← Chapters

အဇူရာအဆင့်မှ ရွေးချယ်ခံ

Vol. 2 Ch. 30

အဇူရာအဆင့်မှ ရွေးချယ်ခံ

Vol. 2 Ch. 30

“ ဟားဟားဟား…”

ချောင်ဖန်းက ကျယ်လောင်စွာအော်ရယ်လိုက်သည်။

“ ဒီစကားက ငါ့ဘ၀မှာကြားခဲ့ဖူးသမျှထဲ အရီရဆုံးပဲ…”

“ ငါ့ကို အနိုင်ယူဖို့ တစ်ကွက်ပဲသုံးမယ်ဟုတ်လား..? ငါ အဇူရာအဆင့်ထဲကို ၀င်ပြီးကတည်းက ငါ့ရှေ့မှာ အဲ့လိုမောက်မာတဲ့စကားပြောရဲတာ မင်းပထမဆုံးပဲ… မင်းရဲ့ သတ္တိကိုပဲ လေးစားရမလား.. ဒါမှမဟုတ် မင်းရဲ့ မဆင်မခြင်လုပ်မှုကိုပဲ ချီးကျူးရမလား မတွေးတတ်တော့ဘူး.. လာစမ်းပါ မင်းငါ့ကို တစ်ကွက်တည်းနဲ့ ဘယ်လိုအနိုင်ယူမလဲ ကြည့်ရအောင်…”

ချောင်ဖန်း၏ လေသံက အလွန်တင်းမာနေခဲ့သည်။

“ ဘာကြီး..? အဇူရာအဆင့်က ဘာလဲ…?”

“ ချောင်ဖန်းက အဇူရာအဆင့်က အရွေးချယ်ခံလား…?”

“ ဟမ်……”

“ အဲ့တာက ဘယ်လိုဖြစ်နိုင်မှာလဲ… သွယ်တန်းမြစ်ကိုးစင်းက ကျင့်ကြံသူတွေက အဇူရာအဆင့်မှာ ပါနိုင်ချေရှိလို့လား….?”

ပတ်၀န်းကျင်မှ အာမေဋိတ်သံများက လှိုင်းလုံးကြီးအလား ပျံ့နှံ့လာခဲ့သည်။

ပတ်၀န်းကျင်မှ လူများ ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်မှာ အပြစ်တင်၍မရပေ။

ချောင်ဖန်းပြောက်လိုက်သည့် ' ငါအဇူရာအဆင့်ကို ၀င်ပြီးကတည်းက’ ဆိုသည့်စကားက လူတိုင်းအား မှင်သက်သွားစေနိုင်မည့်အရာဖြစ်သည်။

အဇူရာအဆင့်ဆိုသည်မှာ အဇူရာဒေသမှ ပါရမီရှင်များစာရင်းဖြစ်သည်။

ထိုသတ်မှတ်ချက်တွင် ပါ၀င်နိုင်သူများမှာ ပါရမီရှင်များထဲမှ ပါရမီရှင်များဖြစ်ကြသည်။

အဇူရာအဆင့်တွင် လူအယောက်(၁၀၀၀)သာ နေရာရှိ၏။ (၁၀၀၀) ဆိုသည်မှာ များနေဟန်ရသော်လည်း အဇူရာဒေသ မည်မျှကြီးမားသည်ကို မေ့ထား၍မရပေ။

နိုင်ငံ ဘယ်လောက်များများပါ၀င်နေသနည်း …?

လူငယ်မျိုးဆက် မည်မျှရှိနေသနည်း...?

1 ဘီလီယံလား….?

10 ဘီလီယံလား….?

ဤသည်အားကြည့်လျှင် အဇူရာအဆင့်မှာ မည်မျှ၀င်ရောက်ရန်ခက်ကြောင်းနားလည်နိုင်သည်။

ပြောရမည်ဆိုလျှင် ထိုအဇူရာအဆင့်အရွေးချယ်ခံ ဆိုသည်မှာ ကောင်းကင်လေနိုင်ငံမှ လူများ၏အမြင်တွင် ဒဏ္ဍာရီဆန်သောတည်ရှိမှုအလားဖြစ်သည်။

၎င်းတို့အကြောင်းကြားဖူးသော်လည်း အပြင်တွင် တစ်ခါမှ မမြင်တွေ့ဖူးကြချေ။

ကိုးနိုင်ငံ၏ သမိုင်းတွင်လည်း ထိုအဆင့်သို့ ၀င်ရောက်ခဲ့သူရှိကြောင်း ကြားပင် မကြားဖူးပါ။

တတိယမင်းသားက သူတို့နိုင်ငံတွင် ထိပ်ဆုံးပါရမီရှင်ဖြစ်သည်။ အသက်(၂၅) တွင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုအရည်အချင်းက ကိုးနိုင်ငံတွင် မြင့်မားသော်လည်း အဇူရာအဆင့်သို့ ‌၀င်နိုင်ရန်အတွက်မူ ဝေးကွာလွန်းသေးသည်။

အဇူရာအဆင့်၏ ယှဉ်ပြိုင်မှုများမှာ အလွန်ပြင်းထန်ပြီး ထို့အဆင့်သို့ ၀င်ရောက်နိုင်သူများမှာ အနည်းနိမ့်ဆုံး စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၇)ရှိကြသည်။

ထိုသို့ဆိုလျှင် ချောင်ဖန်းက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၇)တွင် အနည်းဆုံးရှိရပေမည်။

အဇူရာအဆင့်အတွင်းပါ၀င်သူများသည် အဆင့်ကျော်တိုက်လိုက်နိုင်စွမ်းရှိသူများဖြစ်ကြ၏။

ထို့ကြောင့် ချောင်ဖန်းက အဇူရာအဆင့်၀င်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် ပတ်၀န်းကျင်တစ်ခုလုံး ပွတ်လောရိုက်သွားရခြင်းဖြစ်သည်။

ထို့ပြင် ချောင်ဖန်း မောက်မာနေသည်မှာလည်း အဆန်းမဟုတ်တော့ချေ။ သူ့မျက်လုံးထဲတွင် တတိယမင်းသား အပါအ၀င် ကောင်းကင်လေနိုင်ငံမှလူငယ်များအားလုံး ပျော့ညံ့သူများသာဖြစ်၏။

၎င်းတို့အနေဖြင့် ထို့အမှန်တရားအား လက်မခံလိုကြသော်လည်း အဇူရာအဆင့်၏အရွေးချယ်ခံတစ်ယောက် အနေနှင့် ထိုသို့မောက်မာရန် အရည်အချင်းရှိကြောင်း လက်ခံရပေလိမ့်မည်။

တတိယမင်းသား သူ့ထံမှ တစ်ချက်ပင်မခံနိုင်သည်မှာလည်း အံအားသင့်စရာမဟုတ်တော့ချေ။

စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၁) နှင့် အဆင့်(၇)ရှိသူတစ်ယောက်၏ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

“ ဘယ်ဟာက အဲ့လောက် ရီစရာကောင်းတာလဲ…?”

ရွှမ်ယီ၏ မျက်မှာအမူရာက ချောင်ဖန်း အဇူအဆင့်၀င်‌တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသော်လည်း သာမန်အတိုင်းပင်ဖြစ်သည်။

“ ဘန်း…!”

သူ့လက်ကိုမြှောက်လိုက်ရာ စိတ်ဝိညာဥ်စွမ်းအင်ဖြင့် ဖန်တီးထားသည့် အလွန်ကြီးမားသောလက်ကြီးဖြစ်ပေါ်လာခဲ့သည်။

ချောင်ဖန်း မရှောင်နိုင်ခင်မှာပင် ထိုလက်ကြီး၏ ဖမ်းဆုပ်ခြင်းကိုခံလိုက်ရသည်။

သူ့အနေဖြင့် မည်မျှပင် ရုန်းကန်စေကာမူ ထိုလက်ကြီးအတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

“ ငါမင်းကို မေးဦးမယ်…ရယ်ရတာ ပျော်စရာကောင်းလား…?”

“ မင်း….”

စိတ်ဝိညာဉ်စွမ်းအင်လက်ကြီးအတွင်းမှ ချောင်ဖန်းက ရွှမ်ယီအား ထိတ်လန့်သောအကြည့်များဖြင့် ကြည့်နေခဲ့သည်။

ဒါ ဘယ်လို အမြန်နှုန်းမျိုးလဲ…?

ထိုလက်ကြီး၏ ဖမ်းဆုပ်ခြင်းမခံရမီ သူမရှောင်ခဲ့ခြင်းမဟုတ်ပေ ရှောင်ရန်ကြိုးစားခဲ့သေးသည်။

‘ အဲ့လူရဲ့ အရှိန်က မြန်လွန်းတယ်..!’

ချောင်ဖန်းရှောင်ရန်ကြိုးစားခဲ့သော်လည်း မရှောင်ရသေးမီ ထိုလက်ကြီးက ဖမ်းမိသွားခဲ့ခြင်းဖြစ်၏။ ယခုတွင် သူ့အားဖမ်းထားသည့် စိတ်ဝိညာဉ်စွမ်းအင်လက်ကြီးအတွင်းမှ ကြည့်နေရုံသာ တတ်နိုင်တော့သည်။

“ အခြေတည်ဝိညာဉ်…! မင်းက အ‌ခြေတည်ဝိညာဉ်အဆင့်ပဲ…!”

ချောင်ဖန်း၏ အမူအရာမှာ သရဲတစ်ကောင်အားမြင်လိုက်ရသကဲ့သို့ဖြစ်နေသည်။

သူ့အား ဖမ်းထားသည့်လူမှာ သူနှင့် သက်တူရွယ်တူလောက်သာရှိသေးဟန်ရသည်။ သူက အခြေတည်ဝိညာဉ်အဆင့်‌တောင်ရောက်နေပြီလား…?

ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…!

အဇူရာအဆင့်၌ပင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ အနည်းငယ်သာရှိ၏။

သူ့ရှေ့မှလူက ထိုအထဲမှတစ်ယောက်လော…?

မဟုတ်ဘူး.. အဲ့တာလည်းမဖြစ်နိုင်ဘူး…!

ချောင်ဖန်းက အဇူရာအဆင့်မှ ထိပ်ဆုံးအယောက်(၂၀)အား မြင်ဖူးခဲ့သည်။ ထိုအထဲတွင် သူ့ရှေ့၌ ရပ်နေသောလူမပါချေ။

ထိုအချိန်တွင် ချောင်ဖန်းတစ်ယောက် သူသံပြားအား ကန်မိခဲ့ပြီဖြစ်ကြောင်း နားလည်သွားခဲ့သည်။

ချောင်ဖန်း သူ့ဆရာ၏ စကားများအား ပြန်ကြားယောင်လာခဲ့သည်။

“ ငါ့တပည့်.. မင်းရဲ့ ပါရမီက အဇူရာဒေသမှာ ထိပ်ဆုံးထဲကပါ၀င်တယ်.. မင်းရဲ့ အခုလက်ရှိအဆင့် (၉၆၁)က မင်းရဲ့ကန့်သတ်ချက်မဟုတ်သေးဘူး…”

“ ဒါပေမယ့် မင်းအမြဲတမ်းတစ်ခုမှတ်ထား.. ဘယ်တော့မှ မမောက်မာမိစေနဲ့… ဒီကမ္ဘာကြီးက မင်းထင်တာထက်ပိုရှုပ်ထွေးတယ်…”

“ အဇူရာအဆင့်က အရာအားလုံးကို ကိုယ်စားမပြုဘူး…”

“ အဇူရာ အဆင့်မှာ နံပါတ်(၁) ဖြစ်သွားတာနဲ့ အဇူရာဒေသတစ်ခုလုံးမှာ နံပါတ်(၁) ဖြစ်သွားတာမဟုတ်ဘူး….”

“ တချို့ပါရမီရှင်တွေက အဇူရာအဆင့်မှာ နာမည်၀င်ရုံလောက်ကို စိတ်မ၀င်စားကြဘူး….”

ထိုစကားများအား ကြားခဲ့စဉ်က သိပ်ပြီးအလေးအနက်မထားခဲ့ချေ။

ယခုမှ သူ့ဆရာပြောသောစကားများမှာ အမှန်ဖြစ်ကြောင်း နားလည်လာတော့သည်။

ရွှမ်ယီက အဇူရာအဆင့်၀င်မဟုတ်သောလည်း ထိုအဆင့်သို ၀င်ရန်မခက်ချေ။ သူ့၏ ခွန်အားနှင့်ဆိုလျှင် ထိပ်ဆုံး(၁၀)ယောက် အတွင်း၌ပင်ဖြစ်နိုင်၏။

“ ချောင်ဖန်း… သူ ရှုံးသွားပြီ.. တစ်ကွက်တည်းနဲ့ ရှုံးသွားတာ….”

“ ငါတို့ ကောင်းကင်လေနိုင်ငံမှာ ဒီလောက်ထူးချွန်တဲ့လူရှိတာ ငါဘာလို့မသိခဲ့ရတာလဲ…”

“ အသက်(၂၀) ကျော်အရွယ် နဲ့ အခြေတည်ဝိညာဉ်အဆင့်.. ဒါက….!”

ထိုအခိုက်တန့်တွင် အရိပ်လင်းယုန်ထက်မှ အနက်၀တ်လူလတ်ပိုင်းက တုံ့ပြန်လာခဲ့သည်။ သူက ရွှမ်ယီ၏ လက်တွင်း၌ ဖမ်းခံထားရသည့် ချောင်ဖန်းအား ကြည့်လိုက်ပြီး ပတ်၀န်းကျင်သို့ ဖိအားကြီးတစ်ခု ထုတ်လွှတ်လိုက်သည်။

“ ခွေးကောင်.. သူ့ကို အခုချက်ချင်းလွှတ်စမ်း….!”

ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် အရှိန်အဝါက ပတ်၀န်းကျင်မှလူများကို ထိတ်လန့်သွားစေခဲ့သည်။

“ အခြေတည်ဝိညာဉ်အဆင့်(၅)…!”

“ မဟုတ်သေးဘူး.. အဲ့တာ အခြေတည်ဝိညာဉ်အဆင့်(၅)မဟုတ်ဘူး…! အဲ့လူက အခြေတည်ဝိညာဉ်အဆင့်(၄) အထွတ်အထိပ်မှာ.. အဆင့်(၅)ကိုရောက်ဖို့ ခြေတစ်လှမ်းစာပဲလိုတော့တယ်…..”

အခြေတည်ဝိညာဉ်အဆင့်(၄) အထွတ်အထိပ်အဆင့်မှာ ကောင်းကင်နိုင်ငံတွင် ထိပ်တန်းအဆင့်၌ ပါ၀င်သည်။

အစောပိုင်းက ထိုလူမှာ မရိုးရှင်းကြောင်းသိထားကြသော်လည်း ဤမျှ အစွမ်းထက်မည်ဟု မထင်ထားခဲ့ကြချေ။

လက်ရှိနေရာတွင် အခြေတည်ဝိညာဉ် အဆင့်(၁) ၊ အဆင့်(၂) များသာရှိနေသည်။ အဆင့်(၃) ဟူ၍ တတိယမင်းသား၏ သက်တော်စောင့်တစ်ယောက်သာရှိ၏။

အနက်၀တ်သက်လတ်ပိုင်းလူက တစ်ယောက်တည်းဖြစ်သော်လည်း သူတို့အားလုံး ဝိုင်းတိုက်လျှင်ပင် ထိုလူအား အနိုင်မရနိုင်ပေ။

ချောင်ဖန်းအား ကာကွယ်ရန် ထိုအဆင့်ကျင့်ကြံသူကို တာ၀န်ပေးထားသည်အားကြည့်လျှင် အနက်ရောင်မိစ္ဆာဂိုဏ်းက ချောင်ဖန်းအား မည်မျှတန်ဖိုးထားကြောင်း တွေ့မြင်နိုင်သည်။

“ မင်းဘယ်လိုသတ္တိနဲ့ သူ့ကိုထိရဲတာလဲ...! မင်းတစ်ခုခုလုပ်တာနဲ့ မင်းမိသားစုတစ်ခုလုံးကို ငါသတ်ပစ်မယ်…!”

ရွှမ်ယီက မျက်လုံးပင့်လိုက်ပြီး အနက်၀တ်လူအား မော့ကြည့်လိုက်သည်။

မူလက ချောင်ဖန်းအား မောက်မာလွန်းသည့် အကျိုးဆက်အနေဖြင့် သင်္ခန်းစာပေးရုံသာဖြစ်ပြီး သတ်ဖြတ်ရန် မရည်ရွယ်ထားခဲ့ချေ။

ယခု စိတ်ပြောင်းသွားချေပြီ။

“ ဂျွတ်…”

အနက်၀တ်လူ၏ စကားဆုံးသည်နှင့် ချောင်ဖန်းအား ညှစ်သတ်ပစ်လိုက်သည်။

“ လောကမှာ ငါ့ကိုခြိမ်းခြောက်တဲ့လူတွေကို အမုန်းဆုံးပဲ…”

“ မင်းဘယ်သူပဲဖြစ်ဖြစ်.. သတ်ပစ်မယ်…”

စကားဆုံးသည်နှင့် ရွှမ်ယီ၏ လက်အတွင်း၌ စိတ်ဝိညာဉ်စွမ်းအင်နှင့် ဖွဲ့စည်းထားသည့် ဓား‌တစ်ချောင်း ပေါ်ထွက်လာခဲ့သည်။

ပြီးနောက် အရိပ်လင်းယုန်ထက်ရှိ သတ်လတ်ပိုင်းလူအား လှမ်းခုတ်ချလိုက်သည်။

ဓားရည်ရွယ်ချက်စွမ်းအားနှင့် လွှမ်းခြုံနေသည့် ဓားချက်က သတ်လတ်ပိုင်းလူထံသို့ အလင်းတန်းတစ်ခုအဖြစ် ရောက်ရှိသွားခဲ့သည်။

“ ဓားရည်ရွယ်ချက်.. အဲ့တာ ဓားရည်ရွယ်ချက်ပဲ…”

“ အဲ့တာ ကနဦးဓားရည်ရွယ်ချက်တောင်မဟုတ်ဘူး.. အစစ်အမှန်ဓား ရည်ရွယ်ချက်ပဲ…!”

“ အဲ့ဒီ အဖြူရောင်၀တ်စုံနဲ့ လူငယ်က ဘယ်သူများလဲ…?”

အရိပ်လင်းယုန်ထက်ရှိ သက်လတ်ပိုင်းလူက ရွှမ်ယီ၏ ဓားချက်ကြောင့် ထိတ်လန့်သွားခဲ့သည်။

ထိုဓားချက်အား ထုတ်လွှတ်လိုက်ချိန်တွင် ဓားတွင်ပါသည့် ဓားရည်ရွယ်ချက်နှင့် ရွှမ်ယီ၏ ကျင့်ကြံခြင်းအဆင့်အား သူသိရှိသွားခဲ့သည်။

အခြေတည်ဝိညာဉ်အဆင့်(၃)..!

အနက်၀တ် လူလတ်ပိုင်း၏ နှလုံးသားတစ်ခုလုံး မွန်းကြပ်သွားခဲ့သည်။

သာမန်အခြေတည်ဝိညာဉ်အဆင့်(၃)ဆိုလျှင် သူကြောက်မည်မဟုတ်ပေ။

သူသည် အခြေတည်ဝိညာဉ်အဆင့်(၄)အထွတ်အထိပ်တွင်ရှိနေပြီး အဆင့်(၅)သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့၏။

သို့သော် ဓားရည်ရွယ်ချက်အားနားလည်ထားသည့် အခြေတည်ဝိညာဉ်အဆင့်(၃) ကျင့်ကြံသူ ထုတ်လွှတ်လိုက်သည့် ဓားချက်ကိုမူ သူ့အနေနှင့် ဂရုမစိုက်၍ မရချေ။

သူသည် ဓားသမားတစ်ယောက်မဟုတ်သော်လည်း ဓားရည်ရွယ်ချက်၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းစွာနားလည်ထားသည်။

ထို့အပြင် သူ့ထံသို့‌လာနေသည့် ဓားအလင်းတန်းမှနေ၍ သေခြင်းတရား၏ အငွေ့အသက်ကိုပင် ခံစား၍ရနေသည်။

ထိုဓားချက်က သူ့အသက်အားခြိမ်းခြောက်နိုင်စွမ်းရှိသည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။

“ မိုးကြိုးလက်ဖဝါး…!”

သို့သော် အနက်၀တ်သက်လတ်ပိုင်းလူအနေဖြင့် အလွန်အမင်းထိတ်လန့်သွားခဲ့ခြင်းမရှိချေ။ ထိုဓားအလင်းတန်းအား ကာကွယ်ရန်အတွက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

“ ဘုန်း…!”

မူလတွင် အနီးကပ်တိုက်ပွဲဖြစ်လာလိမ့်မည်ဟု လူတိုင်းတွေးခဲ့ကြသော်လည်း ဆက်လက်၍ ဖြစ်ပေါ်လာသည့် မြင်ကွင်းက လူတိုင်းကို သူတို့အတွေးလွန်နေကြောင်း နားလည်သွားစေခဲ့သည်။

လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသည့် ဓားအလင်းတန်းက အနက်၀တ်သက်လတ်ပိုင်းလူ၏ မိုးကြိုးလက်ဖဝါးအား ပိုင်းဖြတ်ကာ သူ့ထံသို့ ဆက်လက်၀င်ရောက်သွားခဲ့သည်။

အနက်၀တ်သက်လတ်ပိုင်းလူအနေဖြင့် သူ့ထံသို့ ၀င်ရောက်လာသည့် ဓားအလင်းတန်းအား ကူကယ်ရာမဲ့စွာကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် စောနက အသုံးပြုလိုက်သည့် လက်ဖဝါးသိုင်းကွက်က သူ၏ အပြင်းထန်ဆုံးနှင့် အားအကောင်းဆုံး သိုင်းကွက်ဖြစ်ပေသည်။

ထိုသိုင်းကွက်ဖြင့် အဆင့်တူအများအပြားအား အနိုင်ယူခဲ့ပြီးဖြစ်သည်။

သူ့စိတ်ထဲတွင် ထိုလက်ဝါးချက်က ရွှမ်ယီအား အနိုင်မရလျှင်ပင် သရေလောက်ဖြစ်လိမ့်မည်ဟု တွေးမိခဲ့သည်။

သို့သော် သူ့ကိုယ်သူ အများကြီးပိုတွက်မိကြောင်း နားလည်သွားခဲ့သည်။ ထို့ပြင် ဓားရည်ရွယ်ချက်အား နားလည်ထားသည့် ဓားသမားတစ်ယောက်၏ အစွမ်းကိုလည်း လျှော့တွက်မိခဲ့သည်။

ဓားအလင်းတန်းက အနက်၀တ်သက်လတ်ပိုင်းလူအား ပိုင်းဖြတ်ပြီး ကောင်းကင်ထက်သို့ ဆက်လက်တိုး၀င်သွားခဲ့သည်။ အတော်ဝေးဝေးရောက်သည့် အချိန်မှသာ စွမ်းအားကုန်ပြီး ပျောက်ကွယ်သွား၏။

တစ်ချိန်တည်းမှာပဲ အနက်၀တ်သက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်က နှစ်ခြမ်းဖြစ်သွားခဲ့လေသည်။

“ ဂလု…!”

အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး မနေနိုင်ဘဲ တံတွေးမြိုချ မိလိုက်သည်။

သူ့နှလုံးသားအတွင်းမှ တုန်လှုပ်မှုများကို စကားနှင့်ပင်ဖော်ပြ၍ ရနိုင်မည်မဟုတ်ပေ။

အဇူရာအဆင့်ရွေးချယ်ခံ ချောင်ဖန်းအား အနိုင်ယူရန် တစ်ချက်တည်းသာအသုံးပြုခဲ့သည်။

အခြေတည်ဝိညာဉ်အဆင့်(၄)အထွတ်အထိပ်ကျင့်ကြံသူကိုလည်း ဓားတစ်ချက်နှင့် သတ်ဖြတ်ခဲ့သည်။

“ ဝုန်…!”

လူတိုင်း၏ထိတ်လန့်မှုများ မပျယ်သေးခင်မှာပင် လျှို့ဝှက်နယ်မြေ ၀င်ပေါက်မှ အသံကျယ်ကြီးတစ်ခု မြည်ဟည်းလာခဲ့သည်။

လျှို့ဝှက်နယ်‌မြေကား ပွင့်သွားချေပြီ။

“ လျှို့ဝှက်နယ်မြေ ပွင့်သွားပြီ သွားကြစို့…”

ရွှမ်ယီ၏ လက်တွင်းမှ ဓားမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ ကုယီယီအား လှမ်းပြောလိုက်ပြီးနောက် အလင်းတန်းတစ်ခုအသွင်ပြောင်းလျှက် လျှို့ဝှက်နယ်မြေ၀င်ပေါက်ဆီသို့ ပြေး၀င်သွားလေသည်။

လျှို့ဝှက်နယ်မြေအတွင်းသို့ ၀င်ရောက်ပြီးသည်နှင့် နေရာများအား ကျပန်းပို့ပေးမည်ဖြစ်ရာ အတူ၀င်သည် မ၀င်သည်က ထူးခြားမှုမရှိချေ။ အတူတကွ၀င်သွားပြီး တစ်နေရာတည်းသို့ ရောက်ရန်ဖြစ်နိုင်ချေရှိသော်လည်း ရာခိုင်နှုန်းအလွန့်အလွန်နည်းပါးပေသည်။

Book 2 End…!

All Chapters