← Chapters

ဒီတစ်ကြိမ် ခင်ဗျားဘယ်လိုပြေးမလဲ ကြည့်ရအောင်

Vol. 3 Ch. 37

ဒီတစ်ကြိမ် ခင်ဗျားဘယ်လိုပြေးမလဲ ကြည့်ရအောင်

Vol. 3 Ch. 37

“ အဲ့ဒီသားရဲလေးကို ငါ့ဂျူနီယာညီမဆီပြန်ပေးဖို့ အတွက် မင်းတို့နှစ်ယောက်ကို ငါအကြံပေးလိုက်မယ်…ငါတို့ဂိုဏ်းက မဟာအကြီးအကဲရောက်လာရင် ဒီကိစ္စက ပိုပြီးဖြေရှင်းရခက်သွားနိုင်တယ်…”

“ အမှန်ဘဲ.. ငါ့ကိုမြန်မြန်ပြန်ပေးလိုက်.. မဟုတ်ရင် ငါ့အဘိုး ရောက်လာတဲ့အခါ နင်တို့နှစ်ယောက်ကို အရေခွံခွာပစ်ဖို့ ငါပြောလိုက်မယ်… နင်တို့ ခွေးမနှစ်ကောင်မှာ မျက်စိရှိတယ်မလား.. ဘာလို့ ဒါတောင် မသိနားမလည်နိုင်ရတာလဲ..ငါ့အဘိုးကို နင်တို့ မျက်စိကိုလည်း ဖောက်ထုတ်ခိုင်းမယ်.. ခြေတွေလက်တွေလည်း အကုန်ချိုးပစ်ခိုင်းလိုက်မယ်….”

ထိုစကားများအားပြောလိုက်သည်မှာ အသက်(၁၂)နှစ် (၁၃)နှစ်အရွယ် ချစ်စရာ ကလေးမလေးတစ်ယောက်ဖြစ်၏။ သို့သော် သူမ၏ စကားလုံးများမှာ လူနှင့်မလိုက်အောင် ကြမ်းတမ်း ရင့်သီးလွန်းလှသည်။ သူမက လင်းဇီရင်နံဘေးမှ အမျိုးသမီးအားလက်ညှိုးထိုးကာ ဆက်တိုက်ခြိမ်းခြောက်နေ၏။

“ နင့်လောက်ထိ အရှက်မဲ့တဲ့လူမျိုး ငါ့တစ်သက်လုံး တစ်ခါမှမမြင်ဖူးခဲ့ဘူး.. ဒီသားရဲလေးကို အရင်ဆုံးရှာတွေ့တာလည်းငါပဲ.. ပြီးရင် ငါ့ကို သခင်အဖြစ်အသိအမှတ်ပြုထားခဲ့ပြီးပြီ.. အဲ့တာတောင် ဘာလို့ နင်က ဒီလောက်ရှိ အရှက်မဲ့နိုင်ရတာလဲ ကလေးမ…”

လင်းဇီရင် နံဘေးမှ အမျိုးသမီးနာမည်မှာ ဇီရွှမ်ဖြစ်၏။ သူမတို့ နှစ်ယောက် လျှို့ဝှက်နယ်မြေအတွင်း၌ ဆုံတွေ့ခဲ့ကြပြီး မိတ်ဆွေများဖြစ်သွားခဲ့ကြသည်။

ယခုအချိန်တွင် ဇီရွှမ်တစ်ယောက် ရူးမတတ်ဒေါသထွက်နေလေသည်။ သူမ၏ တစ်ဘ၀လုံး ဤမျှအရှက်ကင်းမဲ့သူအား တစ်ခါမှမမြင်ဖူးခဲ့ပါ။

သူမ၏ ပုခုံးပေါ်တွင် အမွေးပွပွနှင့် ချစ်စရာသားရဲလေးတစ်ကောင်ရှိနေပေသည်။

သူမက လင်းဇီရင်နှင့် အတူသွားလာနေရင်း ထိုအကောင်လေးအား တွေ့ရှိခဲ့ခြင်းဖြစ်၏။

ထိုကလေးမလေးနှင့် အတော်ကြာပြီးမှတွေ့ခဲ့ခြင်းဖြစ်သည်။

အစပိုင်းတွင် ထိုကလေးမလေးက သားရဲလေးအား မြင်ပြီး အလွန်သဘောကျကာ လိုချင်သွားခဲ့သည်။ ထို့နောက် သူမအား ရောင်းပေးရန်ပြောခဲ့၏။

သို့သော် ဇီရွှမ်က ပိုက်ဆံရှားသူတစ်ယောက်မဟုတ်ချေ။ သူမက ချမ်းသားသောမိသားစုတစ်ခုမှ ဆင်းသက်လာသူဖြစ်ပြီး မိသားစု‌ခေါင်းဆောင်၏ သမီးတစ်ယောက်လည်းဖြစ်သည်။ ထိုသားရဲလေးအား သူမက အလွန်သဘောကျသည့်အပြင် ထိုသားရဲလေးကလည်း သူမအား သခင်အဖြစ်အသိအမှတ်ပြုထားခဲ့၏။ ပိုက်ဆံရှားသူတစ်ယောက်လည်း မဟုတ်ပေရာ မည်ကဲ့သို့ရောင်းနိုင်မည်နည်း။

နောက်ဆုံး ညှိနှိုင်း၍ မရသည့်အဆုံးတွင် ထိုကလေးမက ဇီရွှမ်အား တိုက်ရိုက်ပင် တိုက်ခိုက်ခဲ့တော့သည်။

အကယ်၍ ဇီရွှမ်သာ သတိကြီးသူမဟုတ်ပါက ထိုကလေးမ၏ အလစ်အငိုက်တိုက်ခိုက်မှုတွင် သားရဲလေးအား လုယူခြင်းခံလိုက်ရနိုင်သည်။

ထိုကလေးမလေးက ငယ်ရွယ်နေသော်လည်း ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၂) အထွတ်အထိပ်၌ ရှိနေပေသည်။ သို့သော် ဇီရွှမ်နှင့် လင်းဇီရင်တို့နှစ်ယောက်ကလည်း အားနည်းခြင်းမရှိချေ။ ထိုကမလေးနှင့် အဆင့်တူဖြစ်ပင်ဖြစ်ကြသည်။

တိုက်ခိုက်ပြီး သိပ်မကြာမီတွင် ထိုကလေးမလေးအား မောင်းထုတ်နိုင်ခဲ့၏။

ဇီရွှမ် နှင့် လင်းဇီရင်တို့က ထိုကိစ္စမှာ ထိုနေရာ၌ပြီးဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် သူမတို့ မမျှော်လင့်ထားဘဲ ထိုကလေးမလေးနှင့် ဓားရည်ရွယ်ချက် တောင်ထိပ်၌ ပြန်လည်ဆုံတွေ့ခဲ့ကြခြင်းဖြစ်၏။

ထို့အပြင် ယခုတစ်ကြိမ်တွင် ထိုကလေးမလေးက တစ်ယောက်တည်းမဟုတ်တော့ပေ။ သူမ၏ စီနီယာအစ်ကို ဖြစ်ဟန်ရသည့် လူငယ်တစ်ယောက်လည်း ဘေးနားတွင်ပါလာခဲ့၏။

ဤတစ်ကြိမ်တွင် ထိုကလေးမလေးက ကမ်းကုန်အောင်အရှက်မဲ့တော့သည်။ ထိုသားရဲလေးက သူမအပိုင်ဖြစ်ကြောင်း လင်းဇီရင်တို့နှစ်ယောက်က ခိုးသွားကြောင်း အကြီးအကျယ်စွပ်စွဲခဲ့သည်။

အလွန်အမင်းအရှက်မရှိခြင်း‌ဖြစ်ပေတော့သည်။

ပတ်၀န်းကျင်က လူတိုင်း ထိုကိစ္စမှာ မဟုတ်မှန်း ၊ ထိုကလေးမ လိမ်နေမှန်း မြင်နိုင်ကြသည်။

အဘယ်ကြောင့်ဆိုသော် သားရဲလေးက ဇီရွှမ်အား သခင်အဖြစ်အသိအမှတ်ပြုထားသိမှာ လူတိုင်းမြင်နိုင်သည့်အရာဖြစ်၏။ သို့တိုင်အောင် ထိုကလေးမက ဗြောင်လိမ်နေခဲ့သည်။

သူမ၏ စီနီယာ အစ်ကို‌ပင် ဤကိစ္စအား မြင်နိုင်ပေသည်။

သို့သော် သူက ထိုကလေးမ၏ အကျင့်အား နားလည်ထား၏။

သူ၏ ဂျုနီယာညီမလေးမှာ အကြီးမကဲရန်၏ မြေးဖြစ်သည်။

အကြီးအကဲရန်က မည်သူနည်း။

အဆုံးမဲ့တံခါးဂိုဏ်းမှ မဟာအကြီးအကဲဖြစ်ပြီး အခြေတည်ဝိညာဉ်အဆင့်(၄)အထွတ်အထိပ်တွင် ရှိနေသူဖြစ်ပြီး ဂိုဏ်းချုပ်ကပင် လေးစားရသူတစ်ယောက်ဖြစ်သည်။

အခြေတည်ဝိညာဉ်အထွတ်အထိပ်ဆိုသည်

မှာ ကောင်းကင်လေနိုင်ငံ၏ ထိပ်သီးကျင်ကြံသူများထဲတွင်ပါ၀င်ပေသည်။

ထိုကဲ့သို့ အဘိုးတစ်ဦးရှိနေသည့်အလျောက် အဆုံးမဲ့တံခါးဂိုဏ်း၌ ထိုကလေးမလေး၏ မနိမ့်ချေ။ အလွန်မောက်မာပြီး လူပေါင်းများစွာအပေါ်အနိုင်ကျင့်ခဲ့သည်။ ကိစ္စများအား အဖြူအမည်းပြောင်းပြန်လှန်ကာ သူများပစ္စည်းအား လုယူသည့် အခြေအနေမျိုး များစွာလုပ်ခဲ့ဖူးလေသည်။

အဆုံးမဲ့တံခါးဂိုဏ်း၌ ထိုကလေးမလေး‌ထံတွင် နောက်လိုက်များစွာရှိပြီး သူက ထိုအထဲမှတစ်ယောက်ဖြစ်၏။

သူမအား ယခုကူညီထားလျှင် နောင်တွင် အကျိုးအမြတ်များစွာရနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ထိုကလေးမလေးလိမ်နေသည့်တိုင်အောင် သူမဘက်မှ ရှေ့နေလိုက်ပေးနေခြင်းဖြစ်၏။

၎င်းကို ပတ်၀န်းကျင်မှ လူတိုင်းမြင်နိုင်ကြပေသည်။

သို့သော် မည်သူမှရှေ့ထွက်ပြီး လင်းဇီရင်တို့အား ကူညီခဲ့ခြင်းမရှိချေ။

အကြောင်းပြချက်မှာ သာမန်သာဖြစ်၏။

ထိုကလေးမလေး၏ ဇာတ်မြစ်ကို လူတော်တော်များများသိထားကြသည်။

အဆုံးမဲ့တံခါးဂိုဏ်းက ကောင်းကင်လေနိုင်ငံတွင် ထိပ်တန်းဂိုဏ်းကြီး(၁၀)ခုအတွင်း မပါ၀င်သော်လည်း ထိုဂိုဏ်းကြီး(၁၀)ခုပြီးလျှင် အသန်မာဆုံးများထဲမှ ပါ၀င်၏။

ထိုကလေးမ၏ နောက်ခံကြောင့် မည်သူမျှ မကူညီလိုကြခြင်းဖြစ်ပေသည်။

“ နိမ့်ကျတဲ့ အစေခံတွေ.. နင်တို့ အဲ့လိုမလုပ်ခဲ့သင့်ဘူး.. ဟုတ်တယ်.. ငါ့အဘိုးလာတာနဲ့ နင်တို့နှစ်ယောက် သေပြီပဲ….”

ထိုကလေးမလေးမှာ အလွန်မောက်မာလှသည်။ သူမအနေဖြင့် လင်းဇီရင်တို့နှစ်ယောက်အား အနိုင်တိုက်နိုင်လျှင် ထိုသားရဲလေးအား လုယူသွားသည်မှာ ကြာချေရော့မည်။

သို့သော် ယခုမနိုင်သေးလည်း အရေးမကြီးချေ။ သူမ၏ အဘိုးရောက်လာသည်နှင့် ထိုကြည့်ကောင်းသည့် မိန်းမပျက်များအား စီမံခိုင်းမည်ဖြစ်သည်။

“ ငါတို့ မပေးရင်ဘာဖြစ်မလဲ.. တကယ် ငါတို့ မင်းဆီကလုခဲ့တယ်ဆိုရင်ရော ဘာဖြစ်လဲ… ငါ့တပည့်ကို မင်းက ခြိမ်းခြောက်ရဲတာလား…”

လင်းဇီရင်တို့နှစ်ယောက် ဒေါသထွက်လွန်းပြီး ပေါက်ကွဲလုနီးပါးအချိန်တွင် မလှမ်းမကမ်းမှ အမျိုးသားတစ်ဦး၏ အသံပေါ်ထွက်လာခဲ့သည်။

သူ၏ စကားများက မောက်မာကာ အထက်စီးဆန်လွန်းလှသည်။

ရွှမ်ယီ ဤနေရာသို့ လာနေချိန်၌ ဖြစ်ပျက်နေသည်များအား မြင်ခဲ့ပြီးဖြစ်သည်။

“ ဆရာ…”

ဇီရွှမ်က အသံလာရာသို့ လှမ်းကြည့်လိုက်လျှင် ရွှမ်ယီတစ်ယောက် ဖြည်းညှင်းစွာ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူမက လင်းဇီရင်၏ ပျော်ရွှင်နေသည့်ခေါ်သံအား မကြားခင် မည်သူက သူမတို့အတွက်၀င်ပြောသနည်းဟူ၍ ပဟေဠိဖြစ်သွားခဲ့သည်။

“ ဆရာတဲ့လား…”

ဇီရွှမ်တစ်ယောက် အံ့ဩသွားခဲ့ရသည်။

လင်းဇီရင်နှင့် အသက်အတူတူနီးပါးလောက်သာရှိသည့် ၀တ်စုံဖြူနှင့်လူငယ်လေးက သူမရဲ့ ဆရာတဲ့လား…?

သူမရဲ့ စီနီယာအစ်ကိုမဟုတ်တာ သေချာရဲ့လား…?

ရွှမ်ယီအား မြင်လိုက်လျှင် လင်းဇီရင်တစ်ယောက် သက်ပြင်းချလိုက်မိသည်။

သူမ၏ ဘ၀ကြီးတွင် ဤမျှအရှက်ကင်းမဲ့ပြီး မောက်မာရိုင်းစိုင်းသူအား ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်၏။

ထို့ပြင် ဆယ်ကျော်သက်သာရှိသေးသည့် ကောင်မလေးတစ်ယောက်လည်းဖြစ်သည်။

ထိုကလေးမ၏ အဘိုးမကြာခင်ရောက်လာတော့မည်ဖြစ်ကြောင်း သိလိုက်ရလျှင် သူမ၏ မျက်နှာတွင် ဘာမှမဖော်ပြသော်လည်း စိတ်ထဲတွင် စိုးရိမ်နေခဲ့သည်။

သို့သော် ရွှမ်ယီရောက်လာသည်အားမြင်လျှင် သူမ၏ လျှင်မြန်စွာခုန်နေသည့် နှလုံးသားလေးမှာလည်း ပြန်လည်၍ တည်ငြိမ်သွားခဲ့သည်။

“ နင်က ဘယ်သူလဲ.. ဘာ……”

“ ဖြောင်း…”

ထိုကလေးမလေး စကားမဆုံးသေးမီ ရွှမ်ယီ၏ ပါးရိုက်ခြင်းအားခံလိုက်ရ၏။ ပါးစပ်မှ သွေးများပန်းထွက်လာပြီး ပါးတစ်ခြမ်းမှာ လူများ မြင်နိုင်သည့်အရှိန်နှင့် ရောင်ရမ်းလာခဲ့လေသည်။

ထို့ကလေးမလေး၏ ပါးစပ်မှာ အရမ်းညစ်ပတ်လွန်းသည်ဟု ခံစားရသဖြင့် ရွှမ်ယီ ရောက်လာသည်နှင့် ရိုက်လွှတ်လိုက်ခြင်းဖြစ်၏။

“ ဝူး… ဝါး….”

ထို ကလေးကလေးက ရွှမ်ယီအား စိုက်ကြည့်လျက် အားရပါးရအော်ငိုလိုက်သည်။

“ နင် ငါ့ကိုရိုက်တယ်.. နင်ငါ့ကို ရိုက်ရဲတယ်.. နင်ငါ့ကိုရိုက်ရဲတယ်….”

ထိုကလေးမလေး၏ အမူအရာမှာ ချဲ့ကားနေခြင်းမဟုတ်ပေ။ သူမအနေဖြင့် ငယ်ငယ်လေးကတည်းက ဤကဲ့သို့ ရိုက်နှက်ခြင်းအား တစ်ခါမှ မခံခဲ့ရဖူးချေ။ ရိုက်နှက်ရန်မပြောနှင့် ဂိုဏ်းတွင်း၌ သူမအား ကြိမ်းမောင်းရဲသူပင်မရှိပေ။

ထို ရိုက်ချက်က သူမအား အလွန်ထိတ်လန့်သွားစေခဲ့သည်။

“ မင်းကို ရိုက်ရုံတင်မဟုတ်ဘူး သတ်လည်းသတ်ရဲတယ်…”

ရွှမ်ယီ၏ မျက်၀န်းများက သတ်ဖြတ်လိုစိတ်များနှင့်တောက်ပနေ၏။

သူသာမရောက်လာခဲ့လျှင် သူ့တပည့်မှာ အမှန်တကယ် သတ်ခံရနိုင်ချေရှိသည်။

“ ငါ့မြေးကို သတ်မယ်ဆိုတာ ဘယ်ကောင်လဲကွ…”

ဘုန်း….

မိုးကုတ်စက်ဝိုင်းအစွန်ဘက်မှ ဖိအားတစ်ခုထွက်ပေါ်လာသည်။

ထိုလူက ဤနေရာသို့ လာနေခြင်းဖြစ်ပြီး လူမရောက်မီ အသံအရင်ရောက်လာခဲ့သည်။

“ အဘိုး…”

ကလေးမလေး၏ ကြောက်လန့်နေသည့် မျက်၀န်းများမှာ မောက်မှာမှုအဖြစ်ပြောင်းသွားခဲ့ပြီး ရက်စက်လိုဟန်များ ပေါ်ထွက်လာသည်။

တစ်ချိန်တည်းတွင် သူမက ရွှမ်ယီအား စိုက်ကြည့်နေခဲ့ပြီး…

ဒီခွေးကောင် ငါ့ကိုရိုက်ရဲတယ်…!

သူမ အဘိုးရောက်လာလျှင် ထိုအကောင်အား အပိုင်းပိုင်းဖြတ်ခိုင်းရမည်…!

“ သူရောက်လာပြီ….”

“ သူဒီကို လာနေပြီ…”

ထိုဖိအားကို ခံစားမိလျှင် ဤနေရာမှ လူအနည်းငယ်၏ နှလုံးသားများ တုန်လှုပ်သွားခဲ့ကြသည်။

ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ…?

ဒါက အခြေတည်ဝိညာဉ်အဆင့်(၄) အထွတ်အထိပ်ကျင့်ကြံသူတစ်ယောက်ရဲ့ ခွန်အားပဲ…!

ထိုဖိအားကြောင့် သူတို့အသက်မရှုနိုင်အောင်ပင်ဖြစ်သွားခဲ့ကြသည်။

“ ဆရာကြီးတစ်ယောက်ရဲ့ မြေးကို ပါးရိုက်ရဲတာပဲ.. ဟီးဟီး.. ဒီကောင်တော့ ဇာတ်သိမ်းတော့မယ်….”

“ အဆုံးမဲ့တံခါးဂိုဏ်းက အဲ့အဘိုးကြီးက သူ့သားတွေ မြေးတွေကို အရမ်းချစ်တယ်လို့ကြားတယ်….”

ထိုဖိအားကြောင့် လင်းဇီရင် အနည်းငယ်ထိတ်လန့်သွားပြီး မသိစိတ်အရ ရွှမ်ယီအနားသို့ကပ်သွားမိလိုက်သည်။

ဇီရွှမ်၏ မျက်နှာလည်း ဖြူဖျော့သွားခဲ့သည်။

တစ်ဖက်တွင်မူ ရွှမ်ယီ၏ မျက်နှာထက်၌ ကြောက်လန့်မှုအရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ အံ့ဩမှုတစ်ခုသာဖြစ်ပေါ်နေလေသည်။

ဒီ အရှိန်အဝါ……..

ထိုအရာက သူနှင့် အတော်လေး ရင်းနှီးနေသည်။

“ ဘုန်း…”

အသက်နှစ်ခြိုက်ရှုစာလောက်ကြာပြီးနောက်တွင် အသံပိုင်ရှင်အဘိုးကြီး အားလုံး၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

“ အဘိုး…”

ကလေးမလေးက စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်၏။

ရွှမ်ယီအတွက်မူ သူ၏ အမူအရာက ပို၍ ထူးဆန်းသွားခဲ့သည်။

ဒါ အဲ့ကောင်မလေးရဲ့အဘိုးလား…?

ထို အရှိန်အဝါက အရမ်းရင်းနှီးနေသည်မှာ မထူးဆန်းချေ။

လျှို့ဝှက်နယ်မြေသို့ရောက်ရောက်ချင်း တိမ်မြူမြက် အနားတွင် ဆုံတွေ့ခဲ့သည့် အဘိုးကြီးဖြစ်သည်။

ထိုအချိန်က သူ၏ ဝှက်ဖဲများအားလုံး အသုံးပြုကာ ရွှမ်ယီထံမှ လွတ်မြောက်သွားခြင်းဖြစ်သည်။ ယခုတွင် ရွှမ်ယီနှင် တဖန်ပြန်လည်ဆုံတွေ့ခဲ့ပြီဖြစ်၏။

“ အဘိုး… သူ့ကို ကူပြီးသတ်ပေး… မဟုတ်သေးဘူး.. အဘိုး.. သူ့ကိုမသတ်နဲ့.. သူ့ရဲ့ အရိုးတွေချိုးပြီး အရွက်တွေ ဆုပ်ပစ်… သူ့ကို မသေမချင်းနှိပ်စက်တာလိုချင်တယ်…”

သူ့အဘိုးရောက်လာသည်အားမြင်လျှင် ကလေးမလေးက ရွှမ်ယီအား လက်ညှိုးထိုးလျှက် ဖြစ်စေချင်သည်များအား ပြင်းထန်စွာပြောလိုက်သည်။

“ ပထမတစ်ကြိမ်တုံးက ခင်‌ဗျား ကျုပ်ဆီက လွတ်သွားခဲ့တယ်.. ဒီတစ်ကြိမ်.. ခင်ဗျား ဘယ်လိုထပ်ပြေးမလဲ ကြည့်ရအောင်….”

ထိုအချိန်တွင် ရွှမ်ယီ၏ အေးစက်စက်စကားသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ ထွက်ပြေးရမှာတဲ့လား… ဟာသပဲ.. ဒီအဘိုးကြီးက……..”

“ ဝှရှ်…”

အဘိုးကြီးက စကာပင် ဆုံးအောင်မပြောခဲ့ပဲ သူ့နေရာမှပျောက်ကွယ်သွားပြီး ထွက်ပြေးသွားခဲ့သည်။

ထိုအဘိုးကြီးက လျင်မြန်စွာ ရောက်လာခဲ့ပြီး ချက်ခြင်းပျောက်ကွယ်သွားလေသည်။

သို့သော် သူပျောက်မသွားခင် သူမြေးမလေးအား ဆွဲယူသွားရန် မမေ့ခဲ့ချေ။

“ ??????”

“ ????”

လူအုပ်ကြီးတစ်ခုလုံး ပါးစပ်အဟောင်းသားဖြစ်ကျန်ခဲ့ကြသည်။

All Chapters