← Chapters

ကောင်းကင်ကိုမျိုချ နေမင်းကိုစားသုံး

Vol. 93 Ch. 1306

ကောင်းကင်ကိုမျိုချ နေမင်းကိုစားသုံး

Vol. 93 Ch. 1306

အခန်း (၁၃၀၆) ကောင်းကင်ကိုမျိုချ နေမင်းကိုစားသုံး

“ဟိုနတ်ဆိုး ပြန်လာတာများလား...”

ထိုသို့တွေးမိသည့်အခါ ရန်ကျောက်ကဲ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ထွက်ပေါ်လာသည်။

အစောပိုင်းက စောမင်ကျန့်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် အရိပ်နတ်ဆိုးကို မောင်းထုတ်ပစ်ခဲ့သည်။

ယခု စောမင်ကျန့်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကြောင့် တာအိုစကြာဝဠာမှ ထွက်ခွာသွားကြပေပြီ။

သို့ဖြစ်ရာ အရိပ်နတ်ဆိုး သို့မဟုတ် ကောင်းကင်ဘုံအရှင်အဆင့်ရှိသော အခြားနတ်ဆိုးများ အထက်ဘုံကမ္ဘာသို့ ရောက်ရှိလာပါက အကြောင်းဆိုးပေတော့မည်။

ငရဲကိုးထပ်မှ နတ်ဆိုးများက စကြာဝဠာထဲမှ သက်ရှိအားလုံး၏ ရန်သူဖြစ်သည်။

အကယ်၍ ထိပ်တန်းနတ်ဆိုးတစ်ပါးက သူ၏တည်ရှိမှုကို ဖုံးကွယ်မထားဘဲ ငရဲကိုးထပ်မှ ထွက်ခွာလာမည်ဆိုလျှင် ဝိုင်းဝန်းတိုက်ခိုက် မောင်းထုတ်ခံရမည် ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေမှာတော့ ထိပ်တန်းနတ်ဆိုးမပြောနှင့် ၊ ရှေးဟောင်းနတ်ဆိုး သို့မဟုတ် ကောင်းကင်ဘုံအရှင်အဆင့်ရှိသော နတ်ဆိုးများရောက်လာလျှင်ပင် မည်သူမှမောင်းထုတ်နိုင်မည်မဟုတ်ဘဲ အထက်ဘုံကမ္ဘာအပေါ် သက်ရောက်မှု ရှိလာနိုင်သည်။

လော‌လောဆယ်တွင် အခြေအနေကို ထိန်းချုပ်ထားနိုင်သူဖြစ်သည့် လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ က လွှမ်းမိုးနိုင်စွမ်း အမြင့်မားဆုံး ဖြစ်သည်။

သို့ပေသိ ရန်ကျောက်ကဲက သူတို့ကိစ္စတွင် ထိပ်တန်းအဆင့် မဟာနတ်ဆိုးတစ်ပါး ဝင်ရောက်စွက်ဖက်မည်ကို မလိုလားပေ။

အကြောင်းမှာ စောစောကပင် နက္ခတ်ဧကရာဇ်နှင့် ရှီကျွင်းတို့သားအမိမှာ အရိပ်နတ်ဆိုး၏သက်ရောက်မှုဒဏ်ကို ခံစားခဲ့ရသည်ဖြစ်ရာ ယခုအချိန်တွင် စိတ်ပိုင်းဆိုင်ရာ အခြေအနေတည်ငြိမ်အောင် ကြိုးစားနေဆဲ ဖြစ်၏။

ယခု နောက်ထပ် နတ်ဆိုးတစ်ပါး၏ဒဏ်ကို ထပ်မံခံစားရမည်ဆိုပါက သူတို့အတွက် မည်သို့သောသက်ရောက်မှုဖြစ်လာမည်ကို မှန်းဆ၍ပင် မရနိုင်ပေ။

ပြီးတော့ တာအိုစကြာဝဠာအပြင်ဘက်တွင် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်အချို့ ရှိနေသေးသည်။

စောမင်ကျန့်၏တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသော တန်ခိုးစွမ်းအားလှိုင်းလုံးများကို ခံစားရပြီး သူတို့အားလုံး ဗလာနယ်အစွန်အဖျားတွင် မလှုပ်နိုင်မယှက်နိုင် ဖြစ်နေကြရသည်။

သို့ပေသိ အချိန်ကြာလာသည်နှင့်အမျှ သူတို့အနေဖြင့် ပြန်လည်ကောင်းမွန်လာပြီး တိုက်ခိုက်နိုင်စွမ်း ရှိလာကြပေမည်။

သူတို့က စောမင်ကျန့်ကို ဘာမှမလုပ်နိုင်သဖြင့် အထက်ဘုံကမ္ဘာသို့ရောက်လာပြီး ရန်ကျောက်ကဲနှင့် အခြားသူများအပေါ် ဒေါသပုံချပစ်နိုင်သည်။

နက္ခတ်ဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့က တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များကို ဆက်တိုက်ဖိအားပေးရန် စီစဉ်ထားခဲ့ကြသည်။

ရန်ကျောက်ကဲက နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ တွင် မည်သို့သော လျှို့ဝှက်ချက်များရှိနေမည်ကို အမြဲတမ်း သတိရှိနေခဲ့သည်။ ထို့ကြောင့် ရန်ကျောက်ကဲကလည်း ကောင်းဟန်နှင့်ရင်ဆိုင်ရန် ရည်ရွယ်ချက်ရှိရှိ ဝှက်ဖဲတစ်ချပ် ပြင်ဆင်ထားခဲ့သည်။

ကံမကောင်းသည်မှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အရိပ်နတ်ဆိုးက အထက်ဘုံကမ္ဘာသို့ ထိုးဖောက်ဝင်ရောက်လာခဲ့လေရာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ ထိုနတ်ဆိုးက အစုလိုက်အပြုံလိုက် ဖျက်ဆီးခြင်းမျိုး မပြုလုပ်ခဲ့သော်လည်း နက္ခတ်ဧကရာဇ်အနေဖြင့် လောလောဆယ်တွင် လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

လင်ချင်းက အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များအပေါ် အမြင်ကြည်လင်သူ မဟုတ်ပေ။ အကယ်၍ အမတခုံရုံးမှ ကျင့်ကြံသူများ ပြန်လည်ရောက်ရှိလာလျှင် သူမက သေချာပေါက် လှုပ်ရျားပေမည်။

သို့သော် ထိုအချိန်ရောက်မလာမီ ခွန်လွန်တောင်အောက်တွင်ရှိသော ကျောက်စိမ်းကျိုင်းတံအမှတ်အသားကို နှိုးစွရန်ဖြစ်သော ကောင်းဟန်၏အစီအစဉ်က အရင်ဆုံး အောင်မြင်သွားနိုင်သည်။

ထိုသို့ဖြစ်လာပါက ရန်ကျောက်ကဲ၏အစီအစဉ် ပျက်ဆီးသွားပေမည်။

အခြေအနေများကို ထိန်းမရနိုင်တော့ကြောင်း သိမြင်လိုက်သည့်အခါ ရန်ကျောက်ကဲက သူတတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားရန် ပြင်ဆင်ရတော့၏။

သို့သော် ထိုအချိန်မှာပင် မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်တွင် အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။

ဟုတ်ပေ၏။

ထိုအရာက နတ်ဆိုးများ၏ခေါင်းဆောင် မဖြစ်နိုင်ပေ။

ရန်ကျောက်ကဲအတွေးများ လျှင်မြန်စွာလှုပ်ရှားသွားသည်နှင့် အထက်ဘုံကမ္ဘာတွင်ရှိနေသည့် သူ၏ကိုယ်ပွားဖြစ်သော ‘မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား’ က မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်သို့ လျှင်မြန်စွာပင် ပျံသန်းထွက်ခွာသွားသည်။

အထက်ဘုံကမ္ဘာအပြင်ဘက် ၊ ဗလာနယ်ထဲရှိ အဂ္ဂိရတ်ခန်းမထဲတွင်ရှိနေသော ရန်ကျောက်ကဲက သူ၏ မူလအစီအစဉ်ကို အနည်းငယ်‌ နှေးကွေးရန် ဆုံးဖြတ်လိုက်သည်။

ခရမ်းရောင်ဝိညာဉ်ခန်းမအတွင်းမှ တောက်ပစွာထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်းမှိန်ဖျော့သွားပြီး ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုမှထွက်ပေါ်လာသည့် မြူခိုးများက ပတ်ဝန်းကျင်တစ်ခွင် လွင့်ပျံနေသည်။

ရန်ကျောက်ကဲ၏ဝိညာဉ်က သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။

အစုအဖွဲ့များစွာ ပါဝင်ပတ်သက်လာသည့်အခါ ကိစ္စရပ်အတော်များများက ခန့်မှန်းရခက်လာသည်။ ထို့အတူ လူတိုင်း၏လုပ်ရပ်များကိုလည်း ခန့်မှန်းရခက်လာသည်ပင်။

ထိုသို့သောအခြေအနေများအတွက် ရန်ကျောက်ကဲက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ စိတ်ဓာတ်ကျခြင်းမျိုး မဖြစ်ခဲ့ပေ။ သူ၏အတွေးများက လျှင်မြန်စွာလှည့်ပတ်သွားပြီး အခြေအနေအရ သူ၏အစီအစဉ်များကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလိုက်သည်။

တာအိုစကြာဝဠာထဲတွင် လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း...

“အဲဒါ ပျောက်သွားတာလား... ငါပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား”

သူမက ခရမ်း‌ရောင်တိမ်တိုက်များဖုံးလွှမ်းနေသည့် အဝေးတစ်နေရာမှ ကျောက်စိမ်းဖြူခန်းမကြီးကို စူးစိုက်ကြည့်ရင်း...

“မဟုတ်ဘူး... ငါ ထင်ယောင်ထင်မှားဖြစ်နေတာ မဟုတ်ဘူး”

ထိုခဏတွင် အဂ္ဂိရတ်ခန်းမက အသိဉာဏ်ဝင်လာပြီး အတွေးနှင့်စိတ်ဝိညာဉ်ရှိသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတော့မည်ဟု လင်ချင်း အာရုံခံလိုက်မိသည်။

သို့သော် ထိုအာရုံခံနိုင်မှုက ထင်ယောင်ထင်မှားဖြစ်သည့်ပမာ တစ်ခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားသည်။

“ထျန်းစူးခန်းမရဲ့ ခန်းမဝိညာဉ်က အသိဉာဏ်ပွင့်သွားပြီး လက်ရှိခေတ်အထိ အသက်ရှင်သန်နိုင်ခဲ့တယ်လို့ သတင်းကြားထားတယ် ၊ ဒါပေမဲ့ အခု ထျန်းစူးခန်းမကို ရန်ကျောက်ကဲက သိမ်းပိုက်ထားပြီဆိုတော့ ခန်းမဝိညာဉ် သေဆုံးသွားလို့ပဲ ဖြစ်ရမယ်”

“စောစောကခံစားချက်က ခန်းမဝိညာဉ် ပြန်အသက်ရှင်လာတာ မဟုတ်ဘူး ၊ အဲဒါက ခန်းမဝိညာဉ်နေရာကို အစားထိုးဝင်ရောက်တာပဲ”

လင်ချင်းတွေးလိုက်သည်။

“ရန်ကျောက်ကဲ... လုပ်နေတာများလား”

လင်ချင်း၏မျက်ဝန်းများက ကြည်လင်ပြတ်သားပြီး အလွန်တည်ငြိမ်နေသည်။

“မင်းရဲ့ဝိညာဉ်ကို အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်အဖြစ် ပြောင်းလဲနေတာလား”

တွေးတောရင်းဖြင့်ပင် သူမက လက်ထဲမှအလံရှည်ကို ခပ်ပြင်းပြင်းတစ်ချက်လှုပ်ခါလိုက်ရာ ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ နှင့် မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ မှာ နောက်သို့လွင့်ထွက်သွားရသည်။

အဖြူရောင် လရောင်ခြည်အလင်းတန်းတစ်ခုက စကြာဝဠာအမှောင်ထုကို ဖြတ်သန်းပြီး အဂ္ဂိရတ်ခန်းမရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။

ရန်ကျောက်ကဲက သူ၏ထုံးတမ်းအစီအရင်ကို ရပ်တန့်လိုက်သည်ဖြစ်စေ ၊ ရန်ကျောက်ကဲ၏ ထုံးတမ်းအစီအရင် ကျရှုံးသွားသည်ဖြစ်စေ လင်ချင်းအတွက် အရေးမကြီးလှပေ။

သူမ၏တာဝန်က ရန်ကျောက်ကဲ၏ လက်ရှိလုပ်ရပ်များကို တားဆီးပြီး ဖြစ်ပေါ်လာနိုင်သည့် မငြိမ်သက်မှုများကို ရပ်တန့်ပစ်ရပေမည်။

ရွှေနီရောင်နေရောင်ခြည်နှင့် ငွေဖြူရောင်လရောင်ခြည်တို့က တက်လိုက်ကျလိုက် တစ်လှည့်စီ တောက်ပနေသည်။

သူမက အဂ္ဂိရတ်ခန်းမထိပ်သို့ ရောက်ရှိသွားသည်နှင့် ခမ်းနားကြီးကျယ်သော တန်ခိုးစွမ်းအားနှစ်ခုက အောက်ဘက်သို့ တစ်ပြိုင်တည်း ဖိနှိပ်ထားလိုက်သည်။

အဂ္ဂိရတ်ခန်းမ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသော ခရမ်းရောင်တိမ်တိုက်များ ရုတ်တရက် ရပ်တန့်သွားပြီး နေရောင်ခြည်နှင့် လရောင်ခြည်အောက်တွင် တိမ်ခိုးတိမ်ငွေ့များ ပျက်ပြယ်သွားသည်။

ရွှေရောင်နေရောင်ခြည်နှင့် ငွေရောင်လရောင်ခြည်တို့ ပေါင်းစည်းသွားပြီး အလွှာတစ်ခုဖြစ်တည်လာကာ အပြစ်ကင်းစင်ပြီး အညစ်အကြေးအမှုန်အမွှားများကင်းစင်သော ကျောက်စိမ်းဖြူခန်းမကြီးအား လွှမ်းခြုံဖုံးအုပ်သွားသည်။

ရန်ကျောက်ကဲက ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင်ရှိနေပြီး သူဖိနှိပ်ထားသည့် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုက အဆက်မပြတ် တုန်ယင်လာသည်ကို ခံစားလိုက်ရသည်။

လက်ရှိတွင် သူ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးသည်ဖြစ်ရာ အဂ္ဂိရတ်ခန်းမအပေါ် ထိန်းချုပ်နိုင်စွမ်းက ယခင်ခန်းမဝိညာဉ်နှင့်နှိုင်းယှဉ်မရနိုင်ပေ။

သူသာ ခန်းမဝိညာည်အဖြစ်ပြောင်းလဲနိုင်မည်ဆိုပါက သူ့အရှေ့မှ ရန်သူကို သေချာပေါက် ရင်ဆိုင်နိုင်ပေမည်။ သို့သော် သူ့ကိုယ်သူ ခန်းမဝိညာဉ်အဖြစ် မပြောင်းလဲနိုင်ခင်မှာပင် ရန်သူ၏ဖျက်ဆီးခြင်းကို ကျိန်းသေခံစားရမည် ဖြစ်၏။

ရန်ကျောက်ကဲက မလိုအပ်ဘဲ သူ၏ဝှက်ဖဲကို အသုံးပြုမည် မဟုတ်ပေ။ ထို့ကြောင့် သူရင်ဆိုင်ရမည့် မသေချာမရေရာမှုများကို တတ်နိုင်သမျှဖြေရှင်းရင်း အခြေအနေကိုထိန်းချုပ်ရန် ကြိုးစားမည် ဖြစ်၏။

လင်ချင်း၏တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်တိုင် ရန်ကျောက်ကဲက ထိတ်လန့်သွားခြင်း မရှိပေ။

သူက အထက်ဘုံကမ္ဘာနှင့် အဂ္ဂိရတ်ခန်းမ ချိတ်ဆက်ထားခြင်းအား တည်ငြိမ်အောင်ထိန်းထားရင်းဖြင့်ပင် လင်ချင်း၏ အဂ္ဂိရတ်ခန်းမအား တိုက်ခိုက်နေခြင်းကို ခုခံကာကွယ်လိုက်သည်။

ကောင်းဟန်၏ ထုံးတမ်းအစီအရင်က ရန်ကျောက်ကဲ၏ ထုံးတမ်းအစီအရင်ကို တန်ပြန်နိုင်စွမ်းရှိသည်။ ယခု ထိုအစီအရင်က အသက်ဝင်ပြီး စတင်လည်ပတ်နေပေပြီ။

လင်ချင်းက ကောင်းဟန်၏ ထုံးတမ်းအစီအရင်ကို ကာကွယ်စောင့်ရှောက်ပေးသူသာဖြစ်ပြီး အစီအရင်ကို ထိန်းချုပ်သူမဟုတ်ပေ။ ထို့ကြောင့် သူမက အထက်ဘုံကမ္ဘာအပြင်ဘက်တွင် ရောက်ရှိနေသည်ဖြစ်ရာ မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့်အပြောင်းအလဲများကို သတိထားမိခြင်း မရှိခဲ့ပေ။

သို့သော် သူမက ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးဖြစ်လေရာ တစ်ခုခုမှားနေပြီကို ချက်ချင်း သဘောပေါက်လိုက်သည်။

“မြောက်ပိုင်းနက်ရှိုင်းကောင်းကင်ပြည်နယ်မှာ မဟာနတ်ဆိုးတစ်ပါး ရောက်လာတာလား”

လင်ချင်း အနည်းငယ် မျက်နှာပျက်သွားသည်။

“မဟုတ်ဘူး... နတ်ဆိုးမဟုတ်ဘူး ၊ အဲဒါ လူသားတစ်ယောက်ပဲ”

ထိုအချိန် အဂ္ဂိရတ်ခန်းမထဲမှ ရန်ကျောက်ကဲ၏အသံထွက်ပေါ်လာသည်။

“ဟုတ်တယ် လူသားတစ်ယောက် ရောက်လာတာ”

သူ၏အသံက အနည်းငယ် ရယ်သံစွက်လျှက် ရှိသည်။

ရုတ်တရက်ပင် အထက်ဘုံကမ္ဘာဆီမှ မိစ္ဆာဆန်သည့် အနက်ရောင်မီးတောက်မီးလျှံများ ထွက်‌ပေါ်လာပြီး “ယန်ချဲ့” ၏ ခန္ဓာကိုယ်စတေးခံခြင်းဖြင့် တည်ဆောက်ထားသော ကြီးမားသည့် မီးလျှံအစီအရင်ကြီးဆီသို့ တဟုန်ထိုးဝင်ရောက်လာသည်။

နက်ပြာရောင် မိစ္ဆာချီများ ဝင်ရောက်လာသည့်နေရာတိုင်းတွင် မီးတောက်မီးလျှံများ ပျက်ဆီးသွားပြီး မရှိမှုအဖြစ်သို့ လောင်ကျွမ်းခံလိုက်ရသည်။

လင်ချင်း အနည်းငယ် မျက်မှောင်ကျုံ့လိုက်သည်။

သူမက လက်တစ်ဖက်ဖြင့် အဂ္ဂိရတ်ခန်းမကို ဖိနှိပ်ထားပြီး ကျန်လက်တစ်ဖက်က အထက်ဘုံကမ္ဘာဆီသို့ဦးတည်ပြီး ‘သူတော်စင်အလင်းအလံရှည်’ ကို ဝှေ့ယမ်းလိုက်သည်။

ပြင်းထန်သော လေပြင်းများက ရွှေနီရောင်နေရောင်ခြည်များအဖြစ်ပြောင်းလဲသွားပြီး စကြာဝဠာတစ်ခုလုံး ချက်ချင်း ပြည့်နက်သွားသည်။

သို့သော် အထက်ဘုံကမ္ဘာဆီမှ မြင့်တက်လာသည့် နက်ပြာရောင် မိစ္ဆာချီစွမ်းအား မီးတောက်မီးလျှံများက ပိုမို တန်ခိုးစွမ်းအား မြင့်မားလာသည်။

ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တန်ခိုးစွမ်းအားက အဆံးမရှိမြင့်တက်လာပြီး ကောင်းကင်ကိုမျိုချ ၊ နေမင်းကို စားသုံးလိုက်သည့်ပမာ ရွှေနီရောင် နေရောင်ခြည်များအားလုံးကို စုပ်ယူဝါးမျိုပစ်လိုက်သည်။

ရုတ်တရက် တာအိုစကြာဝဠာအတွင်းမှ နေရောင်ခြည်များ မှိန်ဖျော့အားနည်းသွားသည်။

တာအိုစကြာဝဠာထဲတွင် နေကြပ်သောဖြစ်စဉ်တစ်ခု စတင်ဖြစ်ပေါ်လာသည်။

ရက်စက်ကြမ်းတမ်းသော ရာဟုကြယ်တိုက်စားခြင်းတန်ခိုးစွမ်းအားက ဆန့်ကျင်ဘက်အရာအားလုံးကိုဖြိုဖျက်ကာ နေဝန်းမှထွက်ပေါ်လာသော နေရောင်ခြည်အလင်းတန်းများကို စုပ်ယူဝါးမျိုလိုက်ပြီး ကမ္ဘာလောက၏ အသစ်သော အုပ်စိုးရှင်ပမာ ထွက်ပေါ်လာလေသည်။

အလင်းရောင်များ ဆက်တိုက်ဆိုသလို မှိန်ဖျော့သွားပြီး စကြာဝဠာတစ်ခုလုံး အမှောင်ထုထဲသို့ ကျဆင်းသွားသည်။

လင်ချင်းက တည်ငြိမ်စွာဖြင့် ရေရွတ်လိုက်သည်။

“ကျန်းရွှင်ဟွား...”

အ‌မှောင်ထုထဲတွင် အေးစက်သည့် လရောင်ခြည် လင်းလက်တောက်ပလာသည်။ လရောင်ခြည်က ပေါက်ကွဲထွက်သွားပြီး စကြာဝဠာတစ်ခုလုံးသို့ ဆက်လက်ပျံ့နှံ့သွားသည်။

လရောင်ခြည်က သိမ်မွေ့သည်ဖြစ်ရာ ဘယ်သောအခါမှ အမှောင်ထုကို မောင်းထုတ်ရန် စွမ်းဆောင်နိုင်ခြင်းမရှိပေ။ ထို့အတူ အမှောင်ထု၏ဝါးမျိုခြင်းကိုလည်း ခံရမည် မဟုတ်ပေ။

ငွေဖြူရောင် လရောင်ခြည်က အသွင်ပြောင်းသွားပြီး တောက်ပသည့်နေရောင်ခြည် ပြန်လည်ထွက်ပေါ်လာသည်။

ယင်နှင့်ယန် တစ်ခုနှင့်တစ်ခု အစားထိုးခြင်းဖြင့် နေနှင့်လကို အစားထိုးလိုက်သည့်ပမာ ဖြစ်၏။

နေနှင့်လ အတူတကွပေါင်းစည်းကာ ပြင်းထန်ထက်ရှသည့်စွမ်းအားဖြင့် အမှောင်ထုကို တန်ပြန်တိုက်ခိုက်လိုက်လေရာ နက်ပြာရောင်မိစ္ဆာချီစွမ်းအားများ တစ်စစီ အက်ကွဲသွားရသည်။

အမှောင်ထု နောက်ပြန်ဆုတ်သွားသော်လည်း ပိုမိုဆိုးရွားပြီး ကြောက်စရာကောင်းသည့် စွမ်းအားရောင်ဝါတစ်ခု အတွင်းထဲမှ ထပ်မံထွက်ပေါ်လာသည်။

ထိုစွမ်းအားရောင်ဝါကို အာရုံခံမိသည်နှင့် လင်ချင်း၏မျက်ဝန်းများ တည်ကြည်လေးနက်သွားသည်။

“ဒါက သတ္တုနေရာကို ကိုယ်စားပြုတဲ့မဟာနတ်ဆိုးရဲ့ ကိုယ်တွင်းစွမ်းအား မဟုတ်လား”

လင်ချင်း ရေရွတ်လိုက်သည်။

“ကျန်းရွှင်ဟွား... မင်း ငရဲကိုးထပ်မှာ ဘာတွေလျှောက်လုပ်လိုက်တာလဲ”

All Chapters