ကောင်းကင်နတ်ဘုရား၏ရုပ်ခန္ဓာ ၊ ထာဝရ အဆုံးမရှိသောတည်ရှိမှု
Vol. 93 Ch. 1298
အခန်း (၁၂၉၈) ကောင်းကင်နတ်ဘုရား၏ရုပ်ခန္ဓာ ၊ ထာဝရ အဆုံးမရှိသောတည်ရှိမှု
အထက်ဘုံကမ္ဘာဖြစ်စေ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံဖြစ်စေ...။
ကမ္ဘာလောက၏ မည်သည့်နေရာတွင်ဖြစ်စေ ခေါင်းမော့ကြည့်လိုက်သည်နှင့် တောက်လောင်နေသည့်မီးတောက်မီးလျှံများကို တွေ့မြင်ကြရမည် ဖြစ်သည်။
ထိုမီးတောက်မီးလျှံများက ကောင်းကင်တစ်ခုလုံးလွှမ်းခြုံထားပြီး အနားသတ်များကိုပင် တွေ့မြင်ရခြင်း မရှိပေ။
အောက်ဘုံကမ္ဘာများနှင့် အခြားသောစကြာဝဠာများမှ ကြည့်ရှုမည်ဆိုလျှင်တော့ အနီရောင်တောက်နေသည့် မီးလျှံမြင်ကွင်းများကိုသာ တွေ့မြင်နိုင်သည်။
လေးနက်သောတေးသွား၏အရိပ်အမြွက်သဘောတရားကို သိရှိခွင့်ရသည့်အခါ သာမန် သေမျိုးလူသားများက စိတ်ရှုပ်ထွေးသွားကြသည်။
သူတို့အားလုံး ကမ္ဘာလောကကြီး၏ အံ့အားသင့်ဖွယ်ရာ အပြောင်းအလဲကို ခံစားခဲ့ကြရပြီး ချက်ချင်းပင် ဒူးထောက်လျှက် ဆုတောင်းကြသည်။
ကျင့်ကြံသူများအနေဖြင့် ကျင့်ကြံခြင်းအဆင့် နိမ့်သည်ဖြစ်စေ မြင့်မားသည်ဖြစ်စေ အစပိုင်းတွင် ကြောက်ရွံ့ထိတ်လန့်သွားကြသော်လည်း နောက်ပိုင်းမှာတော့ အလွန်ပျော်ရွှင်သွားကြသည်။
ထိုနေ့တွင် တာအိုဝါဒ ဧကရာဇ် (၄)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဒဏ္ဍာရီလာ မြောက်ပိုင်းကြယ်စင်ဧကရာဇ်သည်လည်း ကိုယ်ထင်ပြခဲ့သည်။
ထို့နောက် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်ပိုင်း ခေတ်ကာလတွင် မွေးဖွားလာသော တန်ခိုးစွမ်းအားရှင် အသစ်တစ်ယောက်သည်လည်း ‘ကောင်းကင်နတ်ဘုရားအဆင့်’ သို့ တက်ရောက်နိုင်ခဲ့သည်။
ဤသတင်းက ကျင့်ကြံသူများကို စိတ်မလှုပ်ရှားဘဲ မနေနိုင်စေခဲ့ပေ။
ကောင်းကင်တစ်ခွင်ပြည့်နက်နေသည့် နတ်ဘုရားဖြစ်စဉ်အရိပ်အယောင်များက ဤသည်က ထင်ယောင်ထင်မှား ဖြစ်ရပ်တစ်ခုမဟုတ်ကြောင်း အဓိပ္ပါယ်သက်ရောက်စေသည်။
ယနေ့ အဖြစ်အပျက်များကို ပို၍နက်နက်ရှိုင်းရှိုင်းနားလည်သူများကတော့ ပိုပြီး တုန်လှုပ်သွားကြရသည်။
ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ ရောက်ရှိထားပြီးဖြစ်သော တန်ခိုးစွမ်းအားရှင်များဆိုလျှင် ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်မည်ဆိုလျှင် စကြာဝဠာတစ်ခွင် လောင်ကျွမ်းပြည့်နက်နေသည့် မီးတောက်မီးလျှံများအလယ်တွင် ဆံပင်တိုတို အရပ်မြင့်မြင့်နှင့် လူငယ်တစ်ယောက်ကို ထင်ရှားစွာ တွေ့မြင်ကြရပေမည်။
ထိုလူငယ်က ကောင်းကင်ကိုထိုးခွင်းပြီး ကောင်းကင်ကိုးထပ်ဆီသို့ တက်လှမ်းသွားသည်ကို တွေ့ရပေမည်။
ထိုသူ၏ပုံရိပ်က တဖြည်းဖြည်း သိမြင်ရန်ခက်ခဲလာပြီး အခြေအနေကိုဖော်ပြရန်ခက်ခဲသလို ခန့်မှန်းရလည်း ခက်လာသည်။
***
“ကောင်းကင်နတ်ဘုရားအဆင့်ကိုတက်ရောက်သွားပြီး ‘ထာဝရအဆုံးမရှိရုပ်ခန္ဓာ’ ကိုရရှိသွားပြီဖြစ်တဲ့အတွက် မီးလျှံထက်ယံအရှင်သခင်ကို ဂုဏ်ပြုပါတယ်”
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ၊ ချင်းဖိန်တောင်တွင် အချိန်အတန်ကြာအောင် အလုံပိတ်ထားသော ကျောက်ဂူအိမ်တော်နှစ်ခု တစ်ပြိုင်တည်းပွင့်သွားကြသည်။
ကျောက်ဂူအိမ်တော်တစ်ခုအတွင်းမှ ထွက်လာသည့် အမျိုးသမီးတစ်ယောက်က အသက်(၆၀)အရွယ်ဖြစ်သည်။ သူမ ငယ်ရွယ်စဉ်က မည်မျှချောမောလှပကြောင်း သိသာလှစွာ ယခုအချိန်ထို အလွန်တရာ ချောမောလှပနေဆွဲဖြစ်သည်။
အခြားတစ်ယောက်ကတော့ အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် အသက်(၃၀)အရွယ်ခန့် မိန်းကလေးတစ်ယောက်ဖြစ်သည်။
သူတို့နှစ်ယောက် တစ်ပြိုင်တည်းတည်းထွက်ပေါ်လာကြပြီး ချင်းဖိန်တောင်ထိပ်ရှိ ကောင်းကင်ယံထက်သို့ ပျံသန်းသွားကာ ဗလာနယ်ထဲတွင် မတ်တတ်ရပ်လျှက် ရှိကြသည်။
သူတို့နှစ်ယောက် တံခါးပိတ်ကျင့်ကြံရာမှထွက်လာသည့်အခါ ချင်းဖိန်တောင်တစ်ခုလုံး တုန်လှုပ်သွားလေသည်။
ထိုအမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်မှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် နှစ်ပေါင်းထောင်နှင့်ချီပြီး နာမည်ကျော်ကြားခဲ့သူတစ်ယောက်ဖြစ်သည်။
သူမကိုတွေ့ရှိသူ မည်သူမဆို ‘တည်ထောင်သူဆရာဘွားဘွား’ ဟုခေါ်ဆိုကြပြီး ၊ သူမက အခြားသူမဟုတ် ‘နွယ်ပင်ဧကရီ’ ပင် ဖြစ်လေသည်။
ကျန်တစ်ယောက်ကတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ လောကပထမ တန်ခိုးစွမ်းအားရှင် ဖြစ်သည်။
သူမက ချင်းဖိန်တောင်မှ စန့်ချင်အဆက်အနွယ်များထဲတွင် လောကပထမ ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ၊ သူမက အခြားသူမဟုတ် ရွှမ်ဟွမ်ဧကရီ ‘ကောင်းချင်းရွှမ်’ ပင် ဖြစ်၏။
ယခု...
သူတို့နှစ်ယောက်လုံး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ ကောင်းကင်ထက်ယံဆီသို့ ဖြည်းညင်းစွာမြင့်တက်လာနေသည့် မီးတောက်မီးလျှံပင်လယ်ပြင်ကို ကြည့်ရှုရင်း ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
နွယ်ပင်ဧကရီနှင့် ရွှမ်ဟွမ်ဧကရီအပြင်...
လုန်ချွမ်ဧကရာဇ် ၊ ဟွေလင်တောင်ကြားမှ တိမ်လွှာခွင်းဧကရာဇ် ၊ ချွင်ကျွင်းဧကရာဇ်’လုန်ရွှယ်ကျီး’ တို့သည်လည်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာကြသည်။
ဒဏ်ရာများကုသနေကြဆဲဖြစ်သော ငြိမ်သက်ဧကရာဇ်နှင့် စစ်မှန်ဧကရာဇ်တို့သည်လည်း သူတို့ဘေးနားသို့ ရောက်ရှိလာကြသည်။
သူတို့နောက်တွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ တပည့်အုပ်စုကြီး မတ်တတ်ရပ်လျှက် ရှိကြသည်။
သူတို့အားလုံးက ရွှမ်ဟွမ်ဧကရီ ၊ နွယ်ပင်ဧကရီတို့နှင့်အတူ မီးတောက်မီးလျှံများတောက်လောင်နေသော မီးပင်လယ်ဆီသို့ ဦးညွှတ်ဂါရဝပြုလိုက်ကြလေသည်။
***
“ကောင်းကင်နတ်ဘုရားအဆင့်ကိုတက်ရောက်သွားပြီး ထာဝရနှင့် အကန့်အသတ်မရှိသော နတ်ဘုရားတစ်ပါးဖြစ်လာခြင်းအတွက် မီးလျှံထက်ယံအရှင်သခင်ကို ဂုဏ်ပြုပါတယ်”
ကူရာကယ်ရာမဲ့ခြင်းတွင် တုန်လှုပ်ချောက်ချားသည့်ခံစားချက်က ရောထွေးလို့နေသည်။ ကူရာကယ်ရာမဲ့ခြင်းတွင် ကျေးဇူးတင်ခြင်းနှင့် ပိုပြီးပင်ပန်းနွမ်းနယ်သည့်ခံစားချက်များ ပါဝင်နေသည်။
ပင်ပန်းနွမ်းနယ်မှုများထဲတွင် စိုးရိမ်ပူပန်မှုများကလည်း ပိုမိုနက်ရှိုင်းစွာ ထွက်ပေါ်လာသည်။
မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ မှာ အလွန်ရှုပ်ထွေးသော စိတ်ခံစားမှုများကို ရောနှောခံစားနေရသည်။
သူက မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ အကာအကွယ်အောက်တွင် ရပ်နေရင်း အဆက်မပြတ်နီးကပ်လာသော မီးတောက်မီးလျှံများကို စူးစိုက်ကြည့်နေသည်။
အမှန်တော့ ထိုမီးတောက်မီးလျှံများက အတွင်းထဲမှတောက်လောင်နေသည့် ကြယ်စင်အလင်းတန်းများသာလျှင် ဖြစ်သည်။
သူက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး မီးတောက်မီးလျှံပင်လယ်ကို ဦးညွှတ်ဂါရဝပြုလိုက်လေသည်။
စိတ်ရှုပ်ထွေးနေဟန်ရှိသော လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်’ယန်ချဲ့’ ကလည်း ကျန်းရှန်ကဲ့သို့ပင် ဦးညွှတ်ဂါရဝပြုလိုက်သည်။
***
“ကောင်းကင်နတ်ဘုရားအဆင့်ကိုတက်ရောက်သွားပြီး ထာဝရနှင့် အကန့်အသတ်မရှိသော နတ်ဘုရားတစ်ပါးဖြစ်လာခြင်းအတွက် မီးလျှံထက်ယံအရှင်သခင်ကို ဂုဏ်ပြုပါတယ်”
တာအိုစကြာဝဠာအတွင်းသို့ တန်ခိုးစွမ်းအားရှင်များစွာ ရောက်ရှိလာသည်ဖြစ်ရာ အဂ္ဂိရတ်ခန်းမကို ဖုံးကွယ်ထားရန် ခက်ခဲလာပြီး ရုပ်လုံးထွက်ပေါ်လာတော့မည့်အလား ဖြစ်ပေါ်လာသည်။
အဂ္ဂိရတ်ခန်းမထဲတွင် အရပ်မြင့်မြင့် လူရိပ်တစ်ခုရှိနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်မီးလျှံများ လောင်ကျွမ်းနေသည်။
မီးတောက်မီးလျှံများအောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြီးမားသော ကောင်းကင်လှံရှည်ကြီးတစ်လက်နှင့် ရောယှက်နေသည်။
မီးတောက်မီးလျှံများတောက်လောင်နေသဖြင့် သူ၏အသွင်အပြင်ကို ဖော်ထုတ်ရန်မှာ ခက်ခဲလှသည်။
သို့သော် ရုတ်တရက်ပင် တောက်ပသော မီးတောက်မီးလျှံများပျောက်ကွယ်သွားပြီး ခက်ထန်သော မျက်နှာထားရှိသည့် လူတစ်ယောက်၏ရုပ်သွင် ထွက်ပေါ်လာသည်။
သူသည်လည်း စကြာဝဠာတစ်ခုလုံးပြည့်နက်နေသည့် မီးတောက်မီးလျှံများဆီသို့ ဦးညွှတ်ဂါရဝပြုလိုက်သည်။
ထိုသူသည်ကား အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ပင် ဖြစ်တော့၏။
အဂ္ဂိရတ်ခန်းမထဲတွင်ရှိနေသော အလွန်တရာမြင့်မားသည့် ချန်းဟွာသစ်ပင်ကြီး၏ အကိုင်အခက်များသည်လည်း ရုတ်တရက် လျှင်မြန်စွာ လှုပ်ရှားသွားသည်။
သစ်ပင်ထက်မှ နှင်းဖြူရောင်ပန်းပွင့်များက ကြွေကျလာပြီး အဆုံးမရှိနှင်းပွင့်များကျဆင်းသည့်ပမာ ထင်မှတ်ရသည်။
နှင်းဖြူရောင်ပန်းပွင့်ဟောင်းများ အဆက်မပြတ်ကြွေကျသွားပြီးနောက် မီးရောင်တစ်ချက်လင်းလက်သွားပြီး ရွှေရောင်တောက်နေသော ပန်းပွင့်များက အသစ်တစ်ဖန် ထပ်မံပွင့်လန်းလာခဲ့သည်။
***
“ထာဝရနှင့် အဆုံးမရှိသော ဖြစ်တည်မှုတစ်ခုအဖြစ် ကောင်းကင်နတ်ဘုရားအဆင့်ကိုတက်ရောက်သွားတဲ့ မီးလျှံထက်ယံအရှင်သခင်ကို ဂုဏ်ပြုပါတယ်”
တာအိုစကြာဝဠာအလွန် အလင်းရောင်စက်ဝန်းထဲတွင်ရှိနေသော အဖြူရောင်ဝတ်လူငယ်က တစ်ချက်ပြုံးလိုက်သည်။
သူက တာအိုစကြာဝဠာတစ်ခုလုံးတွင် ပြည့်လျှံနေသော မီးတောက်မီးလျှံများဆီသို့ ဦးညွှတ်ဂါရဝပြုလိုက်သည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ... တကယ့်ကို ကြီးမားတဲ့ဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာခဲ့ပြီ ၊ စောမင်ကျန့်... မင်းက ငါ့ကို လုံးဝ စိတ်မပျက်စေဘူးပဲ”
အဖြူရောင်ဝတ်လူငယ်က ချီးကျူးစကားဆိုလိုက်သည်။
“မင်းကို တကယ်ကျေးဇူးတင်ပါတယ် ၊ ဒီအတိုင်းဆိုရင် မြောက်ပိုင်းကြယ်စင်ဧကရာဇ်က မင်းဆီကို အာရုံလွဲသွားတော့မယ် ၊ ပြီးတော့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လည်း ဒီနေရာကို အမြန်ဆုံးရောက်လာပြီး မင်းတို့နှစ်ယောက်လုံးကို နောက်ပြန်ဆုတ်ခိုင်းလိမ့်မယ်”
တာအိုစကြာဝဠာတွင် မီးတောက်မီးလျှံပင်လယ်ပြင်ကြီးက ပတ်ဝန်းကျင် နယ်မြေတစ်ခုလုံးအား လွှမ်းခြုံသွားပြီး မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ ကြယ်စင်အလင်းတန်းများနှင့် ပြင်ပတာအိုကျင့်ကြံသူများ ယုံကြည်ခြင်း ရတနာအလင်းတန်းများကိုပါ ဖုံးလွှမ်းသွားသည်။
ထို့နောက် ထိုအလင်းတန်းများကို တဖြည်းဖြည်း မြင့်တက်သွားအောင် ပင့်တင်လိုက်သည်။
တာအိုစကြာဝဠာသို့ရောက်ရှိလာကြသော ပြင်ပတာအိုကျင့်ကြံသူများမှာ မီးလျှံအလင်းတန်းများကြောင့် အဝေးသို့ လွင့်စင်သွားကြရသည်။
“မြောက်ပိုင်းကြယ်စင်ဧကရာဇ် အထက်ဘုံကမ္ဘာကို အာရုံစိုက်မလာခင် ငါ့အတွက် လုံလောက်တဲ့အချိန်တော့ ရနိုင်ပါတယ်”
အဖြူရောင်ဝတ်လူငယ်က လက်ခုပ်တစ်ချက်တီးရင်း ပြုံးလျှက်ရေရွတ်လိုက်သည်။
“ကြိုတင်ပြင်ဆင်မှုတွေအားလုံး ပြီးပြည့်စုံသွားပြီ ၊ အခွင့်အရေးက ငါ့ဆီရောက်လာပြီ...”
သို့သော် သူ၏ ပျော်ရွှင်နေသောအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး မျက်နှာအမူအရာပြောင်းလဲသွားသည်။
အကြောင်းမှာ တာအိုစကြာဝဠာအတွင်းမှ မီးလျှံအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အဖြူရောင်ဝတ်လူငယ်ရှိနေသည့် အလင်းစက်ဝန်းရှိရာသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသောကြောင့်ပင်။
“ကောင်းဟန်... မင်းက ကျွင်းဟွမ်ရဲ့အဆက်အနွယ်တွေကို အသုံးချပြီး မင်းရဲ့သတ်ဖြတ်မှုမှာ ငါ့အကူအညီရယူဖို့ အတင်းဆွဲထည့်ခဲ့တယ် ၊ မင်း အောင်မြင်ပါတယ်”
စောမင်ကျန့်၏အသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“ဒါပေမဲ့... မင်း ငါ့ဆီက အကူအညီယူတဲ့အတွက် တန်ဖိုးတစ်ခုတော့ သေချာပေါက် ပြန်ပေးဆပ်ရမယ်”
အဖြူရောင်ဝတ်လူငယ်က အခြားသူမဟုတ်ပေ။
စောမင်ကျန့် ၊ ကျန်းရှန်တို့နှင့်အတူ ခွန်လွန်အထင်ကရ(၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ပင်ဖြစ်လေသည်။
နောက်ပိုင်းတွင် သူက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတည်ရှိရာ တာအိုစကြာဝဠာမှ ထွက်ခွာသွားခဲ့သည်။
ကောင်းဟန်ရှိနေသော အလင်းစက်ဝန်းရှိရာသို့ မီးလျှံအလင်းတန်းက အတားအဆီးမရှိ ဝင်ရောက်လာသည်။
“ကျစ်...”
ကောင်းဟန်၏ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နောက်သို့ဆုတ်ခွာသွားသည်။
သူက အရှိန်အဟုန်ကို အမြင့်ဆုံးသို့မြှင့်တင်လိုက်ပြီး ကောင်းဟန်၏ ဦးခေါင်းထက်တွင် တောက်ပသည့်အလင်းတန်း (၂)ခု ထွက်ပေါ်လာသည်။
ဤတန်ခိုးစွမ်းအားရှင်က မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ ၊ လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ၊ ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ တို့နှင့်အတူ မဟာကပ်ဘေးကြီးမှ လွတ်မြောက်ခဲ့သော ရှေးဟောင်းကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သူက ချီစွမ်းအား(၅)ခုပေါင်းစည်းနိုင်ခဲ့ပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့တက်ရောက်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ပန်းနှစ်ပွင့်သရဖူပေါင်းစည်းကာ ထိုက်ရွှီးမူလနတ်ဘုရား အထွတ်ထိပ်အဆင့်သို့ပင် ရောက်ရှိနေပေပြီ။
သူ၏ကျင့်ကြံခြင်းအဆင့်က ကျန်းရှန်ထက် များစွာသာလွန်သည်ဟု ဆိုနိုင်၏။
ကောင်းဟန်က မီးလျှံအလင်းတန်းကို ရင်ဆိုင်လိုက်ရသည့်တိုင် ထိုအလင်းတန်းကို ပိတ်ဆို့ရန် မရည်ရွယ်ခဲ့ပေ။
ခွန်လွန်အထင်ကရ(၉)ပါးတွင် ကျင့်ကြံခြင်းအဆင့် တူညီကြစဉ်ကပင် စောမင်ကျန့်က အခြားသူများထက်သာလွန်သည့် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်ခဲ့သည်။
ယခု သူက ကောင်းကင်နတ်ဘုရားအဆင့်တက်ရောက်သွားပြီဖြစ်ရာ အခြားသူများက သူ့ထက် တန်ခိုးစွမ်းအား သေချာပေါက် နည်းပါးမည်မှာ ပြောနေစရာပင် မလိုတော့ပေ။
မီးလျှံအလင်းတန်းက ကောင်းဟန်နောက်သို့ ဆိုက်တိုက်လိုက်ပါလာပြီး သူ၏ဦးခေါင်းထက်သို့ ပစ်ခတ်လိုက်သည်။
နေထွက်သည့်ဖြစ်စဉ်မရှိသလို နေဝင်သည့်ဖြစ်စဉ်လည်း မရှိပေ။
နေဝင်သည့်အရိပ်အယောင်မရှိသည်ဖြစ်ရာ ညနေခင်းဆိုသည့် အရိပ်အယောင်လည်း ရှိမလာခဲ့ပေ။
နေမင်းက တစ်ခဏအတွင်း လုံးဝပျောက်ကွယ်သွားပြီး ရှည်လျားသည့်ညသို့ ရောက်ရှိလာသည့်ပမာ ဖြစ်သည်။
သတိပေးသည့်အရိပ်အမြွက်တစ်ခုမှမရှိဘဲ ၊ မည်သည့်ဖြစ်စဉ်မှမရှိဘဲ ဖြတ်တောက်ခြင်းခံခဲ့ရသည်။
တောက်ပသောနေရောင်ခြည်က သဲလွန်စမရှိပျောက်ကွယ်သွားသည်။
ကောင်းဟန်၏ဦးခေါင်းထက်မှ ပန်းတစ်ပွင့် ဖြတ်တောက်ခံလိုက်ရသည်။
ဤသည်က ယာယီပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ပေ။ အသေအချာ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး ပြန်လည်ရရှိလိုလျှင်တော့ အချိန်များစွာ ပိုမိုအားစိုက်ထုတ်ကာ ကျင့်ကြံရမည် ဖြစ်၏။
စောမင်ကျန့်က ကောင်းဟန်၏ ထိုက်ရွှီးမူလနတ်ဘုရား အထွတ်ထိပ်အဆင့်ကျင့်ကြံခြင်းကို ဖြတ်တောက်ပစ်ခဲ့သည်။
မီးလျှံအလင်းတန်းက အရှိန်အဟုန်ဖြင့် အတွင်းထဲမှမြင့်တက်လာပြီး ကောင်းဟန်၏ဦးခေါင်းထက်မှ နောက်ထပ်ပန်းတစ်ပွင့်ကို ထပ်မံပစ်ခတ်လိုက်သည်။
ကောင်းဟန်က လေးလံသည့်အသံဖြင့်...
“စောယန်လုန်... မင်းရဲ့ဒေါသက အရင်အတိုင်းပါပဲလား”
သူက ကျန်ရှိနေသော ဦးခေါင်းထက်မှအလင်းတန်းအား သူ၏ ယင်စွမ်းအားဝိညာဉ်ဗဟိုချက်တွင် ထားရှိလိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်တစ်ပတ်လှည့်လိုက်ပြီး စောမင်ကျန့်၏တိုက်ခိုက်မှုကို သူ၏ခန္ဓာကိုယ်ဖြင့် ခံယူလိုက်သည်။
တိုက်ခိုက်သည်ဆိုသော်လည်း ကောင်းဟန်က စန်းချင်း (၃)ပါးအဆက်အနွယ် လမ်းမှန်ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ စောမင်ကျန့်က သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သူက ကောင်းဟန်၏ဦးခေါင်းထက်မှ ပန်းနှစ်ပွင့်ကိုဖြတ်တောက်ပြီး သူ၏ခန္ဓာကိုယ်ဗဟိုချက်တွင်ရှိနေသည့် ချီစွမ်းအား(၅)ခု ပေါင်းစည်းခြင်းအား ဖြိုခွဲရန်သာ ရည်ရွယ်ခဲ့သည်။
ကောင်းဟန်က စောမင်ကျန့်၏တိုက်ခိုက်မှုကို အပြင်းအထန်ခုခံလိုက်သည်။
သူ၏ကျင့်ကြံခြင်း ပျက်ဆီးမသွားစေရန် ကာကွယ်နိုင်ခဲ့သော်လည်း သေလုမျောပါး ဒဏ်ရာရရှိသွားရသည်ဖြစ်ရာ ကောင်းဟန် ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ လျှင်မြန်စွာ ထွက်ခွာသွားရတော့၏။
တစ်ချက်တိုက်ခိုက်ပြီးနောက် စောမင်ကျန့်က သူ့နောက်သို့လိုက်လံတိုက်ခိုက်ခြင်း မရှိခဲ့ပေ။
တောက်လောင်နေသော မီးလျှံပင်လယ်မြင့်တက်လာသည်နှင့်အမျှ ပြင်ပတာအိုကျင့်ကြံသူများ၏ ယုံကြည်ခြင်းအလင်းတန်းများကို တာအိုစကြာဝဠာမှ တွန်းထုတ်ပစ်လိုက်သည်။
သူ့အပေါ်ကျရောက်လာသည့် အဆက်မပြတ်တိုက်ခိုက်မှုများက မည်မျှလျှင်မြန်ပါစေ စောမင်ကျန့်က အရေးမစိုက်ခဲ့ပေ။ ကောင်းကင်ဖြတ်တောက်တန်ခိုးစွမ်းအားအောက်တွင် အရာအားလုံး ဖြတ်တောက်ခံခဲ့ရသည်ပင်။
ထိုတန်ခိုးစွမ်းအားက ရေလှိုင်းလုံးများကို အဆက်မပြတ်တွန်းထုတ်နေသော ရှေ့သို့ရွေ့လျားနေသည့် ဆည်တစ်ခုပမာဖြစ်သည်။