← Chapters

ရန်သူ(၁၀၀၀)ကျော်အား ဓားတစ်ချက်ဖြင့် ရပ်တန့်စေခြင်း

Vol. 3 Ch. 35

ရန်သူ(၁၀၀၀)ကျော်အား ဓားတစ်ချက်ဖြင့် ရပ်တန့်စေခြင်း

Vol. 3 Ch. 35

“ ရွှပ်.. ရွှပ်..ရွှပ်..ရွှပ်…”

အလွန်းကြီးမားသည့် ဓားစွမ်းအားက ၎င်းဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ အရာအားလုံးအား တို့ဟူးတုံးကဲ့သို့ ပိုင်းဖြတ်သွားခဲ့သည်။

ထိုစွမ်းအားကြီးသည့် ဓားတစ်ချက်က ငွေလသစ်ပင်ပတ်၀န်းကျင်မှ လူတိုင်းအား တုန်လှုပ်သွားစေခဲ့သည်။

ဓားတစ်ချက်..! လူရာပေါင်းများစွာ ‌သေဆုံးသွားခဲ့သည်။

စစ်မြေပြင်ကြီးတွင် လူတစ်ထောင်ကျော်ရှိနေသည့်အနက် ငါးပုံတစ်ပုံနီးပါး ပျောက်ဆုံးသွားခဲ့သည်။

ထိုဓားအလင်းတန်းကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်၌ ချီ အခြေခံတည်ဆောက်ခြင်း အဆင့်ဖြစ်စေ၊ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းဖြစ်စေ အကုန်ပျောက်ဆုံးသွားခဲ့သည်။ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ နှစ်ယောက်ပင်ပါ၀င်၏။

ဘယ်လိုတောင် ကြီးစိုးလွန်းတဲ့ ဓားချက်လဲ…?

ထိုအချိန်တွင် စစ်မြေပြင်မှ လူတိုင်းရပ်တန့်သွားခဲ့ကြသည်။

စစ်မြေပြင်သို့ ဖြေညှင်းစွာ လမ်းလျှောက်၀င်လာနေသည့် ၀တ်စုံဖြူနှင့် လူငယ်အား ထိတ်လန့်နေသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။

“ ဒီလူက အရမ်းအစွမ်းထက်တယ်…”

“ အနည်းဆုံး အခြေတည်ဝိညာဉ်အဆင့်(၃)ပဲဖြစ်လိမ့်မယ်…”

စစ်မြေပြင်ရှိ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများ၏ မျက်နှာအမူအရာမှာလည်း ဆိုးရွားနေချေပြီ။

စစ်မြေပြင်တွင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ (၁၀)ယောက်ကျော်ရှိသော်လည်း အခြေတည်ဝိညာဉ် အဆင့်(၁) ၊ အဆင့်(၂) များသာ။

ထို့ကြောင့် အခြေတည်ဝိညာဉ် အဆင့်(၃) တစ်ယောက် တိုက်ပွဲအတွင်းသို့ ၀င်ရောက်လာခြင်းက သူတို့အား အလွန်အမင်း စိတ်မသက်မသာဖြစ်သွားစေခဲ့သည်။

“ အကြီးအကဲရွှမ်..”

“ အဲ့တာ အကြီးအကဲရွှမ်ပဲ…”

၀တ်စုံဖြူ၀တ်လူငယ်အားမြင်လျှင် ၀မ်တောင်နှင့် လုရင်တို့ ချက်ချင်းမှတ်မိလိုက်ကြသည်။

သူတို့၏ အကြီးအကဲရွှမ်မှလွဲ၍ အခြားမဖြစ်နိုင်ချေ။

၀မ်တောင်နှင့် လုရင်တို့ စိတ်လှုပ်ရှားနေကြသော်လည်း ရှေ့ထွက်မလာခဲ့ကြပေ။

တိုက်ပွဲမှာ အရှိန်အဟုန်မပြယ်သေးချေ။ အကယ်၍ သူတို့၀င်ရောက်သွားလျှင် အကြီးအကဲရွှမ်အား ၀န်ထုပ်၀န်ပိုးဖြစ်သွားစေလိမ့်မည်။

“ ဒီနေရာက ငွေလသစ်သီးတွေ အကုန်လုံး ငါ့ဟာတွေပဲ…”

ရွှမ်ယီက လမ်းလျှောက်လာပြီး ငွေလသစ်ပင် အောက်သို့ရောက်လျှင် ပတ်၀န်းကျင်အား ဝေ့ကြည့်ပြီး ကြေငြာလိုက်၏။

ထိုစကားအားကြားလျှင် စစ်မြေပြင်ရှိ လူတိုင်းနီးပါး မျက်နှာပျက်သွားခဲ့လေသည်။

ထိုသူ၏ စကားများမှာ စောနလေးက ထွက်ပေါ်လာသည့် ဓားချက်ကဲ့သို့ပင်။ အလွန်ရက်စက်လွန်းလှ၏။

“ သူငယ်ချင်းလေး… မင်းက ဒီနေရာက လူတိုင်းထက် အစွမ်းထက်တယ်ဆိုတာကို ငါလက်ခံပါတယ်.. တစ်ယောက်ချင်း တိုက်ရင် ဒီနေရာက ဘယ်သူမှ မင်းကိုယှဉ်နိုင်မှာမဟုတ်ဘူး... ဒါပေမယ့် ဒီမှာက လူအများကြီးရှိတယ်လေ.. မင်းဟာက လွန်တယ်လို့မထင်ဘူးလား…?”

စကားပြောလိုက်သူမှ အခြေတည်ဝိညာဉ်အဆင့်(၂)အထွတ်အထိပ်မှ အဘိုးကြီးတစ်ဦးဖြစ်၏။ ထိုသူ၏ ခွန်အားက ဤနေရာတွင် ထိပ်ဆုံး၌ ပါ၀င်သည်။

“ ဟက်.. မင်းအပိုင်ဆိုတာ ဘာကိုပြောတာလဲ.. ဒါဆိုရင်ငါလည်းပြောမယ်.. ဒီနေရာက အသီးတွေအကုန် ငါ့ဟာပဲ…”

နောက်တစ်‌ယောက်က ထပ်ပြောလိုက်၏။

ထိုလူက ပထမအဘိုးကြီးထက် အားမနည်းချေ။

အစောပိုင်းက ဓားချက်ကြောင့် အခြားလူများအနေဖြင့် ရွှမ်ယီအား ကြောက်လန့်နေကြသောလည်း သူတို့က မကြောက်ပေ။

တစ်ယောက်ချင်းတိုက်လျှင် သူတို့ နိုင်ပေမယ့် အခြေတည်ဝိညာဉ်အဆင့်(၁၀) ယောက်ကျော်ပေါင်းလိုက်လျှင် ရင်ဆိုင်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။

“ ဒီငွေလသစ်ပင်က နဂိုကတည်းက ငါ့လူတွေ ရှာတွေ့ထားခဲ့တာ.. အခု ငါ့ပစ္စည်းတွေ ငါပြန်လာယူရုံပါပဲ.. အဲ့တာကို ဘယ်လိုဖြစ်ပြီး လွန်တယ်လို့ပြောနိုင်တာလဲ…?”

“ တကယ်လို့ ငါလွန်နေတယ်ဆိုရင်တောင် မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ…”

ယခုအခြေအနေတွင် ရွှမ်ယီအနေဖြင့် ရန်သူပေါင်းစွာကို ရင်ဆိုင်နေရသော်လည်း ကိုယ့်ကိုယ်ကိုထိန်းချုပ်ထားခြင်းအလျင်းမရှိချေ။

“ သူငယ်ချင်းလေး.. မင်းက ဘာကိုဆိုလိုချင်တာလဲ..? မင်း အနေနဲ့ အသားစားသွားရင်တောင် ကျန်တဲ့လူတွေအတွက် စွပ်ပြုတ်လောက်တော့ ချန်ထားသင့်တယ်မလား..? ငါ တစ်ခုအကြံပေးချင်တယ်.. ဒီနေရာက ငွေလသစ်သီးတွေရဲ့ သုံးပုံတစ်ပုံ မင်းယူသွားလိုက်ပါ.. ကျန်တာတွေကိုတော့ ငါတို့ဆက်ပြီးတိုက်ခိုက်လိုက်မယ်.. ဘယ်လိုသဘောရလဲ…?”

ယခုထပ်ပြောလိုက်သည်က ပထမဆုံးစကားပြောခဲ့သည့် အဘိုးကြီးဖြစ်၏။

သူ့အနေဖြင့် အခြေတည်ဝိညာဉ်အဆင့်(၃) ကျင့်ကြံသူနှင့် တိုက်ခိုက်လိုခြင်းမရှိချေ။

“ ထွက်သွားကြစမ်း..!”

ရွှမ်ယီ၏ အဖြေက အလွန်ရိုးရှင်းပေသည်။

ထိုအသီးများကို နဂိုကတည်းက သူ့အပိုင်ဟု သတ်မှတ်ထားပြီးသားဖြစ်သည်။

ထိုအရာများအား မည်သည့်အတွက်ကြောင့် ခွဲပေးရမည်နည်း။

“ ကြည့်ရတာ ငါတို့ဆက်ဆွေးနွေးဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်.. ဒါဆိုလည်း ငါတို့ကို လူအများနဲ့ အနိုင်ကျင့်တယ်လို့တော့ အပြစ်မတင်နဲ့…”

“ လူတိုင်း.. အတူပေါင်းပြီး သူ့ကို အရင်တိုက်ကြရအောင်…”

ထိုအဘိုးကြီးက ဒေါသတကြီးအော်ဟစ်လိုက်သည်။

အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦးအနေနှင့် ဘယ်တုံးကမှ ဒီလောက် မနှိမ့်ချခဲ့ဖူးချေ။

နှိမ့်ချလိုက်ရတာက အဆင်ပြေသေးသည် ၊ သို့ပေမယ့် တစ်ဖက်လူက ထိုအရာအား အသိအမှတ်မပြုခဲ့ချေ။

သုံးပုံတစ်ပုံပေးတာတောင် လက်မခံချင်ဘူး..!

ဒါဆိုလည်း တစ်ခုမှမယူနဲ့တော့…!

“ ပုရွက်ဆိတ်တွေဆိုတာ အရေအတွက်ဘယ်လောက်ပဲများများ ပုရွက်ဆိတ်တွေပါပဲ…”

ပြောပြီးသည်နှင့် ရွှမ်ယီက ဓားနှင့် ခုတ်ချလိုက်သည်။

“ ဘန်း…!”

ဓားချက်တစ်ချက်က အရာအားလုံးကို ဖျက်ဆီးတော့မည့်အလား ပြေးထွက်သွားခဲ့သည်။

အစောပိုင်းက တိုက်ခိုက်မှုမှာ သတိပေးချက်တစ်ခုသာဖြစ်ခဲ့၏။

ထိုတိုက်ခိုက်မှုဖြင့် လူတိုင်းအား နောက်ဆုတ်သွားစေချင်ခဲ့သည်။

အမှန်တိုင်းဆိုလျှင် ရွှမ်ယီက အပျင်းပြေလူလျှောက်သတ်နေတတ်သည့် လူမျိုးမဟုတ်ချေ။

သို့သော် ယခုဓားချက်တွင်မှု ညှာတာမှုလုံး၀မရှိခဲ့ပေ။

ထိုလူများ အလွန်သေချင်နေသည်ဖြစ်ရာ ၎င်းတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးရပေလိမ့်မည်။

အလွန်စွမ်းအားကြီးသည့် လခြမ်းပုံသဏ္ဌာန်ဓားချက်က စစ်မြေပြင်အား ဖြတ်သန်းသွားခဲ့သည်။

“ မကောင်းတော့ဘူး..! သူက အခြေတည်ဝိညာဉ် အဆင့်(၃) မဟုတ်ဘူး…”

အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့်မှ အဘိုးကြီး အလွန်ထိတ်လန့်သွားခဲ့သည်။

ရွှမ်ယီ၏ ဓားချက်ထွက်ပေါ်လာသည်နှင့် ဒုက္ခရောက်တော့မည်ဖြစ်ကြောင်း နားလည်လိုက်သည်။

ဤမျှ ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုမှာ အခြေတည်ဝိညာဉ်အဆင့်(၃) ကျင့်ကြံသူတစ်ဦး ပြုလုပ်နိုင်သည့်အရာမဟုတ်ချေ။

အဘိုးအိုက စိတ်တွင်းမှနေ၍ စောဒကတက်လိုက်မိသည်။

ရွှမ်ယီသာ အခြေတည်ဝိညာဉ်အဆင့်(၄) ကျင့်ကြံသူမှန်း စောစောသိခဲ့ပါက မည်သည့်စကားမျှ ပြောမနေတော့ဘဲ ထွက်ခွာသွားခဲ့ပေလိမ့်မည်။

အ‌ခြေတည်ဝိညာဉ်အဆင့်(၃)သာ ဆိုလျှင် သူတို့အားလုံး ပေါင်းလိုက်လျှင် တိုက်နိုင်သေး၏။

သို့သော် အခြေတည်ဝိညာဉ် အဆင့်(၄) ဆိုလျှင်မူ…….

အခြေတည်ဝိညာဥ် အစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်တို့မှာ အလွန်ကွာခြားလွန်းလှသည်။

အဘိုးအိုက စိတ်တွင်း၌ အလွန်အမင်းနောင်တရသွားခဲ့သည်။

သို့သော် ယခုအချိန်၌ ရလာသည့် နောင်တက အသုံးမ၀င်တော့ချေ။

သူ့အနေဖြင့် ရှောင်၍လည်းမရချေ။

လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ခုခံခြင်းဖြစ်၏။

“ အားလုံးပဲ.. မင်းတို့ရဲ့ အကောင်းဆုံးသိုင်းကွက်ကိုသုံးကြ…”

ထိုအဘိုးကြီးက ဟိန်းဟောက်လိုက်ပြီး ပထမဆုံးတိုက်ခိုက်လိုက်သည်။

“ ရွှေမီးလက်သီး..”

“ ရွှမ်ဓားကိုးချောင်း..”

“ လေပြင်းဓား…”

ရွှမ်ယီ၏ တိုက်ခိုက်မှုကို တားဆီးရန်အတွက် လူတိုင်း ၎င်းတို့၏ အကောင်းဆုံးနှင့် အပြင်းထန်ဆုံးသော သိုင်းကွက်များကို အသုံးပြုခဲ့ကြသည်။

သူတို့၏ တိုက်ခိုက်မှုများကြောင့် ထိုဓားမပျက်စီးလျှင်ပင် အရှိန်လျော့သွားစေရန် မျှော်လင့်ခဲ့ကြသည်။

“ ဘုန်း.. ဘုန်း.. ဘုန်း…”

မရေမတွက်နိုင်သော တိုက်ခိုက်မှုများ ဧရာမ ဓားကြီးထံသို့ ရောက်ရှိသွားကြသော်လည်း ဓားကြီးမှာ တုပ်တုပ်ပင်မလှုပ်ခဲ့ချေ။

၎င်း၏ အရှိန်မှာလည်း ကျဆင်းသွားခဲ့ခြင်းမရှိချေ။

အလွန်စိတ်ပျက်စရာကောင်းသည့် အခြေအနေဖြစ်၏။

“ ရွှပ်.. ရွှပ်.. ရွှပ်..ရွှပ်…”

ဓားချက်က စစ်မြေပြင်အားဖြတ်သန်းသွားခဲ့ပြီး လူတိုင်းကို သေလျှင်သေ မသေလျှင် ဒဏ်ရာအပြင်းအထန်ရသွားစေခဲ့သည်။

ထိုဓားချက်အောက်တွင် ချီအခြေခံတည်ဆောက်ခြင်းအဆင့်ဖြစ်စေ ၊ အခြေတည်ဝိညာဉ်အဆင့်ဖြစ်စေ ကွာခြားမှုမရှိချေ။

ရွှမ်ယီ၏ တိုက်ခိုက်မှုပြီးသည့်နောက်တွင် စစ်မြေပြင်၌ လူထက်၀က်ကျော်ခန့်သာကျန်တော့ပေသည်။

All Chapters