နှစ်ထောင်ပေါင်းများစွာစောင့်ဆိုင်းခဲ့သော
Vol. 93 Ch. 1297
အခန်း (၁၂၉၇) နှစ်ထောင်ပေါင်းများစွာစောင့်ဆိုင်းခဲ့သော
ရန်ကျောက်ကဲက စောမင်ကျန့်ကိုကြည့်လိုက်ပြီး နက်ရှိုင်းသည့်လေသံဖြင့်...
“အကြီးအကဲ’စော’ ... သေချာဂရုစိုက်ပါ ၊ အခုချိန်က အရမ်းကိုအန္တရယ်များတဲ့အနေအထား ဖြစ်နေတယ်”
စောမင်ကျန့်က ပြုံးရင်း...
“ငါသိပါတယ် ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်တင်မဟုတ်ဘူး ဘုရားလောင်း ‘မီလဲ့ကိုယ်တော်’ လည်း ငါ့ကို မျက်နှာသာပေးမှာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ငါ့ကိုဖမ်းဆီးဖို့ ရောက်လာမယ်ဆိုရင်... မီလဲ့ကိုယ်တော်ကလည်း ဒီအခွင့်အရေးကို သေချာပေါက် လက်လွှတ်ခံမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ သူက ရည်ရွယ်ချက်ရှိရှိနဲ့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို အချိန်နည်းနည်းတော့ပေးလိမ့်မယ်”
ထိုအချိန်တိုလေးအတွင်း တောင့်ခံမထားနိုင်ဘူးဆိုလျှင် ကျန်သည့်ကိစ္စကိုတော့ ပြောနေစရာမလိုတော့ပေ။
ဘုရားလောင်းနှင့် သုခဘုံက လက်ရှိတွင် အခွန်လွတ်ကြီးပမာဖြစ်နေသော အမတခုံရုံးနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို တိုက်ခိုက်သည်အထိ စောမင်ကျန့် စောင့်ဆိုင်းနိုင်မည်ဆိုပါက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အနေဖြင့် ရန်သူကို ခုခံကာကွယ်ရမည်ဖြစ်ရာ စန်းချင်း(၃)ပါး အဆက်အနွယ်များကို အာရုံစိုက်နိုင်တော့မည် မဟုတ်ပေ။
ဘုရားလောင်းကိုရင်ဆိုင်ရန် အမတခုံရုံးက အခြားသူများကို စစ်ကူတောင်းထားနိုင်သော်လည်း သုခဘုံဘက်မှကူညီမည့် စစ်ကူများလည်း သေချာပေါက် ရှိမည်အမှန်ပင်။
ထို့ကြောင့် ဘုရားလောင်းက အမတခုံရုံးကို တိုက်ခိုက်လာမည့်အန္တရယ်မှကာကွယ်ရန်အတွက် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည် ဖြစ်သည်။
သို့သော် ဤသို့သော သေခြင်းရှင်ခြင်းတိုက်ပွဲမျိုးတွင် တောင့်ခံနိုင်ရန်ဆိုသည်က ခက်ခဲလှသည်။ ဤသို့သောတိုက်ပွဲမျိုးကို တောင့်ခံနိုင်မည်ဟု ယုံကြည်မှုရှိရန်လည်း ခက်ခဲသည်သာ ဖြစ်၏။
စောမင်ကျန့်က ရှားရှားပါးပါးပင် သက်ပြင်းတစ်ချက်ချရင်း...
“ငါ့အတွက် ကျွင်းဟွမ်ရဲ့ရုပ်အလောင်းကို စောင့်ရှောက်ပေးစေချင်တယ် ၊ ငါ သူ့ဆီကို မကြာခဏ လာတွေ့နိုင်မှာ မဟုတ်ဘူး”
ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးတောက်မီးလျံများဖုံးလွှမ်းသွားပြီး သူ၏အရေပြားထက်မှ နဂါးအကြေးခွံများနှင့် ဦးခေါင်းထက်မှ နဂါးဦးချိုက ပျောက်ကွယ်သွားသည်။
မီးတောက်မီးလျှံများက ပိုမိုအားကောင်းလာပြီး စောမင်ကျန့်၏ရုပ်သွင်က မူလအတိုင်းပြန်လည်ပြောင်းလဲသွားသည်။
သို့သော် အခြားသူများ၏အမြင်တွင်တော့ စောမင်ကျန့်၏ပုံစံက အရင်ကနှင့်မတူ တစ်စုံတစ်ခု ကွဲပြားသွားသည်ဟု ထင်မှတ်ရသည်။
သူက... ပိုမိုကြီးမားလာသည့်ပမာ ထင်မှတ်ရပေသည်။
အားလုံး မှင်တက်နေကြချိန်တွင် သူ၏ဦးခေါင်းက မြောက်ပိုင်းကြယ်စင်ဧကရာဇ်ထံမှထွက်ပေါ်လာသော ကြယ်စင်ခြောက်ပွင့်ဆီသို့ ရောက်ရှိသွားလေ၏။
စောမင်ကျန့်နှင့် ရန်ကျောက်ကဲ ပြောသည့်စကားကိုကြားသည့်အခါ ကျန်းရှန် မျက်မှောင်ကျုံ့သွားသည်။
ထို့နောက် မျက်စိရှေ့မှ အဖြစ်အပျက်ကိုတွေ့လိုက်ရသည့်အခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး...
“တာအိုရောင်းရင်း’စော’... မင်းက ဒီလိုအဆင့်တောင် ရောက်နေပြီလား ၊ မင်းက အခု ဒီအဆင့်ကို တက်လှမ်းနိုင်ပြီလား”
စောမင်ကျန့် မျက်နှာထက် ဝမ်းနည်းကြေကွဲသည့်အမူအရာ ထင်ဟပ်လာသည်။
“အခု မဟုတ်ပါဘူး ၊ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကတည်းကပါ...”
သူ့ဘေးနားတွင် ငြိမ့်ညောင်းသေလေတိုက်ခတ်သံများ မြည်ဟည်းလျှက် ရှိသည်။
ဟုတ်ပေ၏။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကဖြစ်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က သူက မိဘများ၏သင်္ချိုင်းဂူရှိရာ မီးလျှံနဂါးကမ္ဘာသို့ ပြန်လာခဲ့ပြီး ရှောက်ကျွင်းဟွမ်လက်ဆာင်ပေးသည့် ခေါက်ယပ်တောင်လေးကို ထိုနေရာတွင် ထားရှိခဲ့သည်။
ထိုစဉ်အချိန်ကတည်းက သူက ဤအဆင့်သို့ တက်လှမ်းနိုင်နေပြီ ဖြစ်၏။
သူ့အတွက် ဤအဆင့်သို့ရောက်ရှိခြင်းမှာ သူလုပ်နိုင်သည်ဆိုသည့်အပေါ် မူတည်ခြင်းမရှိဘဲ သူလုပ်ချင်သည်ဆိုသည့်အပေါ်တွင်သာ မူတည်သည်။
ထိုအချိန်တုန်းက သူ ဤအဆင့်သို့တက်ရောက်လိုခြင်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ ဤအဆင့်သို့ ခြေလှမ်းလှမ်းမည်ဆိုပါက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်း၏ပစ်မှတ်ထားခြင်းကို ခံရမည်ဖြစ်သောကြောင့်ပင်။
သူက သိုင်းပညာကိုသဘောကျပြီး သိုင်းပညာရပ်များကိုလည်း နှစ်သက်သူ ဖြစ်သည်။ သို့သော် မိမိရှုံးနိမ့်မည်ကို သိရှိပါက အကြောင်းပြချက်မရှိဘဲ အခြားသူများနှင့် ရန်ဘက်ပြု တိုက်ခိုက်မည် မဟုတ်ပေ။
တိုက်ခိုက်ရမည်ဆိုလျှင်တောင်မှ သူတိုက်ခိုက်လိုသည့်အချိန် သို့မဟုတ် ကမ္ဘာလောကကြီး၏ နက်နဲမှုများကို ပိုမိုသိရှိချင်သည့် အချိန်အခါမျိုးတွင်သာ တိုက်ခိုက်မည် ဖြစ်၏။
ထိုသို့သောအချိန်မျိုးတွင် သူ့အတွက်အသက်အန္တရယ်ရှိလျှင်ပင် တာအိုကို ကိုယ်တိုင်ထိုးထွင်းသိမြင်မှု ပိုမိုရရှိရန်အတွက် ထိုသို့တိုက်ခိုက်ရန် ကြောက်ရွံ့မည် မဟုတ်ပေ။
ဟုတ်ပေ၏။
သူက အခြားသူများ၏လွှမ်းမိုးခံရသည်ကို နှစ်သက်သူ မဟုတ်ပေ။
သူ ရှေ့သို့တစ်ဆင့်တက်လှမ်းမည်ဆိုလျှင် ထိုအချက်ကို ရှောင်တိမ်းနိုင်ရန်အတွက် မြောက်ပိုင်းကြယ်စင်ဧကရာဇ် ၊ တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ဝူတန့်မယ်တော်တို့ကဲ့သို့ ဗလာနယ်ထဲတွင် နိုးတစ်ဝက် အိပ်တစ်ဝက်အနေအထားဖြင့် လွင့်မျောနေရမည်ဖြစ်သည်။
သို့မှသာ သူ၏တည်ရှိမှုကို ဘုရားလောင်းနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် အာရုံမခံမိစေရန် ရှောင်တိမ်းနိုင်မည် ဖြစ်၏။
သူ့အနေဖြင့် လောကအလယ် ဘယ်တော့မှထွက်ပေါ်မလာတော့ဘဲ အမြဲတမ်းပုန်းကွယ်နေရမည်ဟု မဆိုလိုသော်လည်း ကန့်သတ်ချက်များစွာကတော့ ရှိနေပေမည်။
သူက ထိုသို့ မဖြစ်ချင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ့တွင် အရေးတကြီးလုပ်စရာများ ရှိနေပေသေးသည်။ အထူးသဖြင့် ရှောက်ကျွင်းဟွမ် မည်သည့်နေရာသို့ရောက်နေသည်လဲ ရှာဖွေရပေဦးမည်။
ထိုအချိန်ကပင် ရှောက်ကျွင်းဟွမ် ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်း(၁၄၀၀)ကျော် ရှိနေပြီဖြစ်၏။
စောမင်ကျန့် နှစ်ပေါင်း(၁၄၀၀)ကျော်လုံး ရှာဖွေခဲ့သည့်တိုင် ရှောက်ကျွင်းဟွမ်ကို မည်သည့်နေရာတွင်မှ မတွေ့ရှိခဲ့ပေ။ ထို့ကြောင့် သူ ဆက်ပြီးရှာဖွေချင်ခဲ့သည်။
ထိုစဉ်အချိန်က ရှောက်ကျွင်းဟွမ်ကိုရှာဖွေလိုသည့်အတွက် ကျင့်ကြံခြင်းအဆင့်တက်ခြင်းမရှိဘဲ လက်ရှိကျင့်ကြံခြင်းအဆင့်မှာပင် သူ့ကိုယ်သူ ထိန်းထားခဲ့ခြင်း ဖြစ်သည်။
ယခု သူက ရှောက်ကျွင်းဟွမ်၏ အဆက်အနွယ်များကို ကာကွယ်ပေးရန်အတွက် ရည်ရွယ်ချက်ရှိရှိပင် လက်ရှိကျင့်ကြံခြင်းအဆင့်အတိုင်း ဆက်လက်ထိမ်းသိမ်းထားကာ စုပေါင်းတိုက်ခိုက်လာမည့်ရန်သူများကို တစ်ချက်တည်းဖြင့် ရှင်းပစ်ရန် စောင့်ဆိုင်းနေခဲ့သည်။
မြောက်ပိုင်းကြယ်စင်ဧကရာဇ်က ကျန်းရှန်နှင့် ယန်ချဲ့တို့အား ကာကွယ်ပေးထားချိန် သူက ထိုက်ရွှီးနတ်ဘုရားအဆင့်သာ ရှိသေးသဖြင့် ဘာမှမလုပ်နိုင်ခဲ့ပေ။
ထို့နောက် သူက အဆင့်တစ်ဆင့်တက်ပြီး ‘ကောင်းကင်နတ်ဘုရားအဆင့်’ သို့ ရောက်ရှိလာခဲ့သည်။
ကောင်းကင်တစ်ခွင်လုံးတွင် ပြည့်နက်နေသည့် ယုံကြည်ခြင်းရတနာအလင်းတန်းနှင့် ပတ်သက်၍ကတော့...
“အမတခုံရုံးက ကောင်းကင်ဘုံအရှင်လက်အောက်က ပုရွက်ဆိတ်လေးတွေ...”
စောမင်ကျန့်အမူအရာက ဝမ်းနည်းကြေကွဲသည့်အသွင် ရှိမနေတော့ပေ။
သူ၏မျက်ဝန်းများက မီးလျှံများပေါက်ကွဲထွက်သည့်ပမာ တောက်ပနေပြီး ကောင်းကင်ဘုံအရှင်’ကျောက်’ ၊ ရတနာချုပ်နှောင်ကောင်းကင်ဘုံအရှင်နှင့် အခြားသော ပြင်ပတာအိုကျင့်ကြံသူ နတ်ဘုရားများထံ ကျရောက်သွားသည်။
“ငါပြောတဲ့ ‘ကောင်းကင်ဘုံအရှင်’ ဆိုတာ မင်းတို့အုပ်စုကိုပြောတာမဟုတ်ဘူး ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ ကို ပြောတာ”
ကောင်းကင်ဖြတ်တောက်တန်ခိုးစွမ်းအားအောက်တွင် များပြားလှစွာသော တိုက်ခိုက်မှုနည်းလမ်းများက ထိရောက်မှုမရှိတော့ပေ။
ဆံပင်တိုတိုနှင့်လူငယ်၏ခန္ဓာကိုယ်မှထွက်ပေါ်လာသော မီးတောက်မီးလျှံများက တာအိုစကြာဝဠာတစ်ခုလုံးကို ဖြတ်သန်းသွားပြီး အပြင်ဘက်ဆီသို့ပင် ရောက်ရှိသွားသည်။
အမတခုံရုံးမမှကျင့်ကြံသူများက တစ်ခုခုလွဲချောနေကြောင်းသိလိုက်သည်နှင့် စောမင်ကျန့်ကို အချိန်မပေးတော့ဘဲ အဆက်မပြတ် တဟုန်ထိုး စတင်တိုက်စစ်ဆင်လိုက်ကြသည်။
ကောင်းကင်နတ်ဘုရားအဆင့်ကျင့်ကြံသူများနှင့်အတူ များပြားလှစွာသော ပြင်ပတာအို တန်ခိုးစွမ်းအားရှင်များ အင်အားပေါင်းစည်းလိုက်ကြသည့် ထိုခဏတွင် တန်ခိုးစွမ်းအားလှိုင်းလုံးများက အပြင်းအထန်လှုပ်ရှားသွားပြီး တာအိုစကြာဝဠာတစ်ခုလုံး အပိုင်းပိုင်းစုတ်ပြဲသွားတော့မည့်ပမာ ထင်မှတ်ရသည်။
မြောက်ပိုင်းကြယ်စင်ဧကရာဇ်က သူ၏တန်ခိုးစွမ်းအားဖြင့် တာအိုစကြာဝဠာ၏ အချိန်နှင့်နေရာကို ဖိနှိပ်ထားသည့်အတွက် စကြာဝဠာတစ်ခုလုံး ပြိုကျမသွားခြင်း ဖြစ်သည်။
ကျန်းရှန်နှင့် ယန်ချဲ့တို့က စောမင်ကျန့်၏အခြေအနေကို စိတ်ရှုပ်ထွေးစွာဖြင့် အာရုံစူးစိုက်ကြည့်နေကြသည်။
‘ကောင်းကင်နတ်ဘုရားအဆင့်’ ဆိုသည်က တက်ရောက်ချင်တိုင်းတက်ရောက်နိုင်သည့် အဆင့်တစ်ခု မဟုတ်ပေ။
သိုင်းသူတော်စင်အဆင့်မှ အစစ်အမှန်နတ်ဘုရားအဆင့်သို့တက်ရောက်လိုလျင် နတ်ဘုရားလူသားကပ်ဘေးကို ဖြတ်ကျော်ရမည် ဖြစ်သည်။
အစစ်အမှန်နတ်ဘုရားမှ နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်ရောက်လိုသည်ဆိုလျှင် အတိုင်းအဆမဲ့ကပ်ဘေးဟုခေါ်ဆိုသော သမ္မာတရားကပ်ဘေးကို ဖြတ်ကျော်ရပေမည်။
နက်ရှိုင်းနတ်ဘုရားအဆင့်မှ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်ရောက်လိုသည်ဆိုလျှင် မူလသမ္မာတရားကပ်ဘေးကို ဖြတ်ကျော်ရမည် ဖြစ်၏။
အလားတူပင် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်မှ ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်ရောက်လိုသည်ဆိုလျှင် “မူလကောင်းကင်ကပ်ဘေး” ကို ဖြတ်ကျော်ကြရပေသည်။
‘မူလကောင်းကင်ကပ်ဘေး’ က ‘မူလသမ္မာတရားကပ်ဘေး’ ထက် အဆပေါင်းများစွာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
သမိုင်းတစ်လျှောက် ဤ ‘မူလကောင်းကင်ကပ်ဘေး’ အောက်တွင် ထျန်းကျွင်းများစွာ သေကြေပျက်သုဉ်းခဲ့ကြရသည်။ ပိုပြီးဆိုးရွားသည်မှာ ထျန်းကျွင်းအများစုက ထိုကပ်ဘေးအား ကျော်ဖြတ်ရမည်ကို ကြောက်ရွံ့ပြီး ထျန်းကျွင်းနယ်ပယ်မှ ကောင်းကင်ဘုံအရှင်နယ်ပယ်သို့ ဆက်လက်တက်လှမ်းကြခြင်း မရှိတော့ပေ။
များပြားလှစွာသော တန်ခိုးစွမ်းအားရှင်များ ဝိုင်းဝန်းတိုက်ခိုက်ခံနေရပြီး ကောင်းကင်နတ်ဘုရား (၄)ပါးသည်လည်း ရှိနေကြသည်ဖြစ်ရာ ၊ ဤသို့သောအခြေအနေအောက်တွင် စောမင်ကျန့်အနေဖြင့် ‘မူလကောင်းကင်ကပ်ဘေး’ ကို မည်သို့ ရင်ဆိုင်ပါမည်နည်း။
ပြီးတော့ စောမင်ကျန့်က အတွင်းအပြင်ရန်သူများအားလုံးနှင့် ရင်ဆိုင်နေရသူ ဖြစ်သည်။
ဤအချက်က အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များကို စိတ်သက်သာရာရစေသည့်အချက် ဖြစ်၏။
သို့သော် အချိန်တစ်ခဏအတွင်းမှာပင် စောမင်ကျန့်၏မျက်ဝန်းများထဲမှ တောက်ပသည့်အလင်းရောင်များ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တွင်းမှ ကပ်ဘေးက အပြင်ဘက်သို့ တဖြည်းဖြည်းချဲ့ထွင်လာသည့်အလား ဖြစ်၏။
အလင်းတန်းများက စောမင်ကျန့်ခန္ဓာကိုယ်တစ်လျှောက် တောက်ပလင်းလက်သွားသည်။ ထို့နောက် အလင်းတန်းများက သူ၏မျက်လုံးဆီသို့ရောက်ရှိသွားပြီး မျက်လုံးများထဲမှ မီးတောက်မီးလျှံများ လောင်ကျွမ်းထွက်ပေါ်လာသည်။
မီးတော်ကမီးလျှံများက ကောင်းကင်သို့ဦးတည်သော လမ်းတစ်လမ်းအဖြစ် ပြောင်းလဲသွားသည်။ ထိုလမ်းက စောမင်ကျန့်ကို အခြားသူများနှင့် သီးခြားခွဲထုတ်လိုက်သည်။
မြင်ကွင်းကိုကြည့်ပြီး လူတိုင်း စိတ်ပျက်လက်ပျက် ခံစားလိုက်ကြရသည်။
စောမင်ကျန့်က သူ့ထံသို့ကျရောက်လာသော ‘မူလကောင်းကင်ကပ်ဘေး’ ကို ချက်ချင်းပင် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး အတွင်းမှကပ်ဘေးကို အပြင်သို့လွှဲပြောင်းကာ ပြင်ပရန်သူများကို ရပ်တန့်စေခဲ့သည်။
သူက လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကပင် ကောင်းကင်နတ်ဘုရားဖြစ်လာနိုင်သည်ဟု ပြောဆိုစဉ်က လူအများက ၎င်းကို မယုံကြည်ခဲ့ကြပေ။
သို့သော် ယခု မြင်ကွင်းကိုမြင်လိုက်သူတိုင်းကတော့ မည်သူမှ သံသယမဝင်ကြတော့ပေ။
တောက်လောင်နေသည့် မီးတောက်မီးလျှံများက စကြာဝဠာ ဗလာနယ်ကို ပိုင်းခြားပစ်လိုက်သည်။ စောမင်ကျန့်က စကြာဝဠာထဲတွင်ရှိနေသည့်တိုင် စကြာဝဠာ၏ အစိတ်အပိုင်းတစ်ခု မဟုတ်တော့သည့်အလား ထင်မှတ်ရသည်။
သူ၏ဦးခေါင်းထက်မှ ပန်းနှစ်ပွင့်အလယ်တွင် တတိယမြောက်ပန်းပွင့် ထွက်ပေါ်လာသည်။
ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူ ၊ ချီစွမ်းအားငါးမျိုးစုစည်းခြင်းအဆင့်။
ကောင်းကင်နတ်ဘုရားခန္ဓာဆိုသည်က ထာဝရတည်ရှိပြီး အကန့်အသတ်မရှိသော ဖြစ်တည်မှုတစ်ခု ဖြစ်၏။
ကောင်းကင်နတ်ဘုရားအဆင့်။
တောက်ပသောမီးလျှံများထဲတွင် စောမင်ကျန့်၏ပုံရိပ်က တဖြည်းဖြည်း မှေးမှိန်စပြုလာသည်။
မီးတောက်မီးလျှံအလွှာများက အဆက်မပြတ် အပြင်ဘက်သို့ ပေါက်ကွဲထွက်နေသည်။ မီးတောက်မီးလျှံများဆီမှ စည်းတံဆိပ်များထွက်ပေါ်လာပြီး စကြာဝဠာထဲတွင် အချိန်ကြာမြင့်စွာ တည်ရှိနေသည်။
မီးလျှံပင်လယ်အတွင်းမှ ကြယ်စင်တစ်စင်း ထွက်ပေါ်လာသည်။
ထိုကြယ်စင်က ပုံရိပ်ယောင်ကြယ်စင်တစ်စင်းမဟုတ်သလို စောမင်ကျန့်၏ တန်ခိုးစွမ်းအားဖြင့် ဖန်တီးထားခြင်းလည်း မဟုတ်ပေ။
ထိုအရာက တကယ့်ကြယ်စင်တစ်စင်း ဖြစ်၏။
ကျယ်ပြန့်ပြီးအဆုံးမရှိသောဗလာနယ်က စောမင်ကျန့်၏ထိတွေ့ခြင်းကိုခံရပြီး ထိုခဏမှာပင် မီးပင်လယ်ထဲတွင် ကြယ်စင်များစွာ တစ်စင်းပြီးတစ်စင်းထွက်ပေါ်လာသည်။
တောက်ပသည့်ကြယ်စင်များအနားသို့ တိုးကပ်ကြည့်မည်ဆိုလျှင် မျက်နှာပြင်ထက်တွင် အဆုံးမရှိသော မီးတောက်မီးလျှံများ တောက်ပနေကြောင်း တွေ့မြင်ရပေမည်။
တောက်လောင်နေသည့် ကြယ်စင်များထဲတွင် ကောင်းကင်မီးလျှံ ၊ နေဝန်းမီးလျှံများက အလယ်ဗဟိုသို့ပြိုကျလာပြီး စွမ်းအားများပိုမိုပြင်းထန်လာသည်။
စောမင်ကျန့်မှပြောင်းလဲသွားသော မီးတောက်မီးလျှံကမ္ဘာက တာအိုစကြာဝဠာတစ်ခုလုံးအား လောင်ကျွမ်းလုနီးပါး ဖြစ်ရသည်။
မီးတောက်မီးလျှံများအက်ကွဲလောင်ကျွမ်းသံ တေးဂီတတစ်ခုပမာဖြစ်ပြီး မြောက်ပိုင်းကြယ်စင်ဧကရာဇ်ထံမှ ထွက်ပေါ်လာသောစူးရှတေးသံပမာ နက်ရှိုင်းလှပြီး စကြာဝဠာတစ်ခုလုံးသို့ ပဲ့တင်ထပ်နေသည်။
တာအိုစကြာဝဠာထဲမှ အထက်ဘုံကမ္ဘာ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ၊ အောက်ဘုံကမ္ဘာများနှင့် ဗလာနယ်တစ်ခုလုံးမှ သက်ရှိများအားလုံး ဤတေးသွားကိုကြားနိုင်ပြီး ကမ္ဘာတစ်ခုလုံးအားလွှမ်းခြုံထားသည့် မီးတောက်မီးလျှံများကို တွေ့မြင်နိုင်ကြသည်။
အံ့သြဖွယ်ရာတေးသွားက အလွန်တရာလေးနက်သော်လည်း အဓိပ္ပါယ်ကို လူတိုင်းနားလည်နိုင်ကြသည်။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်ပိုင်း သိုင်းကျင့်ကြံသူများထဲတွင် ပထမဆုံး ‘ကောင်းကင်ဘုံအရှင်’ ထွက်ပေါ်လာခဲ့ပြီ ဖြစ်လေသည်။