အသက်ရှုသုံးကြိမ်ပြီးလို့ ထွက်မသွားသေးရင် ဒီမှာသေရမယ်
Vol. 3 Ch. 31
ရွှမ်ယီ၏ မျက်လုံးများ ပြန်လည်ဖွင့်လိုက်သောအခါ ခရမ်းလမင်းသစ်တောတွင်မဟုတ်တော့ဘဲ ကမ္ဘာအသစ်တစ်ခုသို့ရောက်ရှိနေကြောင်းတွေ့လိုက်ရသည်။
တစ်ချက်မျှကြည့်လိုက်လျှင် လက်ရှိရောက်နေသောနေရာမှာ မူလကမ္ဘာနှင့် သိပ်မကွာခြားကြောင်းတွေ့ရပေမည်။
တောတောင် ၊ ရေမြေ ၊ သစ်ပင်များအားလုံး သဘာ၀ကျစွာရှိနေသည်။
သို့သော် အသေးစိတ်ကြည့်လိုက်လျှင် ပြင်ပကမ္ဘာနှင့် ကွာခြားကြောင်းတွေ့ရမည်ဖြစ်သည်။
အဓိကကွာခြားချက်မှာ လေထုထဲရှိ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းမှုဖြစ်၏။
ဤနေရာမှ စိတ်ဝိညာဉ်စွမ်းအင်များမှာ ပြင်ပကမ္ဘာထက် သုံးဆခန့်ပို၍ ထူထပ်ပေါများသည်။
တနည်းအားဖြင့် လက်ရှိကမ္ဘာတွင် တစ်ရက်ကျင့်ကြံခြင်းက ပြင်ပကမ္ဘာ၌ သုံးရက်ကျင့်ကြံခြင်းနှင့် ညီမျှသည်။
သို့သော် ဤကဲ့သို့ ရတနာများ အခွင့်အလမ်းများ ပြည့်နေသည့်နေရာတွင် မည်သူမှထိုင်၍ ကျင့်ကြံနေမည်မဟုတ်ချေ။
ခရမ်းလမင်းလျှို့ဝှက်နယ်မြေအတွင်း၌ (၇)ရက်သာနေခွင့်ရသည်။
ထို့ကြောင့် မည်သူမျှ ဦးနှောက်မဲ့စွာ ထိုင်၍ ကျင့်ကြံနေမည်မဟုတ်ပေ။
ထိုအစား ပို၍ တန်ဖိုးရှိသည် အခွင့်အလမ်းများကိုသာ ရှာဖွေကြပေလိမ့်မည်။
ရွှမ်ယီက ဤကမ္ဘာငယ်သို့ရောက်လာသည်နှင့် သူ၏ စိတ်ဝိညာဉ်အာရုံမှာ တစ်စုံတစ်ခု၏ ကန့်သတ်ခြင်းကိုခံလိုက်ရကြောင်း တွေ့ရှိခဲ့သည်။ မူလက ကီလိုမီတာ ဒါဇင်နှင့်ချီပြီး ဖြန့်ကျက်၍ရသည့် စိတ်ဝိညာဉ်အာရုံမှာ ယခုတွင် မီတာရာဂဏန်းခန့်လောက်သာရတော့၏။
ယခုတွင် ရွမ်ယီက တောအုပ်တစ်ခုထဲသို့ရောက်ရှိနေပြီး ပတ်၀န်းကျင် မီတာအနည်းငယ်ခန့်သာ မြင်နိုင်သည်။
“ အမ်..? ကြည့်ရတာ ငါ့ကံကကောင်းသားပဲ… အခုမှ၀င်လာရုံပဲရှိသေးတယ် ကောင်းတာလေးတစ်ခုခုတွေ့ပြီ…”
သူ၏ စိတ်ဝိညာဉ်အာရုံအားဖြန့်ကျက်ကြည့်လိုက်လျှင် ဝိညာဉ်စွမ်းအားများ ကြွယ်၀စွာထွက်ပေါ်နေသည့် နေရာတစ်ခုကို အာရုံခံစားမိလိုက်သည်။
[ Note : စိတ်ဝိညာဉ်အာရုံဆိုတာ မျက်စိမှိတ်ထားရင်တောင် အဲ့တာကို အသုံးပြုပြီး ပတ်၀န်းကျင်ကို ခံစားသိမြင်နိုင်တဲ့ အရာကိုပြောတာပါ… အစွမ်းထက်ရင် ထက်သလောက် အဝေးကြီးကို ဖြန့်ထုတ်ပြီး ကြည့်လို့ရပါတယ်… နားလည်အောင်းရှင်းပြတာပါ စိတ်စွမ်းအား လို့ပဲ ဆက်ပြီးပြောင်းသုံးသွားပါမယ်နော် ]
ထိုအရာမှာ စိတ်ဝိညာဉ်ဆေးပင်ဖြစ်မည်ဟု ရွှမ်ယီ ခန့်မှန်းမိလိုက်သည်။
မည်သည့်ဆေးပင်ဖြစ်ပြီး မည်သည့်အဆင့်တွင်ရှိကြောင်း မည်မျှတန်ဖိုးရှိကြောင်း သေချာမမြင်ရသေးသည့်အတွက် ပြောနိုင်စွမ်းမရှိသေးပေ။
“ ဟဟ.. ရေခဲဝိညာဉ်မြက်ပင် ဖြစ်ကောင်းဖြစ်နိုင်တယ်…”
ရွှမ်ယီ၏ နှုတ်ခမ်းထောင့်စွန်း တွန့်ကွေးသွားခဲ့သည်။
မဖြစ်နိုင်မှန်းကို နားလည်ထားပေမယ့် စိတ်ကူးယဉ်သည်မှာ အပြစ်မရှိချေ။
ထိုဆေးပင်မှာ မည်သည့်အပင်ဖြစ်စေ ကိစ္စမရှိချေ။ သူကိုယ်တိုင်အတွက်ဖြစ်စေ တပည့်များအတွက်ဖြစ်စေ အသုံး၀င်နေသရွေ့ ၀မ်းပန်းတသာလက်ခံလိုက်မည်သာ။
ထိုနောက် ချက်ချင်းပင် သူခံစားမိလိုက်သော နေရာဆီသို့ ပြေးသွားခဲ့သည်။
“ ဝှစ်..”
“ ဝှစ်..”
မျက်စိတမှိတ်အတွင်း ထိုနေရာသို့ ရောက်ရှိသွားခဲ့သည်။
သို့သော် ထိုနေရာသို့ ရောက်ရှိလာသူမှာ ရွှမ်ယီ တစ်ဦးတည်းမဟုတ်ချေ။
ဆံဖြူအဘိုးကြီးတစ်ယောက်နှင့် ကျောကုန်းတွင် ဓားကြီးတစ်ချောင်းလွယ်ထားသည့် လူတစ်ယောက်လည်း ရောက်ရှိလာခဲ့သည်။
“ မင်းတို့ အသက်ရှုသုံးကြိမ်စာအတွင်း ဒီနေရာက ထွက်သွားစမ်း.. မဟုတ်ရင် သေရမယ်…”
ဆံဖြူအဘိုးကြီးက အခြားနှစ်ယောက်ကို စိုက်ကြည့်၍စကားဆိုလိုက်သည်။
စကားဆုံးသည်နှင့် ဖိအားများကိုထုတ်လွှတ်လိုက်၏။
“ အခြေတည်ဝိညာဉ်အဆင့်…! “
နောက်ကျောတွင် ဓားလွယ်ထားသည့် လူက စကားတစ်ခွန်းမျှပြန်မပြောဘဲ ထွက်သွားခဲ့သည်။
ရွှမ်ယီက ရပ်မြဲအတိုင်း ဆက်ရပ်နေခဲ့သည်။
“ မင်းက သေချင်နေတာပဲ…”
အဘိုးအိုက အေးစက်စွာစကားဆိုလိုက်ပြီး လက်ဝါးနှင့် လှမ်းရိုက်လိုက်သည်။
“ ဘုန်း…! “
ကြောက်မက်ဖွယ်ဖိအားတစ်ခုက ရွှမ်ယီထံသို့ တောင်ကြီးတစ်လုံးအလား ကျဆင်းလာခဲ့သည်။
“ ရွှစ်..”
ရွှမ်ယီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ သူ့ခေါင်းထက်၌ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် ဓားကြီးတစ်ချောင်းဖြစ်ပေါ်လာပြီး သူ့ထံသို့ လာနေသည့် လက်ဖဝါးထံပြေး၀င်သွား၏။
“ ဘုန်း..! ဘုန်း..! “
လက်ဖဝါးနှင့် ဓားထိရာမှ အသံကျယ်ကြီးတစ်ခု မြည်ဟိန်းထွက်လာလေသည်။
၎င်းမှ လျှံထွက်လာသည့် စွမ်းအားများကြောင့် ပတ်၀န်းကျင်ရှိ သစ်ပင်ကြီးများပင်ပြိုလဲသွားပြီး ကျောက်တုံးများ လွင့်ထွက်သွားခဲ့ရသည်။
“ အင့်…!”
အဘိုးအို ခြေလှမ်းပေါင်းများစွာနောက်ပြန်ဆုတ်သွားခဲ့ပြီး တစ်ချက်ညည်းညူလိုက်ကာ သွေးတစ်ပွက်အန်လိုက်ရ၏။
“ ဓားရည်ရွယ်ချက်…”
အဘိုးအို၏ နှုတ်ဖျားမှ ရေရွတ်သံထွက်ပေါ်လာသည်။
“ အိုး…? “
ထိုအဘိုးအိုက သူ၏ ဓားချက်ဖြင့် သေဆုံးမသွားသည့်အပေါ် ရွှမ်ယီအံ့ဩသွားခဲ့ရသည်။
ထိုအဘိုးကြီး၏ ကျင့်ကြံမှုမှာ ၀င်ပေါက်အပြင်ဘက်တွင် သူသတ်ခဲ့သည့် အနက်၀တ်လူနှင့် အတူတူသာဖြစ်၏။
သို့သော် အနက်ရောင်မိစ္ဆာဂိုဏ်းမှ အနက်၀တ်လူက သူ့ဓားတစ်ချက်တည်းနှင့် သေဆုံးသွားခဲ့သည်။
ယခုအဘိုးကြီးမှာ ထိုအနက်၀တ်လူထက် အများကြီးအားကောင်းကြောင်း ပေါ် လွင်နေသည်။
“ ပိုအစွမ်းထက်တော့ရော ဘာဖြစ်လဲ…? “
ရွှမ်ယီ တီးတိုးရေရွတ်လိုက်ပြီး သူ့ခေါင်းထက်တွင် စောနကကဲ့သို့ ဓားတစ်ချောင်းထပ်မံပေါ်ထွက်လာခဲ့သည်။
ထိုဓားအား မြင်လျှင် ဆံဖြူအဘိုးကြီး နှလုံးသားတစ်ခုလုံးတင်းကြပ်သွားခဲ့သည်။
‘ ဒီတိုက်ခိုက်မှုက ပထတစ်ခုထက် ပိုပြီးကြောက်ဖို့ကောင်းတယ်…'
“ အကာအကွယ်…”
သန့်စင်သည့် ကျောက်စိမ်းပြားလေးတစ်ခု အဘိုးအို၏ လက်အတွင်း၌ ထွက်ပေါ်လာပြီး ၎င်းအား ချက်ချင်းချိုးဖျက်လိုက်သည်။
ထိုကျောက်စိမ်းပြားလေး ကျိုးပျက်သွားပြီးနောက် သူ့ရှေ့တွင် အလွန်ကြီးမားသည့် ငွေဒိုင်းကြီးတစ်ခု ပေါ်ထွက်လာလေသည်။
“ ဘုန်း…! “
ဧရာမဓားကြီးနှင့် ငွေရောင်ဒိုင်းကာတို့၏ ထိခတ်မှုမှ အလွန်ကျယ်လောင်သော အသံကြီးတစ်ခုပေါ်ထွက်လာသည်။
“ ဖူး…”
ဆံဖြူအဘိုးအို၏ ပါးစပ်မှ သွေးများပန်းထွက်လာခဲ့သည်။ အဘိုးအို၏ အရှိန်အဝါမှာလည်း မူလထက် များစွာကျဆင်းသွားခဲ့လေသည်။ ထိုမှတဆင့် ဒဏ်ရာအပြင်းအထန်ရသွားကြောင်း သိနိုင်ပေသည်။
“ ဘုန်း.. ဘုန်း…”
ငွေရောင်ဒိုင်းကာမှာ ဧရာမဓားကြီးအား ဆက်လက် ကာကွယ်နိုင်စွမ်းမရှိတော့ပေ။ အသက်ရှု နှစ်ကြိမ် သုံးကြိမ်စာအတွင်း အက်ကွဲ၍ လာနေချေပြီ။
“ ချီးဘဲ..”
အဘိုးကြီးက နောက်ထပ် ကျောက်စိမ်းပြားတစ်ခု ထပ်မံ၍ ထုတ်ယူလိုက်၏။
သူ၏ အသက်ကယ်ဝှက်ဖဲနှစ်ခုလုံး အသုံးပြုလိုက်ရချေပြီ။
သူ့ နှလုံးသားတစ်ခုလုံးလည်း နှမျောမှုကြောင့် သွေးများယိုစီးကျနေပြီဖြစ်၏။
ထို အသက်ကယ်ဝှက်ဖဲနှစ်ခုအား သူ တန်ဖိုးကြီးစွာ ပေးဆပ်ပြီးရရှိထားခြင်းဖြစ်သည်။
“ မဟုတ်ဘူး.. ဒါတွေကို မသုံးရင် ဒီနေရာမှာပဲ ငါသေသွားလိမ့်မယ်…”
အဘိုးအို၏ မျက်၀န်းအတွင်း စိတ်ပိုင်းဖြတ်ထားဟန်များထွက်ထွက်ပေါ်လာပြီး လက်အတွင်းရှိ ကျောင်းစိမ်းပြားလေးအား ချိုးလိုက်၏။
ကျောက်စိမ်းပြားအား ချိုးလိုက်ပြီးသည်နှင့် အဘိုးအို၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအသွင်ပြောင်းလျက် ကောင်းကင်ထက်သို့ရောက်ရှိသွားခဲ့သည်။
“ ဘန်း…”
ဧရာမဓားကြီးက ငွေဒိုင်းအား ချိုးဖျက်ကာ အဘိုးအိုရှိရာနေရာသို့ ကျရောက်သွားသော်လည်း ထိုအဘိုးအိုကားမရှိတော့ချေ။
ထို အဘိုးအို၏ အရှိန်မှာ အလွန်လျင်မြန်လွန်းလှသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်း မိုးကုတ်စက်ဝိုင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားပြီဖြစ်၏။
“ ဒီလူရဲ့ အစွမ်းက အဲ့လောက်လည်းမဟုတ်ပါဘူး..! ဒါပေမယ့် သူ့မှာ အသက်ကယ်ပစ္စည်းတွေအများကြီးပဲ…”
ရွှမ်ယီက စိတ်မပါတပါနှင့် ခေါင်းယမ်းလိုက်သည်။
ထို အဘိုးကြီး သေသည်ဖြစ်စေ လွတ်သွားသည်ဖြစ်စေ သူ့အတွက်အရေးမကြီးပေ။ အနီးရှိ တိမ်မြူမြက်အား ရသည်နှင့် အဆင်ပြေနေပြီဖြစ်သည်။
ရွှမ်ယီက မြေပြင်သို့လှမ်းကြည့်လိုက်၏။
ထိုနေရာရှိ တိမ်မြူမြက်မှာ နဂိုအတိုင်းပင်ရှိနေသေးသည်။
သူတို့တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခြင်းမရှိချေ။
တိမ်မြူမြက် ၊ အဆင့်(၄) စိတ်ဝိညာဉ်ဆေးပင် ၊ အဆင့်(၄) ဆေးပင်များကြားတွင်ပင် အလွန်တန်ဖိုးကြီးသော ဆေးပင်ဖြစ်၏။
၎င်းအား အသုံးပြုလိုက်လျှင် အခြေတည်ဝိညာဉ်အဆင့်၌ အဆင့်သေးတစ်ခု တိုးမြှင့်နိုင်စွမ်းရှိသည်။
အကျိုးသက်ရောက်မှုမှာ ကောင်းလွန်းပေသည်။
“ ကံကောင်းသားပဲ…”
ရွှမ်ယီက ပြုံးလိုက်ပြီး တိမ်မြူမြက်အား ဂရုတစိုက် နှုတ်ယူလိုက်သည်။
သူ့ကံက အမှန်တကယ်လည်း မဆိုးလှပေ။
ကောင်းကင်လေနိုင်ငံ တစ်ခုလုံးတွင်ပင် တိမ်မြူမြက်မှာ အလွန်ရှားပါးပြီး ငွေရှိရုံနှင့် ၀ယ်ယူ၍ရသည့်အရာမဟုတ်ပေ။
တိမ်မြူမြက်မှာ အဆင့်(၄) ဆေးပင်များထဲ၌ပင် ထိပ်တန်းအဆင့်ဆေးပင်ဖြစ်၏။
၎င်းအား နှူတ်ယူပြီးသည်နှင့် ရွှမ်ယီက သိမ်းထားရန်မစဉ်းစားဘဲ တခါတည်း အသုံးပြုလိုက်သည်။
ဤကဲ့သို့ လျှို့ဝှက်နယ်မြေအတွင်း၌ ပိုပြီးအစွမ်းထက်လေ ကောင်းလေဖြစ်သည်။
ရွှမ်ယီအနေဖြင့် ဤလျှို့ဝှက်နေမြေအတွင်း၌ သူ့ကိုယ်သူ ပြိုင်ဖက်ကင်းတစ်ယောက်ဟု မှတ်ယူထားခြင်းမရှိပေ။
ဤအထဲသို့ ၀င်လာသူများတွင် အဆင့်မြင့် အခြေတည်ဝိညာဉ်အဆင့် ပညာရှင်များလည်း ပါ၀င်ပေသည်။
နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခု သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး အခြေတည်ဝိညာဉ် အဆင့်(၃) အစောပိုင်းမှ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သူ၏ ခွန်အားများ ထပ်မံ၍ တိုးလာခဲ့ချေပြီ။
ယခင်က သူ့အနေဖြင့် အခြေတည်ဝိညာဉ်အဆင့်(၅) ထိပ်ဆုံးအား အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိသော်လည်း အဆင့်(၆)နှင့် တိုက်ခိုက်လျှင်မူ အနိုင်မရနိုင်ပေ။
သို့သော် ယခုတွင်မူ အဆင့်(၆) အစောပိုင်းကျင့်ကြံသူအား အနိုင်တိုက်နိုင်မည်ဟု ခံစားနေရသည်။