ငါ့တပည့်ကို ခိုးချင်နေတာလား…?
Vol. 2 Ch. 26
တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကုယီယီက သူမ၏ လှပသောမျက်၀န်းလေးများဖြင့် လှမ်းကြည့်လိုက်ပြီး အေးစက်စက်အသံလေးနှင့်ပြောလိုက်သည်။
“ ရှင် ကျွန်မကို မယှဉ်နိုင်ဘူး…”
“ အမ်..? “
ကုမိသားစုမှ လူငယ်များအဖို့ ကုယီယီ၏ စကားက ထူးဆန်းနေခြင်းမရှိသော်လည်း ဖန်ဇူတို့ သုံးယောက်အတွက်မူ မတူပေ။
သူတို့က ကုယီယီ၏ ခွန်အားကိုသိရှိခြင်းမရှိပေ။ သူ့တို့၏ မျက်လုံးထဲ၌ ကုယီယီမှ လှပနေရုံမှအပ သိပ်ထူးခြားမှုမရှိချေ။ သူမ၏ အသက်အရွယ်၌ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)သို့ရောက်နေရာ အဆိုးကြီးတော့မဟုတ်ပေ။
သို့သော် မဆိုးရုံသာဖြစ်၏။ ပါရမီရှင်များနှင့်မူ ယှဉ်နိုင်စွမ်းမရှိချေ။
ဖန်ဇူတို့သုံးယောက် အနည်းငယ်မျက်မှောက်ကြုတ်သွားခဲ့ရသည်။
ထို အေးစက်လှသည့်မိန်းကလေးက အဘယ်ကြောင့် ဤမျှ အထိန်းအကွပ်မဲ့စွာပြောရသနည်း…!
ဖန်ဇူက သူမကို မယှဉ်နိုင်ဘူးတဲ့လား…?
သူတို့အနေဖြင့် ကုယီယီက ထိုစကားများအား အဘယ်ကရသော ယုံကြည်မှုနှင့်ပြောခဲ့ကြောင်း စဉ်းစား၍မရဖြစ်နေကြသည်။
ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅) ကျင့်ကြံသူတစ်ယောက်က အဆင့်(၇)မှလူကို သူမနှင့် မယှဉ်နိုင်ကြောင်းပြောခဲ့သည်။
ထို့အပြင် ဖန်ဇူက သာမန် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)မဟုတ်ပေ။ ဤသည်ကို သူ၏ စီနီယာ အစ်ကိုနှင့် အစ်မတို့က ကောင်းစွာသိထားကြသည်။ ချီငွေ့ရည်ဖွဲ့ခြင်း အလယ်အဆင့်တစ်ယောက်အနေနှင့် နောက်ဆုံးအဆင့်ကျင့်ကြံသူအား တိုက်ခိုက်နိုင်စွမ်းရှိသူဖြစ်သည်။
“ ဂျူနီယာ ညီမလေး ယီယီ… မင်း နောက်နေတာလား….? “
“ ရှင့်ကို ဘယ်သူက နောက်ပြောင်နေလို့လဲ... “
ကုယီယီက ထွက်သွားရန် မတ်တပ်ရပ်လိုက်သည်။ အလွန်အမင်းမာနကြီးပြီး သူတို့ကိုယ်သူတို့ တစ်လောကလုံးထက် သာလွန်သယောင်ထင်နေသည့် အောက်ခြေလွတ်လူတန်းစားများနှင့် သူမ ဆက်ရှိမနေချင်တော့ချေ။
သူမကျောတွင် လွယ်ထားသည့် ငွေရောင်ဓားအား ဆွဲထုတ်ပြီး ကောင်းကင်ထက်သို့ တစ်ချက်ခုတ်လိုက်သည်။
“ ရွှစ်…”
ကြောက်မက်ဖွယ် ဓားစွမ်းအားတစ်ခု ကောင်းကင်ထက်သို့ လွင့်ပျံသွားခဲ့သည်။
“ ကျွန်မ ရှင့်ကို နောက်နေတယ်လို့ ထင်နေတုံးပဲလား…? “
ကုယီယီက နောက်သို့ပင်လှည့်မကြည့်ပဲ ထွက်သွားခဲ့သည်။
နောက်တွင်ကျန်ရစ်ခဲ့သော ခွန်မြောင်၏ တပည့်များ ထိတ်လန့်အံ့ဩလျက်ကျန်ခဲ့ကြသည်။
ယင်းက ဖန်ဇူအတွက်ဆိုရင် ပိုမှန်ပေလိမ့်မည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်စရာတစ်ခုမြင်လိုက်ရသကဲ့သို့ဖြစ်ကျန်ခဲ့၏။
အဲ့ဒီဓားချက်…!
အဲ့ဓားချက်က ကုယီယီဆီက တကယ်ထွက်လာတာလား…?
ထိုဓားချက်က ကောင်းကင်ပေါ်သို့ ခုတ်လိုက်ခြင်းဖြစ်ပြီး သူ့ထံသို့ရည်ရွယ်ခဲ့ခြင်းမဟုတ်ပေ။ သို့တိုင်အောင် ဖန်ဇူအနေဖြင့် တုန်လှုပ်သွားခဲ့ရသည်။
သူ၏ စီနီယာ အစ်ကိုနှင့် အစ်မပင် ထိုဓားချက်ထံမှ အန္တရာယ်ကိုခံစားမိခဲ့သည်။
ချီအခြေခံတည်ဆောက်ခြင်းအဆင့်များပင် ထိုဓားချက်နှင့်ရင်ဆိုင်ရပါက ဒုက္ခများသွားနိုင်သည်။
ဆိုလိုသည်မှာ ကုယီယီက သူတို့ကို အနိုင်ယူနိုင်စွမ်းရှိနေသည်ဟူ၍ဖြစ်သည်။
ပါရမီရှင်..! သူတို့ထက် အဆပေါင်းများစွာသာလွန်တဲ့မကောင်းဆိုးရွား…! ဒါမှ တကယ့်အစစ်အမှန်ပါရမီရှင်ပဲ…!
ကုယီယီက ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)နှင့်ပင် ချီအခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ကျင့်ကြံသူများအား ခြိမ်းခြောက်နိုင်စွမ်းရှိနေပြီဖြစ်သည်။
ထိုအရည်အချင်းမျိုးက ကျန်းနန်စီရင်စုတွင်သာမက ကောင်းကင်လေနိုင်ငံတစ်ခုလုံးတွင်ပင် ထိပ်ဆုံး ပါရမီရှင်ဖြစ်နေချေပြီ။
မဟုတ်ဘူး..! မဖြစ်နိုင်ဘူး..!
ဒီလို ဝေးလံပြီးချောင်ကျတဲ့နေရာလေးက ဘယ်လိုဖြစ်ပြီး ဒီလိုပါရမီရှင်မျိုးထွက်ပေါ်လာရတာလဲ…?
“ ဒါ ကနဦးဓားရည်ရွယ်ချက်ပဲ…! “
ကုမိသားစု၏ ခမ်းနားသောခြံ၀န်းတစ်ခုထဲတွင် ကုထျန်းချန်နှင့် စကားပြောနေသည့် ခွန်မြောင်က ရေရွတ်လိုက်သည်။ ကောင်းကင်ထက်တွင် ပေါ်လာသည့် ဓားချက်ကြောင့် သူမ အတော်လေးစိတ်လှုပ်ရှားသွားခဲ့သည်။
သူမ၏ ခန္ဓာကိုယ် တစ်ချက်လှုပ်ရှားသွားခဲ့ပြီး ကုယီယီ ရှေ့သို့ရောက်သွားလေသည်။
“ ဒါက တကယ့်ကို ကနဦးဓားရည်ရွယ်ချက်ပဲ… ပါရမီရှင်..! အစစ်အမှန်ပါရမီရှင်တစ်ယောက်ပဲ… လခြမ်းမြို့လို မြို့ငယ်လေးမှာ ဒီလိုပါရမီရှင်တစ်ယောက်ရှိနေလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ… ဟားဟား ဟားဟား…..”
“ ကလေးမ ငါမင်းကို မေးပါရစေ… မင်း ငါ့ကိုယ်ပိုင်တပည့်ဖြစ်လာဖို့ဆန္ဒရှိလား…? မင်းရဲ့ အရည်အချင်းနဲ့ ဒီလိုမြို့လေးက မသင့်တော်ဘူး… မင်းရဲ့ တကယ့်နေရာက ကောင်ကင်လေနိုင်ငံ နဲ့ အဇူရာဒေသကြီးမှာရှိတယ်…! “
ခွန်မြောင်၏ လေသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည်။
“ ကိုယ်ပိုင်တပည့်…? “
ဖန်ဇူတို့သုံးယောက်၏ မျက်နှာထက်တွင် မနာလိုဟန်များ အနည်းငယ်ပေါ်ထွက်လာပြီး မျက်လုံးများ တဖျတ်ဖျတ်ဖြစ်သွားကြသည်။
သူတို့သည် တပည့်များဖြစ်ကြသော်လည်း ကိုယ်ပိုင်တပည့်များမဟုတ်ပေ။
ကုယီယီအား ကိုယ်ပိုင်တပည့်အဖြစ်လက်ခံလိုသည်မှာ ခွန်မြောင်က သူတတ်ထားသမျှအားလုံးနှင့် သူ့ပိုင်ဆိုင်သမျှအရာအားလုံး ကုယီယီအတွက် အသုံးပြုကာ သင်ပေးမည်ဟူသည့်သဘောပင်။
အခြေတည်ဝိညာဉ်အဆင့်ကျွမ်းကျင်သူ၏ တစ်ဘ၀လုံးစာပုံအော၍ သင်ပြပေးခြင်း…..
ထိုအရာက မနာလိုဖြစ်သွားစေရသည့်အကြောင်းအရင်းပင်ဖြစ်၏။ ကုယီယီ၏ အရည်အချင်းနှင့်ဆိုလျှင် အခြေတည်ဝိညာဉ်အဆင့်တိုင်းက သူမအား တပည့်အဖြစ်ရရှိရန် ပြိုင်ဆိုင်လိုကြပေမည်။
ကုယီယီက စဉ်းပင်မစဉ်းစားပဲ ခေါင်းယမ်းလိုက်ပြီး
“ တောင်းပန်ပါတယ်… ဒီကဂျူနီယာမှ ဆရာရှိပြီးပါပြီ… စီနီယာကို ဆရာအဖြစ်အသိအမှတ်မပြုနိုင်တာ ခွင့်လွှတ်ပါ…”
“ မင်းမှာ ဆရာတစ်ယောက်ရှိတော့ကောဘာဖြစ်လဲ…? တစ်ဘ၀လုံးမှာ ဆရာတစ်ယောက်ပဲရှိလို့ရတယ်လို့ ဘယ်သူက စည်းမျဉ်းထုတ်ထားလို့လဲ…? အဲ့တာအပြင်…..”
“ အဲ့တာ ဘာမှားနေလို့လဲ…? “
ခွန်မြောင်က အခြားအရာများ ဆက်ပြောလိုသော်လည်း ရွှမ်ယီက သိုင်းလေ့ကျင့်ကွင်းတွင် ပေါ်လာနေချေပြီ။
အခြားတစ်ယောက်က သူ့တပည့်အား ပေါ်တင်ခိုးရန်လုပ်နေခြင်းကို အဘယ်မှာလျှင် ထိုင်ကြည့်နေအံ့နည်း…!
ဒါကြီးက အဓိပ္ပါယ်မဲ့လွန်းလှသည်။
“ နင်..? “
ခွန်မြောင်က ရွှမ်ယီအား မော့ကြည့်လိုက်၏။ ပြီးလျှင် သူမက မျက်မှောင်ကြုတ်လိုက်ပြီး
“ နင်က ကုယီယီရဲ့ ဆရာဆိုတာလား…? “
“ ဘာလဲ..? မင်းက ငါ့တပည့်ကို ခိုးချင်နေတာလား…? “
ရွှမ်ယီက ပြုံးပြလိုက်ပြီး ထိုအပြုံးမှာ အေးစက်၍နေလေသည်။
ထို့နောက် အလွန်ကြီးမားပြင်းထန်သည့် ဖိအာကြီးတစ်ခု ကုမိသားစုတစ်ခုလုံးသို့ပျံ့နှံ့သွားလေသည်။
“ ရွှီ…! “
မမြင်နိုင်သည့် ဓားအရိပ်တစ်ခုလေထဲတွင်ဖြစ်ပေါ်လာပြီး ခွန်မြောင်အားချိန်ထားလေသည်။
ကြောက်မက်ဖွယ်ဓားဖိအားမှာ အရာဝတ္ထုသဏ္ဌာန်ပင်ဖြစ်နေချေပြီ။
“ ဘန်း…! “
ခွန်မြောင် ဘာမှမလုပ်နိုင်မီ ဖိအားကို မခံနိုင်တော့ဘဲ မြေပေါ်သို့ ဒူးထောက်ကျသွားခဲ့၏။
အောက်ရှိကြမ်းပြင်မှာ ပင့်ကူအိမ်များကဲ့သို့ အက်ကွဲသွားခဲ့ရသည်။
“ ဓားရည်ရွယ်ချက်…! “
သူမ၏ မျက်နှာမှာ သွေးပင်မရှိတော့ချေ။
ထိုအချိန်တွင် တခြားအံ့ဩစရာဘာမှမရှိတော့ပေ။
ဓားရည်ရွယ်ချက်…!
ထိုလူကား ဒဏ္ဍာရီထဲမှ ဓားရည်ရွယ်ချက်အား အမှန်တကယ်ပင်နားလည်ထားလေသည်။
အဲ့တာဓားရည်ရွယ်ချက်ပဲ…!
မရေမတွက်နိုင်တဲ့ ဓားကျင့်ကြံသူတွေရဲ့ အိမ်မက်…!
သူမသိသလောက် ကောင်းကင်လေနိုင်ငံတွင် ကနဦးဓားရည်ရွယ်ချက်အား အစွန်အဖျားမျှသာနားလည်ထားသူအနည်းငယ်ရှိပြီး အမှန်တကယ်နားလည်ထားသူပင်မရှိချေ။
ဒီ သူမရှေ့မှ လူကလွဲလျှင်….!
ကောင်းကင်လေနိုင်ငံသာမက ပတ်၀န်းကျင်နိုင်ငံများတွင်ပင် ဓားရည်ရွယ်ချက်ကို နားလည်သူရှိကြောင်း ဘယ်တုန်းကမှ မကြားဖူးခဲ့ပါ။
ခွန်မြောင်သည်လည်း ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဓားရည်ရွယ်ချက်အား နားလည်ရန် မည်မျှခက်ကြောင်းကို သဘာ၀ကျစွာပင်နားလည်ထားသည်။
သူမအနေဖြင့် ဓားရည်ရွယ်ချက်ထား ၊ ကနဦးဓားရည်ရွယ်ချက်ကိုပင် နားလည်နိုင်ခြင်းမရှိချေ။
အံ့အားသင့်စရာမရှိတော့ဘူး...!
ထိုမိန်းကလေး ကနဦးဓားရည်ရွယ်ချက်အား နားလည်နေခြင်းမှာ အံအားသင့်စရာမဟုတ်တော့ချေ။ သူမ၏ ဆရာအား ဓားရည်ရွယ်ချက်အား နားလည်ထားသူဖြစ်နေသည်။
သူမက အခြေတည်ဝိညာဉ်အဆင့် ဓားရည်ရွယ်ချက်ကို နားလည်ထားသူ၏ တပည့်အား ခိုးယူဖို့ ကြိုးစားမိခဲ့တာလား….? ဟာသပဲ…..!
အခြေတည်ဝိညာဉ်အဆင့်တွင် ကိုယ့်ထက်အဆင့်မြင့်သူအား စိန်ခေါ်နိုင်ရန်မှာ အလွန်ခက်ခဲလှသည်။ ထိုအထဲကမှ ကိုယ့်ထက်အဆင့်မြင့်သည့်အပြင် ဓားရည်ရွယ်ချက်အား နားလည်ထားသည့် အခြေတည်ဝိညာဉ်အဆင့်အား စိန်ခေါ်ရန်မှာမူ ကျောက်တောင်ကို ကြက်ဥနှင့်ပေါက်သည့်အလားပင်….!
ဖိအားတစ်ခုတည်းနှင့်ပင် ကြမ်းပြင်၌ ဒူးထောက်နေရချေပြီ…!