ပိုမိုကြီးမားသောတိုက်ပွဲမြင်ကွင်း
Vol. 93 Ch. 1296
အခန်း (၁၂၉၆) ပိုမိုကြီးမားသောတိုက်ပွဲမြင်ကွင်း
ခမ်းနားသော ရတနာအလင်းတန်းအလွှာများက ကောင်းကင်တစ်ခွင်လုံး ပြည့်နက်လို့နေသည်။
ပြင်ပတာအိုကျင့်ကြံသူ ‘ကောင်းကင်နတ်ဘုရား’ (၄)ပါး ထွက်ပေါ်လာခြင်းမရှိသေးသော်လည်း သူတို့၏ အရှိန်အဟုန်က အထက်ဘုံကမ္ဘာတစ်ခုလုံးရှိ အချိန်နှင့်နေရာကို လွှမ်းခြုံထားပြီး ဖြစ်သည်။
ရတနာအလင်းတန်းတန်ခိုးစွမ်းအားများက တဖြည်းဖြည်းသိပ်သည်းသွားပြီး ခုနစ်စဉ်ကြယ် ‘ထိုက်အား’ ဓား အသွင် ပြောင်းလဲသွားကာ ကောင်းကင်ထက်တွင် တည်ရှိနေသည်။
ဓားသွားထိပ်ဖျားက တောက်ပနေပြီး ဓားသွားတစ်လျှောက်အလင်းရောင်များဖြာထွက်လျှက် အထက်ဘုံကမ္ဘာကို ဝိုင်းပတ်သွားသည်။
ကြီးမားသော ‘ထိုက်အားဓား’ ထဲတွင် တည်ရှိနေသည့် အစီအရင်က ဖုံးကွယ်ထားဆဲဖြစ်ပြီး ထွက်ပေါ်လာခြင်း မရှိသေးပေ။ အဆင်သင့်အနေအထားဖြစ်သော်လည်း ထုတ်လွှတ်ခြင်း မရှိသေးပေ။
ထိုအစီအရင်က မြေကမ္ဘာတာအိုနှင့် ကိုက်ညီပြီး အလယ်ဗဟိုတွင် ထူထဲသည့် ပုံရိပ်တစ်ခုသိပ်သည်းလျှက်ရှိသည်။ ထိုပုံရိပ်၏အသွင်အပြင်က အဆက်မပြတ် ပြောင်းလဲနေသည်။
ထိုပုံရိပ်ထဲတွင် အလွန်သိမ်မွေ့ဟန်ရှိသော အနီရောင်လှံရှည်တစ်ခု ပေါ်လာသည်။ ထိုလှံရျည် ဝှေ့ယမ်းလိုက်သည်နှင့် မိုးကြိုးပစ်ခတ်သံများထွက်ပေါ်လာပြီး မီးလျှံများ မြင့်တက်ထွက်ပေါ်လာသည်။
ဤသည်မှာ ကောင်းကင်ဘုံအရှင်’ကျောက်’ __ ကျောက်ကျန်း၏ အစီအရင်ပညာ ဖြစ်သည်။
ခုနစ်စဉ်ကြယ် ‘ထိုက်အားဓား’ အပြင် အခြားသော ရတနာအလင်းတန်း (၃)ခု ရှိနေသေးပြီး ထို ရတနာအလင်းတန်း (၃)ခုကလည်း သူတို့၏ တန်ခိုးစွမ်းအားများကို ပြသလျှက် ရှိကြသည်။
ရတနာအလင်းတန်း (၃)ခုက မတူညီသည့် ပုံစံများအဖြစ်သို့ ပြောင်းလဲသွားသည်။
ရတနာအလင်းတန်းတစ်ခုက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဒုတိယရတနာအလင်းတန်းက မှိုင်းမှုံသည့်တိမ်တိုက်များအဖြစ်ပြောင်းလဲသွားပြီး တတိယရတနာအလင်းတန်းက ပျားပိတုန်းအော်သံများပမာ တဝီဝီမြည်သံများ ထွက်ပေါ်လာသည်။
ထိုအရာက ကမ္ဘာပေါ်သို့ကျရောက်လာသည့် ကြီးမားသောကပ်ဘေးကြီးတစ်ခုပမာ သက်ရှိသတ္တဝါတိုင်းကို သုတ်သင်ပယ်ရှင်းတော့မည့်ပမာ ထင်မှတ်ရသည်။
ပြင်ပတာအိုကျင့်ကြံသူ ကောင်းကင်ဘုံအရှင် (၄)ပါးလုံးတွင် ကိုယ်ပိုင်ကျွမ်းကျင်မှုနယ်ပယ် (၁)ခုစီ ရှိကြသည်။
တစ်ယောက်က အစီအရင်ပညာ ကျွမ်းကျင်ပြီး နောက်တစ်ယောက်ကတော့ အဆိပ်သားရဲများကို အသုံးပြုရာတွင် ကျွမ်းကျင်သည်။ ကျန်တစ်ယောက်ကတော့ မိစ္ဆာပညာရပ်တွင်ကျွမ်းကျင်ပြီး နောက်တစ်ယောက်ကတော့ ရန်သူ၏ ရတနာပစ္စည်းများ အသွင်ပြောင်းခြင်းကို တန်ပြန်တိုက်ခိုက်သည့်နေရာတွင် ကျွမ်းကျင်သည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့်က နဂိုမူလကပင် ‘ကောင်းကင်နတ်ဘုရားအဆင့်’ ရှိကြသူများ ဖြစ်သည်။ ယခု သူတို့အတူပူးပေါင်းပြီး မီးလျှံထက်ယံအရှင်သခင် စောမင်ကျန့်ကို အတင်းအကျပ် ဝိုင်းဝန်းဖိနှိပ်ထားကြသည်။
ကောင်းကင်ဘုံအရှင်(၄)ပါးပြီးသည့်နောက် နတ်ဘုရားအဆင့် ပြင်ပတာအိုကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြသည်။
သူတို့အားလုံးက ကျင့်ကြံခြင်းအဆင့်မြင့်မားသူများဖြစ်ကြပြီး စောမင်ကျန့် လွတ်မြောက်သွားခြင်းမရှိစေရန် အစီအရင်တည်ဆောက်ရာတွင် ပါဝင်ခဲ့ကြသည်။
ကျင့်ကြံခြင်းအဆင့် အနည်းငယ်အားနည်းသူများကတော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ယွဲ့ကျန့်ပေအား ဝိုင်းထားလိုက်ကြ၏။
သူတို့က တန်ခိုးစွမ်းအား အားနည်းသူများဖြစ်ကြသည့်တိုင် သူတို့ထဲတွင် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ကျင့်ကြံသူများလည်း ပါရှိနေသည်ဖြစ်ရာ သူတို့၏လှုပ်ရှားမှုနှင့်အတူ မဟာတာအို၏ စူးရှတေးသံက လေထုထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လျှက် ရှိ၏။
ဖုံးကွယ်ထားသည့် အဂ္ဂိရတ်ခန်းမ၏ တည်နေရာကိုရှာဖွေရန်အတွက် တာအိုစကြာဝဠာတစ်ခုလုံး စွမ်းအားလှိုင်းလုံးများဖြင့် လွှမ်းခြုံသွားပြီး အလွှာလိုက် လှုပ်ခါလျှက် ရှိသည်။
ကောင်းကင်ကိုးထပ်တစ်ဖက်စွန်းတွင် ကြယ်စင်(၆)စင်းကလည်း ထွန်းလင်းနေဆဲ ဖြစ်သည်။
သို့သော် ကြယ်စင်အလင်းတန်းများက ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာတည်ရှိရာနေရာနှင့် များပြားလှစွာသော အောက်ဘုံကမ္ဘာများနှင့် ချိတ်ဆက်ထားသည့် ဗလာနယ်များသို့သာ လွှမ်းခြုံထားသည်။
လက်ရှိမှာတော့ ကြယ်စင်အလင်းတန်းများက အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။
ထိုအလင်းတန်းများက စောမင်ကျန့်ကိုပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိသလို ရောက်ရှိလာသည့် ပြင်ပတာအိုကျင့်ကြံသူများကိုလည်း ပစ်မှတ်ထားခြင်း မရှိပေ။
မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ နှင့် လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်’ယန်ချဲ့’ တို့က ကြယ်စင်အလင်းတန်းများနှင့် နီးကပ်သည့်နေရာသို့ ဆုတ်ခွာသွားခဲ့ကြသည်။
သူတို့အရှေ့မှ တန်ခိုးစွမ်းအားဒီရေများကို ကျော်ဖြတ်ရန် မဖြစ်နိုင်ဟု ထင်မှတ်ရဖွယ်ရှိသည်။
“မင်းတို့ရဲ့ ရက်စက်ယုတ်မာမှုတွေအတွက် ဘယ်တုန်းကမှ နေရာမရှိခဲ့ဘူး”
အေးစက်သည့်အသံတစ်သံက လေထုထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ပြောလိုက်သူက မီးလျှံထက်ယံအရှင်သခင် စောမင်ကျန့် ဖြစ်၏။
ကြောက်မက်ဖွယ်ရာကောင်းသော မီးလျှံအလင်းတန်းတစ်ခု တောက်ပသွားပြီး ကြယ်ပေါက်ကွဲမှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကြီးမားသောကြယ်စင်တစ်စင်းက အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများထံသို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။
အတွင်းမှပြိုကျသွားသော ကြယ်စင်မှ ထွက်ပေါ်လာသော စွမ်းအားက ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့် ပြင်ပတာအိုကျင့်ကြံသူများစွာကို ကြယ်ပေါက်ကွဲမှုဖြစ်စဉ်ဆီသို့ ဆွဲခေါ်သွားသည်။
ထိုသူများမှာ သူတို့၏ရုပ်ခန္ဓာများကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ မီးတောက်မီးလျှံအတွင်းသို့ ဆွဲသွင်းခံလိုက်ရသည်။
“မင်းက ငြင်းဆန်ရဲသေးတယ်လား... အတော် မာနကြီးတာပဲ”
မဟူရာပြစ်ဒဏ်ကြယ်သခင် ‘ကောင်းကျိနန်’ က ဒေါသတကြီးအော်ဟစ်လိုက်သည်။
နက်မှောင်သည့်ကြယ်စင်ရောင်အလင်းတန်းများက အလွှာလိုက်စုစည်းသွားပြီး အနက်ရောင်လှံရှည်တစ်စင်းပမာ စကြာဝဠာကို ထိုးဖောက်ဝင်ရောက်သွားသည်။
ထို့နောက် ကြိုတင်သတိပေးခြင်းမရှိဘဲ ကြယ်စင်ပေါက်ကွဲမှုအနားသို့ ရောက်ရှိလာသည်။
အနက်ရောင်လှံရှည်က ကြယ်စင်ကိုထိုးထောက်ဝင်ရောက်သွားပြီး ကြယ်စင် ပေါက်ကွဲထွက်သွားသည်။ ကြယ်စင်ပေါက်ကွဲသွားသည်နှင့်အမျှ အနက်ရောင်လှံရှည်သည်လည်း အက်ကွဲသွားသည်။
“အမြန်လက်နက်ချပါ ၊ ငါတို့ကို ဒုက္ခပေးနေတာရပ်လိုက်တော့ ၊ မင်းဘယ်လောက်ရုန်းကန်ပါစေ ဘယ်သူ့ကိုမှ အနိုင်ရမှာမဟုတ်ဘူး”
ကောင်းကင်ဘုံအရှင်’ကျောက်’ __ ကျောက်ကျန်း၏ အဆုံးမရှိသောအသံက ဗလာနယ်တစ်ခုလုံးတွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
အစီအရင်က စတင်လည်ပတ်လာပြီး မိုးကြိုးနှင့်မီးလျှံများက အတူတကွပေါက်ကွဲထွက်လာကာ စောမင်ကျန့်၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
အခြားသော ပြင်ပတာအိုကျင့်ကြံသူ ‘ကောင်းကင်ဘုံအရှင်’၏ များကလည်း တပြိုင်တည်း စတင်လှုပ်ရှားလိုက်ကြသည်။
စောမင်ကျန့်က လက်ကိုဆန့်တန်းလိုက်ပြီး သူ၏ဦးခေါင်းထက်တွင် စက်ဝိုင်းပုံသဏ္ဌန်ရေးဆွဲလိုက်သည်။
စက်ဝိုင်းကောက်ကြောင်းပေါ်လာသည့်နေရာတွင် မပျက်ဆီးနိုင်သောအရံအတားတစ်ခုဖြစ်ပေါ်လာပြီး အနားသို့ဝင်ရောက်လာသည့် ကြောက်မက်ဖွယ်ရာစွမ်းအားများအားလုံး ရပ်တန့်သွားကြသည်။
စောစောက မိုးကြိုးမုန်တိုင်းများပမာ ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုအားလုံး ချက်ချင်းပင်ပျောက်ကွယ်သွားပြီး အရာအားလုံးရပ်တန့်သွားကာ ကောင်းကင်က ပြန်လည်ကြည်လင်လာသည်။
မိုးကြိုးမုန်တိုင်းများက တဖြည်းဖြည်းငြိမ်သက်သွားခြင်းဖြစ်သော်လည်း ပြင်ထန်သည့်တန်ခိုးစွမ်းအားများက ထိုမုန်တိုင်းများနှင့်အတူ အားပျော့သွားခြင်းမျိုးမဟုတ်ခဲ့ပေ။ ထိုအစား ရုတ်ချက်ညးရပ်တန့်သွားခဲ့ပြီး အရာအားလုံးက မရှိမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များအနေဖြင့် စောမင်ကျန့်၏သိုင်းပညာများနှင့် အစိမ်းသက်သက် မဟုတ်ကြပေ။
ကောင်းကင်နတ်ဘုရား(၄)ပါးက စိတ်ခံစားချက် ပြောင်းလဲသွားခြင်းမရှိခဲ့သလို သူတို့၏တိုက်ခိုက်မှုကိုလည်း ရပ်တန့်လိုက်ခြင်း မရှိပေ။
စောမင်ကျန့်က သူတို့၏တိုက်ခိုက်မှုများကို တားဆီးလိုက်သဖြင့် ဒေါသထွက်ခြင်း ၊ စိတ်ပျက်ခြင်း ၊ ရှုံးနိမ့်ခြင်းများကို မခံစားရသလို သူတို့၏ကြိုးစားအားထုတ်မှုများ အချည်းနှီးဖြစ်သွားသည်ဟုလည်း မခံစားရပေ။
သူတို့က ဆက်တိုက်ဆိုသလိုပင် ဆက်လက်တိုက်ခိုက်လိုက်သည်။
တိုက်ခိုက်မှုများက ပိုမိုပြင်းထန်လာပြီး စောမင်ကျန့်ရှိရာသို့ အဆက်မပြတ် ထိုးစစ်ဆင်လာသည်။
မြစ်ရေလှိုင်းလုံးများက ဆည်တစ်ခုအတွင်း အဆက်မပြတ်စီးဆင်းဝင်ရောက်သွားသည့်အလား သူတို့ (၄)ယောက်လုံး၏ တိုက်ခိုက်မှုများက အတူတကွပေါင်းစည်းသွားပြီး စောမင်ကျန့်ရှိရာသို့ ကြောက်မက်ဖွယ်ရာ ဝင်ရောက်သွားကြသည်။
စောမင်ကျန့်က မည်မျှ စွမ်းအားကြီးမားပါစေ ၊ မည်မျှ မာနကြီးပါစေ သူက ထိုက်ရွှီးနတ်ဘုရားအဆင့်သာလျှင် ရှိသေးသည်။
ထောင့်ပေါင်းစုံမှဝင်ရောက်လာသော အဆုံးမရှိသည့် တိုက်ခိုက်မှုများအောက်တွင် စောမင်ကျန့် သေချာပေါက် အမှားတစ်ခု ၊ ဟာကွက်တစ်ခု လုပ်မိလိမ့်မည်ဟု သူတို့ ယုံကြည်ထားကြသည်။
သူတို့ဘက်မှ အမှားလုပ်မိလျှင်တော့ ပြဿနာမရှိလှပေ။
အကြောင်းမှာ ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများကို မည်သည့်နည်းနှင့်မှ ထိခိုက်အောင်လုပ်နိုင်မည် မဟုတ်သောကြောင့်ပင်။
သို့သော် စောမင်ကျန့်ကတော့ သေးငယ်သည့်အမှားလေးတစ်ခုလုပ်ခဲ့လျှင်ပင် ပြန်လည်ပြုပြင်ရန် အချိန်ရှိမည် မဟုတ်ပေ။
တိုက်ပွဲက မမျှတသည့်တိုက်ပွဲတစ်ခုသာ ဖြစ်သည်။
***
ထိုအချိန်...
လမ်းမှန်တာအိုဝါဒ၏ အဆုံးမရှိသော ဗလာနယ်ထဲတွင် ဝိညာဉ်အလင်းတန်းတစ်ခု ထောက်ပသွားပြီး ပရမ်းပတာ ဗလာနယ်အတွင်းလှည့်ပတ်နေကာ ရှေ့သို့ဆက်သွားရန် တွန့်ဆုတ်လျှက်ရှိလေသည်။
ထို ဝိညာဉ်အလင်းတန်းက လမ်းမှန်တာအိုဝါဒမှ တန်ခိုးစွမ်းအားရှင်များ သတိမပြုမိစေရန် သူ့ကိုယ်သူ ဂရုတစိုက်ဖုံးကွယ်ထားသည်။
ထိုအလင်းတန်းထဲတွင် အဖြူရောင်ဝတ်ဆင်ထားသည့် ဆယ်ကျော်သက်လူငယ်တစ်ယောက်ရှိနေပြီး သူက တင်ပျဉ်ခွေထိုင်နေပြီး မျက်ဝန်းများကို မှေးမှိတ်ထားသည်။
“ဖန်းဝေ့အစီအရင်က တည်ဆောက်ပြီးသွားပြီ ၊ တခြားပြင်ဆင်မှုတွေလည်း ပြီးသွားပြီ ၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ် ဒီမှာရောက်နေတာ စိတ်မကောင်းစရာပဲ ၊ သူရောက်နေတော့ ငါ လုပ်ရ ကိုင်ရ ခက်တယ်”
အဖြူရောင်ဝတ်ဆင်ထားသည့်လူငယ်က မျက်လုံးဖွင့်ကြည့်ပြီး ခပ်ပါးပါးတစ်ချက် ပြုံးလိုက်သည်။
“ပြင်ဆင်မှုတွေ အကုန်ပြီးသွားပြီ ၊ အခု အခွင့်အရေးစောင့်ဖို့ပဲလိုတော့တယ်”
အဖြူရောင်ဝတ်လူငယ်က မျက်လွှာချလိုက်ပြီး လမ်းမှန်တာအိုဝါဒကျင့်ကြံသူများကို ဆက်လက်ကြည့်ရှုခြင်း မပြုတော့ပေ။
“ထျန်းစူးခန်းမ ပြန်ပေါ်လာမယ်လို့ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး ၊ ပြီးတော့ ငါလည်း အဲဒီခန်းမကိုယူနိုင်ဖို့ အခွင့်အလမ်း မရှိလောက်ဘူး”
“... ဟားဟား... ဝိသဘလောဘသားတွေကတော့ ဘယ်တော့မှ ရောင့်ရဲနိုင်ကြမှာ မဟုတ်ဘူး ၊ ငါတောင်မှ ဒီလိုအမှားမျိုး လုပ်မိချင်လုပ်မိနိုင်တယ်”
အဖြူရောင်ဝတ်လူငယ်က ရယ်မောရင်း ခေါင်းခါယမ်းလျှက် ရေရွတ်လိုက်သည်။
“အားလုံးကို တစ်ဆင့်ချင်းလုပ်တာပေါ့ ၊ မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်တာက ပိုကောင်းပါတယ် ၊ တောင်ပိုင်းချန်စန်းဧကရာဇ်အနေနဲ့ အထက်ဘုံကမ္ဘာကိုတည်ဆောက်ဖို့ ပန္နက်ရိုက်တံဆိပ်ခတ်ခဲ့တဲ့ ‘ကျောက်စိမ်းကျိုင်းတံ’ ကို ပြန်ယူနိုင်ဖို့ အခွင့်အရေးအများကြီး ရှိတာမဟုတ်ဘူး ၊ နောက်မှပဲ ထျန်းစူးခန်းမအကြောင်း စဉ်းစားတော့မယ်”
ထို့နောက် သူက မီးလျှံထက်ယံအရှင်သခင်ရှိရာသို့ လှမ်းကြည့်လိုက်ရင်း...
“စောယန်လုန်... မင်းရဲ့သိုင်းပညာက အထွတ်ထိပ်အဆင့်ကိုရောက်နေပြီပဲ”
သူ၏စကားသံက ရှုံ့ချခြင်းလား ချီးကျူးခြင်းလား ခွဲခြားရန် ခက်ခဲသည်။
“ဒါပေမဲ့ လှည့်ကွက်တွေအများကြီးကြားမှာ ငါကတော့မင်းကို အခုလိုရန်ပွဲတစ်ပွဲဖြစ်လာအောင် စီစဉ်နိုင်ခဲ့တယ် ၊ ပျက်ဆီးမှုက အရင်ကထက်ပိုပြီး ကြီးကျယ်တယ်ဆိုတာ မင်းသေသေချာချာသိနိုင်မှာပါလေ”
အဖြူရောင်ဝတ်လူငယ်က သက်ပြင်းသဲ့သဲ့ချလိုက်ရင်း...
“မင်း ငါ့ကို စိတ်ပျက်အောင်တော့ မလုပ်ဘူးမလား”
***
အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များမှာ စောမင်ကျန့်၏တိုက်ခိုက်မှုကြောင့် ခဏမျှ တုံ့ဆိုင်းသွားကြသည်။ သို့သော် ပြင်ပတာအိုကျင့်ကြံသူ ကောင်းကင်ဘုံအရှင် (၄)ပါးက စောမင်ကျန့်အား ဝိုင်းထားသည်ကိုတွေ့ရသည့်အခါ သူတို့က ချက်ချင်းပင် ဆက်လက်တိုက်ခိုက်လိုက်ကြသည်။
အရပ်မြင့်မြင့် ဆံပင်တိုတိုနှင့်လူငယ်က ရုတ်တရက် ရယ်မောလိုက်သည်။
သူ၏အရေပြားမျက်နှာပြင်က အတွင်းထဲမှ မီးတောက်လောင်သည့်ပမာ နီရဲတောက်ပလာသည်။ မီးလျှံများပျံ့နှံ့သွားပြီး နဂါးအကြေးခွံအစိတ်အပိုင်းများ ထွက်ပေါ်လာသည်။
စောမင်ကျန့်၏နဖူးထက်တွင် နဂါးဦးချိုအသွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
သူက နဂိုကပင် အရပ်ရှည်သူဖြစ်ပြီး ယခုအခိုက်အတန့်မှာတော့ ခါတိုင်းထက်ပိုပြီး အရပ်အမောင်းမြင့်မားသွားသည့်ပမာ ခံစားရသည်။
သူက နတ်မိစ္ဆာမျိုးနွယ်စကြာဝဠာဖြစ်သော ‘ချန်စန်းရှင်းဟိုင်စကြာဝဠာ’ ရှိ မီးလျှံနဂါးကမ္ဘာမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်ပြီး နဂါးနှင့်လူသား သွေးနှောတစ်ယောက်လည်း ဖြစ်သည်။
မီးလျှံထက်ယံအရှင်သခင်က ခွန်လွန်အထင်ကရ(၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်လေရာ သူ၏ဇာစ်မြစ်က လျှို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့ပေ။
နတ်မိစ္ဆာမျိုးနွယ်များက လူသားအသွင်ကူးပြောင်းနိုင်စွမ်းရှိကြပြီး သူတို့၏ မူလပုံသဏ္ဌန်ကိုလည်း ပြန်လည်ပြောင်းလဲနိုင်စွမ်း ရှိကြသည်။
စောမင်ကျန့်ကဲ့သို့ လူသားတစ်ဝက် နဂါးတစ်ဝက် သွေးနှောတစ်ယောက်အတွက်တော့ ဒဏ်ရာအပြင်းအထန်ရရှိသည့်အချိန်မှသာ လူသားတစ်ကဝက် နဂါးမျိုးနွယ်တစ်ဝက် အသွင်အပြင်ကို ပြသနိုင်မည် ဖြစ်သည်။
သို့သော် ယခု သူ၏တန်ခိုးစွမ်းအားက အလွန်တရာမှ ပြင်းထန်လွန်းလှပြီး နဂါးတစ်ဝက်အသွင်ပြောင်းလဲရန်အတွက် အတင်းအကျပ် ပြုလုပ်ရခြင်းမဟုတ်သလို ဒဏ်ရာရထားခြင်းမျိုးလည်း မရှိပေ။
စောမင်ကျန့် ဖြည်းဖြည်းချင်း နဂါးအသွင်ပြောင်းလဲသွားသည်ကိုကြည့်ရင်း လူတိုင်း ထိတ်လန့်အံ့သြသွားကြရသည်။
စောမင်ကျန့်၏မျက်နှာအမူအရာက အေးဆေးနေဆဲ ဖြစ်သည်။
သို့သော် သူ၏အကြည့်များက ပတ်ဝန်းကျင်စကြာဝဠာနှင့် အထက်ဘုံကမ္ဘာဆီသို့ ဖြတ်သန်းသွားပြီး မျက်ဝန်းများထဲတွင် နူးညံ့သည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။
သူက ရန်ကျောက်ကဲ၏မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ကို ခေါင်းလှည့်ကြည့်လိုက်ပြီး...
“ငါ့မှာအချိန်အားသိပ်မရှိဘူး ၊ နောက်ပိုင်းကိစ္စတွေအားလုံးက မင်းတို့အပေါ်ပဲမူတည်တယ်နော်”
***
(ထိုက်အားဓား - ထိုက်အားဓားဆိုသည်မှာ အောင်မြင်ခြင်းဂုဏ်အသရေကိုကိုယ်စားပြုသည့် နှစ်ဖက်သွားဓားကို ပြောခြင်းဖြစ်ပါတယ် ၊ တရုတ်သမိုင်းတွင် ချူပြည်ထောင်ကို ကျင်းပြည်ထောင်က ထိုက်အားဓားကို လိုချင်တာကြောင့် စစ်ချီတဲ့အခါမှာ ချူပြည်ထောင်ဘုရင်က ထိုက်အားဓားကို ဆွဲထုတ်လိုက်တာနဲ့ ကျင်းစစ်သည်တွေအားလုံး ကြောက်ရွံ့ထိတ်လန့်ပြီး ဓားချက်အောက်မှာ တစ်ယောက်မကျန် သေဆုံးသွားပြီး ချူပြည်ထောင်က စစ်ပွဲအောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ် ၊ အဲဒါကြောင့် ထိုက်အားဓားကို “အောင်ပွဲ” ရတဲ့အထိမ်းအမှတ်အဖြစ် သရုပ်ပြဆိုလေ့ရှိပါတယ် __ ဘာသာပြန်သူ)