သူ့ကိုကာကွယ်ပေးမှာလား
Vol. 3 Ch. 38
ဒါက ဘယ်လိုအခြေအနေမျိုးလဲ…
အဆုံးမဲ့တံခါးဂိုဏ်းက အကြီးအကဲရန်က ထွက်ပြေးသွားတာလား…
ထိုအချိန်တွင် အကြီးအကဲရန်အနေဖြင့် ပတ်၀န်းကျင်မှ လူများ၏ ထိတ်လန့်မှုများကို ဂရုစိုက်နေရန်အချိန်မရှိပေ။
ယခုအချိန်တွင် သူ့ခေါင်းထဲ၌ အတွေးတစ်ခုသာရှိ၏။
ပြေး…
ဤနေရာနှင့် ဝေးလေကောင်းလေပင်ဖြစ်သည်။
ရွှမ်ယီက သူ့ကို မှတ်မိသကဲ့သို့ သူကလည်း ရွှမ်ယီအား မှတ်မိပေသည်။
ထိုကောင်လေးက သူ့အား ဓားဖြင့်ခုတ်သတ်လုနီးပါးဖြစ်ခဲ့သည်မဟုတ်လော။
အကယ်၍ သူ့ထံ၌ အသက်ကယ်ဝှက်ဖဲများသာ လုံလောက်အောင်မရှိခဲ့ပါက ယခုအချိန်ထိ အသက်ရှင်နေမည်မဟုတ်ပေ။
ချက်ချင်းမပြေးလျှင် သေတဲ့အထိ ရပ်စောင့်နေရမည်လား….
အဘိုးကြီးက ချက်ချင်းထွက်ပြေးချင်ခဲ့သည်။
သို့သော်…
ရွှမ်ယီကရော သူ့ကို အလွယ်တကူ အလွတ်ပေးနိုင်လိမ့်မည်လော။
ဓားချက်တစ်ချက်လက်ကနဲဖြစ်သွားပြီး အဘိုးကြီး နှင့် ကလေးမလေးကြားမှ စိတ်ဝိညာဉ်စွမ်းအားကို ဖြတ်ချလိုက်သည်။
ထို့နောက် အဘိုးကြီးရှိရာဆီသို့ ဧရာမဓားအလင်းတန်းကြီးတစ်ခု ပစ်လွှတ်လိုက်၏။
“ ဒီတစ်ကြိမ်တော့ ခင်ဗျားမလွတ်တော့ဘူး….”
ပတ်၀န်းကျင်ရှိလူများ စိတ်နှင့်ကိုယ် ပြန်ကပ်လာချိန်၌ တစ်စုံတစ်ခုအား နားလည်သွားခဲ့သည်။
အကြီးအကဲရန် နှင့် အဖြူ၀တ်ဓားသမားတို့က အချင်းချင်းသိနေဟန်ရသည်။
ထို့အပြင် ၎င်းတို့၏ သိရှိမှုက သာမန်ကဲ့သို့ မရိုးရှင်းလောက်ချေ။
၎င်းတို့ကြားရှိ စကားများမှနေ၍ အချင်းချင်းတိုက်ခိုက်ခဲ့ဖူးပြီး အကြီးအကဲရန်က ရှုံးနိမ့်ခဲ့ဟန်ရသည်။
ထို့ပြင် အဖြူ၀တ်ဓားသမား၏ ဓားအလင်းတန်းက အကြီးအကဲရန်အား သတ်ဖြတ်လုနီးပါးဖြစ်နေချေပြီ။
ထိုအရာများအား ဆက်စပ်ကြည့်လိုက်လျှင် အကြီးအကဲရန်၏ ထွက်ပြေးသွားခြင်းမှာ မထူးဆန်းတော့ချေ။
ထိုတိုက်ခိုက်မှုတွင် ရွှမ်ယီက ဓားရည်ရွယ်ချက်အား ထည့်သွင်းအသုံးပြုထားခဲ့သည်။
“ ဝုန်း…”
ကောင်ကင်ယံထက်၌ အလွန်ကြီးမားသည့် ဓားအလင်းတန်းကြီးက တိမ်များအားဖြတ်သန်းသွားလေသည်။
ထိုဓားချက်၏ ပစ်မှတ်မှာ အကြီးအကဲရန်ဖြစ်ကြောင်း သံသယရှိစရာမလိုချေ။
အကြီးအကဲရန်၏ အရှိန်မှာ မြန်ဆန်လှသော်လည်း ဓားအလင်းက ပို၍ မြန်ဆန်နေသည်။
“ မဟုတ်ဘူး…..”
အကြီးအကဲရန်ထံမှ အော်ဟစ်သံထွက်ပေါ်လာ၏။
သို့သော် ဧရာမ ဓားအလင်းကြီးက သူ့အော်သံကြောင့် ရပ်တန့်သွားဖို့ မဖြစ်နိုင်ချေ။
“ ဘန်း…”
ကြောက်မက်ဖွယ် ဧရာမဓားအလင်းတန်းကြီးက အကြီးအကဲရန်အား တိုက်ရိုက်ထိမှန်သွားခဲ့သည်။
ထိုမှတဆင့် စွမ်းအင်လှိုင်းလုံးများ ဘေးပတ်ပတ်လည်သို့ ဖြာထွက်သွားခဲ့လေသည်။ ဖြတ်သွားရာလမ်းတစ်လျှောက် သစ်ပင်များအားလုံး လဲပြိုလွင့်စင်သွားခဲ့ပြီး စက်ဝိုင်းပုံမြေကွက်လပ်တစ်ခု ဖြစ်သွားခဲ့၏။
ဖုန်မှုန့်များ ကင်းစင်သွားလျှင် မြေကွက်လပ်၏ အလယ်တည့်တည့်၌ အ၀တ်များစုတ်ပြဲပြီး သွေးများရွှဲနေသည့် အကြီးအကဲရန်၏ သနားစရာပုံရိပ်အား တွေ့လိုက်ကြရသည်။
အသက်ဓာတ်လက္ခဏာများကိုမူ ခံစား၍ရနေသေးသည်။
သို့သော် အချိန်မရွေး နောက်ဆုံးထွက်သက်အား ရှုထုတ်သွားနိုင်သည့် အနေအထားမျိုးဖြစ်နေချေပြီ။
“ ကျုပ်ဆီက ဓားချက်ကို အသက်မသေဘဲ ခုခံနိုင်တာ ခင်ဗျားအနေနဲ့ ဂုဏ်ယူသင့်တယ်….”
“ ဒုတိယဓားချက်ဆိုရင်ကော ဘယ်လိုလဲ….”
စကားပြောနေစဉ်အတွင်းပင် ရွှမ်ယီ၏ ခေါင်းထက်နှင့် ကြောက်မက်ဖွယ်ကောင်းသည့် ဓားကြီးတစ်စင်းဖြစ်ပေါ်လာပြန်သည်။
ပထမဓားနှင့် အတူတူပင်ဖြစ်၏။
“ နေပါဦး…”
ထိုအခိုက်အတန့်တွင် ထူးဆန်းသည့် ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။
အကြီးအကဲရန်ဆီမှခံစားခဲ့ရသည့် ဖိအားထက် ပို၍ အစွမ်းထက်သော ဖိအားကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဓားရည်ရွယ်ချက် တောင်အောက်တွင် အဘိုးကြီးတစ်ဦးရှိနေခဲ့ပြီး ခြေတစ်လှမ်းနှင့် တောင်ထိပ်သို့ ရောက်လာခဲ့သည်။
ထိုအဘိုးကြီးက မည်သည့်တိုက်ခိုက်မှုမျှ မလုပ်ခဲ့သည့်တိုင် စိတ်ဝိညာဉ်စွမ်းအားဖြင့် ပြုလုပ်ထားသည့် ဧရာမ ဓားကြီးက လေထုထဲသို့ လွင့်ပါး ပျောက်ကွယ်သွားလေသည်။
“ ငါ့ သူ့ကို ကာကွယ်ပေးမယ်….”
ထိုအဘိုးကြီး၏ အသံက ကျယ်လောင်ခြင်းအလျင်းမရှိသော်လည်း ပတ်၀န်းကျင်မှလူတိုင်း ရှင်းလင်းစွာ ကြားလိုက်ရသည်။
သူပြောလိုက်သည့် “သူ” ဟုသည့် နာမ်စားမှာ သဘာ၀အတိုင်းပင် အကြီးအကဲရန်အား ရည်ညွှန်းခြင်းဖြစ်ပေသည်။
“ ဒါက.. အခြေတည်ဝိညာဉ်အဆင့်(၆) ကျွမ်းကျင်သူပဲ…”
“ ယုလောင်နန်းတော်က ဖန်တိုင်ရှန်း….”
“ ဖန်တိုင်ရှန်း.. သူက အခြေတည်ဝိညာဉ်အဆင့်(၆)ကို ချိုးဖျက်သွားခဲ့ပြီ…”
“ ဂိုဏ်းကြီး(၁၀)ခုရဲ့ အဆင့်တွေ အပြောင်းအလဲဖြစ်တော့မယ်…”
“ အကြီးအကဲရန် ကယ်တင်ခံရပြီ…”
ရုတ်တရက် ထွက်ပေါ်လာသော အဘိုးအိုအား ဤနေရာမှ လူတိုင်း ရင်းနှီးပေသည်။
ကောင်းကင်လေနိုင်ငံ၏ ဂိုဏ်းကြီး(၁၀)ဂိုဏ်းအတွင်းမှ ယုလောင်နန်းတော်၏ အကြီးအကဲဖြစ်သည်။
ကောလဟာလများအရာဆိုလျှင် ထိုလူက အခြေတည်ဝိညာဉ်အဆင့်(၅)၌ (၁၀)နှစ်ကျော်ကြာ ပိတ်မိနေသူဖြစ်၏။
ဖန်တိုင်ရှန်းအနေနှင့် နောက်တစ်ဆင့်မရောက်တော့ဘူးဟု လူတိုင်းထင်ထားခဲ့ကြသည်။
သို့သော် ထိုလူက ရအောင်ချိုးဖျက်ခဲ့ပြီး ဝေဖန်သူများအား တိတ်ဆိတ်သွားစေခဲ့သည်။
ယုလောင်နန်းတော်အတွင်း၌ အခြေတည်ဝိညာဉ်အဆင့်(၆) နောက်ထပ်တစ်ဦးပိုင်ဆိုင်သွားချေပြီ။
ထို့ကြောင့် ဂိုဏ်းကြီး(၁၀)ဂိုဏ်း၏ အဆင့်များ၌ အပြောင်းအလဲများဖြစ်ပေါ်လာတော့မည်ဖြစ်သည်။
ကောင်းကင်လေတစ်နိုင်ငံလုံးတွင် အင်ပါယာမိသားစုမှလွဲလျှင် နောက်ထပ် အခြေတည်ဝိညာဉ် အဆင့်(၇) ကျင့်ကြံသူ မရှိချေ။
ဂိုဏ်းကြီး(၁၀)ဂိုဏ်း၌ပင် အခြေတည်ဝိညာဉ်အဆင့်(၆) အထွတ်အထိပ်ကျင့်ကြံသူများသာရှိ၏။
အခြေတည်ဝိညာဉ်အဆင့်(၆)ကျင့်ကြံသူဆိုသည်မှာ ကောင်းကင်လေနိုင်ငံ၏ ထိပ်ဆုံး၌ တည်ရှိပေသည်။
မည်သည့်အတွက်ကြောင့် ဖန်တိုင်ရှန်းက အကြီးအကဲရန်အား ကာကွယ်ပေးချင်ရသနည်းဟု မည်သူမျှသံသယမရှိကြချေ။
အဘယ်ကြောင့်ဆိုသော် ယုလောင်နန်းတော် နှင့် အဆုံးမဲ့တံခါးဂိုဏ်း၏ ဆက်ဆံရေးမှာ ရိုးရှင်းမှုမရှိချေ။
ဖန်တိုင်ရှန်းနှင့် မိသားစုခေါင်းဆောင် ဝူဂျီမန်ပင်းတို့ အကြားမှ ဆက်ဆံရေးကို လူတိုင်းအသိပင်ဖြစ်၏။
ထို့ကြောင့် အကြီးအကဲဖန်၏ ကာကွယ်ပေးမှုအပေါ် မည်သူမှ မအံ့ဩခဲ့ကြခြင်းဖြစ်သည်။
ထိုအချိန်တွင် လူတိုင်း၏ အကြည့်များက ရွှမ်ယီထံသို့ ရောက်ရှိနေပေသည်။
ထိုလူကား နတ်ဆိုးတစ်ကောင်ဖြစ်ချေသည်။
ဤမျှ အသက်အရွယ်နှင့် အလွန်ကြောက်စရာခွန်အားကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် ဓားရည်ရွယ်ချက်ကိုလည်း နားလည်ထားသေးသည်။ အကြီးအကဲရန်ပင် ထိုသူ၏ ပြိုင်ဘက်မဖြစ်နိုင်ခဲ့ချေ။
သို့သော် သူက ဖန်တိုင်ရှန်းနှင့် တွေ့ဆုံခဲ့သည်။
“ ကာကွယ်ပေးမယ်ဟုတ်လား… ခင်ဗျားတစ်ယောက်တည်းနဲ့လား….”
ထိုပြသနာမှာ ဤနေရာတွင် ပြီးဆုံးတော့မည်ဟု လူတိုင်းတွေးလိုက်ကြချိန်တွင် ရွှမ်ယီ၏ စကားသံက ထွက်ပေါ်လာခဲ့သည်။
ပတ်၀န်းကျင်တစ်ခုလုံးက ရွှမ်ယီအား မှင်သက်စွာကြည့်လိုက်မိကြသည်။
ဤ အဖြူ၀တ်ဓားသမားက ဖန်တိုင်ရှန်းအား မသိ၍လော…
အကယ်၍ လူအားမသိလျှင်ပင် အခြေတည်ဝိညာဉ် အဆင့်(၆)၏ ဖိအားကို သိရမည်မဟုတ်လော…..
ရွှမ်ယီက အကြီးအကဲရန်အား အလွယ်တကူ အနိုင်ရခဲသော်လည်း ဖန်တိုင်ရှန်းအား အနိုင်ရမည်ဟု တစ်ဦးတစ်ယောက်မှ မယုံကြည်ကြချေ။
အကြီးအကဲရန်က အခြေတည်ဝိညာဉ်အဆင့်(၄) အထွတ်အထိပ်တွင်ရှိပြီး အကြီးအကဲဖန်က အဆင့်(၆)တွင်ရှိသည်။
အဆင့်နှစ်ဆင့်သာဖြစ်သော်လည်း မိုးနှင့်မြေကဲ့သို့ ကွာခြားလှ၏။
ဒီ အဖြူ၀တ်ဓားသမားရူးနေပြီ.. ဟုတ်တယ်မလား
သူက အကြီးအကဲရန်ကို အနိုင်ရရုံနဲ့ အခြေတည်ဝိညာဉ်အဆင့်(၆)ကိုလည်း အနိုင်ရမယ်ထင်နေတာလား….
ဖန်တိုင်ရှန်းလည်း အံ့အားသင့်သွားခဲ့လေသည်။
“ မင်းက အရည်အချင်းတော့ရှိပါတယ်.. ဒါပေမယ့် မာနကြီးလွန်းနေတာက အအဆင်မပြေဘူး…”
ဖန်တိုင်ရှန်းက ရွှမ်ယီအား ကြည့်ကာ အကဲဖြတ်စကားများဆိုလိုက်၏။
ရွှမ်ယီ ခေါင်းယမ်းလိုက်သည်။
သူအမုန်းဆုံးက ကိုယ့်ကိုယ်ကို လူတိုင်းထက် သာလွန်နေသည်ဟု အထင်ရောက်နေသည့် ဤကဲ့သို့ လူစားမျိုးများဖြစ်သည်။
အကယ်၍ ထိုလူက သူ့ထက်သန်မာနေလျှင် အဆင်ပြေသေးသည်။
သို့သော် ဤအဘိုးကြီးကား သူ့ထက်သန်မာနေဟန်လည်းမရချေ။
ရွှမ်ယီ၏ မျက်စိထဲတွင် ထိုလူမှာ အရူးတစ်ယောက်သာဖြစ်၏။