← Chapters

ကုချင်းမန်၏ တုန်လှုပ်မှု

Vol. 2 Ch. 16

ကုချင်းမန်၏ တုန်လှုပ်မှု

Vol. 2 Ch. 16

ဤတိုက်ပွဲတွင် စိတ်လှုပ်ရှားစရာမရှိပေ။

နှစ်ဖက် အင်အားကွာခြားမှုမှာ အလွန်ကြီးမား၏။

လူငယ်သုံးယောက်အဖွဲ့တွင် အမြင့်ဆုံးမှာ ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၉) တွင်ဖြစ်ပြီး အနိမ့်ဆုံးမှာ အဆင့်(၇)ဖြစ်သည်။

ထိုခွန်အားများမှာ ပြင်ပကမ္ဘာကြီးတွင် အားနည်းသည်ဟုမဆိုနိုင်ပေ။ ဂိုဏ်းအချို့မှ ပါရမီရှင်များနှင့်ပင် ယှဉ်နိုင်စွမ်းရှိ၏။

သို့ပေမယ့်… ဤနေရာကား သဲဝါတောင်ကြောဖြစ်၏။

သူတို့အား ဝိုင်းထားသည့် ဓားပြများအားလုံး စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်၌ ရှိနေကြသည်။

“ ချီပဲ…! ခွေးကောင်တွေ…”

ကုချင်းမန်၏ လှပသောမျက်လုံးကလေးများ နီရဲလျက်ရှိသည်။ သူမ စိတ်ဓာတ်များကျနေပြီး အရှက်လည်းကွဲနေရ၏။

ထိုဓားပြများ၏ ခွန်အားနှင့်ဆိုလျှင် သူတို့အား သတ်ပစ်ရန်မှာ အလွန်လွယ်ကူ၏။

သို့ပေမယ့် သူတို့မလုပ်ကြချေ။

သူတို့အား၀န်းရံထားသည့်ဓားပြများက မသတ်ခင် သူတို့အား ဆော့ကစားနေကြသည်။

“ ဂီး..! “

ဓားပြများ ဆော့ကစားနေစဉ်အတွင်း မနီးမဝေးရှိ ကောင်းကင်မှ ကြည်လင်ကျယ်လောင်သည့် မြည်ကြွေးသံတစ်ခုထွက်ပေါ်လာသည်။

ကုချင်းမန်နှင့် သူတို့အနားရှိဓားပြများအပါအ၀င် အနီးပတ်၀န်းကျင်ဒေသရှိလူတိုင်း ထိတ်လန့်သွားကြ၏။

လူတိုင်း၏ မျက်လုံးများ အသံကြားရာဖက်သို့ အလိုလိုကြည့်လိုက်မိသည်။

မလှမ်းမကမ်းရှိကောင်းကင်မှ အနီရောင်အရိပ်တစ်ခု ပျံသန်း၍ လာနေသည်။ နီးကပ်လာသည်နှင့်အမျှ ထိုအရိပ်၏ ပုံသဏ္ဍာန်အား ရှင်းလင်းစွာမြင်လိုက်ရသည်။

ဒါက… ပျံသန်းနိုင်တဲ့ နတ်ဆိုးသားရဲတစ်ကောင်ပဲ….!

အမြင်စူးရှသူတိုင်း ဤနတ်ဆိုးသားရဲက မည်သည့်အကောင်ဖြစ်ကြောင်း သိလိုက်ကြသည်။

“ ကြက်သွေးမီတောက်စာကလေးပဲ…! ပြီးတော့ အရွယ်ရောက်နေတဲ့ ကြက်သွေးမီးတောက်စာကလေး…! “

“ ကြည့်လိုက်… အဲ့အပေါ်မှာ ရပ်နေတဲ့လူတွေရှိတယ်…! “

“ ရပ်လိုက်ကြ…! “

ဓားပြခေါင်းဆောင်က ကုချင်းမန်တို့အားဝိုင်းထားသည့် သူ့အဖွဲ့သားများအား ရပ်တန့်ရန်အမိန့်ပေးလိုက်သည်။

ဤကမ္ဘာကြီးတွင် ထူးဆန်းသည့်စိတ်ထားရှိသူများအလွန်များပြားပြီး တရားမျှတမှုဟု ကြွေးကြော်ကာ သူတို့အား လာမတိုက်လိုက်ဟု အာမမခံနိုင်ပေ။ သတိထားခြင်းမှာ မမှားချေ။

မည်သို့ပင်ဆိုစေကာမူ ထိုသုံးယောက်မှာ ထွက်ပြေးနိုင်စွမ်းမရှိပေ။ ကြက်သွေးမီးတောက်စာကလေး ဖြတ်သွားပြီးမှ သူတို့အား သတ်လျှင်လည်း နောက်မကျသေးချေ။

ကြက်သွေးမီးတောက်စာကလေး သူတို့အထက်မှ ဖြတ်ကျော်သွားမည်ဟု လူတိုင်းကထင်နေစဉ် ၎င်း၏ အရှိန်ကိုလျှော့လိုက်ပြီး ဓားပြများနှင့် ကုချင်းမန်တို့၏ တုန်လှုပ်နေသောအကြည့်များအောက်တွင် မြေပြင်သို့ဆင်းသက်လာ၏။

ဓားပြများ အလွန်အံ့ဩသွားပြီး ကုချင်းမန်တို့အဖွဲ့လည်း တုန်လှုပ်သွားကြသည်။

“ မင်းတို့သုံးယောက်… တက်လာခဲ့ “

ကြက်သွေးမီးတောက်စာကလေး မြေပြင်သို့ဆင်းလာချိန်တွင် ရွှမ်ယီ၏ အသံထွက်ပေါ်လာ၏။

“ အစ်မချင်းမန်… မြန်မြန်လာ…! “

ထိုအချိန်တွင် ကုယီယီက ရွှမ်ယီနောက်မှ ထွက်ပေါ်လာပြီး လက်ယပ်ခေါ်လိုက်သည်။

“ ယီယီလား…? ဘယ်လိုလုပ်ပြီး နင်ဖြစ်နေတာလဲ…? “

ကုချင်းမန်၏ နှုတ်ခမ်းသားများ အနည်းငယ်ပွင့်အာသွားပြီး သူမ‌လေသံတွင် မယုံကြည်နိုင်ဟန်များ ရောစွတ်နေသည်။

သူမအနေဖြင့် ကြက်သွေးမီးတောက်စာကလေးနှင့် ကုယီယီတို့အား မည်သို့မျှ ချိတ်ဆက်စဉ်းစားကြည့်၍မရချေ။

အထူးသဖြင့် အရွယ်ရောက်ပြီးသော ကြက်သွေးမီးတောက်စာကလေးဖြစ်၏။ ၎င်းမှာ သူမ၏ ဆရာနှင့်ပင် ယှဉ်နိုင်စွမ်းရှိသည့် တည်ရှိမှုမျိုးဖြစ်သည်။ သူမ၏ နှလုံးသားထဲတွင် မေးခွန်းများပြည့်နှက်နေသော်လည်း မေးခွန်းမေးရမည့်အချိန်မဟုတ်မှန်းနားလည်ထားသည်။

“ စီနီယာအစ်ကို ၊ စီနီယာအစ်မ… မြန်မြန်လာ… ဒါ ကျွန်မ မိသားစု၀င်တွေပဲ….”

“ မိသားစု၀င်တွေ…? “

ကုချင်းမန်၏ စီနီယာအစ်ကိုနှင့် အစ်မ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။

ကုချင်းမန်၏ မိသားစုအကြောင်း အနည်းငယ်သိထားကြ၏။

သူမ၏ မိသားစုခေါင်းဆောင်မှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅) ၌သာရှိကြောင်း ပြောသည်ကိုကြားဘူး၏။

ကုချင်းမန် လိမ်ညာခဲ့ခြင်းပေလော…?

သူမက အင်အားကြီးမိသားစုကလား….?

မဟုတ်ဘူး ၊ အဲ့တာမဖြစ်နိုင်ချေ။ ကုချင်းမန်အနေဖြင့် သူတို့အား လိမ်စရာအကြောင်းမရှိပါ။

လက်ရှိတွင် ကုချင်းမန်၏ပုံစံမှာလည်း ကြက်သွေးမီးတောက်စာကလေးအားကြည့်ပြီး စိတ်ရှုပ်ထွေးနေပုံရသည်။

သူတို့သုံးယောက်လုံး ကြက်သွေးမီးတောက်စာကလေးအပေါ်သို့ရောက်ရှိသွားသည်။ ထို့နောက် ကြက်သွေးမီးတောက်စာကလေးက ၎င်း၏အတောင်ပံများကိုရိုက်ခတ်လိုက်ပြီး ကောင်ကင်သို့ပစ်လွှတ်လိုက်သည် မီးကျည်အလား ပျံသန်းထွက်ခွာသွား၏။

ဖြစ်စဥ် အစမှ အဆုံးထိ ရွှမ်ယီက ဓားပြများကို စကားပြောရန်မဆိုထားနှင့် လှည့်ပင်မကြည့်ခဲ့ချေ။

ဓားပြတွေကလည်း စကားတခွန်းမှမပြောခဲ့ချေ။

အမှန်တိုင်းဆိုလျှင် သူတို့ပြောချင်သော်လည်း မပြောရဲခြင်းသာဖြစ်၏။

ကြက်သွေးမီးတောက်သိမ်းငှက် မိုးကုတ်စက်ဝိုင်းအစွန်းသို့ပျောက်ကွယ်သွားပြီးမှ သူတို့သတိပြန်၀င်လာကြသည်။ ၎င်းတို့၏ လည်ပင်းများကို လက်ဖြင့်စမ်းကြည့်လိုက်ကြပြီး ချွေးစေး စိုချွဲနေသည်ကိုတွေ့လိုက်ရသည်။

“ ဘယ်လိုတောင် အန္တရာယ်များလိုက်လဲ…? “

ဓားပြခေါင်းဆောင်၏ မျက်နှာမှာ ဖြူဖျော့နေပြီး အလွန်ထိတ်လန့်နေကြောင်းထင်ရှားသည်။

ထိုအခိုက်တန့်တွင် သူတို့အသတ်မခံလိုက်ရသည့်အတွက် အလွန်ကံကောင်းသွားကြောင်း တွေးမိလိုက်ကြသည်။

“ အစ်မချင်းမန်… ဒီနှစ်တွေအတွင်း ဘယ်ရောက်နေခဲ့တာလဲ…? ဘာလို့ မိသားစုကို မဆက်သွယ်ခဲ့တာလဲ…? “

ကြက်သွေးမီးတောက်စာကလေးအပေါ်တွင် ကုယီယီက စိတ်မရှည်စွာနှင့် မေးခွန်းများ တရစပ်မေးလိုက်၏။

“ ငါ… ငါအဖမ်းခံလိုက်ရတာ…”

ကုချင်းမန်က ရှက်ရွံ့နေဟန်ဖြင့်ဖြေလိုက်၏။

“ ဟမ်… အဖမ်းခံလိုက်ရတာလား…? ဘယ်သူက ဖမ်းသွားတာလဲ…? “

ကုမိသားစုမှ လူများအားလုံး အံ့အားသင့်သွားကြသည်။

“ ငါ့ ဆရာ…”

ရှင်းပြလိုက်ပြီး နောက်ဆုံးတွင် အားလုံးက ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို နားလည်သွားကြ၏။

လွန်ခဲ့သော သုံးနှစ်က ကုချင်းမန် ကုမိသားစုသို့ပြန်လာရာ လမ်းတွင် ထူးဆန်းသော အမျိုးသမီးတစ်ယောက်နှင့် ဆုံတွေ့ခဲ့၏။ ထို့နောက် ထိုအမျိုးသမီးက စကားတစ်ခွန်းမျှပင်မပြောပဲ သူမအား သတိလစ်သွားစေခဲ့သည်။

ထိုအမျိုးသမီးမှာ လက်ရှိကုချင်းမန်၏ ဆရာဖြစ်သူဖြစ်ပြီး အစွမ်းထက်သလောက် ထူးဆန်းသောစိတ်နေစိတ်ထားရှိသူလည်းဖြစ်သည်။

“ သူက အစ်မကို တပည့်အဖြစ်လိုချင်ရင် ရိုးရိုးတမ်းတမ်းပြောဆိုပြီး ခေါ်သွားလည်းရတယ်လေ…! ဘာဖြစ်လို့ဖမ်းသွားတာလဲ…? “

ကုယီယီက မနေနိုင်ဘဲ မေးလိုက်၏။

ဤ ကုချင်းမန်၏ ဆရာကား အလွန်ထူးဆန်းလွန်းလှသည်။

ကုချင်းမန် ပြောပြသည်များမှတစ်ဆင့် သူမ၏ ဆရာဖြစ်သူမှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈) အထွတ်အထိပ်ကျင့်ကြံသူဖြစ်ကြောင်း သိခဲ့ရသည်။

သူမ၏ ခွန်အားဖြင့် ကုချင်းမန်အား တပည့်အဖြစ်လိုချင်လျှင် ရိုးရိူးတမ်းတမ်းပြောဆိုပြီးခေါ်သွား၍ရသည်။ ကုချင်းမန်လည်း ငြင်းလိမ့်မည်မဟုတ်ပေ။

သို့သော် အဘယ်ကြောင့် သူမအား ဖမ်းခေါ်သွားခဲ့ရသနည်း…!

“ ဒါ… ဒါက ငါတစ်ယောက်တည်းမဟုတ်ဘူး… စီနီယာ အစ်ကို နဲ့ အစ်မလည်း အတူတူပဲ… သူတို့နှစ်ယောက်ကလည်း ငါ့ဆရာရဲ့ တပည့်တွေပဲ…”

“ ဘယ်လိုပဲဖြစ်ဖြစ် ဆရာက အရမ်းတင်းကြပ်ပြီး စိတ်သဘောထားထူးဆန်းနေပေမယ့် သူမက ငါ့တို့အ‌ပေါ်အရမ်းကောင်းတယ်…”

“ ငါ မိသားစုကို အတမင်မဆက်သွယ်ခဲ့တာမဟုတ်ဘူး… ဆရာက ဆက်သွယ်ခွင့်မပေးခဲ့လို့ မမဆက်သွယ်ခဲ့တာ… ဆရာက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ကိုရောက်ရင် မိသားစုကို ပြန်ခွင့်ပေးမယ်လို့ပြောခဲ့တယ်….”

“ အစ်မချင်းမန် နင်… စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ကို ရောက်နေပြီလား….”

ရွှမ်ယီနှင့် ဒုတိယအကြီးအကဲက ကုချင်းမန်၏ ခွန်အားကို အကြည့်တစ်ချက်ဖြင့်ပင် မြင်နိုင်ခဲ့သည်။ သို့သော် ကုယီယီနှင့် အခြားသူများမှာမူ အလွန်အားနည်းသေးသောကြောင့် မြင်နိုင်စွမ်းမရှိချေ။ ကုချင်းမန်၏ ရှင်းပြချက်အားကြားလျှင် သူမ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ကို ရောက်နေပြီဟု ထင်မိခဲ့ကြသည်။

ကုယီယီ ၊ ကုလန် နှင့် အခြားသူများ၏ အကြည့်များကိုမြင်လျှင် ကုချင်းမန်က ခါးသက်စွာပြုံးလျက် ခေါင်းယမ်းပြလိုက်သည်။

“ အဲ့တာက ဘယ်လိုဖြစ်နိုင်မှာလဲ…? စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ကို ဖြတ်ကျော်ဖို့ ဒီလောက်မလွယ်ဘူးလေ…ငါက အခုမှ ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၇) မှာပဲရှိသေးတယ်…”

“ ချီအခြေခံတည်ဆောက်ခြင်း ဆင့်(၇)…! “

သူမသည် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့မရောက်သေးသော်လည်း သူမ၏ ခွန်အားကြောင့် ကုယီယီနှင့် အခြားသူများ ထိတ်လန့်သွားဆဲပင်။

ကုချင်းမန်က သူတို့ထက် အသက်ကြီးသည်ဆိုသည်မှာ မှန်သော်လည်း အရမ်းမကြီးသေးချေ။ သူမ၏အသက်အရွယ်တွင် ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၇)သို့ရောက်ရှိနေပြီဖြစ်၏။ ထိုပါရမီမျိုးက ကျန်းနန်စီရင်စုမှာ ထူးချွန်သော လူငယ်မျိုးဆက်များအောက်မကျပေ။

“ အစ်ချင်းမန် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ကို မ‌ရောက်သေးဘူးဆိုရင် အခုဘယ်လိုပြန်လာတာလဲ…? အစ်မရဲ့ဆရာက ခွင့်မပြုဘူးဆို…”

ကုယီယီ အံ့အားသင့်သွား၏။

“ အစကတော့ အဲ့လိုပါပဲ… ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထူးခြားတာတစ်ခုခုဖြစ်ပုံရတယ်… ရုတ်တရက် ဆရာက ငါ့ကို မိသားစုဆီပြန်လို့ရတယ်လို့ပြောခဲ့တယ်… ဘာလို့လဲဆိုတာတော့ ငါလည်း အတိအကျမသိဘူး…”

ကုချင်းမန်က ခေါင်းယမ်းလိုက်၏။

ထိုစကားအား ကြားလျှင် ရွှမ်ယီနားလည်သွားခဲ့သည်။

သူ၏ အတွေးသာမှန်ကန်လျှင် မကြာမီပွင့်တော့မည့် ခရမ်းလမင်းလျှို့ဝှက်နယ်မြေကြောင့်သာဖြစ်ရပေမည်။

“ အစ်ချင်းမန်… အစ်မရဲ့ဆရာကကော ဘယ်မလဲ…? “

“ ဆရာက ကျန်းနန်စီရင်စုကို ရောက်တာနဲ့ သူ့မှာလုပ်စရာရှိတယ်လို့ပြောပြီး ငါတို့နဲ့ ခွဲထွက်သွားတာ… လခြမ်းမြို့မှာ သူ့ကိုစောင့်နေဖို့မှာခဲ့တယ်… သူမလုပ်စရာတွေပြီးရင် လခြမ်းမြို့ကိုလိုက်လာမယ်တဲ့…”

“ ငါ့ကိုချည်းပဲမေးမနေနဲ့… ယီယီ ဒီ ကြက်သွေးမီးတောက်စာကလေးအကြောင်းကို နင်သေချာရှင်းပြမှရမယ်….”

ကုချင်းမန်က ဤကိစ္စနှင့် ပတ်သက်၍ စိတ်ရှုပ်နေရုံသာမဟုတ်ပေ။ ထိတ်လန့်တုန်လှုပ်နေမိ၏။

ဤအရာကား အရွယ်ရောက်ပြီး ကြက်သွေးမီးတောက်စာကလေးဖြစ်သည်။

အနိမ့်ဆုံးဆိုလျှင်ပင် အရွယ်ရောက်ပြီးကြက်သွေးမီးတောက်စာကလေးမှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၇)တွင်ရှိ၏။

သူမ၏ ဆရာဖြစ်သူပင်လျှင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၈) သာရှိသေး၏။

“ ဆရာ ပေးထားတာ…”

ကုယီယီက အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် ရွှမ်ယီအား တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ ဆရာ…”

ကုချင်းမန်၏ နှုတ်ခမ်းမှာ အိုပုံသဏ္ဍာန်ဖြစ်သွား‌သည်။ သူမတင်မဟုတ်ဘဲ သူမ၏ စီနီယာ အစ်ကိုနှင့် အစ်မဖြစ်သူလည်း ရွှမ်ယီအား အံ့ဩတကြီးငေးကြည့်နေမိ၏။

ထိုမျှ တုန်လှုပ်သွားသည်အား အပြစ်ဆိုစရာမရှိချေ။ အဘယ်ကြောင့်ဆိုသော် ကုယီယီ၏စကားများက သူတို့၏ ခန့်မှန်းခြေ ဘောင်အတွင်းမှ ကျော်ထွက်သွားသောကြောင့်ဖြစ်၏။

ထိုလူမှာ အရမ်းငယ်လွန်းသည်…!

သူမ၏ စီနီယာအစ်ဖြစ်သူနှင့် အတူတူလောက်သာရှိ၏။

ကုချင်းမန်၏ တုန်လှုပ်နေသောမျက်နှာကိုကြည့်လိုက်ပြီး ကုယီယီက သူမ၏ စကားကိုဆက်ပြောလိုက်သည်။ သူတို့ပိုကြားရလေ ပိုအံ့ဩလာလေဖြစ်၏။

ရွှမ်ယီက နက်နဲဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်ရုံသာမက အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူလည်းဖြစ်ကြောင်း သူတို့သိလိုက်ရလျှင် စကားမပြောနိုင်လောက်အောင်ပင်ဖြစ်သွားခဲ့ရသည်။

အခြေတည်ဝိညာဉ်အဆင့်…!

သူမ၏ စီနီယာအစ်ကို ထက်ပင် အသက်ကြီးသေးဟန်မရသော ထိုလူငယ်မှာ အခြေတည်ဝိညာဉ်အဆင့်ဖြစ်နေချေပြီ…!

ကုချင်းမန်တို့သုံးယောက် အခြေတည်ဝိညာဉ်အဆင့်၏ အဓိပ္ပါယ်အားကောင်းစွားနားလည်ထားကြသည်။

ဤသည်မှာ သူမတို့၏ ဆရာဖြစ်သူပင်လျှင် လေးစားစွာဆက်ဆံ့ရသောအဆင့်ဖြစ်၏။

ကုယီယီထံမှ ဒွန်မိသားစုကိစ္စအားကြားလျှင် သူမအနည်းငယ်စိတ်ပူနေခဲ့သေးသည်။

စိတ်ပူရခြင်းမှာ ဒွန်လီ၏ဆရာကြောင့်မဟုတ်ပေ။

ဒွန်လီ၏ ဆရာအား သူမ၏ ဆရာမှကိုင်တွယ်နိုင်စွမ်းရှိသည်။ သို့သော် ၎င်းတို့၏ အနောက်တွင်ရှိနေသော ခြောက်သွေ့သစ်သားဂိတ်ကမူ ပြသနာများပေသည်။ အကယ်၍ ဤကိစ္စ၌ ခြောက်သွေ့သစ်သားဂိတ်မှ ဝင်စွက်ဖက်မလာလျှင် အဆင်ပြေသေးသည်။ ၀င်ပါလာမည်ဆိုပါက သူမ၏ ဆရာပင် ဒုက္ခများပေလိမ့်မည်။

ကုယီယီမှာ နက်နဲဓားဂိုဏ်း၀င်တစ်ယောက်ဖြစ်လာပြီး သူမ၏ ဆရာဖြစ်သူမှာလည်း အခြေတည်ဝိညာဉ်အဆင့်တွင်ရှိကြောင်းကြားလျှင် သူမစိတ်သက်သာရာရသွားခဲ့သည်။

ရွှမ်ယီ၏ ခွန်အားဖြင့်ဆိုလျှင် ဒွန်လီ၏ ဆရာကို မဆိုထားနှင့် ခြောက်သွေ့သစ်သားဂိတ်တစ်ခုလုံးပင် ဘာမှလုပ်နိုင်စွမ်းရှိမည်မဟုတ်ပေ။

“ ညအိပ်ဖို့ နေရာရှာရအောင်… မနက်မှဆက်သွားကြမယ်…”

သဲဝါတောင်ကြောမှထွက်လာပြီးနောက် ရွှမ်ယီက ကောင်းကင်ကိုမော့ကြည့်ပြီး စကားဆိုလိုက်သည်။

ရွှမ်ယီအတွက် အနားယူသည်ဖြစ်စေ မယူသည်ဖြစ်စေ အတူတူသာဖြစ်၏။ သူ့အနေဖြင့် ရက်အနည်းငယ်ခန့် မအိပ်မစားဘဲ နေ၍ရသော်လည်း ကုယီယီနှင့် အခြားသူများကမူ ထိုသို့နေနိုင်စွမ်းမရှိချေ။

“ ကျွန်တော်တို့ အကြီးအကဲရွှမ်ရဲ့စကားကို နားထောင်ပါမယ်…”

သဘာ၀အတိုင်းပင် လူတိုင်းချွင်းချက်မရှိ သဘောတူကြ၏။

တစ်နေ့တာလုံး မနားတမ်းခရီးသွားပြီးနောက် သူတို့အားလုံး ပင်ပန်းနွမ်းနယ်နေကြချေပြီ။ ကုယီယီ ဗိုက်မှာလည်း အချိန်အတော်ကြာကပင် မြည်နေခဲ့ပြီဖြစ်၏။ သူမအနေဖြင့် ပြောရန်ရှက်၍သာ မပြောပဲနေခဲ့ခြင်းဖြစ်သည်။

……………….

ပရမ်းပတာမြို့

ဤဒေသရှိ တစ်ခုတည်းသောမြို့ဖြစ်သည်။

ထိုမြို့မှာ ၎င်း၏ နည်မည်အတိုင်းပင် ပရမ်းပတာဖြစ်နေသောမြို့တစ်ခုဖြစ်၏။

ထိုမြို့မှာ သဲဝါတောင်ကြော ၊ အမှောင်တောအုပ်တို့နှင့် အနီးဆုံးတွင်ရှိနေပြီး ကြေးစားများ ၊ စွန့်စားသူများ ၊ ၀ရမ်းပြေးများ အစရှိသဖြင့် လူပေါင်းစုံလင်လှသည်။ အကျဉ်းချုပ်ရမည်ဆိုလျှင် ထိုမြို့မှာ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်မရှိသည့် ပရမ်းပတာဖြစ်နေသောမြို့တစ်မြို့ဖြစ်သည်။

မြို့အတွင်း၌ စည်းမျဉ်းစည်းကမ်းများမရှိဘဲ အင်အားချိန်ခွင်မှာလည်း အဆက်မပြတ်ပြောင်းလဲနေသည်။ ဤနေရာတွင် လက်သီးပြင်းသောလူ၏ စကားက အမှန်ဖြစ်သည်။

ရွှမ်ယီတို့အဖွဲ့ရောက်လာချိန်၌ ကောင်းကင်ကြီးမှာ အမှောင်ဖုံးနေပြီဖြစ်၏။

လူအများစု၏ အာရုံစိုက်ခြင်းမခံရစေရန် ကြက်သွေးမီးတောက်စာကလေးက ကုယီယီ၏ မျက်ခုံးနှစ်ခုကြားသို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။

မြို့အတွင်းသို့၀င်လာသည်နှင့် ပတ်၀န်းကျင်ရှိ လူများစွာတို့၏ စည်းမရှိသော အကြည့်များဖြင့်ကြည့်ခြင်းကိုခံလိုက်ရသည်။

ကုယီယီနှင့် အခြားလူများ အနည်းငယ်ရင်ထိတ်သွားခဲ့ကြသော်လည်း ရွှမ်ယီကမူ ထိုလူများအား ဖုတ်လေသည့်ငပိ ရှိသည်ဟုပင်မထင်ချေ။

ဤအရာမှာ အကြွင်းမဲ့ခွန်အားဖြစ်၏။

ခွန်အားနည်းပါးသူများအဖို့ နေရာတကာတွင် အန္တရာယ်များပြည့်နှက်နေသော်လည်း ခွန်အားကောင်းသူများအတွက်မူ နေရာတိုင်းက အိမ်နောက်ဖေး ပန်းခြံကဲ့သို့ဖြစ်၏။

တည်းခိုခန်းတစ်ခု ရှာခဲ့လိုက်ပြီးနောက် ရွှမ်ယီက ပရမ်းပတာမြို့တစ်လျှောက် တစ်ယောက်တည်းထွက်လာခဲ့လိုက်သည်။

သူ မြို့ထဲသို့ရောက်သည်နှင့် ပရမ်းပတာမြို့၌ လေလံပွဲကျင်းပနေကြောင်း လူအချို့၏စကားများမှတဆင့် ကြားသိခဲ့ရသည်။

ဘာမှလုပ်စရာမရှိသည့်အတွက် ရွှမ်ယီက သွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။ ‌ကောင်းတာလေးတစ်ခုခုရှိလျှင်လည်း ကောင်းမွန်သည့်အရာဖြစ်သည်။

ကုယီယီနှင့် အခြားလူများအတွင်မူ စိတ်ပူခြင်းအလျင်းမရှိချေ။

ကြက်သွေးမီးတောက်စာကလေးအား ဘေးဖယ်ထားလျှင်ပင် သူမထံ၌ သူ၏ စိတ်ဝိညာဉ်အမှတ်အသားရှိနေသည်။ အန္တရာယ်တစ်ခုခုကြုံတွေ့လျှင် ရွှမ်ယီက ချက်ချင်းသိရှိနိုင်မည်ဖြစ်သည်။

လေလံပွဲက မြို့အလယ်တွင်တည်ရှိနေပြီး ရွှမ်ယီရောက်လာချိန်၌ စနှင့်နေပြီဖြစ်သည်။

ပရမ်းပတာမြို့၌ လေလံပွဲကျင်းပနိုင်သည်ဆိုကတည်းက ထိုလေလံအိမ်မှာ မရိုးရှင်းချေ။ ၎င်း၏ နောက်တွင် စိတ်ဝိညာဉ်‌ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇) ထိပ်ဆုံးကျင့်ကြံသူတစ်ဦးရှိနေသည်။ ၎င်းသည် ပရမ်းပတာမြို့အတွင်း၌ ထိပ်တန်းစွမ်းအားရှိသည်ဟု ယူဆ၍ရသည်။

All Chapters