အဆင့်(၁) ဓားရည်ရွယ်ချက်၏ အထွတ်အထိပ်
Vol. 3 Ch. 41
“ ရှူး…”
ပတ်၀န်းကျင်မှ လူတိုင်း လေအေးများ ရှုရှိုက်မိလိုက်ကြသည်။
၎င်းတို့ရှေ့၌ ဖြစ်သွားသည့် အရာအားလုံးမှာ အိမ်မက်တစ်ခုအလားပင်။
တစ်ဖက်တွင် ယုလောင်နန်းတော်မှ အခြေတည်ဝိညာဉ်အဆင့်(၆) ကျင့်ကြံသူ…
အခြားတစ်ဖက်တွင်မူ အခြေတည်ဝိညာဉ်အဆင့်(၃)သာရှိသေးသည့် အဖြူ၀တ်ဓားသမား…
အဆင့်(၃)ဆင့်ကွာခြားမှုကြောင့် အဖြူ၀တ်ဓားသမားသာ ရှုံးနိမ့်သွားမည်ဟု လူတိုင်း ထင်ခဲ့မိကြသည်။
သို့သော် အမှန်တရားက သူတို့မျက်နှာအား ဖြတ်ရိုက်သွားခဲ့သည်။
အခြေတည်ဝိညာဉ်အဆင့်(၆) ကျင့်ကြံသူရှုံးနိမ့်သွားခဲ့သည်။
အခြေတည်ဝိညာဉ်အဆင့်(၃) နှင့် အဆင့်(၆)ကြားမှာ ကွာခြားချက်မှာ သဘာ၀အတိုင်းဆိုလျှင် ကြီးမားလွန်းလှသည်။
လူတိုင်း ရလဒ်ကြောင့် အလွန်ထိတ်လန့်သွားခဲ့ကြသည်။ အဖြူ၀တ်ဓားသမားအား ကြည့်နေသည့် ၎င်းတို့ မျက်၀န်းများထဲတွင် ကြောက်လန့်မှုအရိပ်အယောင်များ ထွက်ပေါ်နေ၏။
“ ငါ.. ငါ ရှုံးသွားပြီ…”
ဖန်တိုင်ရှန်း သူ၏ စိတ်တည်ငြိမ်မှုများ ပြန်လည်ရရှိလာသည့်အခိုက်တန့် အလွန်စိတ်ဓာတ်ကျသွားခဲ့ရသည်။ သူ၏ ဆံပင်များကလည်း ဖရိုဖရဲနှင့် သူတောင်းစားတစ်ယောက်အလား ရှုပ်ပွနေလေသည်။
အဓိကက ဖန်တိုင်ရှန်းအနေဖြင့် သူ့ထက်(၃)ဆင့် နိမ့်သူအား တစ်နေ့တွင် ရှုံးနိမ့်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်ထားခဲ့ခြင်းမရှိချေ။
“ ဒီလောက်ခွန်အားလေးနဲ့ သူ့ကို ကာကွယ်ပေးရဲတာလား…ငါသာ မင်းနဲ့အဆင့်တူဆိုရင် တံတွေးနဲ့ထွေးပြီး သတ်ပစ်လိုက်လို့တောင်ရတယ်….”
ရွှမ်ယီက ဖန်တိုင်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျစ်လျူရှုလိုက်သည်။
ထိုအစား ကြောက်လန့်နေသော အကြီးအကဲရန်အား လှည့်ကြည့်လိုက်သည်။
သူ့အနေဖြင့် ဖန်တိုင်ရှန်းအား အနိုင်ယူနိုင်သော်လည်း သတ်ပစ်ရန်မဖြစ်နိုင်ချေ။
အခြေတည်ဝိညာဉ်အဆင့်(၆) ကျင့်ကြံသူကို အနိုင်ယူခြင်းနှင့် သတ်ပစ်ခြင်းတို့မှာ ကွဲပြားခြားနားသော အရာတစ်ခုဖြစ်သည်။
မဟာ အင်ပါယာဓားသည် ရွှမ်ယီ အသုံးပြုနိုင်သမျှထဲ အစွမ်းထက်ဆုံး သိုင်းကွက်ဖြစ်၏။
ဖန်တိုင်ရှန်းအား သတ်ရန်မှာမူ လက်တွေ့မကျသောအတွေးတစ်ခုသာဖြစ်၏။
ရွှမ်ယီ၏ စကားများက လူအုပ်ကြီး၏ နားအတွင်းမြည်ဟည်းသွားခဲ့သည်။
ဟုတ်တယ်…
သူက ဖန်တိုင်ရှန်းကို အနိုင်ယူခဲ့တယ်…
သူတို့နှစ်ယောက်သာ အဆင့်တူဆိုလျှင် အဖြူ၀တ်ဓားသမားက ဖန်တိုင်ရှန်းအား ဒုတိယတစ်ချက်ပင် တိုက်ခိုက်ရန် လိုအပ်မည်မဟုတ်ပေ။
ထိုစကားများမှာ မာနကြီးပြီး မောက်မာနေဟန်ရသော်လည်း အမှန်တရားများဖြစ်ချေသည်။
ထိုအခိုက်တွင် အကြီးအကဲရန်တစ်ယောက် အလွန်အမင်းတုန်လှုပ်နေချေပြီ။
ဖန်တိုင်ရှန်း၏ ရှုံးနိမ့်သွားမှုက မည်သည့်အရာများ ဖြစ်လာမည်ကို သူကောင်းစွာနားလည်ထားသည်။
တစ်ဖက်လူအား သူနှစ်ကြိမ်တိုင်တိုင်စပြီး သတ်ဖြတ်ရန်ကြံစည်ခဲ့ဖူးသည်။
မနိုင်၍သာထွက်ပြေးခဲ့ရခြင်းဖြစ်၏။
သူသာအနိုင်ရပါက ရွှမ်ယီ အရိုးဆွေးနေလောက်ချေပြီ။
ထို့ကြောင့် တစ်ဖက်လူကလည်း သူ့အား အလွတ်ပေးမည်မထင်ပေ။
“ ငါက အဆုံးမဲ့တံခါးဂိုဏ်းကပဲ….”
အကြီးအကဲရန်က သူ၏ ဂိုဏ်းနှင့် အဆင့်အတန်းကို သုံးရန်ကြံစည်လိုက်သော်လည်း ရွှမ်ယီ၏ မျက်လုံးများက သူဘာပြောပြော ဘာလုပ်လုပ် အသုံးမ၀င်ကြောင်း နားလည်လိုက်သည်။
ရွှမ်ယီအနေဖြင့် သူ၏ ရန်သူများအား အလွတ်ပေးရန်စိတ်ကူးမရှိချေ။
ပထမတစ်ကြိမ်တွင် သူသာမသန်မာပါက ထွက်ပြေးရမည့်လူမှာသူဖြစ်၏။ သေပင်သေသွားနိုင်သည်။ ဒုတိယတစ်ကြိမ်တွင် သူ့မြေးမလေး၏ စိတ်ဓာတ်နှင့်ဆိုလျှင် သူသာမရှိလျှင် လင်းဇီရင်တို့ နှစ်ယောက် မလွယ်ကူလောက်ချေ။
ဖန်တိုင်ရှန်းကိုပင်လျှင် သတ်နိုင်ပါကသတ်ပစ်ခဲ့ပေလိမ့်မည်။
ထိုအဘိုးကြီးကလည်း သူ့အားသတ်ချင်ခဲ့သည်။
သူ့အားသတ်ရန်ကြိုးစားသူတိုင်းကို အသက်ရှင်လျက်ထားရန် စိတ်ကူးမရှိချေ။
ဓားရောင်နှစ်ခု လက်ကနဲဖြစ်သွားပြီး လူတိုင်းက ပစ်မှတ်မှာ အဆုံးမဲ့တံခါးဂိုဏ်းမှ နှစ်ယောက်ဖြစ်ကြောင်း လူတိုင်းသိလိုက်ကြသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
လူတိုင်းက ရွှမ်ယီအား ကြောက်လန့်နေသော မျက်၀န်းများဖြင့်ကြည့်နေကြသည်။
ထိုလူကား သေချာပေါက်ကို ရက်စက်သည့်လူဖြစ်ချေသည်။
တစ်ဖက်က အဆုံးမဲ့တံခါးဂိုဏ်းမှဖြစ်ကြောင်း သိလျှင်ပင် အလျှော့ပေးခဲ့ခြင်းမရှိချေ။
အဖြူ၀တ်ဓားသမားသာ ဖန်တိုင်ရှန်းအား သတ်နိုင်ပါက ဖန်တိုင်ရှန်းလည်း အကြီးအကဲရန်ကဲ့သို့အခြေအနေရောက်နေမည်ဖြစ်ကြောင်း လူတိုင်း ခန့်မှန်းမိလိုက်ကြ၏။
ထိုအကောင်ကား မည်သည်ကိုမျှ ကြောက်ဟန်မရချေ။
ကောင်ကင်နှင့် မြေကြီး ထပ်မံ၍ တိတ်ဆိတ်သွားခဲ့ပြီး ပတ်၀န်းကျင်ရှိလူတိုင်း ဓားရည်ရွယ်ချက်အား ဆင်ခြင်ရန် ပြန်လည်၍ အာရုံစိုက်လိုက်ရကြသည်။
ရွှမ်ယီလည်း ခြွင်းချက်မရှိချေ။
ဤ ဓားရည်ရွယ်ချက်တောင်ထိပ်က သူ့အား များစွာ အကူအညီပေးနိုင်စွမ်းရှိသည်။
အချိန်များ ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ရက်ကြာသွားခဲ့ချေပြီ။
နှစ်ရက်အတွင်း ဤနေရာမှာ လူအများအပြားထွက်သွားခဲ့ကြသည်။
သို့သော် ဓားသမားများကမူ တစ်ယောက်မှ ထွက်သွားခဲ့ခြင်းမရှိချေ။
ထွက်သွားကြသူများမှာ ဓားသမားမဟုတ်သူများဖြစ်၏။
၎င်းတို့အနေဖြင့် ဤနေရာ၌ထိုင်ပြီး မသေချာမရေရာသော အလုပ်တစ်ခုကိုလုပ်နေရန်ထက် အခြားနေရာများသို့သွားကာ ရတနာများ ရှာဖွေခြင်းက ပို၍ အကျိုးရှိပေသည်။
ဓားသမားများ အဘယ်ကြောင့်ထွက်သွားခြင်းမရှိရသနည်းဟူသည့် မေးခွန်းမှာ ရိုးရှင်းလှသည်။
ဓားသမားများအတွက် ဓားတာအိုထက် ပို၍ အရေးပါသောအရာမရှိချေ။
၎င်းတို့အနေဖြင့် ကနဦးဓားရည်ရွယ်ချက်ကိုနားလည်သွားလျှင် ဤနေရာမှ အခြားရတနာများထက် အဖိုးတန်လှသည်။
ဤနှစ်ရက်အတွင် ရွှမ်ယီက ဓားရည်ရွယ်ချက်အား ဆင်ခြင်သုံးသပ်ခြင်းအပြင် လင်းဇီရင်ကိုလည်း သင်ကြားပေးရန် မမေ့ခဲ့ချေ။
ဓားရည်ရွယ်ချက်အား နားလည်ထားသည့် ဆရာ၏ သင်ကြားမှုအောက်တွင် လေ့ကျင့်ခြင်းက လင်းဇီရင်အား ပုံမှန်အားထုတ်ရုံနှင့် ရလဒ်နှစ်ဆရစေခဲ့သည်။
ထို့အပြင် ဤနှစ်ရက်အတွင်း လင်းဇီရင်အား သင်ကြားပေးခဲ့ပြီးနောက် သူမက ဓားတာအိုတွင် အလွန်ပါရမီရှိကြောင်း ရွှမ်ယီ တွေ့ရှိခဲ့ရသည်။
သူမက ကနဦးဓားရည်ရွယ်ချက်အား (၄)နာရီပင်မပြည့်မီ နားလည်သွားခဲ့သည်။
လေးနာရီ…
ထိုအရာက ရွှမ်ယီ၏ သင်ကြားမှုကြောင့်ဟု ဆိုစေဦးတော့ သူမ၏ မူရင်း ပါရမီက ပို၍ကြောက်စရာကောင်းလွန်းလှသည်။
ပါရမီ (၁၉၇) မှတ်ရရှိထားသည့် ကုယီယီပင်လျှင် ရွှမ်ယီ၏ သင်ကြားမှုအောက်၌ ကနဦးဓားရည်ရွယ်ချက်အား နားလည်ရန် အချိန်အနည်းငယ်အသုံးပြုခဲ့ရသည်။
လင်းဇီရင်ကမူ အချိန်လေးနာရီသာ အသုံးပြုခဲ့ပြီး ဓားတာအိုနှင့် ပတ်သက်၍ သူမ၏ ပါရမီက ကုယီယီထက် အပြတ်အသတ်သာလွန်ပေသည်။
ကနဦးဓားရည်ရွယ်ချက်အား နားလည်သွားပြီးနောက် လင်းဇီရင်၏ ခွန်အားမှာ မူလထက် အဆများစွာ တိုးတက်သွားခဲ့၏။
မူလက သူ၏ အဓိကတာ၀န်အား ပြီးဆုံးအောင် လုပ်ရန်အတွက် ကုယီယီအပေါ် မျှော်လင့်ချက်စုပုံထားခဲ့သော်လည်း ယခုတွင်မှု နောက်ထပ်မျှော်လင့်ချက်ရှိလာခဲ့ပြီဖြစ်သည်။
ဤနှစ်ရက်အတွင်း လင်းဇီရင်တစ်ယောက်သာ အကျိုးအမြတ်များရခဲ့သည်မဟုတ်ချေ။ ရွှမ်ယီကိုယ်တိုင်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့၏။
သူ၏ ဓားရည်ရွယ်ချက်မှာ အဆင့်(၁) အစောပိုင်းမှ ၊ အဆင့်(၁) အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့သည်။
ဓားရည်ရွယ်ချက် အဆင့်မြင့်လာခြင်းက ရွှမ်ယီ၏ ခွန်အားကို များစွာတိုးတက်လာစေခဲ့သည်။
မူလက ဖန်တိုင်ရှန်းအား မသတ်နိုင်သော်လည်း ယခု သတ်နိုင်မည်ဟု ယုံကြည်ချက်ရှိနေပြီဖြစ်သည်။
ရွှမ်ယီက ချက်ချင်းထပြီး ဖန်တိုင်ရှန်းအား လှည့်ပတ်ရှာလိုက်သော်လည်း ထိုလူမှာမရှိတော့ချေ။
“ ခင်ဗျားက အပြေးတော့မြန်သားပဲ…”
ရွှမ်ယီက တီးတိုးရေရွတ်လိုက်ပြီး စနစ်၏ တာ၀န်အားစစ်ဆေးကြည့်လိုက်သည်။
[ အရံတာ၀န် : ပါရမီအမှတ် (၂၀၀) ကျော်ရှိသည့် တပည့်တစ်ဦး လက်ခံပါ။
ဆုလာဘ် : ပိုင်ရှင်၏ ကျင့်ကြံမှု အဆင့်တစ်ဆင့် ၊ ဓားရည်ရွယ်ချက် အဆင့်(၂) အထွတ်အထိပ် ]
“ မျှော်လင့်ထားတဲ့အတိုင်း.. တာ၀န်ဆုလာဘ်က ပြောင်းသွားတာပဲ….”
ရွှမ်ယီ၏ နှုတ်ခမ်းထောင့်စွန့်များ တွန့်ကွေးသွားခဲ့သည်။
တာ၀န်ဆုလာဒ်သည် အမြဲပုံသေဖြစ်နေမည်မဟုတ်ပေ။
သူ့၏ အဆင့်များတိုးလာသည်နှင့် ဆုလာဘ်များလည်း ပြောင်းလဲသွားမည်ဖြစ်သည်။
ထိုအရာက ပုံမှန်ပင်ဖြစ်၏။
ထို့သို့မဟုတ်လျှင် ရွှမ်ယီက ဓားရည်ရွယ်ချက် အဆင့်(၂) အားကိုယ်တိုင်နားလည်သွားခဲ့လျှင် တာ၀န်ဆုလာဘ်က အလကားဖြစ်သွားပေလိမ့်မည်။
ရွှမ်ယီပင် ဤကဲ့သို့တွေးမိလျှင် စနစ်အနေနှင့်လည်း တွေးမိမည်မှာ သာမန်သာဖြစ်၏။
“ နတ်ဘုရားသန့်စင်ခြင်းစေတီ ပေါ်လာပြီဆိုတဲ့ သတင်းကြားမိကြသေးလား… တစ်ခေါက်လောက်သွားကြည့်ရအောင်…”
“ မင်းတို့နှစ်ယောက်ရော ဘယ်လိုလဲ…”
“ ငါနဲ့ လိုက်မလား….”