← Chapters

အမှောင်သစ်တောအား ဖြတ်ကျော်ခြင်း

Vol. 1 Ch. 14

အမှောင်သစ်တောအား ဖြတ်ကျော်ခြင်း

Vol. 1 Ch. 14

ပျံသန်းငှက်မွေးမြို့…

လျိုမိသားစုတွင် အစီးအဝေးကျင်းပနေ၏။

လျိုမိသားစုသည် ပျံသန်းငှက်မွေးမြို့ရှိ အသန်မာဆုံးအင်အားစု(၈)ခုထဲတွင် ပါ၀င်ထိုက်ပေသည်။ မိသားစုခေါင်းဆောင် လျိုထန်းရှုံ အပြင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈) နောက်တစ်ဦးရှိနေသေးသည်။

ထိုလူသည် မိသားစုခေါင်းဆောင်ထက် အားနည်းသော်လည်း အရမ်းပျော့ညံ့နေသည်တော့မဟုတ်ချေ။

ဤကဲ့သို့ အဆင့်မျိုးမှာ ဂိုဏ်းကြီးတစ်ခု၌ အကြီးအကဲဖြစ်လာရန်လုံလောက်၏။

ထိုလူမှာ လျိုအကြီးအကဲဖြစ်ချေသည်။

ထို့အပြင် ဟောခန်းထဲတွင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇) ကျင့်ကြံသူ ဆယ်ဦးကျော်ရှိနေပြီး အဆင့်(၇)အထွတ်အထိပ် သုံးယောက်အောက်မနည်းပါ၀င်နေသည်။

ယင်းမှနေ၍ လျိုမိသားစုနှင့် ကုမိသားစုအကြားရှိ ကွာဟမှုကိုမြင်တွေ့နိုင်သည်။ ၎င်းတို့၏ ဘိုးဘေးများမရှိတော့သည်နှင့် လျိုမိသားစုက ကုမိသားစုအား ဂရုမစိုက်တော့သည်မှာ အဆန်းမဟုတ်ချေ။

ထိုနှစ်ဖွဲ့ကြား အင်အားကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

လခြမ်းမြို့ရှိ နံပါတ်(၁) အင်အားစုဖြစ်သော ၀မ်မိသားစုပင် လျိုမိသားစုမျက်စိထဲ၌ ပုရွက်ဆိတ်တစ်ကောင်သာဖြစ်၏။

“ မိသားစုခေါင်းဆောင်… ကျုပ်ကိုပြောခွင့်ပြုပါ… ဖြစ်နိုင်ရင် လခြမ်းမြို့ကို မသွားပါနဲ့… သူတို့ကို ကူညီဖို့အတွက် အရမ်းမစွန့်စားစေချင်ဘူး… ခြောက်သွေ့သစ်သားဂိတ်ရဲ့ အင်အားက ဟာသမဟုတ်ဘူး ကျုပ်တို့ ဒုက္ခရောက်သွားနိုင်တယ်….”

လျိုမိသားစုမှ အကြီးအကဲတစ်ဦးက မနေနိုင်တော့ဘဲ ပြောလိုက်သည်။

လျိုမိသားစု၀င် အများအပြားက ကုမိသားစုအားကူညီမည့်ကိစ္စကို ကန့်ကွက်နေကြသည်။ အဖြေမှာ ရိုးရှင်းပေသည်။ ခြောက်သွေ့သစ်သားဂိတ်က သူတို့ထက် အများကြီးသန်မာသည်။ ‌ခြောက်သွေ့သစ်သားဂိတ်မှ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူမှာ သူတို့လျိုမိသားစုအနေဖြင့် ထိပါးနိုင်သောပစ်မှတ်မဟုတ်ချေ။ အကယ်၍ ၎င်းတို့အား စိတ်ဆိုးသွားစေခဲ့လျှင်မူ…..

လျိုထန်းရှုံက မျက်မှောင်ကြုတ်နေပြီး အားလုံးကို တိတ်တိတ်နေရန် လက်မြှောက်ပြလိုက်၏။

“ ငါသွားဖို့ ဆုံးဖြတ်ထားပြီ… ငါက သူတို့အတွက် စကားနည်းနည်းကူပြီးပြောပေးဖို့ သွားရုံပါပဲ… ခြောက်သွေ့သစ်သားဂိတ်က ငါတို့လျိုမိသားစုကို မျက်နှာသာပေးရင်တော့ အကောင်းဆုံးပေါ့… မပေးရင်လည်းကိစ္စမရှိဘူး… ငါအမြန်ပြန်လှည့်လာခဲ့မယ်… ဒီကိစ္စကြောင့် ငါတို့ လျိုမိသားစုကို မထိခိုက်စေရဘူး….”

“ ဒီခရီးကို ငါတစ်ယောက်တည်းသွားမယ်… ကျန်တဲ့လူတွေက ခရမ်းလမင်းလျှို့ဝှက်နယ်မြေအတွက် လိုအပ်တာတွေပြင်ဆင်ကြ… ဒီခရီးကို ဒုတိယအကြီးအကဲက ဦးဆောင်ရမယ်… မဟာအကြီးအကဲကတော့ မိသားစုကိုစောင့်ရှောက်ဖို့ကျန်ခဲ့ရမယ်…. ငါ ကုမိသားစုကကိစ္စပြီးတာနဲ့ အမြန်ပြန်လာခဲ့မယ်…..”

“ အဖေ… သမီးလည်း လိုက်ခဲ့မယ်… လခြမ်းမြို့ မဟာပြိုင်ပွဲကျင်းပတော့မယ်လို့ သတင်းကြားတယ်… သမီးလည်းကြည့်ဖို့ လိုက်ခဲ့ချင်တယ်….”

ထိုအချိန်တွင် အသက်(၁၆) ၊ (၁၇) ခန့်လောက်ရှိသည့် မိန်းမလှလေးတစ်ဦးခုန်ထွက်လာပြီး လျိုထန်းရှုံအား ကလေးဆိုးကြီးတစ်ယောက်ကဲ့သို့ စကားဆိုလိုက်သည်။

ထိုမိန်းကလေး၏ အမည်မှာ လျိုရှောင်ယွဲ့ဖြစ်ပြီး မိသားစုခေါင်းဆောင် လျိုထန်းရှုံ၏ အငယ်ဆုံးသမီးလေးဖြစ်သည်။

သူမငယ်စဉ်ကပင် လျိုထန်းရှုံက သူ၏ အဆက်အသွယ်များအား အသုံးပြုပြီး ကျက်သရေစီရင်စုရှိ ပန်းတစ်ရာနန်းတော်သို့ ကျင့်ကြံရန်ပို့ထားခဲ့သည်။ သူမက မကြာသေးမီအချိန်ကမှ ကျန်းနန်စီရင်စုသို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူမက ကျန်းနန်စီရင်စုတွင် အရာအားလုံးကို လိုက်ပြီးသိချင် စပ်စုချင်နေသည်။

ကျက်သရေစီရင်စုက ကျန်းနန်စီရင်စုနှင့် ယှဉ်နိုင်ပေသည်။ ပန်းတစ်ရာနန်းတော်သည် ကျက်သရေစီရင်စုမှ ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး ခြောက်သွေ့သစ်သားဂိတ်ထက် အင်အားမနိမ့်ကျပေ။

“ ကြည့်ရတာ တစ်စုံတစ်ယောက်က တစ်ခုခုကိုစိတ်ပူနေပုံရတယ်….”

လျိုထန်းရှုံက ပြုံးပြီးခေါင်းယမ်းလိုက်သည်။

အဖေ‌တစ်ယောက်အနေဖြင့် သူ့သမီးမည်သို့တွေးနေသည်ကို အဘယ်ကြောင့် မသိဘဲနေမည်နည်း။

“ အဖေ….! “

“ ဟုတ်ပြီ… ဟုတ်ပြီ လိုက်ခဲ့….”

လျိုထန်းရှုံသည် သူ့သမီးအားအလွန်ချစ်ခင်သူဖြစ်ပြီး ယခုကဲ့သို့ တောင်းဆိုမှုလေးအား အဘယ်မှာလျှင် ငြင်းနိုင်လိမ့်မည်နည်း။

……………………

နက်နဲဓားဂိုဏ်း နှင့် လခြမ်းမြို့အကြားရှိ အကွာအဝေးမှာ အလွန်ဝေးကွာခြင်းမရှိချေ။ ကုမိသားစုအနေဖြင့် နက်နဲဓားဂိုဏ်းသို့လာရာလမ်းတွင် အချိန်နှစ်ပတ်ကြာနေရခြင်းမှာ အန္တရာယ်ရှိသော လမ်းကြောင်းများကြောင့်ဖြစ်၏။

သူတို့အနေဖြင့် ဘာမျှမတတ်နိုင်ဘဲ အလုံခြုံဆုံးလမ်းအားရွေးချယ်ပြီးလာရသောကြောင့် အချိန်များပိုကြာသွားခဲ့ရသည်။

လခြမ်းမြို့နှင့် နက်နဲဓားဂိုဏ်းအကြားတွင် ဓားပြများ သောင်းကျန်းနေသည့် သဲဝါတောင်ကြော ၊ နတ်ဆိုးများသောင်းကျန်းလေ့ရှိသည့် အမှောင်တောအုပ် အစရှိသဖြင့် အန္တရာယ်နယ်မြေများပေါများသည်။ ထိုနေရာများမှာ အလွန်အန္တရာယ်များလွန်းသည့်အတွက် လုံခြုံသောလမ်းလွှဲများမှ လာခဲ့ရသည်။

သူတို့ အလာခရီးတွင် ကြောက်ရွံ့ထိတ်လန့်ပြီး အလွန်သတိထားကာ လာခဲ့ကြရသည်။

သို့သော် အပြန်ခရီးကား ခြားနားသွားချေပြီ။ နှလုံးသားတစ်ခုလုံး ပေါ့ပါး၍ လွတ်လပ်နေ၏။

အမှောင်တောအုပ်မှာ အလွန်အန္တရာယ်များလွန်းလှသော်လည်း ကောင်းကင်မှ ပျံသန်းနေသောအခါ ဤကဲ့သို့မဟုတ်တော့ချေ။

အားလုံးထဲတွင် သက်ပြင်းအချဆုံးလူမှာ ဒုတိယအကြီးအကဲဖြစ်၏။

အမှောင်တောအုပ်အတွင်းရှိ အဆက်မပြတ်ထွက်ပြေးနေကြသော နတ်ဆိုးသားရဲများအားကြည့်ရင်း ခံစားချက်များရောထွေးကာ သက်ပြင်းချ‌နေမိသည်။ ယခင်တုန်းက ထိုသားရဲများအား ကြောက်လန့်တကြားရှောင်ရှား၍ လှည့်ပတ်သွားလာခဲ့ရပေမယ့် ယခုတွင်မူ ထိုနတ်ဆိုးသားရဲများက တစ်ပြန်ကြောက်လန့်၍ ထွက်ပြေးနေကြချေပြီ။ အဆင့်မြင့် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် နတ်ဆိုးများပင် ချွင်းချက်မရှိချေ။ ဤမြင်ကွင်းအားကြည့်ကာ လူတိုင်း၏ စိတ်ထဲ၌ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။

ဒါက ခွန်အားရဲ့ ပြုယုဒ်တစ်ခုပဲ….;

ခွန်အားရှိနေသ၍ မည်သည့်အရာကိုမှ ကြောက်စရာမရှိချေ…!

အကြွင်းမဲ့ခွန်အား၏ ရှေ့မှောက်တွင်မူ….!

“ အဲ့တာဘာကြီးလဲ…? “

“ ကြက်သွေးမီးတောက် စာကလေးမဟုတ်လား…? “

“ အထက်မှာလည်း လူတွေရှိနေတယ်ဟ…”

ရွှမ်ယီတို့အဖွဲ့ ရှေ့သို့ ဆက်လက်ထွက်ခွာလာကြသည်။ သူတို့သွားရာ လမ်းတစ်လျှောက်တွင် နတ်ဆိုးသားရဲများအား ထိတ်လန့်စေရုံသာမက အမှောင်တောအုပ်ရှိ စွန့်စားသွားလာသူများ၏ အာရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။

အမှောင်တောအုပ်မှာ အန္တရာယ်ရှိသော်ငြား မရေမတွက်နိုင်သော စွန့်စားသူတို့၏ သုခဘုံလည်းဖြစ်သည်။

အခွင့်အလမ်းများက အန္တရာယ်များနှင့် ယှဉ်တွဲ၍ တည်ရှိနေတတ်သည်။

မည်သို့ပင်ဆိုစေကာမူ ပုံမှန် စွန့်စားသူများ အမှောင်တောအုပ်သို့ လာလျှင် နတ်ဆိုးများက သူတို့အား သတိမထားမိစေရန် ဂရုစိုက်ကာသွားလာကြရသည်။

သို့သော် ယခုတွင်မူ ရွှမ်ယီတို့ အဖွဲ့ အမှောင်တောအုပ်အထက်မှဖြတ်သွားသည်ကိုမြင်လျှင် ၎င်းတို့အားလုံး တချိန်တည်းတွင် ဆွံ့အသွားခဲ့ရပြီး နှလုံးသားအတွင်း၌ မနာလိုအားကျမှုများပြည့်သွားခဲ့ကြသည်။

“ ငါတို့ကိုသာ နတ်ဆိုးသာရဲတွေမြင်သွားရင် ထွက်‌ပြေးဖို့ကလွဲပြီး အခြားမရှိဘူး… အကောင်းဆုံးအနေနဲ့က သူတို့သတိမထားမိအောင် ရှောင်ပတ်ပြီးသွားနေမှာပဲ…”

တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။

“ ဟမ့်… မင်းမှာသာ လုံလောက်တဲ့ခွန်အားရှိရင် ကြိုက်သလိုသွားလို့ရတယ်…”

“ ကြည့်ရတာ ကြက်သွေးမီးတောက်စာကလေးက အရွယ်ရောက်နေလောက်ပြီ… သူ့ရဲ့ ခွန်အားက အနည်းဆုံးတော့ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၇) ရှိရမယ်… ဟုတ်တယ်မလား…? “

ကြက်သွေးမီးတောက်စာကလေးဖြင့် အမှောင်တောအုပ်အား ကျော်ဖြတ်ရာတွင် လမ်း၌ အတားအဆီးတစ်ခုတစ်လေပင် မရှိခဲ့ချေ။

အမှောင်တောအုပ်ပြီးလျှင် နောက်တစ်ဆင့်က သဲဝါတောင်ကြောဖြစ်၏။

သဲဝါတောင်ကြောအားဖြတ်ပြီးလျှင် လခြမ်းမြို့သို့ ခရီးတစ်၀က်ပြီးဆုံးသွားပြီဟု ပြော၍ရသည်။

သဲဝါတောင်ကြောက ဤဒေသအတွက် အရေးကြီးသော ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည်။ မရွေမတွက်နိုင်သော ကုန်သည်များအတွက် တစ်ခုတည်းသော ရွေးချယ်စရာလမ်းကြောင်းလည်းဖြစ်သည်။

တစ်ခြားလမ်းကြောင်းမှသွားလျှင် အချိန်အများကြီး ယူရပေလိမ့်မည်။ ကုန်သည်များအတွက်မူ အချိန်ဆိုသည်မှာ ငွေဖြစ်၍ အချိန်မဖြုန်းနိုင်ပေ။

ရလဒ်အနေနှင့်ကတော့ ဤနေရာတွင် ဓားပြများပေါများလာခြင်းဖြစ်၏။ ကုန်သည်များအနေဖြင့် အစောင့်အကြပ်များမပါဘဲ ဤနေရာကို ဖြတ်သန်းဝံ့ခြင်းမရှိချေ။

အစောင့်အကြပ်များပါလျှင်ပင် ဤနေရာအား (၁၀၀)ရာခိုင်နှုန်း လုံခြုံအောင်ကျော်ဖြတ်နိုင်မည်ဟု အာမမခံနိုင်ပေ။

All Chapters