အခြေတည်ဝိညာဉ်အဆင့်(၆) နှင့် တိုက်ခိုက်ခြင်း
Vol. 3 Ch. 39
အခြေတည်ဝိညာဉ်အဆင့်(၆)…
၎င်းမှာ အလွန်အစွမ်းထက်လှသော်လည်း ရွှမ်ယီအနေဖြင့် တိုက်ခိုက်နိုင်စွမ်းမရှိဟု မဆိုလိုပေ။
ဓားရည်ရွယ်ချက်အား သူနားလည်သဘောပေါက်ခဲ့ပြီးကတည်းက သူ၏ ခွန်အားကို တစ်ကြိမ်မှ အကုန်အစင်အသုံးမပြုခဲ့ဖူးသေးချေ။
ယခုတွင် အခွင့်အရေးရပြီဖြစ်သည်။
ရွှမ်ယီ ကိုယ်၌ကလည်း သူ့အနေဖြင့် အခြေတည်ဝိညာဉ်အဆင့်(၆) ကျင့်ကြံသူကို တိုက်ခိုက်နိုင်မည်လော ဆိုသည်အားသိချင်နေခဲ့သည်။
“ လေလျှပ်စီးဓား…”
ရွှမ်ယီက သူ၏ လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး သိုင်းပညာကိုထုတ်သုံးလိုက်သည်။
ပုံမှန်အားဖြင့် ရွှမ်ယီ တိုက်ခိုက်လျှင် သိုင်းပညာအား အသုံးပြုခဲပေသည်။
သာမန်ဓားခုတ်ချက် တစ်ချက်ကိုသာ အသုံးအများဆုံးဖြစ်၏။
သို့သော် ယခုအကြိမ်က မတူညီတော့ချေ။
အခြေတည်ဝိညာဉ်အဆင့်(၆) ကျင့်ကြံသူက သိုင်းကွက်အသုံးပြုကာတိုက်ခိုက်ရန် ထိုက်တန်ပေသည်။
ချန်ရွှမ်ကုန်းမြေကြီးတွင် ကျင့်စဉ်များကို ကောင်းကင် ၊ မြေကြီး ၊ နက်နဲ နှင့် အဝါရောင်အဆင့်ဟူ၍ လေးမျိုးခွဲခြားထားသည်။
ကျွမ်းကျင်မှုအဆင့်များကိုမူ အစောပိုင်း ၊ အလယ်လတ် ၊ နှောင်းပိုင်း ၊ ပြည့်စုံ နှင့် အဆင့်လွန်ဟူ၍ ငါးဆင့်ခွဲခြားထားပေသည်။
ကောင်းကင်လေနိုင်ငံမှ ဂိုဏ်းအများစုရှိ ကျင့်ကြံခြင်းကျင့်စဥ်များ နှင့် သိုင်းပညာရပ်များမှာ နက်နဲအဆင့် အလယ်အလတ်များဖြစ်ကြသည်။
နက်နဲဓားဂိုဏ်း၏ အဆင့်အမြင့်ဆုံး ကျင့်စဥ်မှာ နက်နဲ အလယ်အလတ်အဆင့် ဓားနှလုံးသားကျင့်စဥ်ဖြစ်ပြီး ရွှမ်ယီ လေ့ကျင့်နေသည်မှာလည်း ထိုကျင့်စဥ်ဖြစ်၏။
မြေကြီးအဆင့် ကျင့်စဉ်များမှာမူ ကောင်းကင်လေအင်ပါယာမိသားစုနှင့် ဂိုဏ်းကြီး (၁၀)ဂိုဏ်းတွင်သာရှိပေသည်။
လက်ရှိ ရွှမ်ယီ အသုံးပြုလိုက်သည့် လေလျှပ်စီးဓားပညာမှာ အဆင့်နိမ့် နက်နဲအဆင့် သိုင်းပညာဖြစ်သော်လည်း ရွှမ်ယီက ၎င်းကို အဆင့်လွန်အဆင့်ထိရောက်အောင် လေ့ကျင့်ထားနိုင်ခဲ့သည်။
ဒါက ကြောက်မက်ဖွယ်ကောင်းပေသည်။
ပုံမှန်ဆိုလျှင် သိုင်းပညာရပ်များအား နှောင်းပိုင်းအဆင့်ထိရောက်အောင် လေ့ကျင့်ရန်ပင် အလွန်ခက်ခဲ၏။
ပြည့်စုံခြင်းအဆင့်အတွက်မူ ထိုပညာရပ်အား လုံး၀ ပြီးပြည့်စုံအောင် နားလည်ကျွမ်းကျင်ထားမှ ရပေလိမ့်မည်။
အဆင့်အလွန်အဆင့်ကား…. ထိုအဆင့်သို့ရောက်ရန်မှာ ကောင်းကင်ကိုတက်သကဲ့သို့ ခက်ခဲသည်ဟု ဆိုလျှင်ပင် လွန်မည်မဟုတ်ချေ။
သိုင်းပညာအား ဖန်တီးလိုက်သူ ကိုယ်တိုင်ကလွဲလျှင် လူအနည်းငယ်ခန့်သာ ထို့အဆင့်သို့ရောက်နိုင်ချေရှိ၏။
ဘုရင်အဆင့်ကျင့်ကြံသူက အဝါရောင်အဆင့် သိုင်းပညာတစ်ခုကို အဆင့်လွန်အဆင့်ထိကျင့်ကြံလိုလျှင်ပင် အလွန်ခက်ခဲပေသည်။
ရွှမ်ယီ လက်ရှိအသုံးပြလိုက်သည့် သိုင်းပညာမှာ အဆင့်နိမ့် နက်နဲအဆင့်သာရှိသော်လည်း သူက အဆင့်လွန်အဆင့်ထိ နားလည်ထားသည့်အတွက် ၎င်း၏စွမ်းအားမှာ မူလထုတ်လွှတ်နိုင်သည့် စွမ်းအားထက် ကျော်လွန်သွားခဲ့ရသည်။
“ ဒီကောင်လေးက မွန်းစတားတစ်ကောင်ပဲ….”
[ Note : မွန်းစတားဆိုတာ မယုံနိုင်စရာကောင်းလောက်အောင် အရည်အချင်းရှိတာကို ဆိုလိုတာပါ ]
ယနေ့တွင် ဖန်တိုင်ရှန်းတစ်ယောက် ရွှမ်ယီကြောင့် အကြိမ်ကြိမ် အံ့ဩထိတ်လန့်ခဲ့ရသည်။
အသက်ငယ်ငယ်လေးနှင့် အခြေတည်ဝိညာဉ်အဆင့်(၃)သို့ ရောက်ရှိနေခြင်း.. ဓားရည်ရွယ်ချက်အား နားလည်ထားခြင်း.. ယခုတွင်မူ သိုင်းပညာအား အဆင့်လွန်အဆင့်ထိ ကျင့်ကြံထားပြန်သေးသည်။
လေလျှပ်စီးဓားကွက်အား အသုံးပြုလိုက်သည်နှင့် ထိုဓား၏ အနီးပတ်၀န်းကျင်တွင် ကောင်းကင်နှင့် မြေပြင်မှ စိတ်ဝိညာဥ်စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။
ပျောက်ကွယ်နေသည့် ဓားတစ်ချောင်းက လျှပ်စီးကြောင်းများကို သယ်ဆောင်လျက် ကောင်းကင်အား ဖြတ်သန်းကာ ဖန်တိုင်ရှန်း၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားခဲ့သည်။
ဓားက ပျောက်ကွယ်နေသည်ဆိုသည်မှာ လုံး၀ ပျောက်ကွယ်နေခြင်းမဟုတ်ချေ။ ဓား၏ အရှိန်မှာ အလွန်လျင်မြန်လွန်းသောကြောင့် သာမာန်မျက်စိအမြင်နှင့် မမြင်ရခြင်းဖြစ်ပေသည်။
“ ယုံကြည်မှု လွန်ကဲနေတာပဲ…”
ရွှမ်ယီက ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ဖန်တိုင်ရှန်းက ခေါင်းထဲသိပ်မထည့်ပေ။
ပါရမီ နှင့် စွမ်းအားမှာမူ ကွာခြားပေသည်။
ရွှမ်ယီက ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ဖန်တိုင်ရှန်းမြင်ဖူးသမျှထဲတွင် ပါရမီအရှိဆုံး လူတစ်ယောက်ဖြစ်၏။
သို့သော် သူက အခြေတည်ဝိညာဉ်အဆင့်(၃)သာရှိသေးပေသည်။
ဓားရည်ရွယ်ချက်အား နားလည်ထားပြီး သိုင်းပညာအား အဆင့်လွန်အဆင့်ထိ လေ့ကျင့်ထားပေးဦးတော့…
ထိုသို့ဆိုလျှင်ပင် ဘာဖြစ်သနည်း….
အဆင့်(၃) ဆင့်ကွာခြားမှုက ထိုအရာများဖြင့် ဖြည့်ဆည်းနိုင်သော အရာမဟုတ်ချေ။
ဖန်တိုင်ရှန်းက သိုင်းပညာကိုပင် အသုံးမပြုပဲ သူ့ထံသို့ လာနေသည့် လေလျှပ်စီးဓားအား လက်တစ်ဖက်မြှောက်ကာ ကာကွယ်လိုက်၏။
“…..”
ထိုမြင်ကွင်းက ပတ်၀န်းကျင်မှ ကြည့်နေသည့် လူများအား မှင်သက်သွားစေခဲ့သည်။
ထိုဓားချက်က အားနည်းနေသလော….
လုံး၀ အားနည်းခြင်းမရှိချေ။
ထိုဓားချက်က အကြီးအကဲရန်အား ရွှမ်ယီ တိုက်ခိုက်ခဲ့သည့် ဓားထက် ဆယ်ဆမက ပို၍ အားကောင်းသည်။
အခြေတည်ဝိညာဉ်အဆင့်(၅) ကျင့်ကြံသူပင်လျှင် ထိုဓားချက်အား ကာကွယ်နိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေကာမူ ထို ကြောက်မက်ဖွယ်ဓားချက်အား ဖန်တိုင်ရှန်းက လက်တစ်ဖက်ဝှေ့ယမ်းရုံနှင့် ဖျက်ဆီးပစ်ခဲ့သည်။
“ ဒါက အခြေတည်ဝိညာဉ် အဆင့်(၆) ကျင့်ကြံသူရဲ့ ခွန်အားလား… အဲ့တာက တော်တော်ကြောက်ဖို့ကောင်းတာပဲ…”
“ အခြေတည်ဝိညာဉ်အဆင့်မှာ တစ်ဆင့်နဲ့ တစ်ဆင့်ကြား ကွာခြားချက်က ကောင်းကင် နဲ့ မြေကြီးလိုပဲလို့ပြောကြတဲ့ စကားက ချဲ့ကားတာမဟုတ်မှန်း ငါအခုတော့နားလည်သွားပြီ…”
“ ကောင်းကင်လေနိုင်ငံ အင်ပါယာမိသားစုက အခြေတည်ဝိညာဉ်အဆင့်(၇) ကျင့်ကြံသူတစ်ယောက်ကို ဂိုဏ်းကြီး(၁၀)ခု ပေါင်းတိုက်ရင်တောင် မနိုင်ဘူးဆိုတာလဲ အမှန်ပဲနေမယ်….”
လူအချို့က မနေနိုင်ဘဲ သက်ပြင်းများချလိုက်ကြသည်။
ရွှမ်ယီ၏ ပါရမီနှင့် ခွန်အားက အလွန်ကြောက်ဖို့ကောင်းလှသည်။ အခြေတည်ဝိညာဉ်အဆင့်(၃) သာရှိသေးသော်လည်း အဆင့်(၅) အား အနိုင်ယူနိုင်စွမ်းရှိပြီဖြစ်၏။
ကံမကောင်းတာက အခြေတည်ဝိညာဉ်အဆင့်(၆) ဖန်တိုင်ရှန်း နဲ့သွားဆုံမိခြင်းဖြစ်သည်။
ရွှမ်ယီ၏ အဆင့်လွန် လေလျှပ်စီးဓားသိုင်းကွက်အား ဖျက်ဆီးပြီးသည်နှင့် ဖန်တိုင်ရှန်း၏ မျက်၀န်းများ ရွှမ်ယီအား ကြည့်ပြီး ကျဉ်းမြောင်းသွားခဲ့သည်။
ရွှမ်ယီကလည်း သူ့ကိုပြန်ကြည့်နေ၏။
“ ဆွစ်ရှ်…”
သူတို့ အကြည့်ခြင်းဆုံလိုက်သည်နှင့် ရွှမ်ယီက သူ့ရှေ့မှ နေရာလွတ်အား ရုတ်တရက် ဓားဖြင့်ခုတ်ချလိုက်သည်။
“ ဘန်း…”
လူအားလုံး၏ နားလည်နိုင်သည့် အကြည့်များအောက်တွင် ဖန်တိုင်ရှန်းက ရွှမ်ယီရှေ့၌ ပေါ်ထွက်လာခဲ့၏။
“ နောက်ချန်ပုံရိပ်…”
ရွှမ်ယီက ၎င်းရှေ့ရှိ နေရာလွတ်အား ဓားဖြင့်ခုတ်လိုက်ချိန်တွင် လူတိုင်းနားမလည်နိုင်ဖြစ်သွားခဲ့သည်။
သို့သော် ရွှမ်ယီရှေ့၌ ဖန်တိုင်ရှန်းပေါ်လာသည့် အချိန်မှ အဝေးတွင်ရှိနေသည်မှာ ဖန်တိုင်ရှန်း၏ နောက်ချန်ပုံရိပ်ဖြစ်ကြောင်း နားလည်သွားခဲ့ကြသည်။
ဖန်တိုင်ရှန်း၏ အရှိန် ၊ ရွှမ်ယီ၏ အာရုံခံစားနိုင်စွမ်း နှင့် တုံ့ပြန်မှု အလျင်တို့က လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့သည်။
ပတ်၀န်းကျင်၌ အခြေတည်ဝိညာအဆင့်(၆) ကျင့်ကြံသူမရှိသော်လည်း အဆင့်(၅) ကျင့်ကြံသူများ ဤနေရာတွင် ရောက်ရှိနေခဲ့ကြသည်။ သို့သော် သူတို့အားလုံး ဖန်တိုင်ရှန်း တိုက်ခိုက်လိုက်သည်ကို မည်သူမျှ မမြင်နိုင်ခဲ့ကြချေ။
ရွှမ်ယီ၏ တိုက်ခိုက်မှုပြီးမှ သူ့တို့ရှေ့ရှိ နဂိုနေရာမှ ဖန်တိုင်ရှန်းမှာ ပုံရိပ်တစ်ခုသာဖြစ်ကြောင်း နားလည်သွားကြခြင်းဖြစ်၏။
“ အမ်…”
ထိုအချိန်တွင် ဖန်တိုင်ရှန်း ကိုယ်တိုင်လည်း အလွန်အံ့ဩသွားခဲ့ရသည်။
အဖြူ၀တ်ဓားသမားက သူ့အား မည်ကဲ့သို့ မြင်နိုင်ခဲ့သနည်း….
“ မင်းက ငါ့အရှိန်ကို မြင်နိုင်သေးရင်တောင် ဘာဖြစ်လဲ… အကြွင်းမဲ့ခွန်အားရဲ့ ရှေ့မှာ ဘာလှည့်ကွက်မှမလိုဘူး….”
ဖန်တိုင်ရှန်းက အေးစက်စွာ စကားဆိုလိုက်ပြီး လက်ဝါးဖြင့် လှမ်းရိုက်လိုက်၏။
ဖန်တိုင်ရှန်း၏ လက်ဖဝါးချက်၌ အလွန်ကြောက်မက်ဖွယ် စွမ်းအားများ ပါ၀င်နေခဲ့သည်။
“ မသေချာသေးပါဘူး…”
ရွှမ်ယီ၏ အသံက ဖြည်းညှင်းစွာထွက်ပေါ်လာ၏။ ထိုစကားသံဆုံးသွားသည်နှင့် သေခြင်းအငွေ့အသက်တစ်ခုအား ခံစားလိုက်ရပြီး ဖန်တိုင်ရှန်း တစ်ကိုယ်လုံး ကြက်သီးများထသွားခဲ့ရသည်။
သူသည် အန္တရာယ်ကို အာရုံခံစားမှု အားကောင်းလှသည်။
ဤ လက်ဝါးရိုက်ချက်အား ရှေ့ဆက်တိုးလိုက်လျှင် သေသွားလိမ့်မည်ဟု ခံစားနေရသည်။
သေသွားမည့်တစ်ယောက်မှာ ရွှမ်ယီမဟုတ်ဘဲ သူဖြစ်မည်မှာ သေချာနေသည်။
ဖန်တိုင်ရှန်းအနေဖြင့် အဘယ်ကြောင့် ဤကဲ့သို့ခံစားနေရမှန်း နားမလည်ချေ။
တဖြည်းဖြည်းနှင့် ထိုသေခြင်းအငွေ့အသက်က ပို၍ ပြင်းထန်လာလေသည်။
“ နောက်ဆုတ်တာပေါ့…”
ဖန်တိုင်ရှန်းက သူ၏တိုက်ကွက် ချက်ချင်းရုတ်သိမ်းလိုက်ပြီး လက်ရှိနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
“ ရွှီးးး…”
ဖန်တိုင်ရှန်း ပျောက်ကွယ်သွားပြီးသည်နှင့် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ဓားချက်တစ်ချက်က မူလက သူရှိနေခဲ့သောနေရာအား ဖြတ်သန်းသွားခဲ့သည်။
ထိုဓားချက်ကြောင့် လေဟာနယ်ပင် အက်ကြောင်းများဖြစ်ပေါ်လာလေသည်။