← Chapters

ငါ့တပည့်ကို သင်ခန်းစာပေးချင်တာလား…? မင်းက ထိုက်တန်လို့လား…?

Vol. 2 Ch. 22

ငါ့တပည့်ကို သင်ခန်းစာပေးချင်တာလား…? မင်းက ထိုက်တန်လို့လား…?

Vol. 2 Ch. 22

စင်မြင့်ပေါ်မှ ဒွန်လီ၏ အကြည့်များက ကုမိသားစုနေရာရှိ ကုလန်အပေါ်သို့ကျရောက်သွားခဲ့သည်။

“ ဘာလဲ..? မင်းတက်လာဖို့အတွက် ငါက ဖိတ်ခေါ်ပေးရဦးမှာလား…? “

ထိုအသံထွက်ပေါ်လာသည်နှင့် ကုန်လန်မျက်နှာပျက်သွား၏။

လွန်ခဲ့သောတစ်နှစ်ကဆိုပါက သူ့အနေဖြင့် ဒွန်လီအား ဆုံးမရန် စင်ပေါ်သို့ နှောင့်နှေးခြင်းမရှိ တက်သွားပေလိမ့်မည်။

ဒါပေမယ့် ယခုတွင်မူ ချီတုံချတုံဖြစ်နေခဲ့သည်။

သူ၀န်မခံချင်သော်လည်း ၀မ်ယန်အား တစ်ချက်တည်းနှင့် လွင့်သွားစေနိုင်စွမ်းရှိသည့် ဒွန်လီအား သူမယှဉ်နိုင်ကြောင်း ၀န်ခံရပေလိမ့်မည်။

“ နင့်ကို အနိုင်ယူဖို့အတွက် ငါ့ရဲ့၀မ်းကွဲအစ်ကို ကိုယ်တိုင်လာစရာမလိုပါဘူး…”

စင်မြင့်ထက်သို့ လှပသောပုံရိပ်လေးတစ်ခုရောက်ရှိလာခဲ့သည်။

သူမက ကုယီယီဖြစ်၏။

“ နင့်ကို အနိုင်ယူဖို့အတွက် တစ်ချက်ပဲလိုတယ်…”

ဝိုး……

လူတိုင်း ဆူညံပွတ်လောရိုက်သွားခဲ့သည်။

ကုယီယီ စင်မြင့်ထက်သို့တက်သွားခြင်းကပင် လူတိုင်း၏ ခန့်မှန်းချက်ကိုကျော်လွန်နေပြီဖြစ်၏။

သို့သော် သူမက စင်မြင့်ထက်သို့တက်သွားရုံမျှမက ' နင့်ကို အနိုင်ယူဖို့ တစ်ချက်ပဲလိုတယ် ' ဟုပင်ပြောခဲ့သေးသည်။

ဘယ်လိုတောင်အဓိပ္ပါယ်မရှိတဲ့အခြေအ‌နေလဲ…?

သူမ ရူးသွပ်သွားပြီလော…?

၀မ်မိသားစုမှ ၀မ်ယန်၏ ရှုံးနိမ့်မှုကို သူမ မမြင်လိုက်ခြင်းပေလား…?

လခြမ်းမြို့၏ နံပါတ်(၁)ပါရမီရှင်ဟု တင်စားရသည့် ကုလန်ပင် စင်မြင့်ထက်သို့ တက်ရန် ကြောက်လန့်နေသည် သူမ မမြင်‌ပေလော…?

သူမရဲ့ ခွန်အားက ကုလန်ထက် သာလွန်တယ်လို့ တကယ်ပဲတွေးနေတာလား…?

ကုမိသားစုမှ သခင်မလေးဖြစ်သော ကုယီယီသည် လခြမ်းမြို့မှ လူတိုင်းနှင့် မစိမ်းသက်ပေ။

လခြမ်းမြို့၏ နံပါတ်(၁) အလှလေးဟူသည့်ဘွဲ့က လခြမ်းမြို့၌ ကုလန်ထက်ပင်ကျော်ကြား၏။

သို့သော် သူမ၏ ကျော်ကြေားမှုမှာ ခွန်အားကြောင့်မဟုတ်ဘဲ အလှတရားကြောင့်သာဖြစ်၏။

ခွန်အားအရဆိုလျှင် လခြမ်းမြို့အတွင်း၌ ထိပ်ဆုံး (၁၀)ယောက်သို့ပင်မရောက်ချေ။

‘ မင်းကို အနိုင်ယူဖို့ တစ်ချက်ပဲလိုတယ် တဲ့လား…'

သူမက ဘယ်လိုသတ္တိမျိုးနှင့် ထိုကဲ့သို့စကားမျိုးပြောခဲ့သနည်း…!

“ တစ်ချက်တည်းနဲ့ ငါ့ကိုအနိုင်ယူမှာလား…? “

ဒွန်လီက သူဘ၀တွင်ကြားဖူးသမျှထဲ အရီရဆုံးဟာသအလား ရယ်မောလိုက်သည်။

သို့သော် သူ့စကားမဆုံးမီမှာပဲ စင်မြင့်၏ တစ်ဖက်ခြမ်းရှိ ကုယီယီက လှုပ်ရှားလိုက်သည်။

“ ရွှစ်..”

သူမလက်တွင်း၌ ငွေရောင်ဓားတစ်ချောင်းပေါ်လာပြီး ခုတ်ချလိုက်သည်။

ထိုငွေဓား၏ အလျင်မှာ အရမ်းမမြန်ပေ။ သို့သော် ဒွန်လီ၏ မျက်နှာအထက်မှာ အပြုံးမှာ တဖြည်းဖြည်းပျောက်ကွယ်လာ၏။

အစတွင် ဒွန်လီက ထိုဓားအား စိတ်ထဲမထားပေမယ့် ခုတ်လိုက်သည်နှင့် သူ‌ရပ်နေရာနေရာမှ ရွေ့လျား၍ မရတော့ကြောင်းတွေ့ရှိသွားသည်။

“ ရှောင်..! အမြန်..! “

ဒွန်လီက သူ၏ နှစ်လုံးသားအတွင်းမှ ဟစ်ကြွေးလိုက်သည်။ သို့သော် ဘယ်လိုပင်ကြိုးစားပေစေ ထိုဓားချက်အား ရှောင်နိုင်စွမ်းမရှိပေ။

ထိုအခိုက်တန့်တွင်.. နောက်ဆုံး၌ ဒွန်လီနားလည်သွားခဲ့၏။

စောနက ကုယီယီပြောခဲ့သော စကားများမှာ အရူးလိုလျှောက်ပြောနေခြင်းမဟုတ်ပေ။

သူမ၏ ခွန်အားက သူ့ကို ဓားတစ်ချက်ထဲနှင့် အနိုင်ယူနိုင်စွမ်းရှိသည်။

ဒါက ဘယ်လို ခွန်အားမျိုးလဲ…?

ဒွန်လီသည် ယခင်က သူ့ထက်အဆင့်မြင့်သူများနှင့် မတိုက်ဖူးပေမယ့် ချီငွေ့ရည်ဖွဲ့ခြင်း အဆင့်(၆) အဆင့်(၇)များပင် သူ့အား တစ်ချက်တည်းနှင့် သတ်နိုင်စွမ်းမရှိသည်ကို နားလည်ထားသည်။

ဒွန်လီ၏ ခေါင်းထဲ၌ ကုယီယီ အဘယ်ကြောင့် ဤမျှအစွမ်းထက်လာကြောင်း တွေးကြည့်၍ပင်မရတော့ချေ။

ယခုအချိန်တွင် သူအလုပ်ချင်ဆုံးအရာမှာ သူ့ထံသို့ရောက်လာနေသည့် ထိုဓားချက်အား ရှောင်တိမ်းလိုခြင်းသာဖြစ်၏။

ထိုဓားချက်က အသေသတ်တိုက်ခိုက်မှုတစ်ခုပဲ…!

ထိုတိုက်ခိုက်မှုက သူ့အားအနိုင်ယူရုံတင်မဟုတ်ဘဲ အသေသတ်ပစ်လိမ့်မည်ဖြစ်သည်…!

“ ဒါ ကနဦးဓားရည်ရွယ်ချက်ပဲ…! “

ခြောက်သွေ့သစ်သားဂိတ်မှ အကြီးအကဲတစ်ဦးဖြစ်သည့် အားလျော်စွာ ဤမြို့ငယ်လေးမှလူများထက် ပို၍ ‌ဗဟုသုတ ကြွယ်၀သည်။

အကြည့်တစ်ချက်နှင့်ပင် ကုယီယီ၏ ဓားချက်အတွင်း၌ ကနဦးဓားရည်ရွယ်ချက်စွမ်းအား ပါ၀င်နေကြောင်းသိရှိလိုက်၏။

ထိုဓားချက်၏ စွမ်းအားက ဒွန်လီမဆိုထားနှင့် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၉) ကျင့်ကြံသူအား သတ်ဖြတ်ရန်ပင်လုံလောက်သည်။

“ ရိုင်းလိုက်တာ…! “

လူတိုင်းက ဒွန်လီ အသတ်ခံရတော့မည်ဟု တွေးနေစဉ်တွင် ဒွန်မိသားစုရှိနေသည့်ဘက်မှ ကြောက်မက်ဖွယ်အသံလှိုင်းတစ်ခု လွင့်ပျံလာသည်။

မူလက အလွန်အစွမ်းထက်သော ဓားချက်မှာလည်း ထိုစွမ်းအား၏ အောက်တွင် ချက်ချင်းကွယ်ပျောက်သွားခဲ့သည်။

ကနဦးဓားရည်ရွယ်ချက်က မည်မျှပင်စွမ်းအားကောင်းသည်ဖြစ်စေ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈)နှင့် ယှဉ်နိုင်စွမ်းမရှိပေ။

ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅) နှင့် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ကြားမှ ကွာဟချက်မှာ ကနဦးဓားရည်ရွယ်ချက်တစ်ခုတည်းနှင့် ဖာထေးနိုင်သည့် အရာမဟုတ်ပေ။

“ ဒီအသက်အရွယ်လေးမှာတောင် ဒီလောက်ရက်စက်နေရင် အနာဂါတ်ကျရင် ဘယ်လောက်တောင် ရက်စက်လိမ့်မလဲ… ဒီနေ့ ဟောဒီ အဘိုးကြီးက မင်းကို မင်းဆရာအစား သင်္ခန်းစာပေးမှရမယ်….”

အနက်၀တ်အဘိုးကြီး ချက်ချင်း ကုယီယီရှိရာဆီသို့ လေပေါ်မှခုန်ပြီးရောက်ရှိသွားသည်။

ထိုအဘိုးကြီး ရိုက်လိုက်သည့် လက်ဖဝါးတစ်ချက်တွင် ပါ၀င်သည့်စွမ်းအားများက ကုယီယီအား သင်္ခန်းစာ ပေးရုံမဟုတ်ဘဲ တချက်တည်းသတ်ပစ်လိမ့်မည်ဖြစ်ကြောင်း လူတိုင်းနားလည်လိုက်ကြသည်။

ရုတ်တရက်ဖြစ်ပျက်လာသည့် အပြောင်းအလဲများက လူတိုင်း လိုက်မမှီနိုင်အောင် ဖြစ်သွားရသည်။

ဖြစ်ပျက်နေသည့် ကိစ္စများအား အပြည့်အ၀နားမလည်ခင်မှာပဲ အနက်၀တ်အဘိုးကြီးက ကုယီယီအား လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်ကိုတွေ့လိုက်ရသည်။

“ ဝုန်း…! “

ကုယီယီ သေဆုံးတော့မည်ဟု လူတိုင်းထင်နေကြချိန်တွင် အလွန့်အလွန်ကြီးမားသည့် ဖိအားကြီးတစ်ခုက ချက်ချင်းထွက်ပေါ်လာခဲ့သည်။

အနက်၀တ်အဘိုးကြီး ရိုက်ထုတ်လိုက်၏ လက်ဝါးချက်မှာ ထိုဖိအားအောက်တွင် အစအနပင်မကျန်အောင် ပျောက်ကွယ်သွားလေသည်။

ကုယီယီ သက်ပြင်းတစ်ချက်ချလိုက်၏။

ဤသည်မှာ သူမ၏ ဆရာလှုပ်ရှားလိုက်ခြင်းဖြစ်ကြောင်း သူမ နားလည်သည်။

“ ငါ့တပည့်ကို မင်းက သင်္ခန်းစာပေးချင်တယ်ပေါ့… အဲ့လိုလုပ်ရအောင် မင်းက အဆင့်မှီလို့လား….? “

ရွှမ်ယီ၏ အသံက ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့သည်။

“ ဒီဖိအား… ဒါ ဘယ်လိုဖြစ်တာလည်း….? “

အားနည်းသူများမှာ မြေပြင်ထက်သို့ ဒူးထောက်ကျသွားခဲ့၏။

ဒါက ဘယ်လိုဖိအားမျိုးလဲ…?

ဖိအားအောက်တွင် လူတိုင်း အသက်ရှုရန်ပင် ခက်ခဲလာကြသည်။

ထိုဖိအားနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အနက်၀တ်အဘိုးကြီး ထုတ်လွှတ်လိုက်သည့် ဖိအားမှာ ရေကန်လေးကဲ့သို့ဖြစ်သွားပြီး ယခုထွက်ပေါ်လာသည့် ဖိအားမှာမူ မြစ်ကြီးတစ်စင်းအလားဖြစ်သည်။

ထိုနှစ်ခုက နီးပင်မနီးစပ်ချေ။

စင်မြင့်ထက်တွင် အနက်၀တ်အဘိုးကြီး၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ကုယီယီဘေးတွင်ပေါ်လာသည့် အဖြူ၀တ်လူငယ်လေးအား မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

ဒီဖိအား… ထိုကဲ့သို့ ဖိအားမျိုးကို ခြောက်သွေ့သစ်သားဂိတ်ခေါင်းဆောင်ထံ၌သာ သူခံစားဖူး၏။

ခြောက်သွေ့သစ်သားဂိတ်ခေါင်းဆောင်က ဘယ်လိုလူလဲ…?

ထိုသူမှာ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်၏။

ထို့ဖြူရောင်၀တ်ထားသည့် လူငယ်လေးက……

“ အခြေတည်ဝိညာဉ်အဆင့်…! “

အနက်၀တ်အဘိုးကြီးက ၎င်း၏ ခေါင်းတစ်ခုလုံး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူက အခြေတည်ဝိညာဉ်အဆင့်ဖြစ်တည်မှုအား ရန်စမိလိုက်ချေပြီ။

မဟုတ်ဘူး.. ရန်စတာ သူမဟုတ်ချေ.. အဓိကအရင်းအမြစ်မှာ ဒွန်လီဖြစ်၏။

အနက်၀တ်အဘိုးကြီးက ဒွန်လီအား ကြည့်လိုက်ပြီး တစ်ချက်တည်းရိုက်သတ်ချင်စိတ်များ ထွက်ပေါ်လာခဲ့သည်။

‘ ကုမိသားစုမှာ အခြေတည်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက် နောက်ခံရှိတာ ဘာလို့ငါ့ကို အစောကတည်းက မပြောခဲ့တာလဲ…'

အခြေတည်ဝိညာဉ်အဆင့်ကျွမ်းကျင်သူ တစ်ယောက်က ကုမိသားစုနောက်တွင် ရှိနေကြောင်း ကြိုသိလျှင် ယခုထက် အဆတစ်ရာ သတ္တိရှိနေလျှင်ပင် သူ့အနေဖြင့် ကုမိသာစုအား ရန်စမည်မဟုတ်ပေ။

“ စီနီယာ.. ဒါ .. ဒါက နားလည်မှုလွဲသွားတာပါ…”

ရွှမ်ယီက ခေါင်းယမ်းလိုက်ပြီး လက်သီး တစ်ချက်ထိုးသွင်းလိုက်၏။

ရွှမ်ယီက ကြင်နာတတ်သောသူတစ်ယောက်မဟုတ်ချေ။ အထူးသဖြင့် သူ၏ ရန်သူများအတွင်ဆိုလျှင် ပိုမှန်ပေသည်။

သူသာ ဒီနေ့မရှိလျှင် ကုမိသားစု ပျက်စီးသွားပေလိမ့်မည်။

“ မဟုတ်ဘူး.. စီနီယာ.. ခင်ဗျား ကျုပ်ကို သတ်လို့မရဘူး…! ကျုပ်က ခြောက်သွေ့သစ်သားဂိုဏ်းကပဲ.. ကျုပ်တို့ဂိုဏ်းချုပ်ကလည်း အခြေတည်ဝိညာဉ်အဆင့်…..…”

“ ဘန်း…! “

ထိုအဘိုးကြီး၏ စကားမဆုံးခင်မှာပဲ သွေးမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရွှမ်ယီ၏ လက်ရှိခွန်အားဖြင့် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၈) ကျင့်ကြံသူအား သတ်ဖြတ်ရန် ပုရွတ်ဆိတ်သတ်သလောက် လွယ်ကူလွန်းလှသည်။

“ မင်းကို သတ်လိုက်တာ နက်နဲခြင်းဓားဂိုဏ်းက ရွှမ်ယီပဲ… မကျေနပ်ဘူဆိုရင် မင်းတို့ ခြောက်သွေ့သစ်သားဂိတ်က ဂိုဏ်းချုပ်ကို ငါ့ဆီလွှတ်လိုက်…. “

ရွှမ်ယီ၏ စကားသံက လခြမ်းမြို့တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။

ယခုမှ လူအုပ်ကြီးက ရွှမ်ယီ မည်သူဖြစ်သည်ကို သိရှိသွားတော့သည်။

နက်နဲဓားဂိုဏ်း…!

ရောက်ရှိနေသူများအားလုံး နက်နဲဓားဂိုဏ်းဟူသော အမည်နှင့် စိမ်းသက်ခြင်းမရှိချေ။ ထိုဂိုဏ်းမှာ ခြောက်သွေ့သစ်သားဂိတ်ထက်ပင် ပို၍ အားကောင်းသည့်ဂိုဏ်းတစ်ခုဖြစ်၏။

Note : စိတ်ထဲမှ ပြောတဲ့စကားများကို ' ' ထဲတွင် ရေးပါမည်။

All Chapters