← Chapters

ဒီနေ့ပြီးရင် ဒွန်မိသားစုမရှိတော့ဘူး..!

Vol. 2 Ch. 23

ဒီနေ့ပြီးရင် ဒွန်မိသားစုမရှိတော့ဘူး..!

Vol. 2 Ch. 23

“ ဒီနေ့ပြီးရင် လခြမ်းမြို့မှာ ဒွန်မိသားစု ဆက်ရှိနေဖို့မလိုတော့ဘူး…! “

ရွှမ်ယီ၏ စကားများက ဒွန်မိသားစုအတွက် သေဒဏ်ဖြစ်လေသည်။

ပြိုင်ပွဲကွင်းပြင်ပတ်၀န်းကျင်မှ လူတိုင်းအတွက်မူ ယခုဖြစ်သွားသောကိစ္စများအား ဘယ်လိုမှ လိုက်မမီနိုင်တော့ပေ။ အိမ်မက်တစ်ခုကဲ့သို့ဖြစ်၏။

ကုယီယီ၏ ဓားတစ်ချက် ၊ အနက်ဝတ်အကြီးအကဲ ၊ ရွှမ်ယီ၏ ပြင်းထန်သောတိုက်ခိုက်မှု ထိုအရာအားလုံး တစ်ခဏအတွင်းဖြစ်ပျက်သွားခြင်းဖြစ်သည်။

သူတို့၏ အာရုံများအား ပြန်လည်စုသည်းနိုင်သွားသည့်အချိန်တွင် ယခင်က သူတို့အတွက် အလွန်စွမ်းအားကြီးသော ဖြစ်တည်မှုတစ်ခုဖြစ်သည့် အနက်၀တ်အကြီးအကဲက ‌သွေးမှုန်များအဖြစ်ပြောင်းလဲသွားပြီကို တွေ့လိုက်ရသည်။

လူအများစုက ၎င်းတို့၏ ဦးရေပြားများ ထုံကျဉ်သွားသကဲ့သို့ခံစားလိုက်ရသည်။

ယင်းမှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈) ထိပ်ဆုံးအဆင့်ကျင့်ကြံသူဖြစ်၏။

သူသေသွားခဲ့ပြီ….

လူတိုင်း ရွှမ်ယီအား အလွန်ကြည်ညိုလေးစားသည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

လူတိုင်း ထိုအချိန်တွင် ခြောက်သွေ့သစ်သားဂိတ်မှ အကြီးအကဲနှင့် ဒွန်လီအား တစ်ချက်တည်းနှင့် သတ်ပစ်လိုက်သူမှာ ကုယီယီ၏ ဆရာဖြစ်ကြောင်းသိသွားကြသည်။

ကုယီယီရဲ့ နောက်ခံက အခြေတည်ဝိညာဉ်အဆင့်ကျွမ်းကျင်သူ…..!

ကုမိသားစု မြင့်တက်လာတော့မည်…

လူတိုင်း ထိုကဲ့သို့တွေးမိလိုက်ကြသည်။

လခြမ်းမြို့အား ဖယ်ထားဦးတော့ အခြေတည်ဝိညာဉ်အဆင့်နောက်ခံအဖြစ်ရှိနေသော ကုမိသားစုအား ကျန်းနန်စီရင်စုတစ်ခုလုံးတွင်ပင် ပြသနာရှာရဲမည့်လူသိပ်မရှိချေ။

“ သွားကြစို့… ဒီနေရာမှာ ငါတို့ကိုမလိုတော့ဘူး…”

လျိုမိသားစုမှ သားအဖ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

ဤနေရာတွင် သူတို့အတွက် ဘာမှလုပ်စရာမရှိတော့ချေ။

လျိုထျန်းရှုံ နှင့် လျိုရှောင်ယွဲ့တို့ ပြိုင်ပွဲမစမီကပင် ထိုနေရာသို့ရောက်နေခဲ့ကြသည်။

ဒွန်လီ၏ ဆရာလှုပ်ရှားလိုက်ချိန်တွင် လျိုထျန်းရှုံက စကားပြောရန်မတ်တပ်ရပ်ခဲ့သေး၏။ သို့သော် ရွှမ်ယီက ခြေတစ်လှမ်းဦးသွားပြီး အနက်၀တ်အဘိုးကြီးအား တစ်ချက်တည်းနှင့် ဇာတ်သိမ်းပေးလိုက်လေသည်။

“ နက်နဲဓားဂိုဏ်း..! ရွှမ်ယီ…! “ လျိုရှောင်ယွဲ့၏ လှပသော မျက်၀န်းလေးများက ရွှမ်ယီအား သူမ မပြန်မှီ နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်သွားခဲ့သည်။

သူမသည် ထူးချွန်စီရင်စုတွင် မရေမတွက်နိုင်သည့် လူငယ်ပါရမီရှင်များအား တွေ့ခဲ့ဖူးသည်။ သို့သော် ထိုအထဲတွင် တစ်ယောက်မှ ရွှမ်ယီ၏ ခြေဖျားပင်မမှီချေ။

နောက်တစ်နေ့တွင်

လခြမ်းမြို့ရှိ ဒွန်မိသားစုက ကုမိသားစု၏ ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။

ယနေ့မှ စပြီး လခြမ်းမြို့တွင် မိသားစုကြီး နှစ်စုသာကျန်တော့မည်ဖြစ်၏။

ထိုမျှမက လခြမ်းမြို့တစ်ခုလုံး ကုမိသားစုအား တလေးတစားဆက်ဆံရမည်ဖြစ်၏။

ခရမ်းလမင်းလျှို့ဝှက်နယ်မြေ ယခုမပွင့်သေးသောကြောင့် ရွှမ်ယီအနေဖြင့် ထိုသို့သွားရန် အလျင်မလိုခဲ့ချေ။ ထိုအစား ကုမိသားစုတွင်သာ ဆက်၍နေခဲ့သည်။

ကုယီယီအား ခရမ်းလမင်းလျှို့ဝှက်နယ်မြေမပွင့်သေးခင် ပို၍ သန်မာလာစေရန်အလို့ငှာ သိုင်းနည်းစနစ်များအား အဆက်မပြတ်သင်ပေးနေခဲ့သည်။

နဂိုက ရွှမ်ယီအနေဖြင့် ကုယီယီအား ခရမ်းလမင်းလျှို့ဝှက်နယ်မြေသို့ခေါ်သွားရန် ထည့်မတွက်ထားချေ။ သို့သော် သူမ ကနဦးဓားရည်ရွယ်ချက်ကို နားလည်သွားချိန်၌ ရွှမ်ယီ စိတ်ပြောင်းသွားခဲ့သည်။

ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)မှာ အားနည်းလွန်းသော်လည်း ကနဦးဓားရည်ရွယ်အား နားလည်ထားသည့်အတွက် သူမ ခွန်အားမှာ ချီအခြေခံ‌တည်ဆောက်ခြင်း အဆင့်(၁)နှင့်ညီမျှ၏။

ဤလောက်ဆိုလျှင် ခရမ်းလမင်းလျှို့ဝှက်နယ်မြေသို့ လိုက်ပါရန် လုံလောက်မှုရှိသည်ဟု ဆိုနိုင်သည်။

ခရမ်းလမင်းလျှို့ဝှက်နယ်မြေဖွင့်ပွဲ တစ်စထက်တစ်စနီးကပ်၍ လာချေပြီ။ ရက်အနည်းငယ်ခန့် တိတ်ဆိတ်သွားခဲ့သော လခြမ်းမြို့လည်း ပြန်လည်၍စည်ကားလာနေပြီဖြစ်၏။

လခြမ်းမြို့တစ်ခုတည်းသာမဟုတ်ပေ။ ကျန်းနန်စီရင်စုတစ်ခုလုံး လှုပ်ရှားသက်၀င်နေ၏။

ကျန်းနန်စီရင်စုသို့ နေရာအနှံ့အပြားမှာ ကျင့်ကြံသူများရောက်ရှိလာပေရာ စီရင်စုတစ်ခုလုံး ပရမ်းပတာဖြစ်နေခဲ့သည်။

အချို့နယ်ခြားကျင့်ကြံသူများက ကျန်းနန်စီရင်စုတွင် သောင်းကျန်းနေကြ၏။

အဆင့်မြင့်ကျင့်ကြံသူများ အုပ်ချုပ်သည့်နေရာများတွင်မူ လှုပ်လှုပ်ရှားရှားသိပ်မရှိသော်လည်း အဆင့်မြင့် အုပ်ချုပ်သူမရှိသည့်နေရာများတွင်မူ ပရမ်းပတာဖြစ်နေချေပြီ။

ကျန်းနန်စီရင်စုမှ ဂိုဏ်းများတွင် ကာကွယ်ရန်အတွက် အဆင့်မြင့်အကြီးအကဲများ နောက်ချန်ထားခဲ့ရခြင်းမှာ ဤကိစ္စများကြောင့်ဖြစ်၏။

ကောင်းကင်လေနိုင်ငံတွင် စီရင်စု (၁၀၈)ခုရှိသည့်အနက် ကျန်းနန်စီရင်စုမှာ အနိမ့်ဆုံးထဲတွင်ပါ၀င်သည်။ ရလဒ်အနေဖြင့် အခြားသောစီရင်စုများမှ လာသည့် ကျင့်ကြံသူများက ကျန်းနန်စီရင်စုမှ ကျင့်ကြံသူများကို မျက်စိထဲပင်မထားပဲ အလွန်မောက်မာနေကြသည်။

သူတို့၏ အမြင်အရ ကျန်းနန်စီရင်စုမှာ သေးငယ်ပြီး အားနည်းသောနေရာလေးတစ်ခုသာဖြစ်၏။

ဒီလိုနေရာလေးမှာ စည်းမျဉ်းတွေလိုက်နာဖို့ လိုသေးလို့လား……..

လက်ရှိအချိန်တွင် ကျန်းနန်စီရင်စု၌ ဆက်တိုက် ပရမ်းပတာဖြစ်နေခဲ့သည်။

ယနေ့တွင် ရွှမ်ယီ ကျင့်ကြံနေရာမှ ထွက်လာခဲ့ပြီး.. လခြမ်းမြို့တစ်ခုလုံး ဖရိုဖရဲဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူ့မျက်နှာတွင် စိတ်အလိုမကျဟန်များပေါ်လာကာ လခြမ်းမြို့တစ်ခုလုံးကြားအောင် အသံလွှင့်လိုက်သည်။

“ မင်းတို့ ဘယ်နေရာက လာတယ်ဆိုတာ ငါဂရုမစိုက်ဘူး… ဒီနေ့ကစပြီး လခြမ်းမြို့ထဲမှာ မငြိမ်မသက်ဖြစ်စေမယ့် အပြုအမူမျိုးဘယ်သူမှ မလုပ်ရဘူး… လခြမ်းမြို့မှာ တိုက်ခိုက်တာကိုတားမြစ်ထားတယ်… မလိုက်နာဘူးဆိုရင် အသတ်ခံရမယ်…”

စိတ်ဝိညာဉ်စွမ်းအင်များ၏ ထောက်ပံ့မှုအောက်တွင် လခြမ်းမြို့တစ်ခုလုံး နေရာလပ်မကျန်အောင် ထိုစကားသံအားကြားလိုက်ရသည်။

ထိုအချိန်တွင် ပြင်ပမှလာသူများဖြစ်စေ ၊ မြို့ခံများဖြစ်စေ ၎င်းတို့၏ခေါင်းများကို ကုမိသားစုရှိရာဘက်သို့ လှည့်ကြည့်လိုက်မိကြသည်။

ဤအခိုက်အတန့်တွင် နဂိုက စည်းမဲ့ကမ်းမဲ့ဖြစ်နေသော ပြင်ပမှရောက်လာသူများအားလုံး လေးနက်သည့်အမူအရာများ ဖြစ်သွားကြသည်။

လခြမ်းမြို့အား သေးငယ်သောမြို့လေးတစ်ခုအဖြစ်သာ တွေးထားကြပြီး အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဤမြို့၌ရှိနေလိမ့်မည်ဟု အိမ်မက်ပင်မမက်ခဲ့ဘူးကြချေ။

ထို့အပြင် ထိုအခြေတည်ဝိညာဉ်အဆင့်ကျင်ကြံသူ ဒေါသထွက်နေပုံရသည်။ ထိုသူ၏ စကားများက သူ့တို့အားသတိပေးခြင်းမဟုတ်ဘဲ တိုက်ရိုက်ခြိမ်းခြောက်လိုက်ခြင်းသာဖြစ်၏။

ထိုစကားများကြောင့် လခြမ်းမြို့၏ နဂိုကတည်ငြိမ်အေးချမ်းမှုများ ပြန်လည်ရရှိလာခဲ့သည်။

၀မ်မိသားစုခေါင်းဆောင်နှင့် ကုမိသားစုခေါင်းဆောင်တို့ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်မိကြသည်။

လခြမ်းမြို့ရှိ ထိပ်ဆုံးမိသားစုကြီးနှစ်ခုအနေနှင့် လွန်ခဲ့သောရက်အနည်းငယ်က လခြမ်းမြို့အား တည်ငြိမ်မှုရရှိစေရန် သူတို့ကြိုးစားခဲ့ကြသေးသည်။ သို့သော် ပြင်ပဒေသမှရောက်လာသူအများစုက သူတို့ထက် သန်မာနေသည်။ ထိုလူများအနေဖြင့် သူတို့၏ စကားများအားနားထောင်လျှင်သာ ထူးဆန်းနေပေလိမ့်မည်။

သူတို့၏ စကားများက အနည်းငယ်သာအကျိုးသက်ရောက်မှုရှိခဲ့၏။

ယခုတွင်မူ ရွှမ်ယီ၏ စကားတစ်ခွန်းက လခြမ်းမြို့သို့ရောက်နေသည့် လူစိမ်းများအား ငြိမ်ကုပ်သွားစေခဲ့သည်။

ထိုအရာကား အကြွင်းမဲ့ခွန်အား၏ သက်ရောက်မှုဖြစ်သည်…..

All Chapters