ကောင်းကင်လေနိုင်ငံ VS ကောင်းကင်ကျက်သရေနိုင်ငံ
Vol. 2 Ch. 29
ချောင်ဖန်း၏ စကားများအားကြားလျှင် လူအုပ်ကြီးတစ်ခုလုံး စကားသံများပေါက်ကွဲထွက်လာ၏။
ယခင်ကပင် အသက်၀င်နေသည့် ၀င်ပေါက်မှာ ပို၍ လှုပ်ရှားသက်၀င်လာခဲ့သည်။
တတိယမင်းသားက ကောင်းကင်လေနိုင်ငံလူငယ်မျိုးဆက်တွင် နံပါတ်(၁)အဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်၏။
ချောင်ဖန်းကလည်း ကောင်းကင်ကျက်သရေနိုင်ငံမှ နံပါတ်(၁)ပါရမီရှင်ဖြစ်သည်။
ထိုလူနှစ်ယောက်က သက်ဆိုင်ရာနိုင်ငံများမှ လူငယ်မျိုးဆက်များကို ကိုယ်စားပြုထားကြသည်။
ဤတိုက်ပွဲက စိတ်၀င်စားစရာကောင်းပေတော့မည်…!
ယခုတိုက်ပွဲတွင် မည်သူရှုံးရှုံး အရှက်ကွဲရပေလိမ့်မည်။
ဤတိုက်ပွဲမှာ နှစ်ငံနှစ်ခု၏ ဂုဏ်သိက္ခာအတွက် တိုက်ပွဲလည်းဖြစ်ပေသည်။
ရောက်ရှိနေကြသူများထဲမှာ အများစုမှာ ကောင်းကင်လေနိုင်ငံမှဖြစ်ကြပြီး ထိုက်ပွဲအားမျှော်လင့်နေစဉ် ရင်ထဲ၌ စိုးရိမ်ပူပန်မှုများလည်းရှိနေကြသည်။
တဖက်တွင် အနက်ရောင်မိစ္ဆာဂိုဏ်းမှ မြင့်မြတ်သားတော်က ပြင်ဆင်ပြီးရောက်ရှိလာခြင်းဖြစ်သည်။
၎င်းကို တတိယမင်းသား အနိုင်တိုက်နိုင်ပါ့မည်လော…?
တတိယမင်းသားက ချောင်ဖန်းကို လှမ်းကြည့်လိုက်ပြီး ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။
“ မင်းက တိုက်ချင်တယ်ဆိုတော့လည်း တိုက်ကြတာပေါ့….”
ဤကဲ့သို့ လူများစွာ၏ ရှေ့မှောက်တွင် တတိယမင်းသားအနေနှင့် နောက်ဆုတ်ချင်လျှင်တောင်ဆုတ်နိုင်မည်မဟုတ်ပေ။
“ ဟမ့်… ကောင်းတယ်..! ငါ မင်းကို အခွင့်အရေး မပေးခဲ့ဘူးလို့တော့မပြောနဲ့…”
ချောင်ဖန်းက မြေပေါ်သို့ဆင်းလာပြီး တတိယမင်းသားအား ကြည့်ကာစကားဆိုလိုက်သည်။
ပတ်၀န်းကျင်ရှိလူများက အလိုက်သိစွာ ဘေးသို့ရှဲပေးလိုက်ကြပြီး အလယ်တွင် ကွက်လပ်တစ်ခုဖြစ်သွားစေသည်။
“ သုံးကွက်..! ဟောဒီက မြင့်မြတ်သားတော်က မင်းကို သုံးကွက်အကြောပေးမယ်.. ဒီသုံးကွက်အတွင်း မင်းငါ့ကို နောက်ဆုတ်သွားအောင်တိုက်နိုင်ရင် ငါရှုံးပြီလို့ မှတ်လိုက်…!”
ထိုစကားများဆုံးလျှင် ပတ်၀န်းကျင်တစ်ခုလုံးမှ ဝေဖန်သံများ ထွက်ပေါ်လာခဲ့သည်။
“ မောက်မာလိုက်တာ..! တတိယမင်းသားက ငါ့တို့ကောင်းကင်လေနိုင်ငံရဲ့ နံပါတ်(၁) ပါရမီရှင်ပဲ…အခုချိန်ထိ သူ့ကိုဘယ်သူမှ မနိုင်သေးဘူး.. ပြီးတော့ ကြယ်ဝိညာဉ်ခန္ဓာပိုင်ရှင်ကွ…! ကောင်လေး မင်းက သေမင်းကို ဖိတ်ခေါ်နေတာပဲ….”
ချောင်းဖန်း၏ စကားများက လူအုပ်ကြီးအား ဒေါသထွက်သွားစေခဲ့သည်။ ပတ်၀န်းကျင်မှ လူအများစုမှာ ကောင်းကင်လေနိုင်ငံမှဖြစ်ရာ တတိယမင်းသားအား စော်ကားခြင်းသည် သူတို့အား စော်ကားခြင်းလည်းဖြစ်၏။
တတိယမင်းသား၏ မျက်လုံးများမှာ အလွန်းအေးစက်နေချေပြီ။ ဤသည်အားကြည့်လျှင် သူမည်မျှဒေါသထွက်နေကြောင်းသိနိုင်သည်။
သူ့ဘ၀တွင် ယခုကဲ့သို့စော်ကားခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ချေသည်။
“ သုံးကွက်မလိုဘူး.. ငါမင်းကို တစ်ကွက်တည်းနဲ့ ရိုက်ချပြမယ်….”
တတိယမင်းသား၏ ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်ကြယ်စွမ်းအင်အလွှာတစ်ခုဖြစ်ပေါ်လာပြီး သူ၏ စွမ်းအားများပေါက်ကွဲထွက်လာသည်။
ရှေ့သို့ပြေးထွက်သွားခဲ့ပြီး ချောင်ဖန်းရှေ့သို့ရောက်လျှင် လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
“ ကြယ်စိတ်ဝိညာဉ်ခန္ဓာကိုယ်ပဲ…”
မှန်ပေသည်။ တတိယမင်းသားက တိုက်ပွဲစသည်နှင့် အစွမ်းထက်ဆုံးတိုက်ကွက်အား ထုတ်သုံးလိုက်၏။
“ ကောလဟလတွေအရဆိုရင် တတိယမင်းသားက ကြယ်ဝိညာဉ်ခန္ဓာကိုယ်ကို အသက်သွင်းလိုက်ရင် အစွမ်းတွေအများကြီးတိုးလာတယ်တဲ့….”
ချောင်ဖန်းက သူ့ထံသို့ပြေး၀င်လာသည့် တတိယမင်းသားအား ထီမထင်သည့်အမူအရာနှင့်ပြုံး၍ ကြည့်နေလေသည်။ ထို့နောက် သူခန္ဓာကိုယ်အား ထူးဆန်းသည့် အနက်ရောင်အလင်းများ ဖုံးအုပ်သွားခဲ့သည်။
“ ဘန်း…!”
တတိယမင်းသား၏ လက်သီးချက် ချောင်ဖန်းအား ထိမှန်သွားခဲ့သည်။
သို့သော်….
အခြေအနေမှာ သူတွေးထားသကဲ့သို့မဟုတ်ချေ။ ချောင်ဖန်းကလည်း သူတွေးထားသလို လွင့်ထွက်သွားခြင်းမရှိပါ။
ချောင်ဖန်းက တုပ်တုပ်ပင်မလှုပ်ဘဲ မူလနေရာတွင်သာရှိနေသည်။
“ မဖြစ်နိုင်ဘူး…!”
တတိယမင်းသား မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
ထိုတိုက်ခိုက်မှုမှာ သူ၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်သော်လည်း ချောင်းဖန်းက လှုပ်ပင်လှုပ်မသွားခဲ့ချေ။
ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…!
စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၃) ဆိုလျှင်ပင် သူ့လက်သီးချက်အား ထိုကဲ့သို့ အေးဆေးငြိမ်ပြီးခံနေနိုင်မည်မဟုတ်ချေ။
“ အမှိုက်…!”
ချောင်ဖန်းက ထိုစကားနှစ်ခွန်းအား ဖြည်းညှင်းစွာပြောလိုက်၏။ ထိုစကားနှစ်ခွန်းက တတိယမင်းသားအား ဒေါသထွက်လွန်း၍ သွေးအန်မတတ်ဖြစ်သွားစေသည်။
“ ဘန်း..!”
“ ဘန်း…!”
တတိယမင်းသားက နှစ်ချက်ဆင့်၍ ထိုးလိုက်သည်။ သို့သော် ချောင်ဖန်းက မူလအတိုင်းပင်။
သူ့အားနာကျင်စေရန်မဆိုထားနှင့် ပြန်လည်တိုက်ခိုက်ခြင်းပင်မလုပ်ခဲ့ပေ။
“ သုံးကွက်ပြီးသွားပြီ.. အခု ငါ့အလှည့်ပဲ…!”
ချောင်ဖန်းက ပြုံးလိုက်ပြီး တတိယမင်းသားအား ကန်ထုတ်လိုက်သည်။ တတိယမင်းသား ကာရန်ကြိုးစားခဲ့သေးသည်။
သို့သော်…
“ ဘုန်း…!”
“ ခရက်..!”
အသည်းယားစရာအရိုးကျိုးသံများ တတိယမင်းသား၏ လက်မှထွက်ပေါ်လာခဲ့သည်။
တတိယမင်းသား၏ ခန္ဓာကိုယ်မှာမူ အမြောက်ဆံတစ်ခုကဲ့သို့ လွင့်ထွက်သွားခဲ့သည်။
“ မင်းသား……!”
အင်ပါယာမြို့မှ သက်တော်စောင့်က နှေးကွေးခြင်းအလျဉ်းမရှိပေ။ ချက်ချင်းပြေးထွက်သွားပြီး သွေးများချွဲနေသည့် တတိယမင်းသားအား လေထဲမှ ဖမ်းလိုက်သည်။
တတိယမင်းသားကမူ ဒဏ်ရာပြင်းလွန်းသောကြောင့် မေ့နေချေပြီ။
တတိယမင်းသား…!
ရှုံးသွားပြီ….!
ထိုမြင်းကွင်းက ကောင်းကင်လေနိုင်ငံမှ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
“ ဒါက ကောင်းကင်လေနိုင်ငံက လူငယ်မျိုးဆက် နံပါတ်(၁) ဆိုတဲ့လူရဲ့ စွမ်းအားလား…? နံပါတ်(၁) အမှိုက်သာသာပဲ…”
“ မဟုတ်သေးဘူး... လူငယ်မျိုးဆက်နံပါတ်(၁)လို့ခေါ်တဲ့လူကလည်း ပျော့လိုက်တာ… သူ့အောက်က လူတွေဆို ဘယ်လောက်တောင် ပျော့လိုက်မလဲ… ဒီတိုင်းအမှိုက်အုပ်စုပဲ….”
ချောင်ဖန်းက ပတ်ပတ်လည်ကိုဝေ့ကြည့်လိုက်ပြီး အားရပါးရရယ်လိုက်သည်။
သူ့နောက်တွင်ရှိနေသည့် အနက်၀တ်လူကြောင့် ဤမျှမောက်မာနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လက်ရှိနေရာက ကောင်းကင်လေ နိုင်ငံပိုက်နက်ဖြစ်နေသော်လည်း ဂရုစိုက်ခြင်းအလျင်းမရှိပေ။
“ ခွေးကောင်.. မင်း ဘာစကားပြောတာလဲကွ…”
ပတ်၀န်းကျင်မှ အလွန်ဒေါသထွက်နေသည့် လူများက ရှေ့သို့တိုးသွားခဲ့ကြသည်။ ဖြစ်နိုင်လျှင် ချောင်ဖန်းအား အစိတ်စိတ်အမွှာမွှာလုပ်ပစ်လိုနေကြသည်။
သို့သော် အရိပ်လင်းယုန်အထက်တွင် ရပ်နေသည့် အနက်၀တ်လူအားကြည့်ကာ ၎င်းတို့၏ စိတ်ကူးများအား စွန့်လွှတ်ပစ်လိုက်ကြသည်။
ထို လူကြီးမှာ အခြေတည်ဝိညာဉ်အဆင့်ကျွမ်းကျင်သူဖြစ်ရပေမည်။ အခြေတည်ဝိညာဉ်အဆင့်ကိုမှ အဆင့်(၃)အောက်မကျလောက်ပေ။
“ မင်း ဘာပြောတာလဲ…? ငါက မင်းတို့ကောင်းကင်လေနိုင်ငံက အမှိုက်တွေချည်းပဲလားလို့ပြောခဲ့တာ…ဟောဒီက မြင့်မြတ်သားတော် ဒီနေရာမှာရပ်နေမယ်.. သတ္တိရှိရင်ရှေ့တိုးခဲ့လိုက်.. တိုက်ကွက်သုံးကွက် အကြောပေးမယ်.. တကယ်လို့ သုံးကွက်အတွင်း ငါ့ကို ခြေလှမ်းတစ်၀က်စာနောက်ရွေ့သွားအောင်လုပ်နိုင်ရင်... ငါအရှုံးပေးပြီး ဒီနေရာက လှည့်ပြန်သွားပေးမယ်…”
ချောင်ဖန်းကား အလွန်မောက်မာလှသည်။ သို့သော် တတိယမင်းသားအား အလွယ်တကူ အနိုင်ယူခဲ့သည်အား ထောက်ချင့်လျှင် ထိုသို့မောက်မာရန် ထိုက်တန်ပေသည်။
သူ့ကို အနိုင်ယူနိုင်သူများ ဤနေရာတွင်ရှိနေကြသော်လည်း ၎င်းတို့အားလုံးမှာ မျိုးဆက်ဟောင်းမှကျင့်ကြံသူများဖြစ်ကြပြီး အငယ်တစ်ယောက်ကို ထွက်တိုက်၍ မသင့်တော်ချေ။ လူငယ်မျိုးဆက် နံပါတ်(၁)ဖြစ်သည့် တတိယမင်းသားပင်ရှုံးသွားသည့်နောက် သဘာ၀ကျစွာပင် ၎င်းတို့အထဲ၌ ချောင်ဖန်းအား အနိုင်တိုက်နိုင်မည့်လူမရှိတော့ချေ။
“ အဲ့ဒီလူက မောက်မာလွန်းတယ်…!”
ကုယီယီက ရွှမ်ယီဘေး၌ ရပ်နေပြီး ချောင်းဖန်းအား ဒေါသတကြီးကြည့်နေလေသည်။
မည်သို့ပင်ဖြစ်စေကာမူ သူမသည်လည်း ကောင်းကင်လေနိုင်ငံမှဖြစ်ရာ ချောင်ဖန်း၏ စကားများက အနည်းနှင့်အများဆိုသလို ထိခိုက်ခဲ့သည်ပင်။ သူမသာ လုံလောက်အောင်အဆင့်မြင့်ပါက ထိုလူအား ထွက်၍ ဆော်ပလော်တီးမိပေလိမ့်မည်။
“ အဲ့တာအဆင်ပြေပါတယ်… ငါလည်း ကိုယ့်ကိုယ်ကိုလူငယ်မျိုးဆက်တစ်ယောက်အဖြစ် မတွေးထားခဲ့တာကြာပြီ.. ဒါပေမယ့် ဒီနေ့တစ်ရက်တော့ လူငယ်မျိုးဆက်ဖြစ်လိုက်ဦးမယ်….”
အမှန်တိုင်းဆိုလျှင် ရွှမ်ယီက ၀င်မပါချင်ပေ။ သူသည် နေရာတကာ၀င်ပါတတ်သူမျိုးလည်းမဟုတ်ချေ။
ထို့အပြင် ရွှမ်ယီက မိမိကိုယ်ကိုယ် လူငယ်မျိုးဆက်အဖြစ် ခံယူမထားတော့သည်မှာ ကြာပြီဖြစ်၏။
သူ့ ခွန်အားက လူငယ်မျိုးဆက်များထက် အဆများစွာ ကျော်လွန်နေခဲ့ချေပြီ။ ကောင်းကင်လေနိုင်ငံလူငယ်မျိုးဆက်၏ နံပါတ်(၁)ပင်လျှင် သူ့ရှေ့တွင် အားနည်းလွန်းလှသည်။
သူသည် လူငယ်မျိုးဆက်များ၏ စိတ်အားထက်သန်မှုများအား ရိုက်မချိုးလိုသည့်အတွက် ဘေးထွက်နေခဲ့လိုက်တော့သည်။
သို့သော် ချောင်ဖန်း၏ စကားများက ရွှမ်ယီအား ဘေးထွက်နေရန် အခွင့်အရေးမပေးတော့ချေ။ ချောင်ဖန်း၏ စကားများက တတိယမင်းသားတစ်ယောက်တည်းအားပြောနေခြင်းမဟုတ်ပေ။
ထိုငနာကောင်က ဝါလုံးရှည်အား ချီးသုတ်ပြီး ကောင်းကင်လေတစ်နိုင်ငံလုံးထံ ယမ်းနေခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ရွှမ်ယီက ကောင်းကင်လေတိုင်းပြည်မှဖြစ်စေဆဲပင်။ ချောင်ဖန်းအား စကားများက သူ့အား ဆဲနေသကဲ့သို့ခံစားနေရသည်။
ဆက်ပြီး မကြားချင်ယောင်ဆောင်နေ၍ အဆင်မပြေတော့ချေ။
ရှေ့သို့ လှမ်းထွက်လိုက်ပြီး မနီးမဝေးတွင်ရှိနေသော ချောင်ဖန်းအားကြည့်ကာ ပြောလိုက်၏။
“ တစ်ချက်ပဲ…”
သဘာ၀အတိုင်းပင် ချောင်ဖန်းကလည်း ရွှမ်ယီအား သတိပြုမိသွားသည်။
သူ၏စကားများအဆုံးတွင် ရှေ့ထွက်လာသည်မှာ ရွှမ်ယီတစ်ဦးတည်းသာဖြစ်ပြီး သတိမထားမိလျှင်သာ ထူးဆန်းနေပေလိမ့်မည်။
“ မင်းက ဘာကိုဆိုလိုချင်တာလဲ…?”
ချောင်ဖန်းက ရွှမ်ယီကို အံ့အားသင့်စွာကြည့်နေ၏။
ရွှမ်ယီက ခေါင်းယမ်းလျက် ပြုံးလိုက်ပြီး
“ ငါ မင်းကို တစ်ချက်တည်းနဲ့ ချီးထွက်အောင်မရိုက်နိုင်ရင်.. ငါအသုံးမကျဘူးလို့ မှတ်လိုက်…”
[ Note : အစပိုင်းမှာ တောင်ပိုင်းပြည်နယ်လို့သုံးထားပြီး နောက်ပိုင်းမှာ ကျန်းနန်ဖြစ်နေတာက မူရင်းမှာလည်းအဲ့လိုပြောင်းသုံးထားလို့ပါ တရုတ်လို တောင်ပိုင်းကို ကျန်းနန်လို့ အသံထွက်ပုံရတယ် မူရင်းမှာလည်း Noteရေးထားလို့ ]