← Chapters

ထပ်မံယှဉ်ပြိုင်ရန်အခွင့်အရေး

Vol. 93 Ch. 1305

ထပ်မံယှဉ်ပြိုင်ရန်အခွင့်အရေး

Vol. 93 Ch. 1305

အခန်း (၁၃၀၅) ထပ်မံယှဉ်ပြိုင်ရန်အခွင့်အရေး

လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ထံမှ လရောင်ခြည်ရော နေရောင်ခြည်ပါ ဖြာလင်းထွက်ပေါ်လျှက် ရှိသည်။

အထူးသဖြင့် သူမက ‘သူတော်စင်အလင်းအလံရှည်’ အား ပိုင်ဆိုင်ထားသည့်အခါ တာအိုစကြာဝဠာမှ တန်ခိုးစွမ်းအားရှင်များထဲတွင် သူမကို ရင်ဆိုင်တိုက်ခိုက်နိုင်သူ တစ်ယောက်သာလျှင်ရှိမည် ဖြစ်သည်။

ထိုသူမှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ အမတချီစွမ်းအား (၅)ခု ပေါင်းစည်းပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်ရောက်သွားသည့်အချိန်တွင် ဖြစ်သည်။

သူမက ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကံကောင်းသူတစ်ယောက်လည်း ဖြစ်သည်။

သူမ၏တန်ခိုးစွမ်းအားက အခြားသောကျင့်ကြံခြင်းအဆင့်တူညီသူများနှင့် နှိုင်းယှဉ်ပါက အလွန်ထူးခြားသည်။ ယခင်အချိန် သူမ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးစဉ်ကပင် တန်ခိုးစွမ်းအားမြင့်မားသည့် ကိုယ်ပွားတစ်ခုကို သန့်စင်နိုင်ခဲ့သည်။

သူမသန့်စင်ထားသော ကိုယ်ပွား၏ ကျင့်ကြံခြင်းအဆင့်က ရွှမ်ဟွမ်ဧကရီ၏ကျင့်ကြံခြင်းအဆင့်နှင့်တန်းတူရှိသည်။

သူတို့နှစ်ယောက်လုံး နတ်ဘုရားတံခါးကို တစ်ချိန်တည်းဖွင့်လှစ်နိုင်ခဲ့ကြပြီး အတိုင်းအဆမဲ့ကပ်ဘေးကို အတူတကွဖြတ်ကျော်ကာ ငြိမ်သက်ခြင်းအဆင့်ရှိသော နက်ရှိုင်းနတ်ဘုရားအဆင့်သို့ အတူတကွတက်ရောက်နိုင်ခဲ့ကြကာ အမတချီစွမ်းအား (၂)ခုကို ပေါင်းစည်းနိုင်ခဲ့ကြသည်။

ရွှမ်ဟွမ်ဧကရီက မူလသမ္မာတရားကပ်ဘေးကိုကျော်ဖြတ်ပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကို တက်ရောက်နိုင်မည်ဆိုလျှင် သူမ၏ကိုယ်ပွားသည်လည်း အခြားသူများအတွက် အတားအဆီးများဖြင့်ပြည့်နေသောလမ်းကြောင်းကို အလွယ်တကူ ဖြောင့်ဖြူးစွာ ဖြတ်သန်းသွားမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် ကောင်းချင်းရွှမ်အနေဖြင့် ထိုက်ရွှီးမူလအဆင့် အမတမှော်ဝင်ပစ္စည်းတစ်ခု ပိုင်ဆိုင်မထားသည့်တိုင် လင်ချင်းကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။

ရန်ကျောက်ကဲအတွက်တော့ သူက လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ကို အနိုင်ယူရန် မလိုအပ်ပေ။

တစ်ယောက်ယောက်က သူမကို အာရုံလွှဲအောင် လုပ်လိုက်မည်ဆိုလျှင် သူ့အနေဖြင့် ကောင်းဟန်၏အစီအရင်ကို ချိုးဖျက်ပြီး အခြေအနေတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်မည် ဖြစ်၏။

ကံမကောင်းသည်မှာ ကျန့်ဟွမ်ဓားဧကရာဇ်ဖြစ်စေ ၊ နက္ခတ်ဧကရာဇ်ဖြစ်စေ ယနေ့ကိစ္စတွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ဝင်ရောက်စွက်ဖက်ခြင်း မပြုစေလိုကြပေ။

ထို့ပြင် သူတို့ကို ကူညီပေးပါရန် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအား ဆက်သွယ်လျှင်တောင်မှ များစွာ အထောက်အကူဖြစ်မည် မဟုတ်ပေ။

ယနေ့တိုက်ပွဲမတိုင်ခင်က ရန်ကျောက်ကဲက ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့အား ဆက်သွယ်ခဲ့ပြီး ဖြစ်သည်။

ရွှမ်ဟွမ်ဧကရီ၏ လက်ရှိအခြေအနေက ကျင့်ကြံခြင်းတစ်ဆို့ခြင်းကိုဖြတ်ကျော်ကာ မူလသမ္မာတရားကပ်ဘေးကို ကျော်ဖြတ်ရန် မဖြစ်နိုင်သေးပေ။

အကယ်၍ သူမအနေဖြင့် လုံလောက်သည့် ကျင့်ကြံခြင်းတန်ခိုးစွမ်းအား စုစည်းမှုမရှိဘဲ ကပ်ဘေးကိုကျော်ဖြတ်ရန် အတင်းအကျပ်ကြိုးစားမည်ဆိုပါက ကပ်ဘေးကာလအတွင်း သေကျေပျက်ဆီးသွားနိုင်သည်။

ဤသည်က ကျင့်ကြံသူတိုင်းလိုက်နာရမည့် လောကနိယာမ ဖြစ်သည်။

ကပ်ဘေးဆိုသည်က ကျင့်ကြံသူတို့၏ ကိုယ်တွင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်သည် သူ၏ရုပ်ခန္ဓာကို ကျင့်ကြံပေးရင်း မိုးနှင့်မြေကို ထိုးထွင်းသိမြင်ရန် ကြိုးစားသည့်အခါ ကပ်ဘေးဖြစ်ပေါ်လာခြင်း ဖြစ်၏။

ကပ်ဘေးဖြတ်ကျော်ရာတွင် “ကံကောင်းခြင်း” ဆိုသည့်အရာမျိုး မရှိပေ။ တစ်ချက် သတိလွတ်သည်နှင့် အသက်ဆုံးရမည် ဖြစ်သည်။

ဓားကျင့်ကြံသူတစ်ယောက်အတွက် နဂိုကတည်းကပင် ကျင့်ကြံခြင်းအဆင့်တက်ရန် ခက်ခဲသည်။

ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ ကဲ့သို့ အလွန်ထူးခြားသည့် ပါရမီရှင်တစ်ယောက်သည် ချွင်းချက်မရှိပေ။

အပြာရောင်ခရီးရှည်အရှင်သခင် (၇)ပါးက မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက်မှ မွေးဖွားလာသူများ ဖြစ်ကြသည်။

သူတို့ စုဆောင်းထားသည့် ကျင့်ကြံခြင်းစွမ်းအားပမာဏက အတော်လေး နည်းပါးသေးသည်။ သို့ဖြစ်ရာ သီးခြားအကြောင်းပြချက်များ သို့မဟုတ် ကြီးမားသောအခွင့်အလမ်းများမရှိပါက ကျင့်ကြံခြင်းစွမ်းအားစုဆောင်းမှုလုပ်ငန်းစဉ်သည် အချိန်ကြာမြင့်မည်ဖြစ်သလို ၎င်းအတွက် ဖြတ်လမ်းလည်း ရှိမည် မဟုတ်ပေ။

စောမင်ကျန့်ကဲ့သို့ မတူကွဲပြားသည့်ဖြစ်စဉ်မျိုးက ထူးခြားဖြစ်စဉ်များစွာထဲမှ ထူးခြားဖြစ်စဉ်ဟုဆိုနိုင်ပြီး အခြားသူများအနေဖြင့် သူနှင့်တန်းညှိနိုင်မည် မဟုတ်ပေ။

သို့ဖြစ်ရာ ယခု တာအိုစကြာဝဠာတွင် လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ကို ယှဉ်ပြိုင်နိုင်မည့်သူ မည်သူမှ ရှိနိုင်မည် မဟုတ်ပေ။

လင်ချင်းက တည်ငြိမ်သောအကြည့်များဖြင့် ကျန်းရှန်ကိုလှမ်းကြည့်ရင်း...

“မတွေ့တာကြာပြီနော် တာအိုရောင်းရင်း’ကျန်း’... အခုတလော အဆင်ပြေရဲ့လား”

ထို့နောက် သူမ၏မျက်ဝန်းများက ကျန်းရှန်နှင့် ယွဲ့ကျန့်ပေထံမှ လွှဲဖယ်သွားပြီး အဂ္ဂိရတ်ခန်းမဆီသို့ ကျရောက်သွားသည်။

“ဒီလောက်တော်တဲ့ မြေးတစ်ယောက်ရထားတာ တာအိုရောင်းရင်း’ရန်ရှင်းထန်’ အတွက် တကယ့်ကိုဂုဏ်ယူစရာပါပဲ”

သူမ၏အကြည့်များက အဂ္ဂိရတ်ခန်းမထံတွင် ခဏမျှ ရပ်တန့်သွားသည်။

လဝန်းထက်ယံအရှင်သခင် ခဏမျှ မှင်တက်သွားပုံရသည့်တိုင် ချက်ချင်းပင် သတိပြန်ဝင်လာသည်။

“ထျန်းစူးခန်းမ... ထန်းစူးခန်းမ... အင်း... ထျန်းစူးခန်းမ”

လင်ချင်း စိတ်ထဲမှသက်ပြင်းချရင်း တွေးလိုက်သည်။

“အရင်တုန်းကအတိုင်း ဘာမှမပြောင်းလဲသေးဘူး ၊ စိတ်မကောင်းစရာက ခန်းမကအရင်အတိုင်းပဲဆိုပေမယ့် ခန်းမထဲမှာရှိနေတဲ့လူတွေကတော့ မတူညီတော့ဘူး”

ရန်ကျောက်ကဲ၏မျက်ဝန်းများက ပိုပြီး တည်ကြည်လေးနက်လာသည်။

အတိအကျပြောရမည်ဆိုလျှင် ခွန်လွန်အထင်ကရကိုးပါးတွင် နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ နှင့် လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ တို့က ရန်ကျောက်ကဲနှင့် ပထမဆုံး ထိတွေ့ဖူးသူများ ဖြစ်ကြသည်။

နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ နှင့် မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ တွင် ရန်ကျောက်ကဲစိတ်ထဲ ‘ကောင်းဟန်’ ကိုပိုပြီး သတိကြီးစွာထားမိသည်။

ယခု ကြည့်ရသည်မှာ သူ့ဘက်မှ အကြောင်းရင်းမရှိဘဲ သတိထားနေမိခြင်း မဟုတ်တော့ပေ။

ကောင်းဟန်၏လုပ်ရပ်များက ရန်ကျောက်ကဲမျှော်လင့်သည်ထက် ကျော်လွန်သွားခဲ့သည်။

နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ နှင့် လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်’ယန်ချဲ့’ တို့က တစ်ယောက်တည်းဖြစ်နေမည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

ယခု သူကိုင်တွယ်ဖြေရှင်းရမည့် အဓိကပြဿနာမှာ လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ဖြစ်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သူမ ချန်ထားခဲ့သော သဲလွန်စခြေရာများကို ပြန်တွေးကြည့်တော့  တစ်ဖက်လူက သူမျှော်လင့်ထားသည်ထက် သူ့ကိုပိုပြီးနားလည်နိုင်စွမ်းရှိသည်ဟု ရန်ကျောက်ကဲ ခံစားရသည်။

အတိတ်တစ်ချိန်တုန်းက နေဝန်းထက်ယံအရှင်သခင် ထွက်ပြေးတိမ်းရှောင်ရင်း အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ပုန်းအောင်းနေခဲ့ဖူးသည်။ သို့သော် အခြားသူများကိုလှည့်စားပြီး သူ၏ခြေရာများကိုဖုံးကွယ်ထားခြင်းမှာ အမှန်တကယ်ပင် ရိုးရှင်းပါရဲ့လား။

ကျန်းရှန်က လင်ချင်းကို စူးစိုက်ကြည့်ရင်း...

“ဟုတ်တယ်... မတွေ့တာကြာပြီနော် တာအိုရောင်းရင်း’လင်’”

တိဟွမ်မြေကမ္ဘာဧကရာဇ်၏ရုပ်သွင်မှ အသက်(၅၀)မှ အသက်(၆၀)ရောက်သွားသည့်ပမာ အိုစာသွားသည်။

ထိုသို့ အိုမင်းသွားသည့်လက္ခဏာမျိုး ကျန်းရှန်ဘဝတစ်လျှောက်တစ်ခါမှ ထုတ်ဖော်ပြခဲ့ခြင်းမရှိသလို ၊ ယခု ပင်ပန်းနွမ်းနယ်မှုများသည်လည်း သူ့မျက်နှာထက်တွင် ပေါ်လာသည်။

လက်ရှိတွင် ကျန်းရှန်သည် အဘိုးအိုတစ်ယောက်နှင့်ပင် ဆင်တူနေပေပြီ။ သို့သော် သူ၏ကျောပြင်ကတော့ တောင်မြင့်တစ်လုံးပမာ ဖြောင့်မတ်လျှက် ရှိနေဆဲပင်။

ကျန်းရှန်က ဖြည်းညင်းစွာဖြင့်...

“ကောင်းဟန်က ခွန်လွန်တောင်အောက်က အမှတ်အသားကို အာရုံစိုက်နေတာ မအံ့သြတော့ပါဘူး”

သူက ဆက်ပြောသည်။

“အခု စဉ်းစားကြည့်လိုက်တော့... သူက အထက်ဘုံကမ္ဘာမှာ ယန်ချဲ့အသွင်နဲ့ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့တယ် ၊ ခွန်လွန်တောင်အောက်က အမှတ်အသားကို စောင့်ကြည့်လေ့လာပြီး အဖြေရှာနေခဲ့တယ် ၊ သူက ဒီနေ့လှုပ်ရှားဖို့အတွက် အရာအားလုံး ကြိုတင်ကြံစည်ထားခဲ့တာပဲ”

“ငါက သူခိုးကိုမှ ဓားရိုးကမ်းမိတာပဲ ၊ သူဘယ်သူလဲဆိုတာ မဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ငါ့ကိုယ်ငါပဲ အပြစ်တင်ရမယ်”

လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ က တည်ငြိမ်စွာဖြင့်...

“အရင်တုန်းက ကျွန်မတို့တွေ တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့အတူ ထွက်ခွာသွားတုန်းက ကျောက်စိမ်းကျိုင်းတံက မြောက်ပိုင်းကြယ်စင်ဧကရာဇ်လက်ထဲ ရောက်သွားခဲ့တယ် ၊ ဘာလို့လဲဆိုတော့ အမတခုံရုံးက ကျွန်မတို့ကိုဖိနှိပ်ဖို့ ပိုပြီးအာရုံစိုက်ခဲ့လို့ပဲ”

သူမက ဆက်ပြောလိုက်သည်။

“အခု တာအိုရောင်းရင်း’စော’ ရဲ့ကျေးဇူးကြောင့် ကျွန်မတို့တွေ ထပ်ပြီး ယှဉ်ပြိုင်ဖို့ အခွင့်အရေးရှိတော့မှာပါ”

ပြောပြီးသည်နှင့် သူမက လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး သူမ၏ဦးခေါင်းထက်တွင် နေတစ်စင်းပမာတောက်ပနေသော ‘သူတောင်စင်အလင်းအလံရှည်’ ကို ဆွဲကိုင်လိုက်သည်။

အလံရှည်က ဖြည်းညင်းစွာ ယိမ်းခါသွားပြီး စကြာဝဠာထဲတွင် လေပြင်းများ တိုက်ခတ်လာသည်။

ထိုလေပြင်းများက ပုံသဏ္ဌန်မရှိသော သာမန်လေမုန်တိုင်းများကဲ့သို့ မဟုတ်ပေ။ လေမုန်တိုင်းနှင့်အတူ စိတ်ကူးယဉ်ဆန်သော အလင်းတန်းများထွက်ပေါ်လာပြီး ဗလာနယ်ထောင့်စွန်းများအားလုံးဆီသို့ လွင့်ပျံလွှမ်းခြုံသွားသည်။

နေရောင်ခြည်မုန်တိုင်းကျရောက်လာသည်နှင့် နေရာတွင်ရှိနေသည့်လူသားတိုင်း ဟန်ချက်ထိန်းမထားနိုင်တော့လောက်အောင် ဖြစ်ရသည်။

ကြီးကျယ်ခမ်းနားလှသော မဟာတာအို၏စူးရှတေးသံက ကျယ်လောင်စွာ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

နက်ရှိုင်းနက်ဘုရားတစ်ပါးအဆင့်ရှိသော ‘ယွဲ့ကျန့်ပေ’ မှာ သူ၏စိတ်အာရုံများ ရှုပ်ပွသွားသည်ဟု ခံစားလိုက်ရသည်။ တစ်စုံတစ်ခုက သူ့အားဖိနှိပ်ထားသည့်ပမာ သူ့အတွေးများသည်လည်း နှေးကွေးသွားသည်။

ကျန်းရှန်ကတော့ ယွဲ့ကျန့်ပေထက် အခြေအနေ ပိုမိုကောင်းမွန်သည်။

သူ၏ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားသော်လည်း သူက မဟာတာအိုစူးရှတေးသံကို ကျင့်ကြံအောင်မြင်ပြီးသူတစ်ယောက်ဖြစ်လေရာ ယခုကြားရသည့်အသံကို လွတ်လပ်စွာပင် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့သည်။

သို့သော် လင်ချင်းနှင့် သူမ၏ ‘သူတော်စင်အလင်းအလံရှည်’ မှထွက်ပေါ်နေသော စွမ်းအားရောင်ဝါကြောင့် ကျန်းရှန်မှာ လှုပ်ရှားရန် ခက်ခဲလာသည်။

ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမထဲတွင် ရှိနေသည်ဖြစ်ရာ ထိုခန်းမက သူ့ကို ကာကွယ်ပေးထားသည်။ ထို့ကြောင့် မဟာတာအို၏စူးရှတေးသံက သူ့အပေါ် ထင်ရှားစွာ သက်ရောက်ခြင်း မရှိခဲ့ပေ။

သူက အဂ္ဂိရတ်ခန်းမနှင့် အထက်ဘုံကမ္ဘာကြားချိတ်ဆက်မှုကို ပိုမိုတည်ငြိမ်လာစေရန် ထိန်းချုပ်ရင်း လုပ်စရာရှိသည်ကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။

သို့ပေသိ လင်ချင်းက ရန်ကျောက်ကဲကို အခွင့်အရေးပေးရန် အစီအစဉ် မရှိပေ။

သူမက ကျန်းရှန်နှင့် ယွဲ့ကျန့်ပေကို ‘သူတော်စင်အလင်းအလံရှည်’ ဖြင့် ဖိနှိပ်ထားရင်း လက်တစ်ဖက်ဖြင့် လေထုထဲသို့ ထပ်မံခုတ်ပိုင်းချလိုက်သည်။

သူမ၏ရိုက်ချက်ကြောင့် အထက်ဘုံကမ္ဘာနှင့် အဂ္ဂိရတ်ခန်းမ ချိတ်ဆက်ထားသော အလင်းတိုင်လုံးအနည်းငယ် အက်ကွဲကျိုးပျက်သွားသည်။

“ငါ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားရမှာပဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ထို့နောက် ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင် ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖို ထွက်ပေါ်လာသည်။ ရန်ကျောက်ကဲ လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး မီးပြင်းဖိုမျက်နှာပြင်ထက်သို့ ဖိနှိပ်လိုက်သည်။

ရန်ကျောက်ကဲခန္ဓာကိုယ်ထဲတွင် ထူးဆန်းသည့် ထုံးတမ်းအစီအရင်တစ်ခု စတင်လှည့်ပတ်သွားပြီး သူ၏ဝိညာဉ်က ခန္ဓာကိုယ်မှ လွတ်မြောက်သွားကြောင်း ယောင်ဝါးဝါး ခံစားလိုက်ရသည်။

ထိုအချိန်...

“ဟမ်... ထျန်းစူးခန်းမ ဘာဖြစ်သွားတာလဲ”

လင်ချင်း ရေရွတ်လိုက်သည်။

ယခု တိုက်ပွဲဖြစ်ပွားရာနေရာတွင် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးလည်းဖြစ်ပြီး အဂ္ဂိရတ်ခန်းမနှင့်လည်း အကျွမ်းတဝင်ရှိသော လင်ချင်းက အလွန်လျှင်မြန်စွာ ဖြစ်ပျက်နေသည့် ထူးဆန်းသောအရာများကို ချက်ချင်းပင် သတိပြုလိုက်မိသည်။

ရန်ကျောက်ကဲ၏ဝိညာဉ်နှင့် အဂ္ဂိရတ်ခန်းမ၏ဆက်နွယ်မှုက ပိုပြီးနီးကပ်လာသည်။

ထုံးတမ်းအစီအရင်မအောင်မြင်မီအချိန်တွင် ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမမှတစ်ဆင့် အထက်ဘုံကမ္ဘာ ၊ တာအိုစကြာဝဠာတို့တွင် ဖြစ်ပျက်သမျှ အရာအားလုံးအပေါ် အတော်လေး အာရုံခံစားလွယ်နေခဲ့သည်။

ယခု အထက်ဘုံကမ္ဘာမှ နယ်မြေများ မတည်မငြိမ်ဖြစ်လာသည်ကို သူ အာရုံခံစားနိုင်နေပြီ ဖြစ်သည်။

နယ်မြေတစ်ခုသည် တာအိုစကြာဝဠာ၏ အချိန်နှင့်နေရာကို ဖြတ်ကျော်ပြီး ပြင်ပလောကနှင့် တိုက်ရိုက် ချိတ်ဆက်နေသည်ကို ရန်ကျောက်ကဲ အာရုံခံမိသည်။

မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်...။

တစ်စုံတစ်ယောက်သည် အေးစိမ့်စမ်းချောင်းနယ်မြေများမှတစ်ဆင့် အထက်ဘုံကမ္ဘာသို့ ဝင်ရောက်ရန် ကြိုးစားနေသည် မဟုတ်ပါလား။

All Chapters