သူတို့ကိုပြန်ပေးလိုက်လို့ငါပြောနေတာမင်းမကြားဘူးလား
Vol. 3 Ch. 43
“သူတို့ကိုပြန်ပေးလိုက်လို့ငါပြောနေတာမင်းမကြားဘူးလား...’’
အကြီးအကဲဖန်က ရုပ်ဆိုးဆိုးနှင့်ကောင်လေးထံသို့ဖိအားတစ်ခုထုတ်လွှတ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ရုပ်ဆိုးဆိုးနှင့်ကောင်လေးသာမက ကုယီယီတို့အဖွဲ့ပါ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။
အကြီးအကဲဖန်၏ စကားများကသူတို့စိတ်ကူးထားသည်နှင့် တခြားစီဖြစ်နေခဲ့သည်။
အကြီးအကဲဖန်က သူတို့အားခက်ခဲအောင်မလုပ်ခဲ့သည့်အပြင် ဆက်စပ်ခြင်းစိတ်ဝိဉာဉ်အမြစ်အား သူတို့ထံပြန်ပေးရန်ပင်ပြောနေခဲ့၏။
ရုပ်ဆိုးဆိုးနှင့်ကောင်လေးသာမက ကုယီယီတို့တစ်ဖွဲ့လုံးနားမလည်နိုင်ဖြစ်သွားခဲ့ကြသည်။
အခြားတစ်ဖက်တွင်မူ ပတ်ဝန်းကျင်ရှိလူများက ကုယီယီတို့အဖွဲ့ဝတ်ထားသည့် ဝတ်စုံများကိုမြင်လျှင် တစ်စုံတစ်ခုနားလည်သွားခဲ့ကြသည်။
ရုပ်ဆိုးဆိုးနှင့်ကောင်လေးက ပြန်ပေးရန်ဆန္ဒမရှိသော်လည်း အကြီးအကဲဖန်၏စကားများအားမလွန်ဆန်ဝံ့သည်ဖြစ်ရာ စိတ်ဝိဉာဉ်အမြစ်အား ကုယီယီတို့အဖွဲ့ထံသို့ တွန့်ဆုတ်စွာပြန်ပေးလိုက်သည်။
ထို့နောက် ကုယီယီတို့အဖွဲ့ထွက်မသွားမီ အကြီးအကဲဖန်က လက်သီးဆုပ်လျက်တောင်းပန်စကားဆိုလိုက်သေး၏။
ကုယီယီတို့အဖွဲ့ အဝေးသို့ရောက်သွားချိန်တွင် ရုပ်ဆိုးဆိုးနှင့်ကောင်လေးကမေးလိုက်သည်။
“အကြီးအကဲဖန်...ဘာလို့လဲ...”
သူ၏အသံမှာ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေခဲ့သည်။
သူက အကြီးအကဲဖန်ထံမှ ဖြေရှင်းချက်တစ်ခုလိုချင်နေခဲ့၏။
အကြီးအကဲဖန်က သူ့အားတစ်ချက်ကြည့်လိုက်ပြီး ပုံရိပ်များသိမ်းဆည်းထားနိုင်သည့် ပုံရိပ်ယောင်ကျောက်တုံးတစ်ခုပစ်ပေးလိုက်သည်။
ထိုပုံရိပ်ယောင်ကျောက်တုံးထဲတွင်ရှိနေသည့်အရာမှာ ရွမ်ယီနှင့် ဖန်တိုင်ရှန်းတို့၏တိုက်ပွဲမှစပြီး အကြီးအကဲရန်တို့မြေးအဖိုး အသတ်ခံလိုက်ရသည်အထိပါဝင်လေသည်။
ထိုမှတ်တမ်းအားကြည့်ပြီးနောက်တွင် အကြီးအကဲဖန်ကအေးစက်စွာအော်ပြောလိုက်၏။
“မင်းအခုနားလည်ပြီလား...ငါဘာကြောင့်သူတို့ပစ္စည်းတွေကိုပြန်ပေးလိုက်ခိုင်းလိုက်တာလို့ မင်းထင်လဲ...”
“ဒါနဲ့ အဲ့ဒီနတ်ဆိုးကဒီနေရာကထွက်သွားပြီ...သူကဒီနေရာနဲ့သိပ်မဝေးတဲ့ နတ်ဘုရားသန့်စင်ခြင်းစေတီဆီကိုသွားတာ..”
“မင်း ဒီကိုနောက်ကျပီးမှရောက်လာတာ ကံကောင်းသွားတယ်…”
“တကယ်လို့ မင်းသာနောက်ကျမနေခဲ့ဘူးဆိုရင်...အခုမြင်ကွင်းကို အဲ့ဒီနတ်ဆိုးမြင်သွားတာနဲ့ မင်းအသက်ဆက်ပြီးရှင်နေဉီးမယ်လို့ထင်လား…”
အကြီးအကဲဖန်က စိတ်မသက်သာစွာနှင့်ပြောလိုက်၏။
ပုံရိပ်ယောင်ကျောက်တုံးအတွင်းမှ မှတ်တမ်းအားကြည့်၍ပြီးချိန်တွင် ရုပ်ဆိုးဆိုးနှင့်ကောင်လေး၏မျက်နှာထက်မှမလိုလားဟန်များမှာပျောက်ကွယ်သွားခဲ့ပြီး ကြောက်လန့်မှုများ အစားထိုးဝင်ရောက်လာခဲ့သည်။
ထို့အပြင် အကြီးအကဲဖန်က သူ့အားထိုစိတ်ဝိဉာဉ်အမြစ်ကိုပြန်ပေးရန် အမိန့်ပေးခဲ့သည်ကို နားလည်သွားခဲ့သည်။
အကြီးအကဲဖန် ပြောခဲ့သည့်အတိုင်းပင် သူအတော်လေးကံကောင်းသွားသည်ဟု ခံစားနေရသည်။
မှတ်တမ်းထဲတွင်ပါသော ထိုလူ၏တိုက်ခိုက်ခြင်းကိုခံရလျှင်မူ သူ့အနေဖြင့် ဖြစ်လာမည့်အကျိုးဆက်များမှာ ခန့်မှန်း၍ပင်မရနိုင်ချေ။
“ဘာတွေဖြစ်နေတာလဲ…”
အကြီးအကဲဖန်၏လုပ်ရပ်များက ကုယီယီ၏အဖွဲ့အား လုံးဝနားမလည်နိုင်စရာဖြစ်သွားခဲ့သည်။
ထို့အပြင် သူတို့လေးယောက် အတော်လေးအံ့အားသင့်နေခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ဓားရည်ရွယ်ချက်တောင်ထိပ်ပတ်ဝန်းကျင်တွင် သူတို့ရောက်ရှိသွားသည့်နေရာတိုင်းမှလူများက သူတို့အားရှောင်သွားသောကြောင့်ဖြစ်၏။
ထို့အပြင် ၄င်းတို့၏မျက်ဝန်းများထဲ၌ သတိထားနေမှုများနှင့် ထိတ်လန့်မှုများလည်းပါဝင်နေသည်။
ဤကမ္ဘာကြီးတွင် စွမ်းအားကြီးသူများကို အားနည်းသာများက ကြောက်လန့်သည်မှာသဘာဝအတိုင်းသာဖြစ်သည်။
သို့သော် သူတို့လေးယောက်မှာ အားနည်းသူများဖြစ်ပြီး သူတို့အားရှောင်ဖယ်သွားသူများထဲတွင် အခြေတည်ဝိဉာဉ်အဆင့်ကျင့်ကြံသူများလည်းပါဝင်နေသည်။
“စီနီယာ…ဒီမှာဘာတွေဖြစ်နေတာလဲ”
သူတို့အဖွဲ့လုံးဝနားမလည်နိုင်သည့်အဆုံး အနီးအနားတွင်ရှိနေသော အခြေတည်ဝိဉာဉ်အဆင့်အကြီးအကဲတစ်ယောက်အား မေးမြန်းလိုက်သည်။ ထိုအဖိုးကြီးကမူ ကုယီယီတို့အဖွဲ့အနားကပ်လာသော်လည်း ရှောင်ဖယ်သွားခြင်းမရှိသည့်တစ်ဉီးတည်းသောသူဖြစ်၏။
ထိုအဖိုးကြီးက အဖြူဝတ်ဓားသမားအား ကြောက်လန့်နေသော်လည်း ယခုတွင် ထိုလူကဤနေရာတွင်ရှိမနေတော့ချေ။ ထို့အပြင် ဤလူငယ်လေးများမှာ ထိုလူ၏ဂိုဏ်းမှဂိုဏ်းသားများဖြစ်သော်လည်း ထိုလူကိုယ်တိုင်မဟုတ်သည့်အတွက် သူ့အနေဖြင့်ရှောင်ဖယ်သွားစရာအကြောင်းရင်းမရှိပေ။
ထိုအချိန်တွင် မျက်လုံးမှိတ်ကာ ကနေဉီးဓားရည်ရွယ်ချက်အားနားလည်အောင် ဆင်ခြင်နေသည့်အဖိုးကြီးက သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။
“သူတို့က မင်းတို့လေးယောက်ကိုကြောက်နေတာမဟုတ်ဘူး...သူတို့ကြောက်တာကမင်းတို့ဂိုဏ်းက အကြီးအကဲတစ်ယောက်ပဲ...”
ထိုအဖိုးအိုကပေါ့ပေါ့ပါးပါးရယ်မောလိုက်ပြီး
“စောနတုန်းက ဒီနေရာမှာမင်းတို့ဂိုဏ်းကအကြီးအကဲတစ်ယောက် တော်တော်လေးအစွမ်းပြသွားခဲ့တယ်...သူကယုလောင်နန်းတော်ကအကြီးအကဲဖန်နဲ့ အဆုံးမဲ့တံခါးဂိုဏ်းက အကြီးအကဲရန်တို့ကိုအနိုင်ယူခဲ့တယ်...”
“သူတို့ တကယ်တမ်းကြောက်တာက စောနလေးကမှထွက်သွားခဲ့တဲ့ မင်းတို့ဂိုဏ်းကအကြီးအကဲတစ်ယောက်ကိုပဲ...”
“ဖန်တိုင်ရှန်းနဲ့ အကြီးအကဲရန်ကိုအနိုင်ယူခဲ့တာလား”
ထိုလူနှစ်ယောက်အားသူတို့မသိကြချေ။
နက်နဲဓားဂိုဏ်းသည် ကျန်းနန်ပြည်နယ်တွင် အနည်းငယ်အစွမ်းထက်သော်လည်း ကောင်းကင်လေနိုင်ငံတစ်ခုလုံးနှင့်ယှဉ်လျှင်မူ ထိုမျှမဟုတ်ချေ။
သူတို့အနေဖြင့် ဖန်တိုင်ရှန်းနှင့်အကြီးအကဲရန်တို့အားမသိကြသော်လည်း ယုလောင်နန်းတော်နှင့်အဆုံးမဲ့တံခါးဂိုဏ်းတို့၏အမည်ကိုမူ ကြားဖူးနားဝရှိကြသည်။
ထိုအဖိုးကြီး၏ ရှင်းပြမှုမှတစ်ဆင့် ဖန်တိုင်ရှန်းမှာ ယုလောင်နန်းတော်မှ အခြေတည်ဝိဉာဉ်အဆင့်(၆)ကျင့်ကြံသူတစ်ဉီးဖြစ်ပြီး အကြီးအကဲရန်မှာမူ အဆုံးမဲ့တံခါးဂိုဏ်းမှ အခြေတည်ဝိညာဥ်အဆင့်(၄)ကျင့်ကြံသူဖြစ်ကြောင်း သိလိုက်ရသည်။
ထိုစကားများအားကြားလျှင် သူတို့အဖွဲ့အတော်လေးထိတ်လန့်သွားခဲ့ကြရ၏။
အဘယ်ကြောင့်ဆိုသော် ထိုလူနှစ်ဉီးအားအနိုင်ယူနိုင်သော စွမ်းအားနက်နဲဓားဂိုဏ်းတွင်ရှိမနေသောကြောင့်ဖြစ်သည်။
သူတို၏ဂိုဏ်းမှ ဂိုဏ်းချုပ်ကျန်းနန်ထျန်ပင် ထိုကဲ့သို့သောစွမ်းအားများမရှိချေ။
သူတို့၏ ဂိုဏ်းချုပ်မှာအားကောင်းသည်မှန်သော်လည်း အခြေတည်ဝိဉာဉ်အဆင့်(၂)အထွတ်အထိပ်၌သာရှိနေပြီး ထိုလူများအားအနိုင်ယူရန် မည်သို့မျှဖြစ်နိုင်ချေမရှိပေ။
သို့သော် ထိုအဖိုးကြီး၏ စကားများအရဖန်တိုင်ရှန်းနှင့် အကြီးအကဲရန်တို့မှာ သူတို့၏နက်နဲဓားဂိုဏ်းမှအကြီးအကဲတစ်ယောက်အားရှုံးနိမ့်သွားခဲ့သည်။
ဒီအဖိုးကြီး တစ်ယောက်ယောက်နဲ့များမှားနေတာလား...
ဖန်တိုင်ရှန်းအားအနိုင်ယူပြီး အကြီးအကဲရန်ကိုသတ်ခဲ့သောသူမှာ သူတို့၏နက်နဲဓားဂိုဏ်းမှလုံးဝဖြစ်နိုင်ချေမရှိချေ။
“စီနီယာ...အဲ့ဒီလူရဲ့ပုံစံကဘယ်လိုမျိုးလဲ...”
ကုယီယီကထိုအဖိုးကြီးအားမေးလိုက်သည်။ သူမအနေဖြင့်တစ်စုံတစ်ခုအားခန့်မှန်းမိနေခဲ့၏။
သူမ၏ စိတ်ထဲတွင်ထိုလူမှာ သူမ၏ဆရာဖြစ်သည်ဟု အနည်းငယ်ခံစားမိနေလေသည်။
အဖိုးကြီးက သူမအားလှည့်ကြည့်လိုက်၏။ ထို့နောက် သူ၏လက်ကို လေထဲသို့ဆန့်တန်းလိုက်ပြီး စိတ်ဝိဉာဉ်စွမ်းအားများစုစည်းကာ ရုပ်ပုံတစ်ခုဖွဲ့စည်းလိုက်သည်။