နောက်မဆုတ်ဘဲ အားလုံးကိုတိုက်ခိုက်
Vol. 93 Ch. 1299
အခန်း (၁၂၉၉) နောက်မဆုတ်ဘဲ အားလုံးကိုတိုက်ခိုက်
တာအိုစကြာဝဠာအတွင်းမှ မီးတောက်မီးလျှံများ တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားသည်။
ကြယ်ရောင်အလင်းတန်းများနှင့် ယုံကြည်ခြင်းဖြင့်လွှမ်းခြုံထားသော ရတနာအလင်းတန်းများသည်လည်း ဖြည်းဖြည်းချင်း အဝေးဆီသို့ ရာက်ရှိသွားသည်။
အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို လွှမ်းခြုံထားသော မီးလျှံပင်လယ်က တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာသွားသည်။
အထက်ဘုံကမ္ဘာ ၊ မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ် ၊ မြောက်ဖျားဒေသတွင် ရှိနေသော ‘မြောက်ပိုင်းထိပ်တန်းအရှင်သခင်အတု’ က ဖြည်းညင်းစွာပျောက်ကွယ်သွားသော မီးလျှံပင်လယ်ကြီးကို ခေါင်းမော့ကြည့်ရင်း ချီးကျူးစကားဆိုလိုက်သည်။
“ကျင့်ကြံသူတစ်ယောက် ကောင်းကင်နတ်ဘုရားအဆင့်တက်ရောက်တာ ဘယ်သူကများ ဒီလောက်ခမ်းနားနိုင်မှာလဲ”
ကြည့်နေရင်း သူ၏မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။
“ထင်တဲ့အတိုင်းပဲ... ငါ့အကြောင်းပေါ်သွားပြီ”
လေထုထဲတွင် အလင်းရောင်တစ်ချက်တောက်ပသွားပြီး ‘မြောက်ပိုင်းထိပ်တန်းအရှင်သခင်အတု’ ပျောက်ကွယ်သွားသည်။
ထိုခဏမှာပင် ကြယ်စင်အလင်းတန်းတစ်ခုနှင့် မီးလျှံအလင်းတန်းတစ်ခု မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာပြီး ‘မြောက်ပိုင်းထိပ်တန်းအရှင်သခင်အတု’ အား ရိုက်ချလုနီးပါးဖြစ်သွားသည်။
‘မြောက်ပိုင်းထိပ်တန်းအရှင်သခင်အတု’ ၏ ပုံရိပ်က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ အနှံ့သို့ ပျံ့နှံ့သွားသည်။
သို့သော် သူ၏ပုံရိပ်ရပ်တန့်သွားသည်အထိ စောင့်ဆိုင်းခြင်းမရှိဘဲ ကြယ်စင်အလင်းတန်းနှင့် မီးလျှံအလင်းတန်းက သူ့နောက်သို့ ဆက်လက်လိုက်ပါသွားကြသည်။
ကြယ်စင်အလင်းတန်းက မြောက်ပိုင်းကြယ်စင်ဧကရာဇ်ဖြစ်ပြီး မီးလျှံအလင်းတန်းက စောမင်ကျန့်ဖြစ်သည်။
“သစ်သားနတ်ဆိုး... မင်းက ဘယ်ပြေးမလို့လဲ “
မြောက်ပိုင်းထိပ်တန်းအရှင်သခင်အဖြစ် ဟန်ဆောင်ထားသူက သက်ပြင်းရှည်တစ်ချက်ချလိုက်ရင်း...
“အတော်ဇွဲကြီးတာပဲ...”
ထို့နောက်မှာတော့ သူ၏စွမ်းအားရောင်ဝါက တဟုန်ထိုး မြင့်တက်လာသည်။
“ကျုပ်က တခြားသူတွေအပေါ် အခွင့်ကောင်းယူတတ်တဲ့ အမတခုံရုံးကလူတွေနဲ့ အတူတူပဲလို့ မင်းထင်သလား”
သူ၏ မိစ္ဆာချီစွမ်းအားများမြင့်တက်လာပြီး အထက်ဘုံကမ္ဘာသာမက တာအိုစကကြာဝဠာတစ်ခုလုံးပါ လှုပ်ခတ်သွားသည်။
ထိုသို့သောအရှိန်အဟုန်အား ပြင်ပတာအိုမှ ‘ကောင်းကင်နတ်ဘုရား’ အဆင့် ကျင့်ကြံသူများမယှဉ်နိုင်သည်သာမက မြောက်ပိုင်းကြယ်စင်ဧကရာဇ်သည်ပင် ယှဉ်နိုင်မည်မထင်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုနတ်ဆိုးမှာ ငရဲကိုးထပ်တွင် အသက်အကြီးဆုံးဖြစ်သည့် ပြိုင်ဘက်ကင်းနတ်ဆိုးသခင်များထဲမှ တစ်ယောက်ဖြစ်နေသောကြောင့်ပင်။
သူက မိစ္ဆာနတ်ဘုရား (၁၂)ပါးတွင်ပါဝင်သော ထိပ်တန်းမဟာနတ်ဆိုး(၆)ပါးမှ သစ်သားပလ္လင်ကိုပိုင်ဆိုးသော မိစ္ဆာနတ်ဘုရားတစ်ပါးဖြစ်သည်။
ဒြပ်စင်ငါးပါးတွင် သစ်သားပလ္လင်ကိုပိုင်ဆိုင်သော ‘အရိပ်နတ်ဆိုး’ ။
ထိပ်တန်းမဟာနတ်ဆိုး(၆)ပါး၏ ရာထူးနေရာများက ကြိမ်ဖန်များစွာ ပြောင်းလဲနေခဲ့သည်။
ပျက်ဆီးပျောက်ကွယ်သွားလိုက် ပြန်လည်မွေးဖွားလာလိုက် ၊ ပြန်လည်မွေးဖွားပြီးနောက် သတ်ဖြတ်ခံရပြီး နောက်တစ်ကြိမ်ပြန်လည်မွေးဖွားရန် အခွင့်အရေးစောင့်ဆိုင်းလိုက်ဖြင့် သံသရာလည်လျှက် ရှိကြသည်။
သို့ပေသိ ခြွင်းချက် (၂)ခုရှိပေသည်။
ထိုခြွင်းချက်(၂)ခုမှာ...
ဒြပ်စင်ငါးပါးတွင် သစ်သားပလ္လင်ကိုပိုင်ဆိုင်သော ‘စိတ်ဝိညာဉ်နတ်ဆိုး’ နှင့် ဒြပ်စင်ငါးပါးတွင် သစ်သားပလ္လင်ကိုပိုင်ဆိုင်သော ‘အရိပ်နတ်ဆိုး’ တို့ဖြစ်သည်။
ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးတွင် စိတ်ဝိညာဉ်နတ်ဆိုးနှင့် အရိပ်နတ်ဆိုးမှလွဲပြီး ကျန်ရှိသော နတ်ဆိုး (၄)ပါးက အသွင်သဏ္ဌန်အမျိုးမျိုးဖြင့် ပြန်လည်မွေးဖွားလာလေ့ ရှိကြသည်။
“မြောက်ပိုင်းကြယ်စင်အထက်ပိုင်းနန်းတော်ကောင်းကင်ဘုံအုပ်စိုးရှင်ဧကရာဇ်” မွေးဖွားမလာခင်ကတည်းက “အရိပ်နတ်ဆိုး” က တည်ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ထိုနတ်ဆိုးက မြောက်ပိုင်းကြယ်စင်ဧကရာဇ် ၊ ကောင်းကင်ဘုံအရှင်’ကျောက်’ နှင့် နတ်ဘုရားအုပ်စိုးသောခေတ်ကာလတွင် တည်ရှိခဲ့ကြသော အခြားနတ်ဘုရားများစွာထက်ပင် အဆပေါင်းများစွာ ပိုမိုကြာရှည်စွာတည်ရှိခဲ့သူဟု ဆိုနိုင်သည်။ ထို့ပြင် ထိုနတ်ဆိုးက အခြားသူများအားလုံးထက် အသက်ကြီးသူ ဖြစ်၏။
လက်ရှိမှာတော့ ထိုနတ်ဆိုးက လမ်းမှန်တာအိုဝါဒမှ ‘ကောင်းကင်ဘုံအရှင်’ (၂)ပါး၏ တိုက်ခိုက်မှုကို ခံနေရသည်။
ထိုကောင်းကင်ဘုံအရှင် (၂)ပါးလုံးက စန်းချင်း(၃)ပါးလမ်းမှန်တာအိုကျင့်ကြံသူလောကတွင် အလွန်တရာ ထူးချွန်ထင်ရှားသော ‘ကောင်းကင်နတ်ဘုရား’ များ ဖြစ်ကြ၏။
ကြယ်စင်အလင်းတန်းနှင့် မီးလျှံအလင်းတန်းများက လုံးဝ ရပ်တန့်သွားခြင်း မရှိပေ။
အလင်းတန်းနှစ်ခုလုံးက တပြိုင်တည်းတိုက်ခိုက်လိုက်ကြပြီး မိစ္ဆာချီစွမ်းအားအလွှာများကို သုတ်သင်ပစ်လိုက်ကြသည်။
အရိပ်မိစ္ဆာ၏ရုပ်သွင်က ရုတ်တရက်ပြောင်းလဲသွားပြီး မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏ပုံစံ မဟုတ်တော့ပေ။
အရပ်ပိုမြင့်လာပြီး ဆံပင်ကလည်းပိုပြီးတိုသွားသည်။ သူ၏ခန္ဓာကိုယ်မှ မီးလျှံရောင်ဝါတန်ခိုးစွမ်းအားများ တဟုန်ထိုးမြင့်တက်လာသည်။
သူက စောမင်ကျန့်အသွင်သို့ ပြောင်းလဲသွားခြင်း ဖြစ်၏။
ထိတ်လန့်စရာကောင်းသည်မှာ သူက စောမင်ကျန့်ရုပ်သွင်သို့ ပြောင်းလဲသွားသည်သာမက ကျင့်ကြံခြင်းတန်ခိုးစွမ်းအားကပါ တကယ့်စောမင်ကျန့်အစစ်နှင့် ဆင်တူနေခြင်းဖြစ်သည်။
သို့သော် ပြောင်းလဲမရသော တိကျသည့်ဥပမာအချို့တော့ ရှိခဲ့သည်။
“ဖြတ်တောက်စမ်း...”
စောမင်ကျန့်နှုတ်ဖျားမှ ထူးဆန်းသောတေးသံတစ်သံထွက်ပေါ်လာပြီး အရိပ်နတ်ဆိုး၏အသွင်ပြောင်းမှု ရပ်တန့်သွားသည်။
သူ၏ရုပ်သွင်မှာ မြောက်ပိုင်းထိပ်တန်းအရှင်သခင်နှင့်ရော စောမင်ကျန့်နှင့်ပါဆင်တူသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်အဖြစ် ရပ်တန့်သွားသည်။
စောမင်ကျန့်လောက်အရပ်မရှည်သည့်တိုင် မြောက်ပိုင်းထိပ်တန်းအရှင်သခင်ကဲ့သို့ အရပ်ပုပုနှင့် ခါးကိုင်းနေခြင်းလည်း မရှိတော့ပေ။
သူ၏ဆံပင်က ရှည်သည်လည်းမဟုတ် တိုသည်လည်းမဟုတ်ဘဲ အဘိုးအိုတစ်ယောက်၏ဆံပင်ကဲ့သို့ အဖြူရောင်မဟုတ်သလို ၊ လူငယ်တစ်ယောက်ဆံပင်ကဲ့သို့ အနက်ရောင်လည်းမဟုတ်ဘဲ ပန်းဖြူရောင်ပမာ ထင်ကျန်ရစ်သည်။
သူ၏ရုပ်သွင်က အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက်ကြားတွင် ရပ်တန့်သွားခြင်းဖြစ်၏။ ထိုရုပ်သွင်က စောမင်ကျန့်နှင့်လည်းဆင်တူသလို မြောက်ပိုင်းထိပ်တန်းအရှင်သခင်နှင့်လည်း ဆင်တူသည်။
သူ၏ကျင့်ကြံခြင်းစွမ်းအားကလည်း သူတို့နှစ်ယောက်ကြားတွင် ရပ်တန့်လျှက်ရှိသည်။
အရိပ်နတ်ဆိုး၏အသွင်ပြောင်းလဲမှုက တဝက်တပြက်တွင် အတင်းအကျပ်ရပ်တန့်ခံလိုက်ရပြီး အခြားတစ်ယောက်အဖြစ် လုံးဝအသွင်ပြောင်းလဲသွားနိုင်သည့် လက္ခဏာမရှိတော့ပေ။
အရိပ်နတ်ဆိုး၏မျက်နှာအမူအရာ တည်ကြည်လေးနက်သွားပြီး...
“ဒီလိုဖြစ်သွားတာလား... ဒါမျိုးက ငါ တစ်ခါမှမကြုံတွေ့ဖူးတဲ့ နက်နဲမှုတစ်ခုပဲ”
သူက ဆက်ပြောလိုက်သည်။
“စန်းချင်း(၃)ပါးအဆက်အနွယ်ရဲ့ ထိပ်တန်းသိုင်းပညာတွေကို ပြောင်းပြန်အသုံးပြုထားတာလား ၊ မဟုတ်ဘူး... ဒါက ကိုယ်ပိုင်တီထွင်ထားတဲ့ ပညာရပ်တစ်ခုပဲ ၊ ကြည့်ရတာ ဒီပညာရပ်က မူလကောင်းကင်ကျမ်းစာ ကနဦးကျမ်းစာ (၃)စောင်နဲ့ လင်ပေါင်ဓားသိုင်း(၄)မျိုးကိုတောင် ကျော်လွန်သွားတဲ့ပုံပဲ”
ထိုသို့သော မထင်မှတ်သည့်ပြောင်းလဲမှုက အရိပ်နတ်ဆိုးကို သတိအနေအထား ဖြစ်သွားစေသည်။
ကြယ်ရောင်အလင်းတန်းနှင့် မီးလျှံအလင်းတန်းက အရှိန်ပြင်းပြင်းနှင့် သူ၏ခန္ဓာကိုယ်အား ရိုက်ခတ်မိသွားကာ ရုတ်တရက် အနက်ရောင်အခိုးအငွေ့များက သွေးဝဲဂယက်တစ်ခုပမာ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာသည်။
အရိပ်နတ်ဆိုး ခံနိုင်ရည်မရှိတော့ပေ။
ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး သူ၏ဦးခေါင်းကို အထက်ဘုံကမ္ဘာ မြောက်ပိုင်းဒေသလေထုထဲသို့ ထိုးစိုက်ချလိုက်ပြီး ဗလာနယ်အက်ကွဲကြောင်းများရှိရာသို့ ဝင်ရောက်သွားတော့သည်။
သူက ရှေ့သို့ အဆက်မပြတ်ပျံသန်းလာပြီး အထက်ဘုံကမ္ဘာတည်ရှိရာ တာအိုစကြာဝဠာမှထွက်ခွာသွားကာ အေးစိမ့်စမ်းချောင်းနယ်မြေမှတစ်ဆင့် ငရဲကိုးထပ်သို့ ပြန်လည်ရောက်ရှိသွားသည်။
မီးလျှံအလင်းတန်းနှင့် ကြယ်စင်အလင်းတန်းကတော့ သူ့နောက်လိုက်ပါသွားဆဲ ဖြစ်၏။
သို့သော် ငရဲကိုးထပ်မှ ကြီးမားသောစွမ်းအားတစ်ခု တဟုန်ထိုးထွက်ပေါ်လာပြီး မီးလျှံအလင်းတန်းနှင့် ကြယ်စင်အလင်းတန်း အရိပ်နတ်ဆိုးအား ထိခိုက်မိခြင်းမရှိစေရန် ကာကွယ်ပေးထားလိုက်သည်။
အရိပ်နတ်ဆိုးကို မောင်းထုတ်လိုက်နိုင်ပြီဖြစ်ရာ, ကြယ်ရောင်အလင်းတန်းနှင့် မီးလျှ့အလင်းတန်းက သူ့နောက်သို့ ဆက်လက်လိုက်ပါြခင်း မပြုကြတော့ပေ။
ထိုအလင်းတန်းနှစ်ခုလုံးက ဗလာနယ်ကိုစုတ်ဖြဲကာ တာအိုစကြာဝဠာအတွင်းမှ ထွက်ခွာသွားကြသည်။
မကြာခင် ထိုအလင်းတန်းနှစ်ခု အပြန်အလှန်တိုက်ခိုက်သည့်ပမာ ရိုက်ခတ်မိသွားသည်။
အကြောင်းမှာ မီးလျှံအလင်းတန်းက ကျန်းရှန်နှင့် ယန်ချဲ့ကိုပစ်မှတ်ထားတိုက်ခိုက်လိုက်သဖြင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်က ကျန်းရှန်နှင့်ယန်ချဲ့ကိုကာကွယ်ရန် သူ၏ကြယ်စင်အလင်းတန်းကို ပြင်ပဗလာနယ် နက်ရှိုင်းရာနေရာသို့ ပစ်လွှတ်လိုက်ခြင်း ဖြစ်၏။
ပြင်ပတာအိုကျင့်ကြံသူ နတ်ဘုရားများမှာတော့ တာအိုစကြာဝဠာမှ မောင်းထုတ်ခံလိုက်ရသဖြင့် မကျေမချမ်းခံစားနေကြရသည်။
သူတို့က စောမင်ကျန့်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ တိုက်ခိုက်သည်ကိုတွေ့ရှိသည့်အခါ စောမင်ကျန့်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ချက်ချင်းပင် ရှေ့သို့ချီတက်လာခဲ့ကြသည်။
ရန်ကျောက်ကဲနှင့်အခြားသူများကတော့ တာအိုစကြာဝဠာထဲတွင် ရှိနေကြဆဲဖြစ်၏။
သူတို့က ပြင်ပဗလာနယ်အစွန်အဖျားတွင် ဖြစ်ပျက်နေသည်များကို သိရိရန်ကြိုးစားခဲ့ကြသည့်တိုင်း မအောင်မြင်ခဲ့ကြပေ။
ချောက်နက်ကြီးပမာဖြစ်တည်နေသော မီးတောက်မီးလျှံပင်လယ်ပြင်ကြီးကိုသာ သူတို့တွေ့မြင်နိုင်ကြသည်။ ထိုမီးလျှံပင်လယ်ကြီးအတွင်းတွင် ယုံကြည်ခြင်းရတနာအလင်းတန်းများ ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။
ယုံကြည်ခြင်းစွမ်းအားဖြင့် လွှမ်းခြုံထားသည့် ရတနာအလင်းတန်းများပျောက်ကွယ်သွားသည့်အခါ နတ်ဘုရားတို့၏ဂုဏ်သရေ ၊ နတ်ဘုရားတို့၏ချီစွမ်းအားအနှစ်သာရနှင့် နတ်ဘုရားတို့၏စွမ်းအားရောင်ဝါများလည်း အတူတကွ ပျောက်ကွယ်သွားကြသည်။
မည်သည့်အရာမှဖြစ်ပျက်ခဲ့ခြင်းမရှိသည့်ပမာ ၊ မည်သည့်အရာမှ တည်ရှိခဲ့ခြင်းမရှိသည့်ပမာ ဖြစ်သည်။
ထိုအရာများ အမှန်တကယ်ပင် တည်ရှိခဲ့ကြကြောင်း ရန်ကျောက်ကဲကတော့ သိရှိလေသည်။
စောမင်ကျန့်က ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ သို့မဟုတ် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းတို့ကို ကျင့်ကြံခဲ့သူ မဟုတ်ပေ။
သို့သော် ယခင်က တည်ရှိခဲ့သောအရာများက အဆုံးသတ်သွားပြီး အဆုံးမရှိကျယ်ပြန့်သော ပြင်ပဗလာနယ်ထဲတွင် ပျောက်ကွယ်သွားကြသည်။
မီးတောက်မီးလျှံပင်လယ်ပြင်ကို အနည်းငယ်ပိတ်ဆို့တားဆီးထားနိုင်သော တစ်ခုတည်းသောအရာမှာ ကောင်းကင်ယံထက်တွင် မြင့်မားစွာတည်ရှိနေသော ကြယ်စင်(၆)စင်းဖြစ်သည်။
ထိုကြယ်စင်(၆)စင်းက အချိန်ရေစီးကြောင်း၏ အရုဏ်ဦးကာလကတည်းက တည်ရှိခဲ့သည့်အရာဖြစ်သော်လည်း ယခု မီးတောက်မီးလျှံပင်လယ်၏သက်ရောက်မှုကိုခံစားရသည့်အခါ တဖြည်းဖြည်းနှေးကွေးလာသည်။
ကျယ်ပြောလှသော မီးလျှံပင်လယ်ကြီးက ကြယ်စင်အလင်းတန်းများ၏ဖိနှိပ်မှုကို ကြံ့ကြံ့ခံပြီး ပြင်ပဗလာနယ်အစွန်းအထိ ဆက်လက်စီးဆင်းနေခဲ့သည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင်’ကျန်းရှန်’ နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ တို့မှာ အဆုံးသတ်တွင် လွတ်မြောက်နိုင်ခြင်းမရှိတော့ဘဲ စောမင်ကျန့်၏တားဆီးခြင်းကို ခံလိုက်ရသည်။
မီးလျှ့အလင်းတန်း(၂)ခုက ကျန်းရှန်နှင့် ယန်ချဲ့အား ထိုးနှက်ရိုက်ခတ်သွားသည်။
ကျန်းရှန်၏စွမ်းအင်ဗဟိုချက်မှ ချီစွမ်းအား(၅)ခု ပေါင်းစည်းခြင်း အက်ကွဲသွားပြီး ယန်ချဲ့၏ ချီစွမ်းအား(၄)ခုပေါင်းစည်းထားသည့် စွမ်းအားရောင်ဝါမှာလည်း ဖျက်ဆီးခံလိုက်ရသည်။
ကျန်းရှန်နှင့်ယန်ချဲ့တို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီးနောက် မီးလျှံပင်လယ်က သူတို့ကို ထပ်မံတိုက်ခိုက်ခြင်း မရှိတော့ပေ။
မီးလျှံပင်လယ် နောက်ပြန်ဆုတ်သွားပြီး ယုံကြည်ခြင်းစွမ်းအားဖြင့် လွှမ်းခြုံထားသည့် ရတနာအလင်းတန်းများဆီသို့ အပြည့်အဝ လွှမ်းခြုံဝင်ရောက်သွားတော့သည်။
ကောင်းကင်ဘုံအရှင်’ကျောက်’ နှင့် အခြားသူများက နောက်ပြတ်ဆုတ်သွားခြင်း မရှိခဲ့ပေ။
ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သော ‘စောမင်ကျန့်’ အလွန်တရာ စွမ်းအားမြင့်မားနေသည်ဖြစ်ရာ မကြာမီ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ရောက်ရှိလာနိုင်ပေသည်။
သူတို့အတွက် အချိန်အနည်းငယ် တောင့်ခံထားရန်သာ လိုအပ်သည်။
သူတို့စိတ်ထဲ ထိုသို့တွေးတောနေစဉ် မီးလျှံပင်လယ်ပြင်အတွင်းမှ လက်ဖဝါးတစ်ဖက်ထွက်ပေါ်လာသည်။
ထိုလက်ဖဝါးက စက်ဝိုင်းသဏ္ဌန်လှည့်ပတ်သွားပြီး ဗလာနယ်ထဲတွင် မီးလျှံပိုက်ကွန်တစ်ခုနှင့်ဆင်တူသည့် လှောင်အိမ်တစ်ခုဖြစ်ပေါ်လာသည်။
ရုတ်တရက်ပင် ထိုလှောင်အိမ်က ယုံကြည်ခြင်းစွမ်းအားဖြင့်လွှမ်းခြုံထားသည့် အပြင်းထန်ဆုံး ရတနာအလင်းတန်းများကို ဖုံးလွှမ်းသွားသည်။
လှောင်အိမ်ဖြင့် ဖုံးလွှမ်းခံရသူများ ထိတ်လန့်တုန်လှုပ်သွားကြပြီး လှောင်အိမ်ဖြင့် ဖုံးလွှမ်းမခံရသူများကလည်း မသိစိတ်ဖြင့် နောက်ပြန်ဆုတ်ခွာသွားကြသည်။
ထို့နောက် မီးလျှံပင်လယ်အတွင်းမှ နောက်ထပ်လက်ဖဝါးတစ်ဖက်ထွက်ပေါ်လာပြီး လေထုတစ်ခုလုံးအား ဖမ်းယူဆုပ်ကိုင်လိုက်သည်။
ထိုလက်ဖဝါး၏ ဖမ်းယူဆုပ်ကိုင်ခြင်းလှုပ်ရှားမှုနှင့်အတူ အဆုံးမရှိသော ပြင်ပဗလာနယ်ထဲရှိ ကြယ်စင်ကောင်းကင်ယံတွင် များပြားလှစွာသော ကြယ်စင်အလင်းတန်းများ လင်းလက်တောက်ပလာသည်။
ထို့နောက် ကြယ်စင်များအားလံဒး သူတို့၏မူလတည်ရှိရာ စကြာဝဠာအတွင်းမှ ပျောက်ကွယ်သွားပြီး မီးလျှံပင်လယ်ထဲတွင် ပြန်လည်ထွက်ပေါ်လာကာ လေထုကိုဆုပ်ကိုင်ထားသော လက်ဖဝါးပြင်ဆီသို့ စုရုံးရောက်ရှိလာကြသည်။
ကြယ်စင်အစစ်များ တစ်စင်းပြီးတစ်စင်း...။
ကြယ်စင်တစ်စင်းစီတိုင်းတွင် ကမ္ဘာလောကတစ်ခုလုံးအား ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများပါဝင်နေပြီး ၊ ကြယ်စင်တိုင်းက ကမ္ဘာမြေကြီး မခံရပ်နိုင်လောက်အောင် ကြီးမားလွန်းလှသည်။
သို့သော် ယခုတော့ ထိုကြယ်စင်များအားလုံး စောမင်ကျန့်၏လက်ဖဝါးကို ဝန်းရံထားကြသည်။
ထိုကြယ်စင်များက အဆက်မပြတ်စုရုံးလျှက် ပေါင်းစည်းသွားကြပြီး စောမင်ကျန့်၏လက်ဖဝါးထက်တွင် ကြီးမားတောက်ပသော လှံရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ကြယ်စင်တစ်စင်းပေါက်ကွဲခြင်းသည်ပင် နတ်ဘုရားတစ်ပါးကို တုန်လှုပ်ချောက်ချားသွားစေနိုင်သည်။
ယခု ကြယ်စင်ပေါင်းမြောက်မြားစွာက မီးလျှံပင်လယ်အတွင်းသို့ ရောက်ရှိလာသည်ဖြစ်ရာ သူတို့၏အလေးချိန်က အလွန်တရာကြောက်စရာကောင်းလှသည်။
ဤအဖြစ်အပျက်က ပြင်ပဗလာနယ်ထဲတွင် ဖြစ်ပျက်နေသော်လည်း အနီးအနားတွင်ရှိနေသော တာအိုစကြာဝဠာကိုပင် တုန်လှုပ်သွားစေသည်။
ထို့နောက်မှာတော့ ကြယ်စင်လှံရှည်က မီးလျှံပိုက်ကွန်လှောင်အိမ်အား ရိုက်နှက်ချလိုက်တော့၏။
မီးလျှံပိုက်ကွန်လှောင်အိမ်ထဲတွင် အမတခုံရုံးမှ ကောင်းကင်နတ်ဘုရား(၄)ပါးရှိနေပြီး သူတို့က လှောင်အိမ်ကိုချိုးဖျက်ရန် အတူတကွ ကြိုးစားလုပ်ဆောင်နေကြသည်။
သို့သော် ကြောက်မက်ဖွယ်ရာ ကြယ်ပေါက်ကွဲမှုစွမ်းအားဖြင့် ကြယ်စင်လှံရှည်တစ်လက် သူတို့ထံသို့ ဝင်ရောက်လာခဲ့သည်။
အသံတစ်ချက်မှမထွက်ဘဲ....
ယုံကြည်ခြင်းစွမ်းအား ရတနာအလင်းတန်းများအားလုံး ပျက်စီးကြေမွသွားလေတော့၏။