← Chapters

နောက်ဆုံးတော့ နတ်ဆိုး ထွက်သွားပြီ

Vol. 3 Ch. 42

နောက်ဆုံးတော့ နတ်ဆိုး ထွက်သွားပြီ

Vol. 3 Ch. 42

ရွှမ်ယီ နှင့် လင်းဇီရင်တို့နှစ်ယောက် တစ်ယောက်က ကနဦးဓားရည်ရွယ်ချက်အား နားလည်ပြီး နောက်တစ်ဦးက ဓားရည်ရွယ်ချက် အဆင့်(၁) အထွတ်အထိပ်သို့ရောက်သွားခဲ့သည်။ ဤနေရာ၌ ဆက်နေလျှင်လည်း သူတို့အတွက် သိပ်မထူးခြားတော့ချေ။

သို့သော် ကျန်သူများမှာမူ ဤနှစ်ရက်အတွက် အကျိုးကျေးဇူးသိပ်မရခဲ့ချေ။ ထို့ကြောင့် ရွှမ်ယီက မေးလိုက်ခြင်းဖြစ်၏။

ရွှမ်ယီက သူတို့အားဦးဆောင်နေသူဖြစ်သော်လည်း အတင်းအကြပ်လုပ်ဆောင်လိုခြင်းမရှိချေ။

လူတိုင်း၌ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်ဖြစ်၏။

အကယ်၍ သူတို့က ဆက်လိုက်ချင်လျှင် ခေါ်မသွားမည် မလိုက်လိုလျှင်လည်း ထားခဲ့ပေလိမ့်မည်။

“ ကျွန်တော်၊ကျွန်မ အကြီးအကဲရွှမ်နဲ့လိုက်ခဲ့မယ်…”

၀မ်တောင်နှင့် လုရင်က ချက်ခြင်းဖြေလိုက်၏။

ကုန်ခဲ့သော နှစ်ရက်အတွင်း သူတို့အနေဖြင့် ဓားရည်ရွယ်ချက် တောင်ထိပ်မှ အကျိုးသိပ်မရခဲ့ချေ။ ထို့ကြောင့် အချိန်ထိုင်ဖြုန်းနေမည့်အစား အကြီးအကဲရွှမ်နောက် လိုက်သွားခြင်းက ပိုအကျိုးရှိပေလိမ့်မည်။

“ ကျွန်မလည်းလိုက်ခဲ့မယ်…”

လင်းဇီရင်၏ မိတ်ဆွေ ဇီရွှမ်ကလည်းပြောလိုက်၏။

သူမက ဓားရည်ရွယ်ချက်တောင်ထိပ်နှင့် ယှဉ်လျှင် နတ်ဘုရားသန့်စင်စေတီအား ပို၍ စိတ်၀င်စားနေခဲ့သည်။

ထိုနေရာမှာလည်း ‌ဓားရည်ရွယ်ချက်တောင်ထိပ်ကဲ့သို့ပင် လျှို့ဝှက်နယ်မြေအတွင်းရှိ အကြီးအမားဆုံးအခွင့်အလမ်းနေရာငါးခုမှ တစ်ခုဖြစ်၏။

ဓားရည်ရွယ်ချက်တောင်ထိပ်က ဓားသမားများအတွက်သာ အကျိုးရှိသော်လည်း နတ်ဘုရားသန့်စင်စေတီကမူ ကွဲပြားပေသည်။

ခရမ်းလမင်းလျှို့ဝှက်နေမြေ အတွင်းမှ လူတိုင်းအား ဆွဲဆောင်နိုင်သည်။

………….

“ ဟူးးး…”

“ နောက်ဆုံးတော့ အဲ့ဒီနတ်ဆိုး ဒီနေရာက ထွက်သွားပြီ….”

ရွှမ်ယီထွက်သွားပြီးနောက် လူတိုင်းက သက်ပြင်းချလိုက်ကြ၏။

ရွှမ်ယီက မဆီမဆိုင်သော လူများအား လျှောက်ပြီးသတ်ဖြတ်လေ့ရှိသူမဟုတ်သော်လည်း အကြီးအကဲရန်တို့ကိစ္စတွင် လူတိုင်းက သူ့အားကြောက်လန့်သွားခဲ့ကြ၏။

ဤနေရာ၌ ရွှမ်ယီရှိနေခြင်းက လူတိုင်းကို ဖိအားများခံစားစေခဲ့ရသည်။ ရွှမ်ယီရှိနေသည့် အချိန်၌ ဓားရည်ရွယ်ချက်တောင်ထိပ်တစ်ခုလုံး ထိုနတ်ဆိုးအား အနှောက်အယှက်ပေးမိမည်စိုးသဖြင့် ငြင်းခုန်မှုများပင် မလုပ်ရဲခဲ့ကြချေ။

ရွှမ်ယီထွက်သွားပြီးနောက် ဓားရည်ရွယ်ချက်တောင်ထိပ်တစ်ခုလုံး မူလအတိုင်း ပြန်လည်စည်းကားသွားတော့သည်။

သို့သော် ရွှမ်ယီ ထင်မထားသည့်ကိစ္စတစ်ခုက သူထွက်သွားပြီးနောက် ဓားရည်ရွယ်ချက်တောင်ထိပ်သို့ သူနှင့်ရင်းနှီးသည့် ပုံရိပ်လေးတစ်ခု ရောက်လာခဲ့ခြင်းဖြစ်၏။

ထိုလူမှာ အခြားသူမဟုတ်ပေ။ ကုယီယီပင်ဖြစ်၏။

သို့သော် သူမတစ်ယောက်တည်းတော့မဟုတ်ချေ။ အနားတွင် နက်နဲဓားဂိုဏ်းမှ အတွင်းစည်းတပည့် (၃)ယောက်လည်း ပါလာခဲ့၏။

ထိုအတွင်းစည်းတပည့်(၃)ယောက်လုံး ချီအခြေခံတည်ဆောက်ခြင်းအဆင့်၌ ရှိနေကြသူများဖြစ်သည်။ ကုယီယီက မူ လေးယောက်ထဲတွင် အဆင့်နိမ့်ဆုံးဖြစ်၏။ သူမ၏ တိုက်ခိုက်နိုင်စွမ်းက ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၁)နှင့် ယှဉ်နိုင်သော်လည်း ထိုသုံးယောက်တွင် အနိမ့်ဆုံးက ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၃)ဖြစ်နေခဲ့သည်။

သို့သော် ထိုဖွဲ့ထဲ၌ ကုယီယီ၏ အဆင့်က အနိမ့်ဆုံးဖြစ်သော်လည်း သူမ၏ အနေအထားကမူအမြင့်ဆုံးဖြစ်လေသည်။

သူမ၏ ဆရာက ဂိုဏ်းအတွင်း၌ ဒုတိဂိုဏ်းချုပ်များနှင့်ပင် ယှဉ်နိုင်သည့် အခြေတည်ဝိညာဉ်အဆင့် အကြီးအကဲဖြစ်နေသောကြောင့်ဖြစ်၏။

ထို့ကြောင့် အလိုလိုနေရင်း လေးယောက်အုပ်စုတွင် သူမ၏ အဆင့်အတန်းက အမြင့်ဆုံးဖြစ်လာခဲ့သည်။

“ ကောင်လေး ဆက်စပ်မှု စိတ်ဝိညာဉ်အမြစ်ကို ငါတို့ဆီပြန်ပေး….”

ကုယီယီတို့အရှေ့တွင် ရုပ်ဆိုးဆိုးကောင်လေးတစ်ယောက် ရူးသွပ်စွာထွက်ပြေးနေခဲ့သည်။

ကုယီယီတို့ အဖွဲ့ ဤနေရာသို့ရောက်လာခြင်းမှာ ထိုကောင်လေးက သူတို့ထံမှ ဆက်စပ်မှုစိတ်ဝိညာဉ်အမြစ်အား ခိုးယူသွားသောကြောင့်ဖြစ်၏။

ထို စိတ်ဝိညာဉ်အမြစ်က ဒုတိယအဆင့်ဆေးပင်များထဲ၌ အလွန်အသုံး၀င်သော ဆေးပင်ဖြစ်၏။

စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် ကျင့်ကြံသူများအတွင်မူ လုံးလုံး၀အသုံးမ၀င်ပေ။

သို့သော် ကုယီယီတို့တစ်ဖွဲ့လုံး ချီအခြေခံတည်ဆောက်ခြင်းအဆင့်၌ ရှိနေကြသောကြောင့် အလွန်သုံး၀င်သည့် ဆေးပင်ဖြစ်ပေသည်။

“ ချီးဘဲ…”

မကြာခင်၌ ထိုရုပ်ဆိုးဆိုးကောင်လေးအား လိုက်မှီတော့မည်ဖြစ်၏။ ထိုကောင်လေး၏ မျက်နှာထက်၌ စိုးရိမ်မှုများပြည့်နှက်နေသည်။

သို့သော် ထိုစိုးရိမ်မှုများက ချက်ချင်းပင်ရွှင်လန်းခြင်းအဖြစ်သို့ ကူးပြောင်းသွားခဲ့၏။

“ အကြီးအကဲဖန်…”

ထိုသူ ပျော်ရွှင်သွားရခြင်းမှာ ဓားရည်ရွယ်ချက်တောင်ထိပ်၌ သူတို့ဂိုဏ်းမှ အကြီးအကဲအားတွေ့လိုက်ရသောကြောင့်ဖြစ်သည်။

ထိုအကြီးအကဲက အပြင်စည်းအကြီးအကဲမျှသာဖြစ်သော်လည်း စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်၌ ရှိနေသူဖြစ်၏။

ထိုလေးယောက်အား ကိုင်တွယ်ရန် လုံလောက်သည်ထက်ပိုပေသည်။

“ အမ်…”

အကြီးအကဲဖန်က တစ်ယောက်ယောက် သူ့အားနာမည်အား အော်ခေါ်လိုက်သည်ကိုကြားလျှင် ရုပ်ဆိုးဆိုးကောင်လေးအား ကုယီယီတို့အဖွဲ့မှ လိုက်ဖမ်းနေသည်ကိုတွေ့လိုက်ရသည်။ ချက်ချင်းပင် ခြေတစ်လှမ်းနှင့် ထိုနေရာသို့ရောက်သွားခဲ့၏။

သူ့အနေဖြင့် ထိုကောင်လေးအား မသိသော်လည်း ၀တ်စုံမှာမူ သူ့ဂိုဏ်းမှ ၀တ်စုံဖြစ်ကြောင်း သိသည်။

“ မကောင်းတော့ဘူး…”

အကြီးအကဲဖန်၏ ရောက်ရှိလာမှုက ကုယီယီတို့ အဖွဲ့အား မျက်နှာပျက်သွားစေခဲ့သည်။

“ ချီးဘဲ…”

နက်နဲဓားဂိုဏ်းမှ တစ်‌ယောက်က ကံဆိုးမှုအပေါ် ကျိန်ဆဲလိုက်မိသည်။

ထိုကောင်လေးအား မကြာမီဖမ်းမိတော့မည်ဖြစ်ပြီး ဆက်စပ်ခြင်းစိတ်ဝိညာဉ်အမြစ်ကိုလည်း ပြန်ရတော့မည်ဖြစ်သည်။ သို့သော် ဟိုဘက်က အကြီးအကဲဖြစ်သူက ရုတ်တရက်ရောက်ချလာခဲ့၏။

သူတို့ပစ္စည်းအား သူများက လုယူသွားခဲ့သည်မှာမှန်သော်လည်း ကုယီယီတို့အဖွဲ့က ဦးနှောက်မရှိသူများမဟုတ်ကြချေ။

ဤကဲ့သို့ လျှို့ဝှက်နယ်မြေထဲတွင် ကျိုးကြောင်ဆီလျော်မှုက အရေးမပါပဲ လက်သီးပိုအားပြင်းသူ၏ စကားများက ဥပဒေဖြစ်လေသည်။

“ သွားကြစို့…”

ထိုကောင်လေး၏ အကြီးအကဲဖြစ်သူ ရောက်လာသည်ကိုမြင်လျှင် ကုယီယီတို့အဖွဲ့ လှည့်ပြီးထွက်သွားရန်ပြင်လိုက်၏။

သို့သော် ထိုအချိန်တွင် အကြီးအကဲဖန်က သူတို့အား ဟန့်တားလိုက်လေသည်။

“ နေဦး…”

ကုယီယီတို့အဖွဲ့ ပို၍ပင်မျက်နှာပျက်လာခဲ့ကြသည်။

တဖက်တွင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ဖြစ်ပြီး သူတို့ထဲတွင် အသန်မာဆုံးလူမှာ ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၅) ၌သာရှိ၏။ အကြီးအကဲဖန်၏ တိုက်ခိုက်မှုတစ်ချက်တောင် ခုခံနိုင်ရန်မသေချာပေ။

အကြီးအကဲဖန်ဆိုသူသာ သူတို့အား တစ်ခုခုလုပ်လိုပါက ရလဒ်များမှာ ဆိုးရွားသွားပေလိမ့်မည်။

“ စီနီယာ…တကယ်တော့ သူက ကျွန်တော်တို့ဆီက စိတ်ဝိညာဉ်အမြစ်ကို ခိုးသွားခဲ့တာပါ.. ဒါပေမယ့် အခု စီနီယာရောက်လာတဲ့အတွက် ကျွန်တော်တို့ ရှုံးသွားတာကို လက်ခံပါတယ်… ကျွန်တော်တို့ကို သတ်ဖို့မလိုပါဘူး…”

အဖွဲ့ထဲမှ အသန်မာဆုံးလူက ရှေ့ထွက်ပြီးပြောလိုက်သည်။

အကြီအကဲဖန် ရောက်လာမှုနှင့်အတူ ရုပ်ဆိုးဆိုးကောင်လေးက နဂိုက ထွက်ပြေးခဲ့ရမှုများအပေါ် ပွင့်ထွက်လာပြီး မောက်မာလာခဲ့သည်။

“ ဟီးဟီး.. စိတ်ဝိညာဉ်အမြစ်က မင်းလက်ထဲမှာလည်းမရှိ‌ဘူးလေ.. ဘယ်ဟာအပေါ်မူတည်ပြီး မင်းဟာလို့ပြောတာလဲ….”

“ ဆက်စပ်မှု စိတ်ဝိညာဉ်အမြစ်ကို သူတို့ဆီပြန်ပေးလိုက်…”

အကြီးအကဲဖန်၏ ‌အသံက ဖြည်းညှင်းစွာထွက်ပေါ်လာ၏။

“ ဟုတ်ကဲ့…”

ရုပ်ဆိုးဆိုးကောင်လေးက ချက်ချင်းပင်လက်ခံလိုက်သည်။ သို့သော် သူပြောပြီးမှ တစ်ခုခုမှားနေကြောင်း သတိထားမိသွား၏။

“ အကြီးအကဲဖန်…….”

ရုပ်ဆိုးဆိုးကောင်လေးက သူနားကြားမှားသွားသည်ဟု ထင်မိလိုက်သည်။

ဆက်စပ်ခြင်းစိတ်ဝိညာဉ်အမြစ်ကို သူတို့ဆီပြန်ပေးရမှာတဲ့လား…..

ဘယ်လိုဟာသမျိုးလဲ……

ထိုအရာမှာ ကုယီယီတို့ အဖွဲ့ထံမှ သူခက်ခက်ခဲခဲ ခိုးယူလာခဲ့သောအရာဖြစ်သည်။

All Chapters