← Chapters

လခြမ်းမြို့ မဟာပြိုင်ပွဲ

Vol. 2 Ch. 21

လခြမ်းမြို့ မဟာပြိုင်ပွဲ

Vol. 2 Ch. 21

“ ဘာ… အခြေတည်ဝိညာဉ်အဆင့်…? “

“ ရှူး…”

ကုထျန်းချန် လေးအေးများ ရှုသွင်းမိလိုက်သည်။

ကုမိသားစုမှ ကျန်အကြီးအကဲများအားလုံး ထိုနည်းတူစွာ အံ့အားသင့်သွားကြသည်။

အခြေဝိညာဉ်အဆင့်…!

ထိုနေရာတွင်ရှိနေသော လူများ၏ ထက်၀က်ကျော်မှာ အခြေတည်ဝိညာဉ်အဆင့်အား အပြင်တွင် ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ဖူးခြင်းမရှိချေ။

အခြေတည်ဝိညာဉ်အဆင့်ဆိုသည်မှာ ကျန်းနန်စီရင်စုတွင် အထွတ်အထိပ်တည်ရှိမှုတစ်ခုဖြစ်ပြီး ဂိုဏ်းတစ်ဂိုဏ်းအား တည်ထောင်နိုင်သည့်အဆင့်မျိုးဖြစ်သည်။

ခြောက်သွေ့သစ်သားဂိတ် မည်မျှပင်သန်မာသည်ဟုဆိုစေကာမူ ၎င်းတို့ထံတွင် အခြေတည်ဝိညာဉ်အဆင့်တစ်ဦးသာရှိ၏။

ရွှမ်ယီက နက်နဲဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးဖြစ်ကြောင်းသိလိုက်ရလျှင် သူတို့အနေဖြင့် တတ်နိုင်သမျှ အမြင့်ဆုံးခန့်မှန်းခဲ့ကြသည်။ သို့တိုင်အောင် သူတို့ ရွှမ်ယီအား လျှော့တွက်မိခဲ့သေးကြောင်း နားလည်သွားကြသည်။

အခြေတည်ဝိညာဉ်အဆင့်ဆိုသည်မှာ ကောင်းကင်လေ နိုင်ငံတစ်ခုလုံးတွင်ပင် အမြင့်ဆုံးသောတည်ရှိမှုမျိုးဖြစ်၏။

……………………….

အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။

လခြမ်းမြို့ မဟာပြိုင်ပွဲမှာလည်း တစ်စထက်တစ်စ ပို၍ နီးကပ်လာချေပြီ။

လခြမ်းမြို့အတွင်းမူ အရာအားလုံး ငြိမ်သက်နေဆဲပင်။

၀မ်မိသားစုမှ ၀မ်ဖေးမြို့သို့ပြန်မရောက်သေးသောကြောင့် ကုယီယီက နက်နဲဓားဂိုဏ်း၀င်ဖြစ်သွားကြောင်း ၊ အကြီးအကဲတစ်ဦးမှ တပည့်အဖြစ်လက်ခံလိုက်ကြောင်း မသိရှိကြသေးပေ။

ယနေ့ ရွှမ်ယီ၏ ခြံ၀င်းထဲတွင်

“ ဆရာ.. ကျွန်မ အဆင့်တက်သွားပြီ…”

ကုယီယီ၏ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်၏။

သူမသည် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၄)တွင် အချိန်ကြာမြင့်စွာရှိနေခဲ့သည်။

သူမက ရွှမ်ယီအား မော့ကြည့်လိုက်လျှင် ရွှမ်ယီ၏ မျက်နှာ၌ ၀မ်းသာအားရအမူအရာအား မတွေ့ရကြောင်း သတိပြုမိလိုက်၏။

ကုယီယီ၏ နှလုံးသားမှာ ဖြည်းညှင်းစွာတုန်ခါသွားပြီး

“ ဆရာ.. ကျွန်မ.. ကျွန်မ ဆရာ့ကို စိတ်ပျက်စေမိပြီလား…? “

လွန်ခဲ့သော ရက်များတွင် ရွှမ်ယီက သူမအဆင့်တက်လာစေရန် များစွာကြိုးစားအားထုတ်ခဲ့ရသည်။ သို့သော် သူမက အဆင့်သေးတစ်ဆင့်သာ ‌ချိုးဖျက်နိုင်ခဲ့၏။

ထိုအရာက ကုယီယီအား ရွှမ်ယီနှင့် မျက်နှာချင်းဆိုင်ရန် ရှက်ရွံ့သွားစေခဲ့သည်။

“ မဟုတ်ဘူး..! အဲ့တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…? လွန်ခဲ့တဲ့ရက်တွေက မင်းရဲ့ ကျင့်ကြံမှုက သိပ်ပြီးမတိုးတက်ခဲ့ပေမယ့် ကျန်တဲ့နယ်ပယ်တွေမှာ ငါမှန်းထားတာထက် အများကြီးတိုးတက်ခဲ့တယ်….”

ဤစကားများမှာ ကုယီယီအား နှစ်သိမ့်ပေးနေခြင်းမဟုတ်ချေ။

လွန်ခဲ့တဲ့ရက်များတွင် ကုယီယီ၏ ကျင့်ကြံမှုက အနည်းငယ်သာတိုးလာသော်လည်း သူမ၏ ခွန်အားကမူ အဆများစွာတိုးလာခဲ့သည်။

မူလက ကုယီယီ၏ တိုက်ခိုက်နိုင်စွမ်းမှာ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်၌သာရှိသေး၏။

သို့သော် ယခုတွင်မူ သူမက ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)နှင့် ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၁)ကို တိုက်ခိုက်နိုင်သည်အထိ တိုးတက်လာခဲ့သည်။

“ သွားကြစို့… မကြာခင် လခြမ်းမြို့ မဟာပြိုင်ပွဲစတော့မယ်…”

ယခု လခြမ်းမြို့မဟာပြိုင်ပွဲစတင်မည့်နေ့ဖြစ်ကြောင်း မကြာသေးခင်က ဒုတိကအကြီးအကဲမှ ရွှမ်ယီအား လာရောက်ပြောကြားခဲ့သည်။

လခြမ်းမြို့မဟာပြိုင်ပွဲမှာ ခမ်းနားသောပွဲတစ်ခုဖြစ်ပြီး တစ်နှစ်တွင်တစ်ကြိမ်သာကျင်းပ၏။

လခြမ်းမြို့ပြိုင်ပွဲဟုဆိုသော်လည်း အမှန်တွင် မိသားစုးကြီးသုံးခုမှ လူငယ်မျိုးဆက်များ၏ ပြိုင်ပွဲသာဖြစ်လေသည်။

ယခင်နှစ်များက ကုလန်၏ မြင့်တက်လာမှုနှင့်အတူ ကုမိသားစုက နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့သည်။

ရွှမ်ယီနှင့် ကုယီယီတို့ရောက်ရှိလာချိန်တွင် လခြမ်းမြို့အလည်ရှိ သိုင်းပြိုင်ကွင်းတွင် လူများပြည့်နှက်နေပြီဖြစ်သည်။

အတိတ်တွင် ပြိုင်ပွဲမှာ နာမည်ကြီးသော်လည်း ဤမျှ လူမစည်ခဲ့ချေ။

ယခုနှစ် ဤမျှလူအာရုံစိုက်ခြင်းခံရသည့် အကြောင်းအရင်းမှာ ထင်ရှားပေသည်။

အဘယ်ကြောင့်ဆိုသော် ဒွန်လီက ခြောက်သွေ့သစ်သားဂိတ်မှ တပည့်ဖြစ်သွားသောသတင်းက မြို့အတွင်းပျံ့နှံ့နေသောကြောင့်ဖြစ်၏။

ရောက်လာသူအများစုက ဤပြိုင်ပွဲ၏ ပြိုင်ဆိုင်မှုနှင့် ရလဒ်ကိုစိတ်၀င်စားခြင်းမဟုတ်ပေ။ ပြိုင်ပွဲပြီးလျှင် ဖြစ်လာမည့် နောက်ဆက်တွဲကိစ္စများကို စိတ်၀င်စားသောကြောင့် ရောက်လာကြခြင်းဖြစ်၏။

ယနေ့ပြိုင်ပွဲပြီးလျှင် လခြမ်းမြို့ မိသားစုကြီးသုံးခုတွင် နှစ်ခုသာ ကျန်ခဲ့ရန် ဖြစ်နိုင်ချေများသည်။

“ အိမ်း… အစက ထိပ်ဆုံးကိုတဖြည်းဖြည်းမြင့်တက်နေတဲ့ ကုမိသားစုက ဒီနေ့ပြီးရင် ဆက်ပြီးတော့ မရှိနိုင်လောက်တော့ဘူး….”

ပြိုင်ပွဲကွင်းအတွင်းသို့ မိသားစုသုံးခုမှ လူတိုင်း ရောက်လာကြချေပြီ။

‌စင်မြင့်၏ ပတ်ပတ်လည်တွင်ရှိသော လူများ၏ အကြည့်များက ဒွန်မိသားစုဆီသို့သာစုပြုံရောက်ရှိနေ၏။ အတိအကျပြောရမည်ဆိုလျှင် ဒွန်မိသားစုခေါင်းဆောင်ဘေးရှိ အနက်၀တ်အကြီးအကဲအား ကြည့်နေကြခြင်းဖြစ်သည်။

ထိုအဘိုးကြီးမှာ ဒွန်လီ၏ ဆရာဖြစ်ပြီး စိတ်ဝိညာဉ်စုစည်းခြင်းအဆင့်(၈) ခြောက်သွေ့သစ်သားဂိတ်မှ အကြီးအကဲလည်းဖြစ်၏။

ထိုအဆင့်ကျင့်ကြံသူမှာ လခြမ်းမြို့တစ်ခုလုံးတွင် အဆင့်အမြင့်ဆုံးလူဖြစ်ပြီး သူတို့၏ တစ်ဘ၀လုံးမြင်ဖူးသမျှတွင် အသန်မာဆုံးကျင့်ကြံသူလည်းဖြစ်သည်။

လခြမ်းမြို့ရှိ အစွမ်းထက်ဆုံးလူဖြစ်သည့် ၀မ်မိသားစု ခေါင်းဆောင်သည်ပင် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၆) အစောပိုင်းတွင်သာရှိသေး၏။

“ အဲ့တာ ဒွန်လီရဲ့ဆရာလား…? “

၀မ်မိသားစုခေါင်းဆောင်အား အနက်၀တ်အဘိုးကြီးအားကြည့်ပြီး ရေရွတ်လိုက်သည်။

အနက်၀တ်အဘိုးကြီးက မျက်လုံးမှိတ်ထားပြီး သူ၏ အရှိန်အဝါများကို အတမင်ထုတ်လွှတ်မထားသော်လည်း ထိုသူထံမှ ဖိအားများကို ၀မ်မိသားစုခေါင်းဆောင် ခံစားမိနေသည်။

စိတ်ဝိညာဉ် ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၆) နှင့် (၈) ကြားတွင် အဆင့်နှစ်ဆင့်သာ ကွာခြားဟန်ရသော်လည်း အစစ်အမှန်စွမ်းအားကွာခြားမှုကမူ အလွန်ကြီးမား၏။

အနက်၀တ်အဘိုးကြီး၏ ရှေ့တွင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၆)က ဘာမှမဟုတ်ချေ။

စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်၏ နောက်ပိုင်းသို့ရောက်လာလေ ကွာခြားချက်ပို၍ ကြီးမားလေဖြစ်သည်။

လခြမ်းမြို့ မဟာပြိုင်ပွဲ၏ စည်းမျဉ်းမှာ အလွန်ရိုးရှင်းသည်။

မိသားစု သုံးခုမှ တစ်ဖက်လျှင် (၅)ယောက် စေလွှတ်ပြီး စင်မြင့်ထက်၌ နောက်ဆုံးကျန်ရှိသူက အနိုင်ရမည်ဖြစ်သည်။

။

ယခင်နှစ်ပြိုင်ပွဲတွင် ကုလန်က ၀မ်ဖေး ၊ ဒွန်လီနှင့် အခြားသူများအားလုံးကို ရှုံးနိမ့်စေပြီး လခြမ်းမြို့ရှိ နံပါတ်(၁) ပါရမီရင်ဘွဲ့ကို နှစ်နှစ်ဆက်တိုက် အပိုင်သိမ်းထားခဲ့သည်။

“ ဒီနှစ်ပြိုင်ပွဲက ပုံမှန်နှစ်တွေထက်ပိုပြီးစိတ်၀င်စားဖို့ကောင်းတယ်…. ဒွန်လီက ခြောက်သွေ့သစ်သားဂိတ်ကို၀င်သွားပြီ… ကုလန်က သူ့ကိုအနိုင်တိုက်ပြီး သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်မလားဆိုတာ ပြောဖို့ခက်တယ်….”

“ ဟမ့်… လက်ရှိကုလန်အကြောင်းပြောရင် အောင်မြင်မှု မှတ်တမ်း နှစ်ခု သုံးခုလောက်က အဓိပ္ပါယ်မဲ့နေပြီ… ဒီနေ့ ကုလန်နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ကုမိသားစုရဲ့ပျက်စီးမှုကတော့ ရှောင်လွှဲလို့မရလောက်ဘူး…..”

“ အိုး… ဒွန်လီစင်ပေါ်ရောက်သွားပြီ…”

အားလုံး အချင်းချင်းတီးတိုးပြောနေကြစဉ် တစ်စုံတစ်ယောက်၏ အော်သံက သူတို့အား လှုပ်နှိုးသွားခဲ့သည်။

အားလုံးလှမ်းကြည့်လိုက်စဉ်တွင် စင်မြင့်ပေါ်သို့ ခုန်တက်သွားသည့် ဒွန်လီအား တွေ့လိုက်ရသည်။

ဒွန်မိသားစုမှ လူငယ်ခေါင်းဆောင်ဖြစ်သည့် ဒွန်လီက စင်မြင့်ပေါ်တွင် တစ်ယောက်တည်းမတ်တပ်ရပ်နေခဲ့သည်။

“ လာကြစမ်း... မင်းတို့အားလုံးကို ငါတစ်ယောက်တည်းနဲ့ ရိုက်ချပစ်မယ်…”

အုန်း…!

ဒွန်လီ၏ စကားများက ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး မိုးခြိမ်းသံအလားပျံ့နှံ့သွားခဲ့သည်။

အရူးကောင်..!

ဒါက ယဉ်ယဉ်လေးနဲ့ရူးနေတာပဲ…!

လူတစ်ယောက်က အားလုံးကိုယှဉ်တိုက်ချင်နေတယ်…!

ထိုကဲ့သို့ သတ္တိမျိုး ဒွန်လီတစ်ယောက် ဘယ်နေရာက ရလာခဲ့သနည်း…?

ယခင်နှစ်က တိုက်ပွဲ၌ သူသည် ကုလန်ထံတွင် သုံးကွက်ပင်မခံနိုင်ခဲ့ကြောင်း လူတိုင်းသိထားကြသည်။

တွက်ကြည့်လျှင် အခုမှ တစ်နှစ်သာရှိသေး၏။ သူက စင်ပေါ်တက်ပြီး ကုလန်အပါအ၀င်လူတိုင်းအား တိုက်ခိုက်ရန် မောက်မာစွာစိန်ခေါ်နေချေပြီ။

ထိုအချိန်တွင် ၀မ်မိသားစုနှင့် ကုမိသားစုမှ လူငယ်လေးများ လှုပ်လှုပ်ရှားရှား ဖြစ်နေကြချေပြီ။ ၎င်းတို့အားလုံး လူငယ်လေးများဖြစ်ပြီး သွေးဆူလွယ်သောအရွယ်ဖြစ်ကာ ထိုကဲ့သို့မောက်မာမှုမျိုးအား အဘယ်မှာလျှင် သည်းခံနိုင်လိမ့်မည်နည်း…!

ချက်ချင်းပင် ၀မ်မိသားစုမှ တစ်ယောက် ခုန်ထွက်သွား၏။

“ အဲ့တာ ၀မ်ယန်ပဲ…! “

၀မ်ယန်ဆိုသည်မှာ ၀မ်မိသာစုမှ ၀မ်ဖေးပြီးလျှင် ဒုတိယအားအကောင်းဆုံး ပါရမီရှင်တစ်ဦးဖြစ်သည်။ နက်နဲဓားဂိုဏ်းမှာ ၀မ်ဖေးပြန်ရောက်မလာသေးသောကြောင့် သဘာ၀ကျစွာပင် သူက ၀မ်မိသားစုမျိုးဆက်သစ်များတွင် နံပါတ်(၁)ဖြစ်နေခဲ့သည်။

ထို့အပြင် လွန်ခဲ့သောတစ်နှစ်ခွဲလောက်က ၀မ်ယန် နှင့် ဒွန်လီတိုက်ခိုက်ခဲ့ပြီး သရေကျခဲ့ကြသည်။

“ ဒွန်လီ.. မင်းက တော်တော်မာနကြီးတာပဲကွ..! အဲ့ဒီ မာနာနဲ့တန်အောင် စွမ်းမစွမ်း ငါကြည့်မယ်….”

၀မ်ယန်က ပြောပြီးသည်နှင့် မြေပြင်အား ခြေထောက်နှင့် ဆောင့်ကန်ကာ ဓားဦးချွန်အလား ဒွန်လီရှိရာ ပြေး၀င်သွားခဲ့သည်။

“ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ…”

ပြေး၀င်လာသည် ၀မ်ယန်အားကြည့်ပြီး အထင်သေးစွာ စကားဆိုလိုက်၏။ ဒွန်လီက အေးစက်စက်တစ်ချက် ဟိန်းဟောက်လိုက်ပြီး ၀မ်းယန်ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

“ ဘန်း…! “

လက်သီးများ တစ်ခုနှင့်တစ်ခု ဆုံသွားပြီး ပေါက်ကွဲသံထွက်ပေါ်လာသည်။

“ အား….! “

အလွန်သနားစရာကောင်းသည့် အော်သံတစ်ခုထွက်ပေါ်လာပြီး နေရာအနှံ့သွေးများစီးဆင်းသွားသည်ကိုတွေ့ လိုက်ရ၏။ ၀မ်ယန်၏ ခန္ဓာကိုယ်မှာ လွင့်ပျံထွက်သွားပြီး သွေးစီးကြောင်းတစ်ခု ချန်ထားရစ်ခဲ့သည်။

နာကျင်စွာအော်ဟစ်လိုက်ပြီး စင်မြင့်ထက်မှ လွင့်ပျံလာသည် ၀မ်ယန်တစ်ယောက် မေ့‌မြောသွားတော့သည်။

ချက်ချင်းရှုံးသွားတာလား…!

ထိုမြင်ကွင်းအား မြင်လိုက်သူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင်ဖြစ်သွားခဲ့ရသည်။

“ သန်မာလွန်းတယ်…! “

“ ဒါက ဘယ်လို ခွန်းအားမျိုးလဲ…? “

ထိုမြင်ကွင်းက ပြိုင်ပွဲကွင်းပြင် ပတ်လည်မှ လူတိုင်းအား မှင်သက်သွားစေခဲ့သည်။

လွန်ခဲ့သော တစ်နှစ်ကျော်ကမှ ထိုနှစ်ယောက်မှာ ခွန်အားအတူတူသာရှိ၏။

သို့သော် ယခုတွင်မူ တစ်နှစ်ကျော်ကြာပြီးနောက် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)၌ ရှိနေသော ၀မ်ယန်က ဒွန်လီထံမှ တစ်ချက်ပင် မခံနိုင်တော့ပေ။

၀မ်ယန်က အလွန်အားနည်းနေသောကြောင့်မဟုတ်ပေ။ သူက ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)တွင်ရှိနေပြီး ကုလန်လျှင်ပင် သူ့အား ဤမျှ အလွယ်တကူ အနိုင်မရနိုင်ချေ။

သို့သော် ဒွန်လီက လုပ်ပြခဲ့သည်။

ဒါ ဘယ်လိုခွန်အားမျိုးလဲ…?

သူက ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၆)ကို ရောက်နေပြီလား..? ဟုတ်တယ်.. ဖြစ်နိုင်တယ်…!

တနှစ်ကျော်အတွင်း ဒွန်လီက ထိုအဆင့်သို့ရောက်သွားခဲ့သည်။

“ ခြောက်သွေ့သစ်သားဂိတ်က တော်တော်ကြောက်ဖို့ကောင်တာပဲ….”

ဒွန်လီ၏ ခွန်အားက ကြောက်ဖို့ကောင်းသည်မှန်သော်လည်း ၎င်း၏အနောက်ရှိ ခြောက်သွေ့သစ်သားဂိတ်ကမူ ပို၍ ကြောက်စရာကောင်းပေသည်။

ဒွန်လီ၏ ခွန်အား တစ်နှစ်ကျော်အတွင်း ဤမျှတိုးတက်လာရခြင်းမှာ ခြောက်သွေ့သစ်သားဂိတ်နှင့် သူ့ဆရာကြောင့်ဖြစ်၏။

ထိုအခိုက်အခန့်တွင် လူတိုင်း၏ အကြည့်များက ကုမိသားစုရှိရာနေရာသို့ရောက်သွားခဲ့သည်။

အချို့သောအကြည့်များတွင် သနားနေဟန်များအထင်းသားပါ၀င်နေပြီး ၊ အား‌ရနေဟန်‌ရသော အကြည့်များလည်းရှိနေပေသည်။

သူတို့က ကုလန်၏ ကံမကောင်းမှုအပေါ် စာနာသနားနေကြသည်။

ခြောက်‌သွေ့သစ်သားဂိတ်မှ ဒွန်လီအားတပည့်အဖြစ်လက်မခံခဲ့လျှင် ဒွန်လီအနေဖြင့် ကုလန်အား ဘယ်တော့မှ ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။

သို့သော် ကောင်းကင်ဘုံက သူ့အားလှည့်စားသွားခဲ့သည်။

လူများ၏ ကံကြမ္မာနှင့် ကစားရခြင်းအား နှစ်သက်ပုံရလေသည်။

All Chapters