ရန်ကျောက်ကဲ၏အစီအစဉ်
Vol. 93 Ch. 1301
အခန်း (၁၃၀၁) ရန်ကျောက်ကဲ၏အစီအစဉ်
ဝါဒတောင်ထက်တွင်ရှိနေသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နေရာတိုင်းမှဖြာထွက်နေသည့် ကောင်းကင်ယံထက်မှာအလင်းတန်းများကို ခေါင်းမော့ကြည့်လိုက်သည်။
အလင်းရောင်များက တဖြည်းဖြည်းသိပ်သည်းသွားပြီး တစ်ခုပြီးတစ်ခု အင်းသင်္ကေတများအဖြစ် ဖြစ်တည်လာသည်။ ထို့နောက် အင်းသင်္ကေတများ အတူတကွ စုစည်းသွားကြသည်။
အင်းသင်္ကေတများက ကြီးမားသည့်အစီအရင်ကြီးနှင့် တစ်ခုပြီးတစ်ခု ချိတ်ဆက်ပြီးနောက် ဆက်နွယ်မှုတစ်ခု ဖြစ်တည်လာသည်။
ထို့နောက်မှာတော့ အထက်ဘုံကမ္ဘာတွင် တစ်ခါမှ မကြုံစဖူးသော အရွယ်အစားကြီးမားလှသည့် အစီအရင်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအစီအရင်ကြီးက အထက်ဘုံကမ္ဘာ တစ်ခုလုံးနီးပါးကို လွှမ်းခြုံထားသည်။
ကမ္ဘာပေါ်တွင်နေထိုင်ကြသော သာမန် သေမျိုးလူသားများက ကောင်းကင်ယံထက် ဖြစ်ပေါ်နေသည့် ဖြစ်စဉ်အပြောင်းအလဲများကို ငေးမောကြည့်ရှုနေကြပြီး ၊ အများစုက မည်သည့်အရာများဖြစ်ပျက်နေကြောင်း မသိရှိခဲ့ကြပေ။
ယနေ့ ထူးထူးဆန်းဆန်း အဖြစ်အပျက်များစွာကို ဆက်တိုက်ဆိုသလို တွေ့မြင်ကြရသည်ဖြစ်ရာ လူအများစုမှာ ထိုသို့သောအဖြစ်အပျက်များကို ကြည့်ရှုရန်အတွက် အသက်ပင်မရှူဝံ့ကြတော့ပေ။
မည်မျှကြီးမားသည့်အဖြစ်အပျက်များ ဖြစ်ပျက်နေကြောင်း သူတို့ နားမလည်နိုင်ကြပေ။ ကမ္ဘာတစ်ဝှမ်းလုံး ကြီးမားသော အပြောင်းအလဲဖြစ်နေသည်ဟုသာ နားလည်ခံစားခဲ့ကြရသည်။
အထက်ဘုံကမ္ဘာမှ သိုင်းကျင့်ကြံသူများကတော့ မည်သည့်အဆင့်တွင်ရှိနေပါစေ အထက်ဘုံကမ္ဘာမှ များပြားလှစွာသော ဝိညာဉ်စွမ်းအားများ စီးဆင်းပြောင်းလဲနေသည်ကို ခံစားခဲ့ကြရပြီး တစ်စုံတစ်ခုသော အပြောင်းအလဲကို အာရုံခံမိကြသည်။
“ဒီနေ့ ဘာတွေဖြစ်နေတာလဲ”
အားလုံးက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး အခြားသူများကိုဆက်သွယ်ရန် ပတ်ဝန်းကျင်သို့ အကဲခတ်လိုက်ကြသည်။
စောစောက မြောက်ပိုင်းကြယ်စင်ဧကရာဇ် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် မီးလျှံထက်ယံအရှင်သခင်’စောမင်ကျန့်’ ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်ရောက်သွားခဲ့သည်။
ဤသည်မှာ ကျင့်ကြံသူများအတွက် သတင်းကောင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
သို့သော် တစ်ခုပြီးတစ်ခုဖြစ်ပျက်ခဲ့သော အပြောင်းအလဲများအားလုံးကို အနှစ်ချုပ်ပြီးနောက်တွင် သူတို့အားလုံး မည်သည့်အရာများဖြစ်ပျက်နေကြောင်း စတင်စဉ်းစားလာခဲ့ကြသည်။
မည်သည့်အရာများဖြစ်ပျက်နေကြောင်း သိရှိကြသော အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်နှင့် အခြားသူများကတော့ ယခုအချိန်တွင် စိုးရိမ်ပူပန်လျှက် ရှိကြသည်။
အဘယ်ကြောင့်ဆိုသော သူတို့အနေဖြင့် နောက်ထပ် မည်သို့သောအခြေအနေများ ဖြစ်ပေါ်လာမည်ကို ခန့်မှန်းနိုင်ခြင်း မရှိကြဘဲ မထင်မှတ်သည့်အပြောင်းအလဲများကို ကိုယ်တိုင်ကြုံတွေ့မှသာလျှင် နဖူးတွေ့ ဒူးတွေ့ သိရှိရတော့မည်ဖြစ်သည်။
အရင်ဆုံး...
ထျန်းကျိခန်းမှ ရရှိထားကြသော တိုကင်နံပါတ်ပြားများတွင် ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
တိုကင်နံပါတ်ပြားထိပ်တွင် အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် အလင်းတန်းက ကောင်းကင်ထက်သို့ထိုးဖောက်ဝင်ရောက်သွားပြီး ဗလာနယ်ထဲတွင် ပျောက်ကွယ်သွားသည်။
ထိုအလင်းတန်းများက အထက်ဘုံကမ္ဘာအရံအတားကိုဖြတ်ကျော်ကာ စကြာဝဠာဗဟိုချက်သို့ ရောက်ရှိသွားသည်။
တိုကင်ပြားတိုင်းမှ အလင်းတန်းတစ်ခုစီထွက်ပေါ်လာပြီး အလင်းတန်းတိုင်းက စကြာဝဠာအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားကြသည်။
ထိုအလင်းတန်းများက တည်ရှိမှုတစ်ခုအတွက် လမ်းကြောင်းရှာဖွေနေသည့်ပမာ ဖြစ်သည်။
ထို့နောက် အထက်ဘုံကမ္ဘာကိုလွှမ်းခြုံထားသည့် အစီအရင်ကြီး၏အလယ်ဗဟိုမှ အလင်းတိုင်လုံးများထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။
စကြာဝဠာအတွင်းမှ အလင်းတန်းများ၏ လမ်းပြမှုအောက်တွင် အစီအရင်မှထွက်ပေါ်လာသည့် ထူထဲသောအလင်းတိုင်လုံးကြီးများက အထက်ဘုံကမ္ဘာအရံအတားကိုဖြတ်ကျော်ကာ တာအိုစကြာဝဠာအတွင်းမှ မှိန်ဖျော့မှောင်မိုက်သည့်ဗလာနယ်ဆီသို့ ဦးတည်ပျံသန်းသွားကြသည်။
ဤထူထဲသော အလင်းတိုင်လုံးကြီးများက ကေဘယ်လ်ကြိုးများပမာ ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာအား စကြာဝဠာအတွင်းမှ တည်ရှိမှုတစ်ခုနှင့် ချိတ်ဆက်ပေးနေပုံရသည်။
ထို့နောက် အလင်းတိုင်လုံးကြီးများက ကေဘယ်ကြိုးများပမာ ဖြည်းညင်းစွာနောက်သို့ပြန်ဆုတ်သွားကြပြီး စကြာဝဠာနက်ရှိုင်းရာမှ တည်ရှိမှုတစ်ခုကို ဆွဲယူလိုက်ကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ဗလာနယ်ထဲတွင် ခရမ်းရောင်မြူခိုးများ ပြည့်လျှံလာသည်။
စကြာဝဠာနက်ရှိုင်းရာအတွင်းမှ အထက်ဘုံကမ္ဘာထက်ပင် ပိုမိုကြီးမားသော ကျောက်စိမ်းနန်းတော်ကြီးတစ်ခု ခမ်းနားစွာ ထွက်ပေါ်လာလေသည်။
ထိုနန်းတော်ကြီးသည်ကား အတိတ်တစ်ချိန် ကောင်းကင်ဘုံနန်းတော်မှ အဂ္ဂိရတ်ခန်းမကြီးပင် ဖြစ်တော့သည်။
အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူအုပ်စုမှာ တာအိုစကြာဝဠာအပြင်ဘက်သို့ရောက်ရှိသွားပြီဖြစ်သည်။ စောမင်ကျန့်၏တိုက်ခိုက်မှုမှဖြစ်ပေါ်လာသည့် စွမ်းအားလှိုင်းလုံးများကြောင့် သူတို့အားလုံး စိတ်မသက်မသာခံစားနေကြရဆဲပင်။
သို့သော် မြေကမ္ဘာထိပ်တန်းအရှင်သခင်’ကျန်းရှန်’ ကတော့ တာအိုစကြာဝဠာအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ၏မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေသော်လည်း မျက်နှာအမူအရာကတော့ တည်ငြိမ်နေဆဲပင်။
အဆုံးမရှိသောစကြာဝဠာထဲတွင် ကြီးမားသော နန်းတော်ကြီးတစ်ခု ဖြည်းဖြည်းချင်းထွက်ပေါ်လာသည်ကိုတွေ့ရသည့်အခါ ကျန်းရှန်၏မျက်နှာအမူအရာ တည်ကြည်လေးနက်သွားသည်။
“ဒဏ္ဍာရီထဲက ထျန်းစူးခန်းမ...”
သူက အဂ္ဂိရတ်ခန်းမအား အကဲခတ်ကြည့်လိုက်သည့်အခါ ကေဘယ်လ်ကြိုးများပမာ ခန်းမကြီးအားဆွဲယူထားသည့် အလင်းတိုင်လုံးကြီးများကို တွေ့မြင်လိုက်ရသည်။
အလင်းတိုင်လုံးကြီးများမှတစ်ဆင့် အထက်ဘုံကမ္ဘာနှင့် ချိတ်ဆက်ခြင်းခံထားရသည့် အဂ္ဂိရတ်ခန်းမကိုတွေ့မြင်ရသည့်အခါ ကျန်းရှန်၏မျက်ဝန်းများ တည်ကြည်လေးနက်သွားသည်။
“ဒီလောက်ကြီးမားတဲ့လှုပ်ရှားမှုကြီးတစ်ခု... သူက အထက်ဘုံကမ္ဘာကို အဂ္ဂိရတ်ခန်းမနဲ့ အတင်းအကျပ်ပေါင်းစပ်ဖို့ ကြိုးစားနေတာလား”
ကျန်းရှန် ရေရွတ်လိုက်သည်။
“မဖြစ်နိုင်ဘူး... ကျောက်စိမ်းကျိုင်းတံက မြောက်ပိုင်းကြယ်စင်ဧကရာဇ်ဆီမှာ ရှိနေသေးတယ် ၊ မင်း သေချာပေါက် ကျရှုံးမှာပဲ”
သို့သော် သူ၏မျက်နှာအမူအရာ ရုတ်တရက်ပြောင်းလဲသွားပြီး...
“နေဦး... သူက အထက်ဘုံကမ္ဘာကို ထက်ခြမ်းခွဲချင်နေတာလား”
ကျန်းရှန် ချက်ချင်းပင် အဂ္ဂိရတ်ခန်းမဆီသို့ အလျင်အမြန် ထွက်ခွာသွားသည်။ သို့သော် ပုံရိပ်တစ်ခုက သူသွားမည့်လမ်းကို ပိတ်ဆို့တားဆီးလိုက်၏။
ထိုသူက မြင့်မားသည့်သရဖူကိုဆောင်းထားပြီး ရှေးဟောင်းအဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူ၏ဓားက လေထုထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
ထိုသူက ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ ပင် ဖြစ်၏။
“မင်းတို့အားလုံးက အထက်ဘုံကမ္ဘာကို ထက်ပိုင်းခွဲပစ်ချင်တာလား”
ကျန်းရှန် ပထမဆုံးအကြိမ် ဒေါသတကြီးဖြင့် ပြောလိုက်မိသည်။
“အထက်ဘုံကမ္ဘာ နှစ်ပိုင်းကွဲပြီး ပျက်ဆီးသွားရင် အကျိုးဆက်က ဘာတွေဖြစ်လာမလဲဆိုတာ မင်းတို့အားလုံး မသိကြဘူးလား”
ထို့နောက် သူက ယွဲ့ကျန့်ပေထံသို့ လက်သီးတစ်ချက်ပစ်လွှတ်လိုက်သည်။ သူ၏လက်သီးချက်က အထက်ဘုံကမ္ဘာတစ်ခုလုံး ယွဲ့ကျန့်ပေထံသို့ ပစ်လွှတ်ဝင်ရောက်လာသည့်ပမာ ဖြစ်သည်။
စောမင်ကျန့်က ကျန်းရှန်၏ အမတချီစွမ်းအား(၅)ခု ပေါင်းစည်းခြင်းကို ဖျက်ဆီးပစ်လိုက်လေရာ ၊ လက်ရှိတွင် မြေကမ္ဘာထက်ယံအရှင်သခင်၏ ကျင့်ကြံခြင်းအဆင့်က နက်ရှိုင်းဧကရာဇ်အဆင့်သို့ ယာယီကျဆင်းသွားခဲ့သည်။
သို့သော် သူ့တွင် ပြန်လည်ကျင့်ကြံရန် အလားအလာ ရှိနေဆဲ ဖြစ်၏။ များစွာ ပိုမိုအားထုတ်ရန်တော့ လိုအပ်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အမတချီစွမ်းအား(၅)ခု ပေါင်းစည်းထားခြင်းအဆင့်မှ လျော့ကျသွားခဲ့သည့်တိုင် ကျန်းရှန်၏ တန်ခိုးစွမ်းအားက မြင့်မားနေဆဲ ဖြစ်သည်။
အတိတ်တစ်ချိန်က ‘တိဟွမ်မြေကမ္ဘာဧကရာဇ်’ က အထက်ဘုံကမ္ဘာ၏ ဧကရာဇ် (၃)ပါးတွင် ခေါင်းဆောင်ဖြစ်ခဲ့သည်။
ခေါင်းဆောင်ဖြစ်ရသည့်အကြောင်းရင်းမှာ သက်ကြီးဝါကြီးဖြစ်သည်ကတစ်ကြောင်း ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က သူ့ကိုထောက်ခံသည်ကတစ်ကြောင်းကြောင့် ဖြစ်၏။
သို့ပေသိ အရေးကြီးဆုံး အကြောင်းရင်းမှာ ‘တိဟွမ်မြေကမ္ဘာဧကရာဇ်’ က အခြားသော ဧကရာဇ် (၂)ပါးထက် တန်ခိုးစွမ်းအား များစွာ သာလွန်သောကြောင့် ဖြစ်သည်။
သူ၏သံမဏိလက်သီးဝင်ရောက်လာသည်နှင့် ဗလာနယ်ပြိုကျသွားပြီး အလွန်ကြီးမားလေးလံသော ဖိအားတစ်ခု ဝင်ရောက်လာသည်ကို ခံစားရသည်။
ယွဲ့ကျန့်ပေက တည်ငြိမ်သည့်မျက်နှာထားဖြင့်...
“ဟုတ်တယ်... ကျောက်ကဲက အထက်ဘုံကမ္ဘာကို တစ်ဝက်ပိုင်းခြားပစ်ဖို့ ကြံစည်နေတယ်”
ယွဲ့ကျန့်ပေက သူ၏ဓားကို ပင့်မြှောက်လိုက်ပြီး ကျန်းရှန်၏လက်သီးချက်ကို ခုခံလိုက်သည်။
“တစ်ဝက်ပိုင်းခြားတယ်ဆိုတာ နှစ်ပိုင်းခွဲတာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ခွန်လွန်တောင်မှာရှိနေတဲ့ ကျောက်စိမ်းကျိုင်းတံအမှတ်သင်္ကေတကို မထိခိုက်သရွေ့ အထက်ဘုံကမ္ဘာ ပျက်ဆီးသွားမှာ မဟုတ်ဘူး”
“အဂ္ဂိရတ်ခန်းမရဲ့အကူအညီနဲ့ အထက်ဘုံကမ္ဘာကို တစ်ဝက်ပိုင်းခြားပြီး ကမ္ဘာတစ်ခုကို ကမ္ဘာနှစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းလို့ရပါတယ်”
ယွဲ့ကျန့်ပေက တည်ကြည်လေးနက်သော မျက်နှာထားဖြင့်...
“ကျေးဇူးပြုပြီး နာလည်ပေးစေချင်ပါတယ် အကြီးအကဲ’ကျန်း’ ၊ ဒါက အရင်တုန်းက မြောက်ပိုင်းကြယ်စင်ဧကရာဇ်နဲ့ တောင်ပိုင်းချန်စန်းဧကရာဇ်တို့ရဲ့ အခြေအနေနဲ့ ဆင်တူပါတယ် ၊ ရေခဲနဲ့မီးက အတူတကွ ယှဉ်တွဲနေထိုင်လို့မရဘူးဆိုရင် ကိုယ့်လမ်းကိုယ် သီးခြားလျှောက်လှမ်းကြတာ အကောင်းဆုံးပါပဲ”
လက်ရှိအချိန်တွင် မြောက်ပိုင်းကြယ်စင်ဧကရာဇ်က တာအိုစကြာဝဠာတွင် ဖြစ်ပျက်နေသည့်ကိစ္စများကို ခဏတာမျှ အရေးမစိုက်နိုင်သည်ဖြစ်ရာ ရန်ကျောက်ကဲတို့အုပ်စုအတွက် အခွင့်အရေးတစ်ခု ဖြစ်သည်။
တာအိုစကြာဝဠာ၏အနေအထားနှင့် အထက်ဘုံကမ္ဘာ၏တည်ရှိမှုကို အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ သိရှိထားပြီးသား ဖြစ်သည်။
ထို့ပြင် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာသည် အချိန်မရွေး မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ စောင့်ကြည့်မှုအောက်တွင် ရှိနေပေသည်။
အမတခုံရုံး စစ်ရှုံးသွားပြီးနောက် မြောက်ပိုင်းကြယ်စင်ဧကရာဇ်က စောမင်ကျန့်ကြောင့် အရာအားလုံးကို ပစ်ထားခဲ့ရသော်လည်း သူ၏အခြေခံအုတ်မြစ်မှ လွတ်မြောက်နိုင်သူတစ်ယောက်မှ မရှိပေ။
ရန်ကျောက်ကဲတို့အုပ်စုအနေဖြင့် အထက်ဘုံကမ္ဘာတွင် ရှိနေသရွေ့ ၊ တာအိုစကြာဝဠာထဲတွင် ရှိနေသရွေ့ ပုန်းကွယ်နေသည့် ခြိမ်းခြောက်မှုများကို အမြဲတမ်း ရင်ဆိုင်နေရမည် ဖြစ်သည်။
အခြေအနေများ မည်သို့ဖြစ်လာမည်ကို နားလည်ပြီးနောက် ရန်ကျောက်ကဲက မယုံနိုင်လောက်အောင် ရဲရင့်သည့် အစီအစဉ်တစ်ခုကို စတင်ပြုလုပ်ခဲ့သည်။
အထက်ဘုံကမ္ဘာမှခွဲထွက်ပြီး မိမိကိုယ်ပိုင်ကမ္ဘာကို တည်ထောင်မည်။
သူတစ်ယောက်တည်း ထွက်ခွာသွားရန်က ရိုးရှင်းလွန်းသည်။ ဝါဒတောင်မှတပည့်များကို သူနှင့်အတူ ခေါ်ဆောင်သွားရန်မှာလည်း ခက်ခဲသည်မဟုတ်ပေ။
သို့သော် အထက်ဘုံကမ္ဘာတွင် ယွဲ့ကျန့်ပေ၏ ကျောက်စိမ်းကျောက်ဆောင်နှင့် ချန်ရွှမ်ကျုန်း၏ ကျောက်စိမ်းကောင်းကင်တောင်ထွတ် တည်ရှိနေသည်။
အရှေ့တောင်ပိုင်းရှိ ကျင်းထင်တောင်တွင်လည်း သူတို့မိသားစုနှင့် ရင်းနှီးသော မိတ်ဆွေအပေါင်းအသင်းများ ရှိနေသေးသည်။
ထို့ကြောင့် ရန်ကျောက်ကဲက ကိုယ်ပိုင်ကမ္ဘာတစ်ခုတည်ထောင်ပြီး ကြီးမားသောလှုပ်ရှားမှုကြီးတစ်ခု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ကျောက်စိမ်းကျိုင်းတံကြောင့် အထက်ဘုံကမ္ဘာတစ်ခုလုံးကို အဂ္ဂိရတန်ခန်းမနှင့် ပေါင်းစပ်မရနိုင်ပေ။
သို့သော် ပြင်ဆင်မှုများ ပြီးပြည့်စုံအောင်ပြုလုပ်ပြီးသည့်နောက် အထက်ဘုံကမ္ဘာတစ်ဝက်ကို ပိုင်းခြားပစ်နိုင်မည်ဖြစ်သည်။
ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာဆိုသည်က ရန်ရှင်းထန် ၊ ရှောက်ကျွင်းဟွမ် ၊ စောမင်ကျန့်နှင့် အခြားသူများ၏ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်တည်လာခြင်း ဖြစ်သည်။
စန်းချင်း(၃)ပါးအဆက်အနွယ်မှဆင်းသက်လာသည့် တာအိုကျင့်ကြံသူများစွာအပြင် သန်းနှင့်ချီသည့် သာမန် သေမျိုးလူသားများလည်း အထက်ဘုံကမ္ဘာတွင် နေထိုင်ကြသည်။
ရန်ကျောက်ကဲက ကိုယ်ကျင့်တရားမကောင်းသည့်လူတစ်ယောက် ဖြစ်လျှင်တောင်မှ အထက်ဘုံကမ္ဘာတွင်နေထိုင်ကြသည့် သက်ရှိများ သေကျေပျက်ဆီးစေရန် ဆန္ဒမရှိခဲ့ပေ။
သို့သော် သူ့အနေဖြင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ် ၊ ကျန်းရှန်နှင့် အခြားသူများကို လွယ်လွယ်နှင့် အလျှော့ပေးရန် အစီအစဉ် မရှိပေ။
ထို့ကြောင့် သူက အထက်ဘုံကမ္ဘာကို သိမ်းပိုက်ရန် မကြံစည်ခဲ့ပေ။
ဗလာနယ် အသွင်ကူးပြောင်းခြင်းဆိုင်ရာ နိယာမများကို အသုံးချက သူက များပြားလှစွာသော အောက်ဘုံကမ္ဘာများကို အထက်ဘုံကမ္ဘာနှင့် ချိတ်ဆက်ထားခဲ့သည်။
အထက်ဘုံကမ္ဘာ တက်ဝက်ကိုယူဆောင်သွားသည်သာမက အောက်ဘုံကမ္ဘာတစ်ဝက်ကိုပါ ယူဆောင်သွားရန် ကြံစည်ထားခဲ့သည်။
သူက လူဦးရေနှင့် ရင်းမြစ်များကို တတ်နိုင်သမျှ အများဆုံး ယူဆောင်သွားချင်ခဲ့သည်။
ကမ္ဘာတစ်ခုတည်ထောင်ခြင်းက ကမ္ဘာတစ်ခု တည်ထောင်ခြင်းပင် ဖြစ်သည်။
ရန်ကျောက်ကဲက အရာအားလုံးကို သုညမှ ပြန်လည်စတင်ရန် အစီအစဉ်မရှိပေ။ ထို့ကြောင့် သူက အသင့်ရှိပြီးသားအရာတစ်ခုကို ခွဲဝေယူရန် ရွေးချယ်ခဲ့သည်။
အရင်အချိန်များကတည်းကပင် အထက်ဘုံကမ္ဘာတွင် ဝါဒတောင်၏ သြဇာလွှမ်းမိုးမှုက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။
သူတို့၏သြဇာအာနာက အရှေ့ပိုင်းဒေသတစ်ခုတည်းတွင် ကန့်သတ်ထားခြင်းမျိုး မဟုတ်ပေ။
ဝါဒတောင်ဆိုသည်က ခွန်လွန်တောင်နှင့် တူညီသည့်အနေအထားသို့ပင် မသိမသာရပ်တည်လာခဲ့ကာ ၊ ခွန်လွန်တောင်နှင့် ဝါဒတောင်ဆိုသည်က ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ၏ ထင်ရှားသော ဗဟိုချက်(၂)ခုပမာ ဖြစ်လာခဲ့သည်။
ယနေ့မှစတင်ပြီး အလယ်ပိုင်း ခွန်လွန်တောင်နှင့် အရှေ့ပိုင်းဝါဒတောင်တို့က သူတို့၏ ကိုယ်ပိုင်ကမ္ဘာများတွင် စစ်မှန်သော ခေါင်းဆောင်များ ဖြစ်လာကြပေတော့မည်။
မင်းတို့ခွန်လွန်တောင်က ‘ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ’ ကို အုပ်စိုးမည်ဆိုလျှင်...
ငါတို့ဝါဒတောင်က ‘ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ’ ကို အုပ်စိုးမည်။