ဘာလို့ဆို မကြာခင် ကျန်းနန်စီရင်စုက ငြိမ်းချမ်းတော့မှာမဟုတ်ဘူး….”
ခရမ်းလမင်းလျှို့ဝှက်နယ်မြေပွင့်တော့မည့် သတင်းကြားသည်နှင့် နေရာအရပ်ရပ်မှ ကျင့်ကြံသူများ လာရောက်ကြတော့မည်။ ထိုအချိန်၌ ငြိမ်းချမ်း၍နေလျှင်သာ ထူးဆန်းနေပေလိမ့်မည်။
“ ဘယ်အချိန်လောက်ပွင့်မှာလဲ….”
“ အရမ်းထူးခြားတဲ့ လက္ခဏာတွေမပေါ်သေးဘူးဆိုတော့ အချိန်နည်းနည်းတော့ကျန်ပါသေးတယ်….”
“ ဟုတ်ပြီ… တချို့ကိစ္စလေးတွေ ဖြေရှင်းပြီးတာနဲ့ ငါအမြန်သွားတော့မယ် ….”
ရွှမ်ယီက ခေါင်းညိတ်လိုက်ပြီး
“ ကောင်းပါပြီ…။ ဒါနဲ့ ဂိုဏ်းချုပ် မသွားရသေးခင် လင်းဇီရင် နဲ့ ၀မ်ဟူ ပြန်ရောက်လာခဲ့ရင် သူတို့ကိုအတူခေါ်သွားပေးလို့ရမလား…? “
ကုယီယီအပြင် ရွှမ်ယီတွင် အရင်လက်ခံထားသည့် တပည့်နှစ်ယောက်ရှိပြီး လတ်တလောတွင် အပြင်မှာလေ့ကျင့်နေကြကာ ဂိုဏ်းအတွင်း၌ မရှိပေ။
“ လင်းဇီရင်ကတော့ လိုက်လို့ရပါတယ်… ဒါပေမယ့်.. ၀မ်ဟူရဲ့ သန်မာမှုကကျတော့ နည်းလွန်းတယ်မဟုတ်လား…? “
သူက တွန့်ဆုတ်စွာမေးလိုက်၏။
ခရမ်းလမင်းလျှို့ဝှက်နယ်မြေက အခွင့်အလမ်းများနှင့် ပြည့်နှက်နေသော်လည်း မမြင်ရသည့် အန္တရာယ်များကလည်း ယှဉ်တွဲ၍ တည်ရှိနေပေသည်။
ခရမ်းလမင်းလျှို့ဝှက်နယ်မြေအတွင်း၌ ကြောက်စရာကောင်းသည့် နတ်ဆိုးသားရဲများရှိသော်လည်း အဓိကကြောက်စရာကောင်းသည်မှာ လူသားများသာဖြစ်၏။
ခရမ်းလမင်းလျှို့ဝှက်နယ်မြေဖွင့်သည့်အချိန်တိုင်း မရေမတွက်နိုင်သည့်ကျင့်ကြံသူများ ထိုအထဲတွင် သေဆုံးရလေ့ရှိသည်။ ထိုအထဲမှ အနည်းစုသာ နတ်ဆိုးသားရဲများကြောင့် သေဆုံးရခြင်းဖြစ်ပြီး အများစုမှာ လူသားများကြောင့်သေဆုံးကြခြင်းဖြစ်လေသည်။
ခရမ်းလမင်းလျှို့ဝှက်နယ်မြေသည် ကန့်သတ်ချက်အများအပြားမရှိဘဲ ချီငွေ့ရည်ဖွဲ့ခြင်းကျင့်ကြံသူများပင် ၀င်၍ရသော်လည်း ဂိုဏ်းကြီးများကမူ ၎င်းတို့၏ ချီငွေ့ရည်ဖွဲ့ခြင်းကျင့်ကြံသူများအား ၀င်ခွင့်မပေးချေ။
ချီငွေ့ရည်ဖွဲ့ခြင်း…. ထိုအဆင့်မှာ အလွန်အားနည်းပြီး မိမိကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းပင်မရှိကြပေ။
ထို့ကြောင့် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့် ကျင့်ကြံသူများအား ၀င်ခွင့်ပေးသည့် ဂိုဏ်းများမှာ နည်းပါးလွန်းလှသည်။
“ ဒါဆိုလည်း လင်းဇီရင်ကိုပဲ ခေါ်သွားပေးပါ….”
တခဏမျှစဉ်းစားပြီးနောက် ရွှမ်ယီက ခေါင်းညိတ်လိုက်၏။
စနစ်အား သူလက်ခံရပြီးကတည်းက သူ့တပည့်များအား အလွန်လျှင်မြန်စွာ စွမ်းထက်တိုးတက်စေချင်နေမိခဲ့သည်။ သို့သော် ယခုသူစဉ်းစားခဲ့ပြီးဖြစ်သည်။ စိတ်မရှည်ခြင်းက ကောင်းသောအရာမဟုတ်ပေ။
၀မ်ဟူက အနည်းငယ်အားနည်းနေသေးပေသည်။
ကျန်းနန်ထျန်အား နှုတ်ဆက်လိုက်ပြီး ရွှမ်ယီက ကုမိသားစုမှ လူများအား ဦးဆောင်ကာ လခြမ်းမြို့သို့ လျင်မြန်စွာ ပျံသန်းထွက်ခွာလာခဲ့တော့သည်။